29th MAR 2024 - Evening Daily News by Radio NUG

၂၀၂၄ မတ်လ ၂၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြန်မာ့အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကွန်ရက်မှ ကျင်းပသော ဒေသတွင်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များနှီးနှောဖလှယ်ပွဲကို အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး တက်ရောက်ခဲ့

📌 ၂။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကျူးလွန်တဲ့ ဒီမိုကရေစီဘက်တော်သား ရဲဘော်အချို့ရှိပါက တပ်တွင်းဥပဒေအရ အရေးယူဆောင်ရွက်မှုတွေကိုလည်း လုပ်ဆောင်လျက်ရှိတယ်လို့ လူ့အခွင့်အရေးဝန်ကြီးဆို

📌 ၃။ BECA စစ်ဆေးမှုလုပ်ငန်းစဥ်များ အားလုံးပြီးစီးလုနီးပါး ဖြစ်နေပြီလို့ ပညာရေးဝန်ကြီးဌာန အသိပေး

📌 ၄။ ဖက်ဒရယ် ဒီမိုကရေစီရရှိရေး ကြိုးပမ်းဆောင်ရွက်နေတဲ့ Burmas K3C မဟာမိတ်အဖွဲ့ခေါင်းဆောင်တွေနဲ့ အမေရိကန် နိုင်ငံခြားရေးဌာန  အကြံပေးအရာရှိတို့ တွေ့ဆုံခဲ့

📌 ၅။ ဂန့်ဂေါမြို့နယ်အတွင်း ခွင့်ပြုချက်မရှိ ငွေကြေးကောက်ခံခြင်းများ ဆောင်ရွက်နေသော ဂိတ်များပိတ်သိမ်းရန်ကြေညာ

📌 ၆။ ဖက်ဆစ်စစ်တပ်ဟာ အလျှင်အမြန် ကျဆုံးနေပြီလို့ PDF Insight သုံးသပ်

📌 ၇။ လာအိုနိုင်ငံတွင် ကျင်းပမည့် အာဆီယံစီပွားရေး၀န်ကြီးများနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများအစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများတွင် စစ်ကောင်စီခန့်အပ်ခံများကို ဖယ်ထုတ်ရန် တောင်းဆိုစာပေးပို့

📌 ၈။ ရွှေဈေးစံချိန်တင်မြင့်တက်လာသလို ရွှေဈေးကွက်လည်း ကမောက်ကမတွေဖြစ်လာနေ


၂၀၂၄ ခုနှစ် မတ်လ ၂၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တရုတ်-မြန်မာနယ်စပ်ရှိ လွယ်ဂျယ်မြို့ကို KIA ထိန်းချုပ်

🚩 ၂။ မြဝတီမြို့ ကုန်သွယ်ရေးဇုန်ပတ်ဝန်းကျင်နှင့် ဝေ့ရှမ်းရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် နေအိမ်များ မီးလောင်ပျက်စီး

🚩 ၃။ မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် ရခိုင့်တပ် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲတွင် စစ်သား (၁၀) ဦးသေဆုံး  

🚩 ၄။ ပခုက္ကူမြို့ တပ်မ (၁၀၁) မှ ထွက်လာသော စစ်ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကားတစီး ပျက်စီးကာ စစ်သား (၁၁) ဦးသေဆုံး 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာ့အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကွန်ရက်မှ ကျင်းပသော ဒေသတွင်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များနှီးနှောဖလှယ်ပွဲကို အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး တက်ရောက်ခဲ့


မြန်မာ့အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကွန်ရက်မှ ကျင်းပသော ဒေသတွင်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ နှီးနှောဖလှယ်ပွဲကို အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး တက်ရောက်ခဲ့ကြောင်း မတ်လ (၂၈) ရက်မှာ ဝန်ကြီးက အသိပေးပါတယ်။

"မြန်မာ့အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကွန်ရက်မှ ကျင်းပသော ဒေသတွင်း မြန်မာ၊ထိုင်း၊ အင်ဒိုနီးရှား၊ ဩစတေးလျအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များနှီးနှောဖလှယ်ပွဲတွင် ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါတယ်" လို့ ဆိုပါတယ်။

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနဟာ စစ်ရှောင်မိခင်နှင့်ကလေးများကိုကူညီစောင့်ရှောက်ရုံသာမက လူငယ်များကိုသက်မွေးပညာများဖွင့်လှစ်သင်ကြားလျက်ရှိပါတယ်။


========================


📌📌 ၂။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကျူးလွန်တဲ့ ဒီမိုကရေစီဘက်တော်သား ရဲဘော်အချို့ရှိပါက တပ်တွင်းဥပဒေအရ အရေးယူဆောင်ရွက်မှုတွေကိုလည်း လုပ်ဆောင်လျက်ရှိတယ်လို့ လူ့အခွင့်အရေးဝန်ကြီးဆို


အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကျူးလွန်တဲ့ ဒီမိုကရေစီဘက်တော့သားရဲဘော်အချို့ရှိပါက တပ်တွင်းဥပဒေအရ အရေးယူဆောင်ရွက်မှုတွေကိုလည်းလုပ်ဆောင်လျက်ရှိတယ်လို့ လူ့အခွင့်အရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက မတ်လနောက်ဆုံးပတ်မှာ အမျိုးသမီးများအပေါ် နဲ့ပတ်သက်လို့ ပြောကြားရာမှာ ထည့်သွင်းရှင်းလင်းပြောကြားခဲ့ပါတယ်။

"ကျူးလွန်မှုတွေ ကျူးလွန်လာတဲ့အခါ အကြမ်းဖက်စစ်အုပ်စုတင်မကဘဲနဲ့ ကိုယ့်ရဲ့ဒီမိုကရေစီအင်အားစုတွေကြားထဲမှာ ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးတာဝန် ထမ်းဆောင်နေတဲ့ ရဲဘော်တွေ၊ တပ်ဖွဲ့ဝင်တွေကြားထဲမှာ ချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေရှိလာရင်လည်းတိုင်ကြားနိုင်မယ့် ယန္တရားတွေ တည်ဆောက်ပြီးသား ဖြစ်ပါတယ်။ ဒါတင်မကဘဲ ကာကွယ်ရေးဝန်ကြီးဌာနက ပြဌာန်းထားတဲ့ တပ်မတော်ဥပဒေ၊ စည်းကမ်း၊ တရားရုံးနဲ့ တပ်တွင်းဥပဒေအရ အရေးယူဆောင်ရွက်မှုတွေကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်" လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးများအပေါ် စစ်အုပ်စုက အကြမ်းဖက်မှုအပြင် PDF ရဲဘော်အချို့က အကြမ်းဖက်သည် ဆိုသောသတင်းစကားများ လက်ခံရရှိကြောင်း၊ မည်သည့်အဖွဲ့က ကျူးလွန်သည်ဖြစ်စေ၊ တရားမျှတမှုရရှိရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်နေကြောင်း ဝန်ကြီးက ထပ်လောင်းပြောပါတယ်။


========================


📌📌 ၃။ BECA စစ်ဆေးမှုလုပ်ငန်းစဥ်များ အားလုံးပြီးစီးလုနီးပါး ဖြစ်နေပြီလို့ ပညာရေးဝန်ကြီးဌာန အသိပေး


"၂၀၂၃ ခုနှစ်၊ အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)] ကို အွန်လိုင်းမှ ဖြေဆိုရာတွင် ထုတ်ပြန် ကြေညာထားသည့် လိုက်နာရမည့်စည်းကမ်းချက်များအတိုင်း လိုက်နာဖြေဆိုခဲ့ခြင်းရှိ/မရှိ  စစ်ဆေးအတည်ပြုခြင်းလုပ်ငန်းစဥ်များ ပြုလုပ်နေသည်မှာ မကြာခင်ပြီးစီးတော့မယ်လို့ မတ်လ (၂၉) ရက်မှာ ပညာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ဖော်ပြပါတယ်။

BECA ကို အွန်လိုင်းမှ ဝင်ရောက် ဖြေဆိုကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ သိရှိလိုက်ကြနာဖို့ ကြိုတင်ကြေညာထားတဲ့ စည်းကမ်းချက်တွေ ရှိပြီး အဆိုပါစည်းကမ်းချက်များနှင့်အညီ လိုက်နာဖြေဆိုမှု ရှိ/မရှိ သေချာစွာ ပြန်လည်စစ်ဆေးနေရသလို အော့ဖ်လိုင်းဖြေဆိုကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေလည်း အခက်အခဲများကြားက ဖြေဆိုနေရတဲ့အတွက်  Certificate များ ထုတ်ပေးရေးလုပ်ငန်းစဥ်အတွက် အချိန်အနည်းငယ်ယူခဲ့ကြရတယ်လို့ ဆိုပါတယ်။

ယခုအခါ BECA ကို အွန်လိုင်းမှ ဖြေဆိုကြရာတွင် စည်းကမ်းချက်များအတိုင်း လိုက်နာစွာ ဖြေဆိုခဲ့ခြင်း ရှိ/မရှိ စစ်ဆေးမှုလုပ်ငန်းစဥ်များ အားလုံးပြီးစီးလုနီးပါး ဖြစ်တယ်လို့ ဖော်ပြပါတယ်။

စစ်ဆေးတွေ့ရှိချက်များအရ အတည်ပြုထားသည့်အတိုင်း  BECA Certificate နဲ့ ရလဒ်မှတ်တမ်းများကို ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာနှင့် လုံခြုံစိတ်ချစွာ ထုတ်ယူရနိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာများကိုလည်း ပြင်ဆင်ဆောင်ရွက်နေကြသည်မှာ မကြာမီပြီးစီးတော့မည် ဖြစ်ကြောင်း သိရှိရပါတယ်။


========================


📌📌 ၄။ ဖက်ဒရယ် ဒီမိုကရေစီရရှိရေး ကြိုးပမ်းဆောင်ရွက်နေတဲ့ Burmas K3C မဟာမိတ်အဖွဲ့ခေါင်းဆောင်တွေနဲ့ အမေရိကန် နိုင်ငံခြားရေးဌာန  အကြံပေးအရာရှိတို့ တွေ့ဆုံခဲ့


ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ကြိုးပမ်းဆောင်ရွက်နေတဲ့ Burmas K3C မဟာမိတ်အဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ကြောင်းကို အမေရိကန် နိုင်ငံခြားရေးဌာန အကြံပေးအရာရှိ Derek Chollet က မတ်လ (၂၉) ရက်မှာ Twitter ကနေ အသိပေးရေးသားထားပါတယ်။

"မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ကြိုးပမ်းဆောင်ရွက်နေတဲ့ Burmas K3C မဟာမိတ်အဖွဲ့ခေါင်းဆောင်တွေနဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ လိုအပ်နေတဲ့သူတွေကို အကူအညီတွေ တိုးချဲ့ပေးဖို့နဲ့ မြန်မာပြည်သူတွေ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို လုံခြုံစေဖို့အတွက် နိုင်ငံတကာက ခြေလှမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်" လို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန  အကြံပေးအရာရှိဟာ ယခင်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရမှ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့လည်း မြန်မာ့အရေးတိုင်ပင်ဆွေးနွေးခဲ့ပါသေးတယ်။


========================


📌📌 ၅။ ဂန့်ဂေါမြို့နယ်အတွင်း ခွင့်ပြုချက်မရှိ ငွေကြေးကောက်ခံခြင်းများ ဆောင်ရွက်နေသော ဂိတ်များပိတ်သိမ်းရန်ကြေညာ


ဂန့်ဂေါမြို့နယ်အတွင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ တာဝန်ပေးချက်မရှိဘဲ ငွေကြေးကောက်ခံခြင်းများ ဆောင်ရွက်နေသော ဂိတ်များပိတ်သိမ်းရန် ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကြေညာချက်အမှတ် (/၂၀၂၄) ကို မတ်လ (၂၉) ရက်က ထုတ်ပြန်ကြေညာပါတယ်။

ဂန့်ဂေါမြို့နယ်အတွင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အခွန်ကောက်ခံရေးအတွက် Gate A နှင့် Gate B ဟူ၍ ဂိတ် () ခု ဖွင့်လှစ်ထားရှိခဲ့ပါသည်။ ယခုအချိန်တွင် နယ်မြေစိုးမိုးမှု အားကောင်းလာပြီး တော်လှန်ရေး အရှိန်အဟုန်မြင့်တတ်လာသည် ဖြစ်သည့်အတွက် (၂၀၂၄) ခုနှစ်၊ မတ်လ (၁၅)ရက် မှ စတင်၍ အခွန်ကောက်ခံရေးဂိတ် Gate C Gate D Gate E ဟု ဂိတ် ()ဂိတ် တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်ရာ အခွန်ကောက်ခံရေးဂိတ် စုစုပေါင်း () ဂိတ် ဖွင့်လှစ်ပြီး ဖြစ်တယ်လို့ ဖော်ပြပါတယ်။

အခွန်ကောက်ခံရေးဂိတ်များသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ပြည်သူလူထု ဝန်မပိစေမည့် အခွန်နှုန်းထားများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသည့် သုံးပိုင်းဖြတ်အခွန်ချလန်များဖြင့် ဆောင်ရွက်လျက်ရှိတယ်လို့လည်းအသိပေးဆိုပါတယ်။

သို့ဖြစ်၍ ဂန့်ဂေါမြို့နယ်အတွင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ တာဝန်ပေးချက်မရှိဘဲ အများပြည်သူပိုင်လမ်းမများပေါ်တွင် တရားမဝင် ဂိတ်ဖွင့်လှစ်၍ ပြည်သူလူထု ထိခိုက်နစ်နာစေမည့် ငွေကြေးကောက်ခံခြင်းများ ဆောင်ရွက်နေသော ဂိတ်များအနေဖြင့် မတ်လ (၃၁) ရက်နေ့ နောက်ဆုံးထား၍ ရုတ်သိမ်းရန် ထုတ်ပြန်ကြေညာအပ်တယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၆။ ဖက်ဆစ်စစ်တပ်ဟာ အလျှင်အမြန် ကျဆုံးနေပြီလို့ PDF Insight သုံးသပ်


ဖက်ဆစ်စစ်တပ်ဟာ အလျှင်အမြန် ကျဆုံးနေပြီလို့ စကစရဲ့စစ်ရေးအခြေအနေကို PDFInsight က မတ်လနောက်ဆုံးမှာ သုံးသပ်ဖော်ပြထားပါတယ်။

"စကစဟာ ဒုဗိုလ်၊ ဗိုလ်အဆင့်တွေမပြောနဲ့ တပ်ရင်းမှူးအဆင့်က သောက်သောက်လဲ သေနေတာ၊ ဖမ်းမိ၊ သေဆုံး ဆိုတဲ့ ဗိုလ်မှူးချုပ်အဆင့်တွေတောင် ဆယ့်ငါးယောက်ဝန်းကျင် ရှိလာပြီမဟုတ်လား။ မတ်လ (၁၄) ရက်နေ့က ကျိုက်ဒုံဗျူဟာမှာ လက်နက်ချကြတဲ့ တပ်ကို ကြည့်ရင် စုစုပေါင်း (၆၂) ဦးမှာ ဗျူဟာမှူးအဆင့်အပါအဝင် အရာရှိကြီး (၁၂) ဦးတောင် ပါနေတာတွေ့ရတယ်ဆိုတော့ အခြေအနေက အတော်ဆိုးနေတာ သိသာလှပါတယ်။ ကချင်ပြည်နယ်ဘက်က စစ်ဆင်ရေးကို ကြည့်ရင် (၁၅) ရက်လောက်အတွင်းမှာ အရေးပါတဲ့ ဗျူဟာကုန်းတွေ၊ ဒုံးတပ်ရင်းတွေ အပါအဝင် စခန်း (၄၀) ကျော် သိမ်းပိုက်ထားတာ တွေ့ရပါတယ်။ ရှမ်းမြောက်တိုက်ပွဲတွေထက် ရခိုင်က ပိုစွာသလို ကချင်ဘက်က တိုက်ပွဲတွေက အစွာဆုံးလို့တောင် ပြောရတော့မှာပါ။ ဒါက ဖက်ဆစ်စစ်တပ်ဟာ အလျှင်အမြန် ကျဆုံးနေတာကိုဖော်ပြနေတာပါပဲ" လို့ ဆိုထားပါတယ်။

ဒါ့အပြင် ဖက်ဆစ်တပ်ဟာ မကြာခင်ကာလအတွင်းမှာ ပြည်နယ်တွေ အားလုံးလောက်ကို လက်လွှတ်လိုက်ရနိုင်တယ်လို့ သုံးသပ်ဖော်ပြထားပြီး ပြည်နယ်တွေပြီးရင်တော့ ပြည်မထဲမှာ အောင်ပွဲတွေ မြင်ရတော့မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။


========================


📌📌 ၇။ လာအိုနိုင်ငံတွင် ကျင်းပမည့် အာဆီယံစီပွားရေး၀န်ကြီးများနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများအစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများတွင် စစ်ကောင်စီခန့်အပ်ခံများကို ဖယ်ထုတ်ရန် တောင်းဆိုစာပေးပို့


လာအိုနိုင်ငံတွင် ဧပြီလ () ရက်မှ () ရက်အထိ ကျင်းပမည့် အာဆီယံစီပွားရေး၀န်ကြီးများနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် စစ်ကောင်စီခန့်အပ်ခံများကို ဖယ်ထုတ်ရန် တောင်းဆိုစာကို သက်ဆိုင်ရာနိုင်ငံဝန်ကြီးများနှင့် အစိုးရဌာနများသို့ မတ်လ (၂၈) ရက်က ပေးပို့ခဲ့တယ်လို့သတင်းရရှိပါတယ်။

အဆိုပါတောင်းဆိုစာကို Defend Myanmar Democracy Blood Money - သွေးစွန်းငွေ၊ Global Myanmar Spring Revolution - ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးတို့ () ဖွဲ့က ပူပေါင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။

စီးပွားရေး၀န်ကြီးအဆင့်နှင့် ဒု၀န်ကြီးအစည်းအဝေးများ၊ ဗဟိုဘဏ် ဥက္ကဌနှင့် ဒုဥက္ကဌ အစည်းအဝေးများ တဆက်တည်းကျင်းပမှာဖြစ်သလို၊ဂျပန်၊ တရုတ်၊ကိုရီယား၊ သြစတြေးလျနှင့် အမေရိကန်ပြည်ထောင်စုမှ ဒု၀န်ကြီးများနှင့် အဆင့်မြင့်အစိုးရအရာရှိများ တက်ရောက်မှာဖြစ်ပါတယ်။

ပေးပို့စာတွင် ဘဏ္ဍာရေးဝန်ကြီးဌာနှင့် ဗဟိုဘဏ်အပါအဝင် မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့အစည်းများကို တရားမဝင် သိမ်းပိုက်ထားသည့် စစ်အုပ်စုနှင့် ၎င်းတို့ ခန့်အပ်ခံရသူများအား ဤအစည်းအဝေးများမှ ဖယ်ထုတ်ရန် အပါအဝင် မြန်မာစစ်အုပ်စုသည် အစိုးရ တရပ် မဟုတ်ကြောင်း၊ ၎င်းသည် အာဆီယံအစည်းအဝေးများနှင့် လုပ်ငန်းစဉ်များတွင် မြန်မာပြည်သူများကို ကိုယ်စားပြုရန် တရားဝင်မှုမရှိကြောင်း ဖော်ပြပါဝင်ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့် ကိုခန့်တို့က ပေးပို့ထားတာဖြစ်ပါတယ်။


========================


📌📌 ၈။ ရွှေဈေးစံချိန်တင်မြင့်တက်လာသလို ရွှေဈေးကွက်လည်း ကမောက်ကမတွေဖြစ်လာနေ 


ရွှေဈေးက မနေ့က မတ်လ (၂၈) ရက်နေ့မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် လေးဆယ့် သုံးသိန်း ကိုးသောင်းအထိ ယခင်နေ့ ဈေးဖြစ်တဲ့ ကျပ် လေးဆယ့် သုံးသိန်း နှစ်သောင်း စံချိန်ကို ထပ်ချိုးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းမှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် (၁၃) သိန်းပဲ ရှိရာကနေ (၂၀၂၄) ခုနှစ်အရောက် () နှစ်တာကာလအတွင်း ရွှေဈေးက ကျပ် (၃၁) သိန်းနီးပါး မြင့်တက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ (၂၀၂၄) ခုနှစ် မတ်လ (၂၈) ရက်ညနေပိုင်းမှာတော့ ရွှေလုပ်ငန်းရှင်များအသင်းရဲ့ စစ်တပ်အလိုကျ ထုတ်ပြန်တဲ့ ရည်ညွန်းဈေးက ကျပ် (၃၇၉, ၇၆၀၀) သာရှိပြီး ပြင်ပမှာ အရောင်းအဝယ် ပြုလုပ်နေတဲ့ဈေးက အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် လေးဆယ့် သုံးသိန်း ကိုးသောင်းဖြစ်ပြီး၊ ၁၅ ပဲရည်ဈေးက ကျပ် လေးဆယ့် တစ်သိန်းနဲ့ သုံးသောင်းကျော်မှာ ရှိနေပါတယ်။ ရွှေထည်တွေ ပြန်ဝယ်တဲ့ဈေးကတော့ ကျပ် (၃၈) သိန်း အထက်မှာ ရှိနေပါတယ်။ 

ရွှေလုပ်ငန်းရှင်အသင်းက ရည်ညွန်းဈေးကို ထုတ်ပြန်ပြီး အဲ့ဒီဈေးနဲ့ မရောင်းနိုင်ရင် ဆိုင်ပိတ်ပြီး အရောင်းရပ်ထားဖို့ ရွေအသင်းက ထုတ်ပြန်ထားပေမယ့် ရန်ကုန်မြို့ကရွှေဆိုင်ဈေး ကွက်မှာတော့ တံခါးစေ့ပြီး ကြိုက်ဈေးနဲ့ရောင်းချတာတွေရှိနေပါတယ်။ ဒါ့အပြင် ရွှေ ပြန်ရောင်းတဲ့အခါ ဈေးနှိမ်ဝယ်တာ၊ တရားမဝင် ရွှေဝယ်တဲ့ဆိုင်တွေ ခေါင်းထောင်လာတာ စတာတွေလည်း ဖြစ်ပေါ်နေပြီး ရန်ကုန်ရွှေဈေးကွက်ရဲ့ အရောင်းဝယ်ပုံစံက လုံခြုံစိတ်ချရမှုမရှိပဲ ဖြစ်နေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း လူမှုရေး၊ စီးပွားရေးနဲ့ အထွေထွေ အပျက်အစီး‌တွေကြားမှာ ကျပ်ငွေအပေါ် ယုံကြည်မှုကျဆင်းလာသလို တန်ဖိုးကျလည်း ကျဆင်းလာပါတယ်။  အဲ့ဒီနောက် ရွှေကိုဝယ်ပြီး သိမ်းဆည်းကြတာများလို့ ရွှေရောင်းနိုင်တဲ့ ပမာဏထက် ရွှေ ဝယ်လိုအားမြင့်လာတာကလည်း ရွှေဈေးတက်လာရခြင်းရဲ့  အကြောင်းအရင်း တစ်ခုဖြစ်တယ်လို့ Data for Myanmar က သုံးသပ်ထားပါတယ်။ 

စစ်တပ်က ရွှေဈေး ကစားတာကို ထိန်းချုပ်ဖို့ ရည်ညွှန်းဈေးထက် ပိုရောင်းသူတွေကို အရေးယူဖို့ အစည်းဝေးတွေ အကြိမ်ကြိမ် ကျင်းပခဲ့ပေမယ့် မအောင်မြင်ပဲ ရန်ကုန်မြို့က မဟာဗန္ဓုလ၊ လသာနဲ့ ရွှေဘုံသာ စတဲ့ ရန်ကုန်ရွှေဈေးကွက်ကတော့ နေ့တိုင်း စံချိန်ဟောင်းကို ချိုးပြီး စံချိန်တင် ဈေးအသစ်တွေနဲ့ ဈေးဖွင့်နေကြတာ ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းကို Radio NUG သတင်းထောက် မကြေးမုံက ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ တရုတ်-မြန်မာနယ်စပ်ရှိ လွယ်ဂျယ်မြို့ကို KIA ထိန်းချုပ်


ကချင်ပြည်နယ်ထဲက တရုတ်-မြန်မာနယ်စပ်မြို့တမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ကို ယနေ့ မနက်အစောပိုင်းမှာ KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်နိုင်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

လွယ်ဂျယ်မြို့အနီး ဗန်းမော်-လွယ်ဂျယ်လမ်းတလျှောက်ရှိ စစ်ကောင်စီတပ်စခန်း () ခုကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက မတ်လ (၂၇) ရက်နဲ့  (၂၈) ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့ မတ်လ (၂၉) ရက်နေ့မှာ လွယ်ဂျယ်မြို့ကို ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။  

လွယ်ဂျယ်မြို့ကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်လိုက်ပြီဖြစ်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တရုတ် နိုင်ငံဘက်ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် တရုတ်ဘက်က နယ်စပ်တံတားပိတ်ထားဆဲဖြစ်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အကြပ်ရိုက်နေတယ်လို့လည်း သိရပါတယ်။ 

ဗန်းမော်ခရိုင်ထဲက မိုင်ဂျာယာန်နဲ့ မိုးမောက်မြို့ကြားမှာရှိတဲ့ ယော်ယုံဗျူဟာကုန်းကို KIA နဲ့ မဟာမိတ်တပ်တွေ တိုက်ခိုက် သိမ်းယူပြီးနောက် တရုတ်အစိုးရက တရုတ်-ကချင်နယ်စပ်ဖြစ်တဲ့ မိုင်ဂျာယာန်နဲ့ လွယ်ဂျေ နယ်စပ် ခြံစည်းရိုးတလျှောက် မတ်လ (၂၈) ရက်နေ့ ညနေပိုင်းမှာ အနီရောင်ပိတ်စတွေနဲ့ အမှတ်အသားပြုလုပ်နေတယ်လို့ ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ The Kachin Sub - State Media က ရုပ်သံနဲ့တကွ အသိပေးထားပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းတွေကို ထွက်ခွာခွင့် အချိန် တရက် ပေးထားတယ်လို့လည်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။  

ဗန်းမော်-လွယ်ဂျယ်လမ်းတလျှောက်ရှိ စစ်ကောင်စီတပ်စခန်းတွေကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ဆက်တိုက် သိမ်းလျက်ရှိရာ စိန်လုံတောင်ဗျူဟာစခန်းတခုသာ သိမ်းယူဖို့ကျန်ရှိတော့တယ်လို့ သိရပါတယ်။ 

KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ မတ်လ () ရက်နေ့မှစပြီး ကချင်ပြည်နယ်တဝန်းရှိ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စခန်းများစွာကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။


========================


🚩🚩 ၂။ မြဝတီမြို့ ကုန်သွယ်ရေးဇုန်ပတ်ဝန်းကျင်နှင့် ဝေ့ရှမ်းရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် နေအိမ်များ မီးလောင်ပျက်စီး


ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ကုန်သွယ်ရေးဇုန် အနီးပတ်ဝန်းကျင်နဲ့ ဝေ့ရှမ်းရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ်တွေမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

မြဝတီမြို့နယ် ကုန်သွယ်ရေးဇုန် အနောက်ဘက်ကို အကြမ်းဖက်စစ်တပ်က မတ်လ (၂၈) ရက် မနက် (၁၁) နာရီခွဲခန့်အချိန်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်များမီးလောင်ပျက်စီးခဲ့သလို ဝေ့ရှမ်းကျေးရွာ ကိုလည်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ပြာကျခဲ့ရတယ်လို့ သိရပါတယ်။

ထို့ပြင် မတ်လ (၂၆) ရက်နေ့ () နာရီကနေ နောက်နေ့မနက် () နာရီအထိ အကြမ်းဖက်စစ်တပ်ဟာ တိုက်ပွဲဖြစ်တာမရှိဘဲ လက်ခတ်တောင်ဒေသကို လေကြောင်းကနေ (၂၅) ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

အခုလို အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို သောင်ရင်းမြစ်တဘက်ကမ်းမှာရှိတဲ့ မဲဆောက်မြို့က ကြားနေရတာကြောင့် မတ်လ (၂၇) ရက်နေ့မှာ ထိုင်းစစ်တပ်က တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ထိုင်း-မြန်မာနယ်စပ် တလျှောက် ကင်းလှည့်ပျံသန်းခဲ့တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ 


========================


🚩🚩 ၃။ မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် ရခိုင့်တပ် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲတွင် စစ်သား (၁၀) ဦးသေဆုံး  


ညီနောင်မဟာမိတ် () ဖွဲ့မှာပါတဲ့ ရခိုင့်တပ်တော် AA ဟာ မကွေးတိုင်း ငဖဲမြို့နယ်သို့ ရောက်ရှိနေပြီး စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့ရာမှာ စစ်တပ်ဘက်က (၁၀) ဦးသေဆုံးသွားတယ်လို့ AA က ထုတ်ပြန်ပါတယ်။ 

မတ်လ (၂၅) ရက်ကနေ (၂၈) ရက်နေ့အထိဖြစ်ခဲ့တဲ့ တိုက်ပွဲသတင်းတွေထုတ်ပြန်ရာမှာ ရခိုင့်တပ်တော် AA က အသိပေး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ 

မကွေးတိုင်း ငဖဲမြို့နယ် တုံးကြီးကျေးရွာအရှေ့မြောက်မှာ အင်အား (၄၀) ခန့်ပါ အကြမ်းဖက်စစ်တပ်နဲ့ AA တို့ မတ်လ (၂၆) ရက်နေ့ မနက် (၁၀း၄၈) နာရီအချိန်က နာရီဝက်ခန့် တိုက်ပွဲဖြစ်ခဲ့ရာ အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က () ဦး သေဆုံးပြီး () ဦးခန့် ဒဏ်ရာရရှိခဲ့တာကို မျက်မြင်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ 

အလားတူ မတ်လ (၂၈) ရက်နေ့ မနက် () နာရီခန့်အချိန်မှာလည်း ငဖဲမြို့နယ် ချောင်းဖျားရွာ တောင်ဘက်တောင်ကြောမှာ အင်အား (၅၀) ခန့်ပါ စစ်တပ်စစ်ကြောင်းနဲ့ ရခိုင့်တပ်တော်တို့ကြား မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်တပ်ဘက်က စစ်သား () ဦး သေဆုံးပြီး (၁ဝ) ဦးခန့် ဒဏ်ရာရခဲ့တာကို မျက်မြင်တွေ့ခဲ့ကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။ 

တိုက်ပွဲသတင်းတွေထုတ်ပြန်ရာမှာ ရခိုင်ဒေသအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲအခြေအနေတွေကိုလည်း ရခိုင့်တပ်တော်က ဖော်ပြထားပါတယ်။ 

ဘူးသီးတောင်မြို့နယ် ကျောက်ဖြူတောင်ရွာ၏ တောင်ဘက် () ကီလိုမီတာခန့်အကွာ ဘူးသီးတောင်- မောင်တောကျော် လမ်းမှာ ဘူးသီးတောင်ဗျူဟာလက်အောက်ခံ ခလရ (၂၃၄) တပ်ရင်းက အင်အား (၅၀) ခန့်ရှိတဲ့ စစ်ကြောင်းကို ရခိုင့်တပ်တော်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က () ဦးသေဆုံးခဲ့ပြီး အဲဒီနေ့မှာပဲ ဘူးသီးတောင်မြို့နယ်ထဲက တောင်ဘဇာစခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ပြောထားပါတယ်။ 

မတ်လ (၂၆) ရက်နေ့မှာတော့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်ထဲက လုံးကျေးရွာ အနောက်ဘက်တွင် ရခိုင့်တပ်တော် နှင့် အကြမ်းဖက်စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ရာ တိုက်ပွဲဟာ မိနစ် (၃၀) ကြာခဲ့ပြီး စစ်တပ်ဘက်က ဒရုန်းနဲ့ လေကြောင်းပစ်ကူအပါအဝင် မြေပြင်ကနေ လက်နက်ကြီးပစ်ကူပေးတိုက်ခိုက်ခဲ့ပေမယ့် စစ်တပ် ဘက်က (၁၅) ဦးခန့်သေဆုံးကာ (၁၅) ဦးခန့် ဒဏ်ရာရရှိခဲ့သလို လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး ရခိုင့် တပ်တော်ဘက်က ရဲဘော် () ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

ထို့အတူ မတ်လ (၂၈) ရက်နေ့ မနက်ပိုင်းမှာတော့ မြေပုံမြိုနယ်၊ လီသွန်ကျေးရွာ၊ အရှေ့မြောက်ဘက်တောင်ကြောမှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော်တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ခဲ့သလို မောင်တောမြို့နယ် ကြိမ်ချောင်း နယ်ခြားစောင့်တပ်စခန်းကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေး ထိုးစစ်အရှိန်မြှင့်ကာ တိုက်ခိုက်နေတာကြောင့် စစ်တပ်ဘက်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူ အမြောက်အများသုံးကာ အသည်းအသန် ခုခံကာကွယ်နေရတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။   


========================


🚩🚩 ၄။ ပခုက္ကူမြို့ တပ်မ (၁၀၁) မှ ထွက်လာသော စစ်ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကားတစီး ပျက်စီးကာ စစ်သား (၁၁) ဦးသေဆုံး 


မကွေးတိုင်း ပခုက္ကူမြို့မှာရှိတဲ့ တပ်မ (၁၀၁) ကနေ ထွက်လာတဲ့ စစ်ကား () စီးကို ကန်တော်ရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစီးတိမ်းမှောက်သွားပြီး စစ်သား (၁၁) ဦးသေဆုံးကာ (၁၉) ဦး ပြင်းထန်ဒဏ်ရာရသွား တယ်လို့ မြိုင်ပကဖက ထုတ်ပြန်ပါတယ်။

မတ်လ (၂၈) ရက် ညနေ (၄း၄၅) မိနစ်ခန့်အချိန်က ပခုက္ကူမြို့ တပ်မ (၁၀၁) ကနေ စစ်သား (၇၂) ဦးတင်ပြီးထွက်လာတဲ့ စစ်ကား () စီးကို ကန်တော်ကျေးရွာအနီးမှာ အထူးစီးမံထားတဲ့ ဆွဲမိုင်း () လုံး တပွိုင့်၊ () လုံးတပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစီး တိမ်းမှောက်သွားတာကြောင့် ယာဉ်ပေါ်ပါ စစ်သား (၁၁) ဦး ပွဲချင်းပြီးသေဆုံးကာ (၁၉) ဦး ပြင်းထန်ဒဏ်ရာ ရသွားတာလို့ ဆိုပါတယ်။

မိုင်းထိသွားတဲ့ကားပေါ်မှာ အကြမ်းဖက်စစ်သား (၃၃) ဦးလိုက်ပါလာပြီး ကားရှေ့ဘီး () လုံး ကျွတ်ထွက်သွားတာကြောင့် ကားပေါ်ပါ စစ်သားတွေ တယောက်မှ အကောင်းပတိမဟုတ်တော့ဘဲ ခြေလက်ကျိုးခြင်း၊ နံရိုးကျိုးခြင်း စတဲ့ ဒဏ်ရာတွေ ရသွားတဲ့အတွက် ဒဏ်ရာရစစ်သားတွေကို ကန်တော်ကျေးရွာမှာ အရေးပေါ်ဆေးကုပေးနေရတယ်လို့လည်း အသိပေးထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြိုင်ပကဖက ဦးဆောင်ပြီး Black Cobra PKU Thurain DMG ဓားမင်းကြီးတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ အကူအညီတောင်းခံပြီး ပြည်သူ့ရင်ခွင်ထံ ပူးပေါင်းကြဖို့နဲ့ ပူးပေါင်းခြင်းမရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော့ အသက်ချမ်းသာပေးမှာမဟုတ်ဘူးလို့ မြိုင်ပကဖက အသိပေးထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment