19th MAR 2024 - Morning Daily News by Radio NUG

 

၂၀၂၄ မတ်လ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန်တက်ရောက်

📌 ၃။ မြန်မာ အမျိုးသမီးများအရေးဆွေးနွေးမှု ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးတက်ရောက်ဆွေးနွေးမယ်

📌 ၄။ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များနှင့် ၎င်းတို့၏ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းရန် လူဦးရေစာရင်းများ ကောက်ခံပြီး မဲနှိုက်ရွေးချယ်ကာ တိမ်းရှောင် ထွက်ပြေးလျှင် မိသားစုဝင်များ အစားထိုးရမည်ဟု ဖိအားပေးခြိမ်းခြောက်မှုများ ရှိနေ

📌 ၅။ စစ်ရှောင်များအတွက် ရည်ရွယ်ပြီး ပြည်သူ့တံတားတည်ဆောက်

📌 ၆။ United States, Los Angeles မြို့မှာရှိတဲ့ "Performing Arts Center of Baldwin Park"မှာ "သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" International Film Screening မှာ ပါဝင်တဲ့  ရုပ်ရှင်ဇာတ်ကားတွေကို ပြသသွားမယ်


၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မကွေးခရိုင် အမှတ် တပ်ရင်းမှ ပြည်သူ့ကာကွယ်ရေးတပ်သားသစ်များ ခေါ်ယူနေ

🚩 ၂။ ကောလင်းမြို့ မြေနီရွာဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သားသုံးဦးကျည်ထိမှန်၍ အမျိုးသားတစ်ဦးမှာသေဆုံး

🚩 ၃။  မြိုင်မြို့နယ် ဝက်ပုတ်ပျူရွာမှာနေတဲ့ ပျူစောထီးခေါင်းဆောင်အား ပစ်ခတ်ရှင်းလင်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


မတ်လ ၁၈ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးမှုအစည်းအဝေး (/၂၀၂၄)ကို မတ်လ(၁၈)ရက်မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေး၌ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊  တွဲဖက်အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။


ထို့နောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ  ဦးဆောင်ကာ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့ရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန်တက်ရောက်


မတ်လ ၁၈ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၀/၂၀၂၄)ကို မတ်လ၁၈ရက်မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အတွင်း‌ရေးမှူးအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန်မှ တက်ရောက်ကာ အဖွင့်အမှာစကား‌ပြောကြားခဲ့ပါတယ်။


ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်း‌ပြောကြားခဲ့ပြီး၊

မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ်  သိရှိလိုသည်များကို မေးမြန်း‌ဆွေးနွေးခဲ့ကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊  တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ မြန်မာ အမျိုးသမီးများအရေးဆွေးနွေးမှု ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးတက်ရောက်ဆွေးနွေးမယ်


မတ်လ ၁၈ရက်။

မြန်မာအမျိုးသမီးများအရေးဆွေးနွေးမှု ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးတက်ရောက်ဆွေးနွေးမယ်လို့သတင်းရရှိပါတယ်။


International IDEA ပံ့ပိုးကူညီမှုဖြင့် Myanmar Women Parliamentarians Network မှ မတ်လ၂၈ရက်မှာ မိနစ်၁၂၀ကြာဆွေးနွေးမှုကို ကျင်းပမှာဖြစ်ပါတယ်။


ယနေ့မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ နိုင်ငံရေးပါ၀င်မှု မြှင့်တင်ရေး၊ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ရှာဖွေခြင်း၊ မဟာမိတ်များ တည်ဆောက်ခြင်းနှင့် အရှေ့တောင်အာရှ၏ အလေ့အကျင့်ကောင်းများ ဖော်ထုတ်ခြင်းတို့ကို ရည်ရွယ်၍ လွှတ်တော်အသီးသီးမှ အတွေ့အကြုံရင့် ဥပဒေပြုလွှတ်တော်များမှ ပါဝင်ဆွေးနွေးမှာဖြစ်ပါတယ်။


ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံလွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသမီးခေါင်းဆောင်များအပြင် ဒေသတွင်းမှ အထင်ကရ အမျိုးသမီးနိုင်ငံရေးသမားများပါ ပါဝင်မည်ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ နိုင်ငံရေးပါ၀င်မှုဆိုင်ရာ ခေါင်းစဉ်များ၊ ဒေသဆိုင်ရာ ကောင်းမွန်သော အလေ့အကျင့်များနှင့် ဥပဒေများတွင် အမျိုးသမီးများ၏ အခွင့်အရေးနှင့် ကျားမတန်းတူညီမျှမှုစတာတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။


========================


📌📌 ၄။ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များနှင့် ၎င်းတို့၏ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းရန် လူဦးရေစာရင်းများ ကောက်ခံပြီး မဲနှိုက်ရွေးချယ်ကာ တိမ်းရှောင် ထွက်ပြေးလျှင် မိသားစုဝင်များ အစားထိုးရမည်ဟု ဖိအားပေးခြိမ်းခြောက်မှုများ ရှိနေ


မတ်လ ၁၈ရက်။

စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များနှင့် ၎င်းတို့၏ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းရန် လူဦးရေစာရင်းများ ကောက်ခံပြီး မဲနှိုက်ရွေးချယ်ကာ တိမ်းရှောင် ထွက်ပြေးလျှင် မိသားစုဝင်များ အစားထိုးရမည်ဟု ဖိအားပေးခြိမ်းခြောက်မှုများ ရှိနေတယ်လို့ဆိုပါတယ်။


မတ်လ၁၈ရက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကအသိပေးဖော်ပြပါတယ်။

ပြီးခဲ့သည့် သတင်းပတ်အတွင်း ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော် အပါအဝင် တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မကွေး တိုင်း၊ မွန်ပြည်နယ်၊ ဧရာ၀တီတိုင်း၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ စစ်အုပ်စုမှ ဖွဲ့စည်းထားသည့် ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များနှင့် ၎င်းတို့၏ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းရန် လူဦးရေစာရင်းများ ကောက်ခံပြီး မဲနှိုက်ရွေးချယ်မှုများရှိနေတယ်လို့ဖော်ပြပါတယ်။


တချို့ပြည်နယ်နှင့် တိုင်းများတွင် စတင်ဆင့်ခေါ်နေကြသည့်အပြင် တိမ်းရှောင် ထွက်ပြေးလျှင် မိသားစုဝင်များ အစားထိုးရမည်ဟု ဖိအားပေးခြိမ်းခြိမ်းမှုများလည်း ရှိနေသောကြောင့် ပြည်သူများကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၅။ စစ်ရှောင်များအတွက် ရည်ရွယ်ပြီး ပြည်သူ့တံတားတည်ဆောက်


မတ်လ ၁၈ရက်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်နဲ့ မကွေးတိုင်း မြိုင်မြို့နယ်ကို ဆက်သွယ်ပြီးတော့ စစ်ဘေးရှောင်ပြည်သူတွေ အလွယ်တကူ လမ်းသွားလာနိုင်ဖို့အတွက် ယင်းမာပင်ခရိုင် တပ်ရင်းကဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ ပြည်သူ့တံတားတည်ဆောက်နိုင်ခဲ့တယ်လို့ဒေါင်းနက်-နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ ရဲဘော်ပေဆီက သိရပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၃ မေလပိုင်းမှာ ပြည်သူ့တံတားကို ယင်းမာပင်ခရိုင်အမှတ်၁၀ တပ်ရင်းက တာဝန်ယူ စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၄ မတ်လ ၁၀ရက်နေ့မှာ အပြီးသတ် တည်ဆောက်နိုင်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါတံတားဟာ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး ပင်မတံတားအရှည် ပေ ၆၀ ချဥ်းကပ်လမ်း အရှည် ပေ၆၀ အကျယ် ၁၄ပေရှိတဲ့ တံတားကို ယင်းမာပင်ခရိုင်အမှတ် ၁၀ တပ်ရင်းက ဦးဆောင်ပြီး ထည့်ဝင်လှူဒါန်းငွေသိန်း၉၀ ကျော်နဲ့အတူ ပြည်သူတွေရဲ့ လှူဒါန်းငွေတွေနဲ့တည်ဆောက်ခဲ့ပြီး ပြည်သူ့တံတား ဆောက်လုပ်ရာမှာ ကုန်ကျငွေ သိန်း၅၀၀ခန့်ရှိတယ်လို့လည်း သိရပါတယ်။


အဆိုပါတံတားကို အောင်မင်္ဂလာပြည်သူ့တံတားလို့ နာမည်ပေးထားပြီးစစ်ဘေးရှောင်ပြည်သူတွေ အလွယ်တကူဖြတ်သန်းသွားလာနိုင်ဖို့နဲ့ ဒေသခံပြည်သူတွေရဲ့ လူမှုရေး၊ စီးပွားရေး ဘဝလုံခြုံချောမွေ့စေဖို့အတွက် ရည်ရွယ်တည်ဆောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ United States, Los Angeles မြို့မှာရှိတဲ့ "Performing Arts Center of Baldwin Park"မှာ "သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" International Film Screening မှာ ပါဝင်တဲ့  ရုပ်ရှင်ဇာတ်ကားတွေကို ပြသသွားမယ်


မတ်လ ၁၈ရက်။

United States, Los Angeles မြို့မှာရှိတဲ့ "Performing Arts Center of Baldwin Park"မှာ "သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" International Film Screening မှာ ပါဝင်တဲ့  ရုပ်ရှင်ဇာတ်ကားတွေကို ပြသသွားမယ်လို့သိရပါတယ်။


မတ်လ ၁၈ရက်မှာ သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများကအသိပေးဖော်ပြပါတယ်။

      

 မတ်လ ၂၄ ရက် (တနင်္ဂနွေနေ့) မှာUnited States, Los Angeles မြို့မှာရှိတဲ့ "Performing Arts Center of Baldwin Park"မှာ "သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" International Film Screening မှာ ပါဝင်တဲ့  ရုပ်ရှင်ဇာတ်ကားတွေကို ပြသသွားမှာဖြစ်ပြီး ရုပ်ရှင်ကြည့်ပရိသတ်တွေအတွက် နံနက်ခင်းစာကိုပါ ရုံမှာ အဆင်သင့်ဝယ်ယူစားသုံးနိုင်အောင်လည်း စီစဥ်ထားတယ်လို့သိရပါတယ်။


ရုပ်ရှင်လက်မှတ်တွေကို Los Angeles ပွဲရဲ့ လက်မှတ် အရောင်းကိုယ်စားလှယ်တွေမှာ ဝယ်ယူနိုင်မယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ မကွေးခရိုင် အမှတ် တပ်ရင်းမှ ပြည်သူ့ကာကွယ်ရေးတပ်သားသစ်များ ခေါ်ယူနေ


မတ်လ ၁၈ရက်။

မကွေးခရိုင် အမှတ် တပ်ရင်းမှ ပြည်သူ့ကာကွယ်ရေးတပ်သားသစ်များ ခေါ်ယူနေတယ်လို့သတင်းရရှိပါတယ်။


မတ်လ ၁၈ရက်မှာ မကွေးခရိုင် အမှတ် တပ်ရင်းမှအသိပေးဖော်ပြပါတယ်။


"ကျွန်ုပ်တို့ မကွေးခရိုင် အမှတ် တပ်ရင်းမှ ပြည်သူ့ကာကွယ်ရေးတပ်သားသစ်များ ခေါ်ယူနေပါပြီ။ တပ်ဖွဲ့ဝင်ခွင့်လျှောက်လွှာအား Comment Sectionတွင်လည်းကောင်း Page Messengerတွင်လည်းကောင်း တောင်းယူ လျှောက်ထားနိုင်ပါတယ်"လို့ဖော်ပြပါတယ်။


စစ်အာဏာရှင်ကိုတော်လှန်လိုသော မည်သူမဆို တပ်ဖွဲ့ဝင်ခွင့်တွင် ဖြေဆိုလျောက်ထားနိုင်တယ်လို့သတင်းရရှိပါတယ်။


========================


🚩🚩 ၂။ ကောလင်းမြို့ မြေနီရွာဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သားသုံးဦးကျည်ထိမှန်၍ အမျိုးသားတစ်ဦးမှာသေဆုံး


မတ်လ ၁၈ရက်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ မြေနီရွာဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ် ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သားသုံးဦးကျည်ထိမှန်၍ အမျိုးသားတစ်ဦးမှာသေဆုံးခဲ့ရပါတယ်။


မတ်လ၁၈ရက်မှာ စကစတပ်ရဲ့ကျူးလွန်မှုကို ကောလင်းKR Teamကအတည်ပြုပါတယ်။


"ဝန်းသိုမြို့နယ် လက်ပံခုံကျေးရွာတွင် အိပ်သောစကစတပ်များမှာ မတ်လ၁၈ရက် နံနက်ပိုင်းတွင် မြေနီရွာသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် ပြည်သူသုံးဦး(ကျား ၁ဦး၊ ၂ဦး) ထိခိုက်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


ထို့နောက်၎င်းထိခိုက်သော ပြည်သူများထဲမှ အမျိုးသားတစ်ဦးမှာ ကွယ်လွန်ပြီဖြစ်ကြောင်း သိရပါတယ်။


ကျန်အမျိုးသမီးနှစ်ဦး အခြေအနေအား အသေးစိတ် ဆက်လက်စုံစမ်းဆဲဖြစ်တယ်လို့သိရပါတယ်။


========================


🚩🚩 ၃။  မြိုင်မြို့နယ် ဝက်ပုတ်ပျူရွာမှာနေတဲ့ ပျူစောထီးခေါင်းဆောင်အား ပစ်ခတ်ရှင်းလင်း


မတ်လ ၁၈ရက်။

မကွေးတိုင်း၊ မြိုင်မြို့နယ် ဝက်ပုတ်ပျူရွာမှာနေတဲ့ ပျူစောထီးခေါင်းဆောင်အား ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့သတင်းရရှိပါတယ်။


စစ်ရေးသတင်းကို မတ်လ၁၈ရက်မှာ ဇာမဏီပြောက်ကျားတပ်ဖွဲ့ကအသိပေးဆိုပါတယ်။


မတ်လ၁၈ရက် မနက်၇နာရီအချိန် မြိုင်မြို့နယ် ဝက်ပုတ်ပျူရွာမှာနေတဲ့ ပျူစောထီးခေါင်းဆောင် ဝင်ငွေ နေတဲ့နေရာအား ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့အတည်ပြုပါတယ်။


ပစ်ခတ်မှုကြောင့်ပျူစောထီးခေါင် ဝင်ငွေ ဆိုသူအား ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး တိုက်ခိုက်မှုတွင် ပခုက္ကူခရိုင် တပ်ရင်း - ၁၊ ပခုက္ကူခရိုင် တပ်ရင်း - ၂၊ မဟာမိတ်တပ်ပေါင်းစု၊ (ဇာမဏီ ပြောက်ကျားတပ်ဖွဲ့၊ MUGDF James Bondတပ်ဖွဲ့)စတဲ့အဖွဲ့များပါဝင်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment