10th DEC 2023 - (Ethnic language program-CHO_MΓΌn) by Radio NUG



πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၃ α€’ီဇင်α€˜ာα€œ ( ၁၀ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား 


πŸ“ŒπŸ“Œ ၁။ ထဂတိ၊ ထကျင့်ပျα€€်ခြα€…ားα€™ှုကင်းစင်α€›ေး ပြα€Š်α€žူတွေ ပူးပေါင်းပါဝင်α€–ို့ မင်းတပ်α€™ြို့α€”α€š် ပထဖ ပန်α€€ြား

 

α€™ြို့α€”α€š်ထတွင်း ပြα€Š်α€žူ့ချုပ်α€›ေးထုပ်ချုပ်α€›ေးα€œုပ်ငန်းစဉ်တွေα€™ှာ ထဂတိကင်းα€›ှင်းပြီး α€™ှα€”်α€™ှα€”်α€€α€”်α€€α€”် ဆောင်α€›ွα€€်α€”ိုင်α€–ို့ α€€ြိုးပမ်းα€”ေα€α€š်α€œို့ မင်းတပ်α€™ြို့α€”α€š် ပြα€Š်α€žူ့ထုပ်ချုပ်α€›ေးထဖွဲ့α€€ α€’ီဇင်α€˜ာα€œ ၆ α€›α€€်α€”ေ့ α€€ြေα€Šာပါα€α€š်။                                                                                                                                 

 

တော်α€œှα€”်α€›ေးα€€ာα€œ ထာဏာα€›ှင်ထမြα€…်α€–ြတ် ချေα€™ှုα€”်းα€›ေးα€™ှာ ထကျင့်ပျα€€်ခြα€…ားα€™ှု ကင်းစင်α€–ို့၊ ထာဏာα€‘α€œွဲα€žုံးα€…ားပြုα€œုပ်α€™ှုတွေ α€œုံးဝကင်းစင်ပြီး ပြα€Š်α€žူα€œူထု α€šုံα€€ြα€Š်ထားα€€ိုးရတဲ့ ထုပ်ချုပ်α€›ေးα€šα€”္α€α€šားα€€ို ထကောင်α€‘α€Š်α€–ော် ဆောင်α€›ွα€€်α€”ေα€α€š်α€œို့ ပြောထားပါα€α€š်။

 

ပြα€Š်α€žူ့ထုပ်ချုပ်α€›ေးထဖွဲ့ထံ တင်ပြα€…ာ၊ တိုင်α€€ြားα€…ာα€”ဲ့ α€™ှုခင်းα€€ိα€…္စတွေα€œာα€›ောα€€်တင်ပြα€›ာα€™ှာ ငွေα€žားပေးခြင်း၊ ပစ္α€…α€Š်းα€₯α€…္α€…ာα€‘α€Š့်α€žွင်းခြင်းα€™ျိုး α€œုံးဝ (α€œုံးဝ) မပြုα€œုပ်α€€ြα€–ို့α€”ဲ့ ပြα€Š်α€žူတွေထနေα€”ဲ့ ထဂတိကင်းစင်α€›ေးα€™ှာ ပူးပေါင်းပါဝင်α€€ူα€Šီα€€ြα€–ို့ မင်းတပ်α€™ြို့α€”α€š် (ပထဖ) α€€ α€‘α€žိပေးပန်α€€ြားထားပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ α‚။ မင်းတပ်α€™ှာ ၂၀၂၃ ထတွင်း တို၊α€€်ပွဲထကြိα€™် ၃၀ α€€ျော်α€–ြα€…်ပွား၊ α€œေα€€ြောင်းα€€ ၆၇ α€—ုံးα€€ြဲ တို၊α€€်ခိုα€€်ခံα€›

 

မင်းတပ်α€™ြို့α€”α€š်α€”ဲ့ ထခြားα€’ေα€žα€ွေα€™ှာ ၂၀၂၃ ခုα€”ှα€…်ထတွင်း α€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့α€”ဲ့ α€…α€…်α€€ောင်α€…ီတပ်ထကြား ထိတွေ့တိုα€€်ပွဲ ၃၂ α€€ြိα€™်ခန့်α€–ြα€…်ပွားခဲ့α€α€š်α€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) α€€ α€’ီဇင်α€˜ာ ၄ α€›α€€်α€”ေ့ ထုတ်ပြα€”်ပါα€α€š်။

 

တို၊α€€်ပွဲထတွင်း α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ဝင် ၇၀ α€€ျော်α€žေဆုံးပြီး α€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ဝင် ၂ ဦး α€€ျဆုံးα€α€š်α€œို့ α€–ော်ပြပါα€α€š်။

 

α€…α€…်ဆင်α€›ေးတို၊α€€်ပွဲတွေα€€ို မင်းတပ်α€™ြို့တွင်းထပြင် ချင်း - α€™α€€ွေးα€”α€š်တွေα€™ှာ α€™α€Ÿာα€™ိတ်တွေα€”ဲ့ထတူ α€–ော်ဆောင်ခဲ့တာတွေပါ α€‘α€Š့်α€žွင်းα€–ော်ပြထားတာ တွေ့ရပါα€α€š်။ 

 

၁ α€”ှα€…်α€”ီးပါးထတွင်း α€…α€…်α€€ောင်α€…ီα€›ဲ့ α€œေα€€ြောင်းတို၊α€€်ခိုα€€်α€™ှုα€”ဲ့ α€œα€€်α€”α€€်α€€ြီးပစ်ခတ်တာတွေα€€ြောင့် ထရပ်α€žားပြα€Š်α€žူ ၉ ဦးα€”ဲ့ α€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ဝင် ၁ ဦး α€‘α€žα€€်ဆုံးα€›ှုံးခဲ့တာα€œα€Š်း α€›ှိပါα€α€š်။

 

α€‘α€žα€€်ဆုံးα€›ှုံးα€›α€žူတွေα€Ÿာ မင်းတပ်α€™ြို့α€”α€š်၊ တိုα€€်α€”α€š် ၄၊ တိုα€€်α€”α€š် ၂၊ တိုα€€်α€”α€š် ၁ α€›ှိ ထမျိုးα€žα€™ီး ၆ ဦးα€”ဲ့ ထမျိုးα€žား ၃ ဦး α€–ြα€…်ပါα€α€š်။

 

တို၊α€€်ပွဲတွေα€”ဲ့ α€œေα€€ြောင်းတိုα€€်ခိုα€€်α€™ှုα€€ြောင့် ထိခိုα€€်ဒဏ်α€›ာα€›α€žူ α€œူ ၂၇ ဦး α€›ှိα€”ေα€α€š်α€œို့α€œα€Š်း ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) α€€ ထဲα€’ီထုတ်ပြα€”်ချα€€်α€™ှာ α€–ော်ပြပါα€α€š်။

 

α€œေα€€ြောင်းတိုα€€်ခိုα€€်ခံα€›α€™ှုα€”ဲ့ α€œα€€်α€”α€€်α€€ြီးα€€ျα€Š်တွေα€€ြောင့် ထရပ်α€žားα€”ေထိα€™် ၁၀၀ α€€ျော်၊ α€˜ာα€žာα€›ေးထဆောα€€်ထထုံ ၉ ခု၊ α€…ာα€žα€„်းα€€ျောင်းဆောင် ၆ ဆောင်၊ ဆေးပေးခန်းα€”ဲ့ α€™ော်တော်α€šာဉ်တွေပါ ထိခိုα€€်ပျα€€်α€…ီးခဲ့ပါα€α€š်။

 

၂၀၂၃ ခုα€”ှα€…် ဧပြီα€œα€€ မင်းတပ်α€™ြို့α€”α€š်ထဲ α€œေα€€ြောင်းတို၊α€€်ခိုα€€်ခံα€›α€™ှုထတွင်း α€…α€…်α€€ောင်α€…ီα€€ Cluster α€—ုံး α€‘α€žုံးပြုα€α€š်α€œို့ Cluster Munition Coalition (CMC) α€€ ၂၀၂၃ ဩဂုတ် ၃၁ α€›α€€်α€”ေ့ ထုတ်ပြα€”်တဲ့ ထစီရင်ခံα€…ာα€™ှာ α€–ော်ပြပါα€α€š်။

 

α€œα€€်α€›ှိ ချင်းပြα€Š်ထနှံ့ α€…α€…်α€€ောင်α€…ီထထိုင်စခန်းα€”ဲ့ α€™ြို့α€žိα€™်းတိုα€€်ပွဲα€–ြα€…်ပွားα€™ှုα€”ှုα€”်း ထရှိα€”်α€™ြင့်α€”ေα€žα€œို မင်းတပ်α€™ှာတော့ α€…α€…်α€€ောင်α€…ီα€€ ပြα€Š်α€žူတွေα€€ို ထကာထကွα€š်α€šူပြီး α€™ြို့တွင်းα€žွားα€œာခွင့် ပိတ်α€œိုα€€်ပါα€α€š်။ 

 

α€’ီဇင်α€˜ာ α€œα€†α€”်းပိုင်းα€€α€…α€œို့ α€”ေထိα€™်ထပြင်ထွα€€်α€žူတွေα€€ို ပစ်α€™ိα€”့်ပါ တခါα€α€Š်းပေးထားတာα€œို့ α€™ြို့တွင်းα€”ေထိုင်α€žူတွေα€€ ပြောပါα€α€š်။

 

α€’ီα€œိုထခြေထနေα€™ှာ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) α€…α€…်α€’ေα€žα€™ှူးကတော့ α€™ြို့တွင်းတို၊α€€်ပွဲ ပြα€”်ပြင်းထန်α€œာα€”ိုင်တဲ့ထကြောင်း α€‘α€žိပေးထားပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ αƒ။ α€œα€€်တွဲ ပူးပေါင်းα€žွားα€™α€š်α€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) α€”ဲ့ MTC/MDF ပူးတွဲ α€€ြေα€Šာ

 

တော်α€œှα€”်α€›ေးα€™ှာ ပိုα€™ိုထိα€›ောα€€်တဲ့ α€œုပ်ငန်းစဉ်တွေ α€œုပ်ဆောင်α€”ိုင်α€–ို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) α€”ဲ့ α€™α€›ာα€œဲα€”်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့တို့ α€œα€€်တွဲ ပူးပေါင်းα€žွားα€™α€š်α€œို့ (α€’ီဇင်α€˜ာ ၇ α€›α€€်α€”ေ့) α€™ှာ ပူးတွဲ α€€ြေα€Šာα€œာပါα€α€š်။

 

α€€ြေα€Šာချα€€်α€™ှာ α€–α€€်α€’α€›α€š်ပြα€Š်ထောင်α€…ုα€α€Š်ဆောα€€်α€›ေး၊ ထာဏာα€›ှင်ထပါထဝင် ထာဏာα€›ှင်α€…α€”α€…်α€™ှα€”်α€žα€™ျှ α€‘α€œုံးα€…ုံချုပ်ငြိα€™်းα€›ေး၊ α€€ိုα€š့်α€€ြα€™္α€™ာα€€ိုα€š် α€–α€”်တီးခွင့် ထပြα€Š့်ထဝရတဲ့ ထမျိုးα€žားတန်းတူα€™ှုα€›α€›ှိα€›ေး၊ α€˜ာα€žာα€›ေးα€œူα€™ျိုးα€›ေးထခြေမခံα€˜ဲ α€œူ့ထခွင့်ထရေးα€€ို ထခြေခံတဲ့ α€”ိုင်ငံα€›ေးα€…α€”α€…်ပေါ်ပေါα€€်α€›ေး စတဲ့ ထချα€€် ၄ ချα€€် ပါဝင်ပါα€α€š်။

 

 

α€œα€€်α€›ှိα€™ှာ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) ထနေα€”ဲ့ α€…α€…်ဆင်α€›ေးα€–ော်ဆောင်တာα€›ှိα€α€š်α€œို့ တရားဝင်ထုတ်ပြα€”်α€žα€œို α€™α€›ာα€œဲα€”်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့α€€α€œα€Š်း ချင်းပြα€Š်၊ α€•α€œα€€်ဝမြို့α€”α€š်ထတွင်း α€™α€Ÿာα€™ိတ်တွေα€”ဲ့ α€—ျူα€Ÿာα€žိα€™်း α€…α€…်ဆင်α€›ေး α€œှုပ်α€›ှားα€”ေα€α€š်α€œို့ ထုတ်ပြα€”်ထားပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ α„။ ထီးα€œα€„်းα€™ြို့α€”α€š် α€…α€…်ဆင်α€›ေးα€™ှာ AA ပါဝင် တိုα€€်၊ပွဲဝင်α€”ေα€α€š်α€œို့ α€Šီα€”ောင် ၃ α€–ွဲ့ ထုတ်ပြα€”်

 

ဂန့်ဂေါခရိုင်၊ α€™α€€ွေးတိုင်း၊ ထီးα€œα€„်းα€™ြို့α€”α€š်α€™ှာ α€›α€€္ခိုင့်တပ်တော် (AA) α€”ဲ့ α€…α€…်α€€ောင်α€…ီတပ်တို့ တို၊α€€်ပွဲα€–ြα€…်ပွားခဲ့α€α€š်α€œို့ α€Šီα€”ောင်α€™α€Ÿာα€™ိတ် ၃ α€–ွဲ့ (3BA) α€€ α€‘α€žိပေးပါα€α€š်။

 

“Operation 1027” ၁၀၂၇ α€…α€…်ဆင်α€›ေး ၄၁ α€›α€€်α€™ြောα€€်α€”ေ့ α€’ီဇင်α€˜ာ ၆ α€›α€€် α€Šα€•ိုင်း တို၊α€€်ပွဲα€žα€α€„်းထုတ်ပြα€”်ချα€€်α€™ှာ ထခုα€œို α€–ော်ပြထားတာပါ။

 

α€’ီဇင်α€˜ာ ၆ α€›α€€် α€”ေ့ ထီးα€œα€„်းα€™ြို့α€”α€š်၊ α€›ေα€™ျα€€်α€”ီα€€ျေးα€›ွာ ထရှေ့α€™ြောα€€်α€˜α€€်α€™ှာ α€›α€€္ခိုင့်တပ်တော်၊ α€œှုပ်α€›ှားα€…α€…်α€€ြောင်းα€”ဲ့ α€…α€…်α€€ောင်α€…ီတပ်တို့ ၃ α€”ာα€›ီခန့်α€€ြာ ထိတွေ့ တို၊α€€်ပွဲα€–ြα€…်ပွားခဲ့α€€ြောင်းα€–ော်ပြပေα€™α€š့် α€‘α€žေးα€…ိတ် ထခြေထနေတွေα€€ိုတော့ α€–ော်ပြမထားပါα€˜ူး။

 

“Operation 1027” ၁၀၂၇ α€…α€…်ဆင်α€›ေး စတင်α€€ြောင်း α€€ြေα€Šာပြီးα€”ောα€€်ပိုင်း α€›ှα€™်းα€™ြောα€€်၊ ကချင်၊ α€€ိုးα€€α€”့်α€’ေα€ž၊ α€…α€…်α€€ိုင်းတိုင်း၊ α€™α€€ွေးတိုင်းထပြင် ပြီးခဲ့တဲ့ α€”ိုဝင်α€˜ာα€œα€€α€…α€œို့ ရခိုင်ပြα€Š်α€”α€š်α€™ှာပါ α€›α€€္ခိုင့်တပ်တော် (AA) α€”ဲ့ α€…α€…်α€€ောင်α€…ီတပ်ထကြား တို၊α€€်ပွဲပြα€”်α€œα€Š် α€–ြα€…်ပွားα€œာတာ α€–ြα€…်ပါα€α€š်။

 

α€’ီဇင်α€˜ာ ၄ α€›α€€်α€€α€œα€Š်း ချင်းပြα€Š်၊ α€•α€œα€€်ဝမြို့α€”α€š် တရွα€”်ထိုင်α€—ျူα€Ÿာα€€ုα€”်းα€€ို ထပြီးα€ž၊တ် ထိα€”်းချုပ်ပြီα€œို့ α€›α€€္ခိုင့်တပ်တော် (AA) α€€ ထုတ်ပြα€”်ပါα€α€š်။

 

α€žိα€™်းပိုα€€်α€›α€›ှိထားတဲ့ တရွα€”်ထိုင်α€—ျူα€Ÿာα€€ုα€”်းα€”ဲ့ထနီးα€›ှိ α€”ှုးα€˜ူးα€—ျူα€Ÿာα€€ုα€”်းα€€ိုα€œα€Š်း α€’ီဇင်α€˜ာ ၆ α€›α€€်α€€α€…α€œို့ ထိုးα€…α€…်ဆင်တို၊α€€်ခိုα€€်α€™ှုα€”ဲ့ထတူ ဆက်α€œα€€်ချေ၊α€™ှုα€”်းα€”ေα€α€š်α€œို့ α€–ော်ပြပါα€α€š်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment