၂၀၂၃ ဒီဇင်ဘာလ ၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးတော်လှန်ရေးဟာ ကမ္ဘာကတောင် အံ့ဩဘနန်းဖြစ်ရတဲ့ ခေတ်သစ်ပြည်သူ့နွေဦးတော်လှန်ရေးအဖြစ် ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းဝင်သွားတော့မှာ ဖြစ်တယ်လို့ဝန်ကြီးချုပ်ဆို
📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်တက်ရောက်
📌 ၃။ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ တွေ့ဆုံဆွေးနွေး
📌 ၄။ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းတွင် ပါဝင်သောလုပ်ငန်းရှင်များကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်
📌 ၅။ မုန်းမြို့၊ ကော့ပြင်းတပ်စခန်း တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်
📌 ၆။ စကစရဲ့ဗိုလ်မှူးချုပ်အဆင့် တစ်ယောက်ထပ်မံပစ်ခတ်၍သေဆုံးနိုင်ကြောင်း MNDAAကသံသယရှိ
📌 ၇။ ကနီနယ်တွင် စကစရဲဒုတပ်ကြပ်တစ်ဦးနှင့်Non CDMတစ်ဦးအလင်းဝင်လာ
📌 ၈။ ရန်ကုန်မြို့ တာမွေတွင် စစ်တပ်မှ ပစ်ခတ်၍ ဆန္ဒပြလူငယ် ၂ ဦး ကျဆုံး။
📌 ၉။ ၂၄ လတာ ကာလတလျှောက်လုံးမှာပျက်ကွက်မှုမရှိ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ထောက်ပို့တပ်သားရဲဘော်တွေအတွက် ဦးမင်းကိုနိုင်က သီးသန့် ရေးဆွဲပေးထားတဲ့ အမှတ်တရပန်းချီကားကို ဂုဏ်ပြုလက်ဆောင် ပေးအပ်မယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးတော်လှန်ရေးဟာ ကမ္ဘာကတောင် အံ့ဩဘနန်းဖြစ်ရတဲ့ ခေတ်သစ်ပြည်သူ့နွေဦးတော်လှန်ရေးအဖြစ် ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းဝင်သွားတော့မှာ ဖြစ်တယ်လို့ဝန်ကြီးချုပ်ဆို
ဒီဇင်ဘာလ ၈ရက်။
ဒီဇင်ဘာလအတွင်း ကျင်းပတဲ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်ကအခုလိုပြောပါတယ်။
"အခုပြည်သူ့ နွေဦးတော်လှန်ရေးဟာလည်း အကြမ်းဖက်စစ်အာဏာရှင်ရဲ့ လက်နက်ကိုင်ပြီး မတရားဗိုလ်ကျစိုးမိုးမှုကို နည်းနည်းလေးမှ လက်မခံဘဲ ရရာလက်နက်ကို စွဲကိုင်တော်လှန်ခဲ့ရာကနေ ပြည်တွင်း/ပြည်ပ ပြည်သူများရဲ့ အားပေးထောက်ပံ့မှုတွေကို အရင်းတည်ပြီး နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုကို ပေါင်းစပ်လိုက်တဲ့အခါ ကမ္ဘာကတောင် အံ့ဩဘနန်းဖြစ်ရတဲ့ ခေတ်သစ်ပြည်သူ့နွေဦးတော်လှန်ရေးအဖြစ် ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းဝင်သွားတော့မှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက် စစ်တပ်ကနိုင်ငံတော်အာဏာကိုလုယူပြီးနောက်ပိုင်း စစ်အယဏာရှင်စနစ်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနှင့်အတူ နွေဦးတော်လှန်ရေးဟာပေါ်ပေါက်ခဲ့ပါတယ်။
========================
📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်တက်ရောက်
ဒီဇင်ဘာလ ၈ ရက်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၅၀/၂၀၂၃)ကို ဒီဇင်ဘာ၈ရက်မှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးကို ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ဝန်ကြီးဌာနများမှ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြ၍ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ ဦးဆောင်ကာ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ တွေ့ဆုံဆွေးနွေး
ဒီဇင်ဘာလ ၈ရက်။
ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတို့ဟာ ဒီဇင်ဘာလ ၆ ရက် ဗီဒီယိုကွန်းဖရင့်မှတစ်ဆင့် တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။
ထိုတွေ့ဆုံပွဲတွင် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ၏ အလှည့်ကျ သဘာပတိများက မိမိတို့ ICNCC သည် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ ရပ်တည်လျက် ချင်းပြည်အရေးကိစ္စဆောင်ရွက်လျက်ရှိကြောင်း၊ တော်လှန်ရေးနှင့် ပြည်ထောင်စုတည်ဆောက်ရေးတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်နေကြောင်းနှင့် ရှေ့ဆက်လုပ်ငန်းစဉ်များအား ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။
ထို့နောက် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ကောင်စီဝင်များကလည်း NUCC နှင့် ICNCC တို့သည် အချင်းချင်း လက်တွဲရပ်တည်နေကြောင်း ဆွေးနွေးပြီး အချင်းချင်း ရင်းနှီးစွာ အပြန်အလှန် မေးမြန်းဖြေကြားခြင်းများ ပြုလုပ်ကြကာ အစည်းအဝေးကို အောင်မြင်စွာ ပြုလုပ်ကျင်းပနိုင်ခဲ့ပါတယ်။
========================
📌📌 ၄။ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းတွင် ပါဝင်သောလုပ်ငန်းရှင်များကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်
ဒီဇင်ဘာလ ၈ရက်။
ဒီဇင်ဘာလ ၈ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ ကျောက်မျက်လုပ်ငန်းရှင်များအသင်းတွင် ပါဝင်သောလုပ်ငန်းရှင်များကို အမည်ပျက်စာရင်းကြေညာခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၁၇.၉.၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ( ၂ / ၂၀၂၃ ) ထုတ်ပြန်၍ အကြမ်းဖက်စစ်ကောင်စီ၏ တရားဝင်မှုနှင့် အခွန် သို့မဟုတ် အကျိုးအမြတ် စသည်တို့အပေါ် တနည်းတလမ်းအားဖြင့် အကျိုးပြုနေသည့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (Myanmar Gems and Jewellery Entrepreneurs Association) နှင့်တကွ လက်အောက်ခံ အသင်းခွဲများအား ဖွဲ့စည်းပုံနှင့်တကွ ဖျက်သိမ်းခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။
ဤအမိန့် ထုတ်ပြန်ပြီးနောက် အဆိုပါအသင်းနှင့် လက်အောက်ခံအသင်းခွဲများတွင် ဆက်လက် ပါဝင်လုပ်ကိုင်နေခြင်း၊ ပူးပေါင်းလုပ်ကိုင်နေခြင်း၊ ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာငွေများကို ဆက်လက်သုံးစွဲနေခြင်း၊ အသင်း၏ အမည်ဖြင့် ဆက်လက်ဆောင်ရွက်ခြင်း ပြုလုပ်နေသော လုပ်ငန်းရှင်များ၊ ဝန်ထမ်းများ စသူတို့အား အကြမ်းဖက်စစ်ကောင်စီအပေါ် ထောက်ပံ့ကူညီနေသူများအဖြစ် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာပြီးလည်း ဖြစ်တယ်လို့ဖော်ပြပါတယ်။
ဤအမိန့်ကို လိုက်နာခြင်းမရှိဘဲ အဆိုပါအသင်းအဖွဲ့များတွင် ဆက်လက်ပါဝင်လုပ်ကိုင်နေသော ပူးတွဲစာရင်းပါ လုပ်ငန်းရှင်များကို အမည်ပျက်လုပ်ငန်းရှင်စာရင်း ထည့်သွင်းလိုက်ပြီး ဆက်လက် ပါဝင်လုပ်ကိုင်နေပါက လိုအပ်သလို အဆင့်ဆင့် ဆက်လက်အရေးယူသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
အမည်ပျက်စာရင်းသွင်းခံရသူ လုပ်ငန်းရှင်စုစုပေါင်း၄၃ဦးပါဝင်ပါတယ်။
========================
📌📌 ၅။ မုန်းမြို့၊ ကော့ပြင်းတပ်စခန်း တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်
ဒီဇင်ဘာလ (၈) ရက်။
မုန်းမြို့၊ ကော့ပြင်းတပ်စခန်း တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) က ဒီဇင်ဘာ၈ရက်မှာ ဖော်ပြပါတယ်။
" ဒီဇင်ဘာလ (၇) ရက်၊ မွန်းတည့် (၁၂) နာရီခန့်တွင် စစ်ကောင်စီတပ်အင်အား (၃၀) ခန့် အထိုင်ချ တပ်စွဲထားသည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့ရှိ ကော့ပြင်းတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့ ပူးပေါင်းကာ ထိုးစစ်ဆင် တိုက်ခိုက်ချေမှုန်းခဲ့တယ်"လို့ဆိုပါတယ်။
တိုက်ပွဲစတင်သည်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထွက်ပြေးသွားခဲ့သဖြင့် စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကော့ပြင်းတပ်စခန်းမှ MA-3 (၃) လက်၊ ပစ္စတို ၁လက်၊ ၆၀မမ မော်တာ (၁) လက် သိမ်းဆည်းရမိခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်အားလုံး အထိအခိုက်မရှိခဲ့ကြောင်း သိရပါတယ်။
========================
📌📌 ၆။ စကစရဲ့ဗိုလ်မှူးချုပ်အဆင့် တစ်ယောက်ထပ်မံပစ်ခတ်၍သေဆုံးနိုင်ကြောင်း MNDAAကသံသယရှိ
ဒီဇင်ဘာလ ၈ ရက်။
စကစရဲ့ ဗိုလ်မှူးချုပ်အဆင့် တစ်ယောက်ထပ်မံပစ်ခတ်၍ သေဆုံးနိုင်ကြောင်း MNDAAကသံသယရှိတယ်လို့ဆိုပါတယ်။
ဒီဇင်ဘာလ ၇ ရက်မှ ၈ ရက်နေ့အထိ ကိုးကန့်တုန်ရှမ်းဒေသ တာရင်တောင်နှင့် လောက်ရှုကုတ်နေရာတကြော တွင် စစ်ကောင်စီတပ်ဖွဲ့သည် အင်အားငယ်များကိုပြန်လည်စုဖွဲ့ပြီး တန်ပြန်တိုက်ခိုက်ရန်ကြံရွယ်ခဲ့သော်လည်း MNDAAမှ ၎င်းတို့ကို နောက်ပြန်ဆုတ်ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။
မြောက်ဘက်ခြမ်း ရှီရှမ်းဒေသတကြောတွင် MNDAAမှ ဆက်လက်၍ စစ်ကောင်စီအကြွင်းအကျန်အဖွဲ့များရှင်းလင်းသုတ်သင်ရန် ဆောင်ရွက်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။
ဒီဇင်ဘာလ ၇ ရက်နေ့ ရှီရှမ်းဒေသ ဖုန်းချွင်တောင်နှင့် ရှောက်ကိုင်ကြည်နေရာသို့ ထွက်ပြေးပုန်းအောင်းလာသော စကစ စစ်ပြေးအဖွဲ့များကို ဝိုင်းရံပစ်ခတ်ကာ (၂)ယောက်သေဆုံးပြီး ပြည်သူ့စစ်အဖွဲ့ဝင်(၁)ယောက် ဖမ်းဆီးရမိကာ လိမ်ရှမ်နေရာတွင် စစ်ကောင်စီအဖွဲ့ဝင်(၄)ယောက်ထပ်မံချေမှုန်းခံရပါတယ်။
ထိုနေ့ညတွင် ရှောက်ကိုင်ကြည်နေရာမှ ဗိုလ်ကြီးအဆင့်(၁)ယောက်ဖမ်းဆီးရပြီး လိမ်ရှမ်နှင့် ရှောက်ပိုက်အိုက် နေရာတွင် ရန်သူ(၁၁)ယောက်ထပ်မံချေမှုန်းနိုင်ခဲ့ကာ ၎င်းတို့ထဲတွင် တပ်ကြပ်ယူနီဖောင်းဝတ်ဆင်ထားသော ရုပ်အလောင်းပေါ်တွင် ဗိုလ်မှူးချုပ်အဆင့်တံဆိပ်ကိုတွေ့ရှိရတယ်လို့ဆိုထားပါတယ်။
တာရင်တောင်မှ သိမ်းဆည်းရရှိသောလက်နက်ခဲယမ်းမှာ စက်သေနတ်ကြီး(၃)လက် ၊ စိန်ပြောင်း(၁)ခု ၊ ရိုင်ဖယ်(၅)လက်နှင့် ခဲယမ်းပစ္စည်းအမြောက်အမြားသိမ်းဆည်းရရှိခဲ့ပါတယ်။
========================
📌📌 ၇။ ကနီနယ်တွင် စကစရဲဒုတပ်ကြပ်တစ်ဦးနှင့်Non CDMတစ်ဦးအလင်းဝင်လာ
ဒီဇင်ဘာလ ၈ရက်။
စစ်ကိုင်းတိုင်း၊ ကနီနယ်တွင် စကစရဲ့ ဒုတပ်ကြပ်တစ်ဦးနှင့် Non CDMတစ်ဦးအလင်းဝင်လာတယ်လို့ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် ADPRA က ဒီဇင်ဘာ၈ရက်မှာ တရားဝင်အသိပေးဆိုပါတယ်။
"ဒီဇင်ဘာ ၂ရက်နေ့တွင် ကနီမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတပ်ကြပ်စိုးထက်အောင်မှ ၇.၆၂ကျည်အမျိုးအစား ၄၀၊ ၅.၅၆ ကျည်မျိုးအစား ၂၀၊ လက်ထိပ်တစ်ခု၊ ဆိုင်ကယ်တစ်စီးဖြင့် ယင်းမာပင်ခရိုင်တပ်ရင်း ၃၀ (အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် ADPRA)ထံသို့ အလင်းဝင်ရောက်လာခဲ့ပါတယ်"လို့ဆိုပါတယ်။
ထို့အတူ ဒီဇင်ဘာ ၅ရက်နေ့တွင် ကနီပြည်သူ့ဆေးရုံငှက်ဖျားဌာနမှ PS ရာထူးအဆင့်ရှိသူ ဦးနေဇာအောင်သည် AMBULANCE တစ်စီးဖြင့် ထပ်မံအလင်းဝင်ရောက်လာခဲ့ပါတယ်။
အလင်းဝင်ရောက်လာသူများကို ကောင်းမွန်စွာကြိုဆိုခဲ့ပြီး ထိုက်သင့်သည့် ဆုငွေများပေးအပ်ကာ ၄င်းတို့သဘောဆန္ဒများကို မေးမြန်းပြီး ဖြစ်စေချင်သည့်ဆန္ဒများအတိုင်း စီစဥ်ဆောင်ရွက်ပေးလျက်ရှိတယ်လို့ဆိုပါတယ်။
ထပ်မံအလင်းဝင်ရောက်လာမည့်သူများကိုလည်း ကြိုဆိုမည်ဖြစ်ပြီး ထိုက်သင့်သည့် ဆုငွေများကိုလည်း ပေးအပ်သွားမယ်လို့ဆိုပါတယ်။
========================
📌📌 ၈။ ရန်ကုန်မြို့ တာမွေတွင် စစ်တပ်မှ ပစ်ခတ်၍ ဆန္ဒပြလူငယ် ၂ ဦး ကျဆုံး။
ဒီဇင်ဘာလ ၈ရက်
စစ်ကောင်စီ၏ စီမံခန့်ခွဲမှု အလွဲအမှားများကြောင့်ဖြစ်ပေါ်လာသော ကုန်စျေးနှုန်းကြီးမြင့်မှု၊ လောင်စာဆီ စျေးနှုန်း မြင့်တက်လာမှုနှင့် လုံလောက်စွာ မရရှိမှု စသည့် ပြည်သူလူထု ခံစားနေရသော အထွေထွေအကြပ်အတည်းများကို ရည်ရွယ်၍ ဒီဇင်ဘာလ၈ရက် ညနေပိုင်း၌ ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အချို့တွင် တော်လှန်လူငယ်များက ကားလမ်းမများကို ပိတ်ဆို့၍ တာယာကွင်းများဖြင့် မီးရှို့ ဆန္ဒပြခဲ့ပြီး အဆိုပါလှုပ်ရှားမှုကို ရန်ကုန်မြို့ပြ တော်လှန်ရေးအင်အားစုများက စုပေါင်းချိတ်ဆက် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်းသိရှိရပါတယ်။
တော်လှန်ရေးတိုက်ပွဲအတွင်းတွင် ပြည်သူလူထုတစ်ရပ်လုံး အနေဖြင့် တိုက်ပွဲမမျှော်ပဲ မိမိတို့ကိုယ်တိုင် တိုက်ပွဲခေါ်ကြရန် အသင့်ပြင်ဆင်ထားနိုင်စေရေး တပ်လှန့်နှိုးဆော်သည့်အနေဖြင့် ယခုလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ပြတော်လှန်ရေးအင်အားစုများဘက်က ပြောသည်။
အဆိုပါ လှုပ်ရှားမှုများအနက် တာမွေမြို့နယ်တွင် တာယာကွင်းမီးရှို့ဆန္ဒပြလူငယ်နှစ်ဦးကို စစ်ကောင်စီအရပ်၀တ် များမှ သေနတ်ဖြင့် အသေပစ်ခတ်ဖမ်းဆီးခဲ့၍ ရဲဘော် ၂ဦး ကျဆုံးခဲ့ပြီး ရဲဘော်အချို့ အကြမ်းဖက်ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းရရှိသည်။
လူထုလွတ်မြောက်ရေးတိုက်ပွဲကြီးတွင် ပါဝင်တိုက်ပွဲဝင်ရင်းကျဆုံးသွားသော ရဲဘော် နှစ်ဦးကို အလေးပြု ဦးညွှတ်ရင်း လူထုတရပ်လုံးအနေဖြင့်လည်း လှည်းနေလှည်းအောင် မြင်းဇောင်းမကျန် ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်နိုင်ရေး နည်းလမ်းပေါင်းစုံသုံး၍ တိုက်ပွဲဝင်ကြရန်လည်း သပိတ်အင်အားစုများက နှိုးဆော်တိုက်တွန်းထားသည်။
========================
📌📌 ၉။ ၂၄ လတာ ကာလတလျှောက်လုံးမှာပျက်ကွက်မှုမရှိ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ထောက်ပို့တပ်သားရဲဘော်တွေအတွက် ဦးမင်းကိုနိုင်က သီးသန့် ရေးဆွဲပေးထားတဲ့ အမှတ်တရပန်းချီကားကို ဂုဏ်ပြုလက်ဆောင် ပေးအပ်မယ်
ဒီဇင်ဘာလ ၈ရက်။
၂၄ လတာ ကာလတလျှောက်လုံးမှာ ပျက်ကွက်မှုမရှိ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ထောက်ပို့တပ်သားရဲဘော်တွေအတွက် ဦးမင်းကိုနိုင်က သီးသန့် ရေးဆွဲပေးထားတဲ့ အမှတ်တရပန်းချီကားကို ဂုဏ်ပြုလက်ဆောင် ပေးအပ်မယ်လို့ ဒီဇင်ဘာ၈ရက်မှာ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRFငအသိပေးဆိုပါတယ်။
"ပြည်သူ့တော်လှန်ရေး ထောက်ပို့တပ် - PRF ဟာ ၂ နှစ်ပြည့်ခဲ့ပါပြီ။ ပြည်သူ့ကာကွယ်ရေးတပ်သား PDF တွေနဲ့ အတူ တိုက်ပွဲဝင်နေကြတဲ့ ထောက်ပို့ရဲဘော်အားလုံးကို လေးစားဂုဏ်ပြုပါတယ်။ ဒီဇင်ဘာ ၂၀၂၁ ခုနစ်ကနေ နိုဝင်ဘာ ၂၀၂၃ ထိ ပြီးခဲ့တဲ့ ၂၄ လတာ ကာလတလျှောက်လုံးမှာ ဇွဲအပြည့်နဲ့ ပျက်ကွက်မှုမရှိ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ထောက်ပို့တပ်သား ရဲဘော်တွေအတွက် ချစ်ခင်လေးစားရတဲ့ အစ်ကိုကြီး ဦးမင်းကိုနိုင်က သီးသန့် ရေးဆွဲပေးထားတဲ့ အမှတ်တရပန်းချီကားကို ဂုဏ်ပြုလက်ဆောင် ပေးအပ်ပါရစေ"လို့ဆိုပါတယ်။
အမှတ်တရပန်းချီကား ( Soft Copy ) ကို ပျက်ကွက်မှုမရှိခဲ့ကြတဲ့ ထောက်ပို့တပ်သား တဦးစီတိုင်းအတွက် ကဗျည်းထိုး မှတ်တမ်းတင် ပေးပို့သွားမှာဖြစ်ပြီး (၅) ဦးကိုတော့ ဒီဇင်ဘာ လကုန် event မှာ မဲနှိုက်ရွေးချယ်ကာ အိမ်တိုင်ရာရောက် ပန်းချီကား လက်ဆောင်ပို့သွားမှာ ဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment