၂၀၂၃ ဒီဇင်င်ဘာလ ၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်တို့၏ ခါးသီးမှုမှ လွတ်မြောက်နိုင်ပါစေလို့ ဝန်ကြီးဒေါက်တာဆာဆာဆုမွန်ကောင်းတောင်း
📌 ၂။ တော်လှန်ရေးကာလမှာ သတင်းအချက်လက်လုံလုံခြုံခြုံနဲ့မျှဝေနိုင်ဖို့သည် ပြည်သူလူထုအတွက် အသက်တမျှ အရေးကြီးတယ်လို့ လူ့အခွင့်ရေးဒုတိယဝန်ကြီးပြောကြား
📌 ၃။ ပုလဲမြို့နယ်အတွင်း ဂိတ်(၉)ဂိတ်ဖြင့် ကောက်ခံရရှိသော အခွန်ငွေ သိန်းတစ်ရာကျော်ရရှိခဲ့
📌 ၄။ ရခိုင်ပြည်နယ် ပေါက်တောမြို့ကို စကစတပ်ကရေကြောင်း၊ကုန်းကြောင်း၊လေကြောင်းမှနေ၍ အရပ်သားနေရာများကိုပစ်ခတ်တိုက်ခိုက်
📌 ၅။ မတူပီမြို့ပေါ် မြို့မရဲစခန်းမှရဲတပ်ကြပ်တစ်ဦးလက်နက်နှင့်အတူချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ ထံသို့ အလင်းဝင်လာ၍ ဆုငွေသိန်း၅၀ချီးမြှင့်
📌 ၆။ YUGA(MO 7 - Eagle) ၏ မြို့ပြပျောက်ကျား စစ်ဆင်ရေးများ မကြာခင် ပြန်လည်စတင်မယ်လို့အသိပေး
📌 ၇။ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်း ခုံးကျော်တံတားတွင် ဒီဇင်ဘာ ၁ရက် ညပိုင်းစစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းချိတ်၍ ဆန္ဒထုတ်ဖော်ခဲ့
📌 ၈။ မွန်ပြည်နယ် ကျိုက်ထိုမြို့ ဒေါက်ရပ် ကျေးရွာ အနီး ကို စစ်ကြောင်းထိုးလာသော စကစ စစ်ကြောင်းနှင့်တောကျီးကန်း စစ်ကြောင်းအပါအဝင်ပူးပေါင်းတပ်ဖွဲ့များထိတွေ့ တိုက်ပွဲ ဖြစ်ပွား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်တို့၏ ခါးသီးမှုမှ လွတ်မြောက်နိုင်ပါစေလို့ ဝန်ကြီးဒေါက်တာဆာဆာဆုမွန်ကောင်းတောင်း
ဒီဇင်ဘာ၂ရက်
"ကျွန်ုပ်တို့၏ အပြစ်မဲ့ပြည်သူ ထောင်ပေါင်းများစွာ အသတ်ခံခဲ့ရပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသော မြန်မာခေါင်းဆောင်များ အပါအဝင် အများအပြားမှာ မတရား အကျဉ်းချခံနေရဆဲ ဖြစ်ပါတယ်။အောင်ခြင်းမူကား၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေး ၊ ဘဝ၏ ချိုမြိန်မှု များ ပြန်လည်ရရှိလာကာ အာဏာရှင်၏ အမှောင်ထုကို ချေမှုန်းနိုင်သည့် ထွန်းကားသော တိုင်းပြည်၏ အနာဂတ် မြန်မာနိုင်ငံသည် ဂုဏ်ကျက်သရေ ရှိပါတယ်။အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်သည် မြန်မာနိုင်ငံသာမက ဒေသတွင်းနှင့် ကမ္ဘာတစ်ခုလုံးကိုပါ တောက်ပစေမှာဖြစ်ပါတယ်။လာမည့်ချိုမြိန်သော ဒီဇင်ဘာသည် ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်တို့၏ ခါးသီးမှုမှ လွတ်မြောက်နိုင်ပါစေ၊ ကျွန်ုပ်တို့၏ ပြည်သူပြည်သားများသည် သခင်ယေရှုအားဖြင့် ဘဝ၏ ချိုမြိန်သော ဒီဇင်ဘာကို အမှန်တကယ် ချိုမြိန်စေပါတယ်" လို့ ဒီဇင်ဘာ၁ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကဆိုထားပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်ရေးအရှိန်ကိုမြှင့်တင်လျက်ရှိပြီးတော့ ဘဏ္ဍာရေးတိုက်စစ်အနေနဲ့စစ်ကောင်စီရဲ့ ဝင်ငွေရပေါက်ရလမ်းများကိုပိတ်ဆို့လျက်ရှိပါတယ်။
========================
📌📌 ၂။ တော်လှန်ရေးကာလမှာ သတင်းအချက်လက်လုံလုံခြုံခြုံနဲ့မျှဝေနိုင်ဖို့သည် ပြည်သူလူထုအတွက် အသက်တမျှ အရေးကြီးတယ်လို့ လူ့အခွင့်ရေးဒုတိယဝန်ကြီးပြောကြား
ဒီဇင်ဘာ၂ရက်
“ တော်လှန်ရေးကာလမှာ သတင်းအချက်လက်လုံလုံခြုံခြုံနဲ့မျှဝေနိုင်ဖို့သည် ပြည်သူလူထုအတွက် အသက်တမျှ အရေးကြီးသလို တော်လှန်ရေးဆင်နွှဲနေတဲ့ အဖွဲ့အစည်းတွေအတွက်လည်း မူဝါဒချမှတ်တဲ့နေရာမှာ၊ နည်းဗျူဟာတွေ ချမှတ်တဲ့နေရာမှာ အထူးအရေးကြီးပါတယ်"လို့ လူ့အခွင့်ရေးရာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးမှ ပြောကြားခဲ့ပါတယ်။
ထို့အပြင် Fedral Net Campaign"မှာပါဝင်ကြဖို့လည်း ဒုဝန်ကြီးကတိုက်တွန်းဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက မြို့နယ် ၅မြို့နယ်တွင် အင်တာနက်တိုးချဲ့တပ်ဆင်နိုင်ရန် ရည်ရွယ်၍ "Fedral Net Campaign"လုပ်ဆောင်နေတယ်လို့သတင်းရရှိပါတယ်။
Federal Net Campaign ရဲ့ကနဦးတည်ဆောက်ဖို့ လိုအပ်ချက်ဖြစ်တဲ့မြို့နယ် (၅) မြို့နယ်အတွက် အမေရိကန် ဒေါ်လာ (၂.၅) သိန်းလိုအပ်မှာဖြစ်ပါတယ်။
========================
📌📌 ၃။ ပုလဲမြို့နယ်အတွင်း ဂိတ်(၉)ဂိတ်ဖြင့် ကောက်ခံရရှိသော အခွန်ငွေ သိန်းတစ်ရာကျော်ရရှိခဲ့
ဒီဇင်ဘာ၂ရက်
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်း ဂိတ်(၉)ဂိတ်ဖြင့် ကောက်ခံရရှိသော အခွန်ငွေ သိန်းတစ်ရာကျော်ရရှိခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ ဘဏ္ဍာခွဲဝေရေးနှင့် လစဉ်အစည်းအဝေး ပြုလုပ်ခဲ့တယ်လို့ ဒီဇင်ဘာ၂ရက်ပုလဲပအဖကအသိပေးပါတယ်။
အစည်းအဝေးမှာပညာရေး၊ကျန်းမာရေး၊တရားရေး၊လျှပ်စစ်ရေး၊လုံခြုံရေး၊ကာကွယ်ရေး၊သစ်တောရေး၊လူသားစာနာတာဝန်ခံ၊အခွန်တော်အရာရှိ စသည့် သက်ဆိုင်ရာတာဝန်ခံအသီးသီးတို့မှ ပုလဲမြို့နယ်အတွင်း လုပ်ဆောင်နေမှုများ၊လိုအပ်ချက်များကို ဆွေးနွေးပြောကြားခဲ့ပါတယ်။
ဘဏ္ဍာရေးတာဝန်ခံမှ ပုလဲမြို့နယ်အတွင်း ဂိတ်(၉)ဂိတ်ဖြင့် ကောက်ခံရရှိသော အခွန်ငွေရှင်းတမ်းပြုလုပ်ပြီး NUGရဲ့ဘဏ္ဍာခွဲရေးမူဝါဒနှုန်းထားအတိုင်း ခွဲဝေပေးခဲ့ပါတယ်။
၂၀၂၃ ခုနှစ်အောက်တိုဘာလ ရရှိအခွန်ငွေစုစုပေါင်းမှာကျပ်သိန်းတစ်ရာ့ခြောက်ဆယ့်လေးသိန်းကိုးထောင် ကျပ် ရရှိခဲ့ပါတယ်။
၂၀၂၃ခုနှစ်စက်တင်ဘာလအတွက် ရရှိအခွန်ငွေစုစုပေါင်းမှာ ကျပ်သိန်းတစ်ရာတစ်ဆယ့်သုံးသိန်းခုနှစ်သောင်းခြောက်ထောင် ကျပ် ရရှိခဲ့ပါတယ်။
========================
📌📌 ၄။ ရခိုင်ပြည်နယ် ပေါက်တောမြို့ကို စကစတပ်ကရေကြောင်း၊ကုန်းကြောင်း၊လေကြောင်းမှနေ၍ အရပ်သားနေရာများကိုပစ်ခတ်တိုက်ခိုက်
ဒီဇင်ဘာ၂ရက်
ရခိုင်ပြည်နယ် ပေါက်တောမြို့ကို စကစတပ်ကရေကြောင်း၊ကုန်းကြောင်း၊လေကြောင်းမှနေ၍ အရပ်သားနေရာများကိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒီဇင်ဘာ၁ရက်နေ့မှာ စစ်ရေးသတင်းကို ညီနောင်သုံးဖွဲ့ကအတည်ပြုပါတယ်။
ဒီဇင်ဘာလ (၁) ရက်နေ့၊ နံနက် (၁၁:၀၀) အချိန်ခန့်တွင် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဥ် (၁) စီး သည် ရက္ခိုင်ပြည်၊ ပေါက်တောမြို့ထဲသို့ (၂) ကြိမ်တိုင်လာရောက်ကာ ဗုံး (၄) လုံး ကြဲချခဲ့ပြီး တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဒုတိယအကြိမ်လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည့် နေ့လယ် (၂:၀၅) အချိန်ခန့်တွင်လည်း MiG-35 တိုက်ခိုက်ရေးရဟတ်ယာဥ်နှင့် ပေါက်တောမြစ်အနီး သွားလာနေသော စစ်ကောင်စီ၏ ရေတပ်သင်္ဘောမှလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
ညနေ (၃) နာရီအချိန်ခန့်ကလည်း တောင်ဖူးကျေးရွာနှင့် သဝင်ချောင်းကျေးရွာကြားတွင် ရပ်နားထားသော စစ်ကောင်စီ၏ နေဗီသင်္ဘော (၄၄၆) မှ ပေါက်တောမြို့အား လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ သောကြောင့် ပေါက်တောမြို့၊ အမှတ် (၃) ရပ်ကွက်အတွင်းသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ရာ ၎င်း ရပ်ကွက်ရှိ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ရပြီး ည (၉) နာရီအချိန်ထိ မီးလောင်ကျွမ်းခဲ့ရတယ်လို့သတင်းရရှိပါတယ်။
ရက္ခိုင့်တပ်တော် (AA) မှ ပေါက်တောမြို့တွင်း စစ်ကောင်စီ၏ ပြန်ပေးဆွဲ၍ လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ခံရ ထားသော မြို့ခံပြည်သူများအား အန္တရာယ်ကင်းစွာ ဆက်လက်ကယ်ထုတ်နိုင်ရေးအတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် တိုက်ပွဲပြင်းထန်လျက်ရှိပါတယ်။
========================
📌📌 ၅။ မတူပီမြို့ပေါ် မြို့မရဲစခန်းမှရဲတပ်ကြပ်တစ်ဦးလက်နက်နှင့်အတူချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ ထံသို့ အလင်းဝင်လာ၍ ဆုငွေသိန်း၅၀ချီးမြှင့်
ဒီဇင်ဘာ၂ရက်
မတူပီမြို့ပေါ် မြို့မရဲစခန်းမှရဲတပ်ကြပ်တစ်ဦးလက်နက်နှင့်အတူချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ ထံသို့ အလင်းဝင်လာ၍ ဆုငွေသိန်း၅၀ချီးမြှင့်ခဲ့တယ် ဒီဇင်ဘာ၁ရက် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီကအသိပေးဆိုပါတယ်။
နိုဝင်ဘာလ (၃၀) ရက်နေ့ မတူပီမြို့ပေါ် မြို့မရဲစခန်းမှ ဦး ရန်ရှင်းအောင် တပ်ကြပ် မှ G-3 (၁)လက်၊ ကျည်ဘောက် (၂) ခု၊ ကျည်ဆံ (၁၀၄)တောင့် အားယူဆောင်လာကာ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ ထံသို့ CDM ပြုလုပ်လာပါတယ်"လို့ဆိုပါတယ်။
ထိုသို့ ပြည်သူနှင့်အတူ ပူးပေါင်းလာသော ဦး ရန်ရှင်းအောင် မိသားစုအား ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ -မတူပီ မှ ဂတိခံထားသည့်အတိုင်း ဆုငွေ ကျပ်သိန်း (၅၀) အား ချီးမြင့်နိုင်ခဲ့ပါတယ်။
မတူပီမြို့နယ်ရှိ စကစများနှင့် ရဲသားများ မိမိတို့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ နှင့် အမြန်ဆုံးပူးပေါင်းပေးပါရန် နောက်ဆုံးအကြိမ် ဖိတ်ခေါ်အပ်တယ်လို့ဆိုထားပါတယ်။
========================
📌📌 ၆။ YUGA(MO 7 - Eagle) ၏ မြို့ပြပျောက်ကျား စစ်ဆင်ရေးများ မကြာခင် ပြန်လည်စတင်မယ်လို့အသိပေး
ဒီဇင်ဘာ၂ရက်
YUGA(MO 7 - Eagle) ၏ မြို့ပြပျောက်ကျား စစ်ဆင်ရေးများ မကြာခင် ပြန်လည်စတင်မယ်လို့ ဒီဇင်ဘာ၂ရက် YUGA(MO 7 - Eagle)ကတရားဝင်ဆိုထားပါတယ်။
"YUGA(MO 7 - Eagle) ၏ မြို့ပြပျောက်ကျား စစ်ဆင်ရေးများ မကြာခင် ပြန်လည်စတင်ဖော်ဆောင်သွားမှာဖြစ်တယ်"လို့ ရဲဘော်လီယိုကဆိုပါတယ်။
ဧပြီ ၂၃ ရက် ည ၁၀ နာရီခွဲအချိန်ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ အမှတ်(၂)မှုခင်းရဲတပ်ဖွဲ့(CID)ရုံးကို Yangon Urban Guerrilla Army (Y.U.G.A) မှအဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများလာရောက် စစ်ဆေးချိန် ထပ်မံဖောက်ခွဲခဲ့ရာ ဒဏ်ရာရရှိသူများပြားခဲ့ပါတယ်။
========================
📌📌 ၇။ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်း ခုံးကျော်တံတားတွင် ဒီဇင်ဘာ ၁ရက် ညပိုင်းစစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းချိတ်၍ ဆန္ဒထုတ်ဖော်ခဲ့
ဒီဇင်ဘာ၂ရက်
ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်း ခုံးကျော်တံတားတွင် ဒီဇင်ဘာ ၁ရက် ညပိုင်းစစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းချိတ်၍ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒီဇင်ဘာ ၁ရက် ညပိုင်းတော်လှန်လူငယ်များကကလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
"ရန်ကုန်မှာ ပြန်ဆုံမယ်" "ရန်ကုန် ပေတရာပေါ်က သွေးတွေ မခြောက်သေးဘူး" "Yangon Army (YA) ရပြီး" ၊ "သွေးမအေးဘူး" ၊ "ရန်ကုန်ကိုပြန်ရစေရမယ်" ၊ "စနစ်ဆိုးကိုမှောက်ပစ်" စသည့် စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားများကို ရေးသားထားပြီး "ဗုံးရှိသည်" ဟုလည်း သတိပေးရေးသားခဲ့တယ်လို့ North Okkalapa Informationကဖော်ပြပါတယ်။
ရန်ကုန်မြို့တွင် စကစတပ်များ လုံခြုံရေးများ တင်းကြပ်နေသည့်ကြားမှ လူထုသပိတ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးများလှုပ်ရှားနေကြဆဲ ဖြစ်ပါတယ်။
========================
📌📌 ၈။ မွန်ပြည်နယ် ကျိုက်ထိုမြို့ ဒေါက်ရပ် ကျေးရွာ အနီး ကို စစ်ကြောင်းထိုးလာသော စကစ စစ်ကြောင်းနှင့်တောကျီးကန်း စစ်ကြောင်းအပါအဝင်ပူးပေါင်းတပ်ဖွဲ့များထိတွေ့ တိုက်ပွဲ ဖြစ်ပွား
ဒီဇင်ဘာ ၂ ရက်
ဒီဇင်ဘာ ၁ ရက် ၊ နံနက် ၁၀ နာရီ ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ၊ ဒေါက်ရပ် ကျေးရွာ အနီး ကို စစ်ကြောင်းထိုးလာသော အင်အား ၆၀ ခန့်ရှိ စကစ တပ် နှင့် တောကျီးကန်း စစ်ကြောင်း၊ တပင်ရွှေထီး စစ်ကြောင်း၊ KNU/KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် မိနစ် ၂၀ ခန့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွား ခဲ့တယ်လို့အတည်ပြုပါတယ်။
အဆိုပါ တိုက်ပွဲ ဖြစ်စဥ်အတွင်း စကစ ဘက်မှ ၁၀ ဦး သေဆုံးပြီး ၁၇ ဦးခန့် ဒဏ်ရာ ရရှိခဲ့ ကာ ပြန်လည် ဆုတ်ခွာသွား ခဲ့ပြီး မိမိတို့ဘက်မှ အထိခိုက်မရှိ တိုက်ခိုက်နိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။
ဆက်လက်၍လည်း မဟာမိတ် အဖွဲ့များ ကနယ်မြေလုံခြုံ ရေးနှင့်နယ်မြေ စိုမိုးရေး များကို ရှေ့ဆက် ဆောင်ရွက်လျက် ရှိတယ်လို့ဆိုပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment