၂၀၂၄ ဇူလိုင်လ ၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
📌 ၂။ နေပြည်တော်ကို စစ်မှုထမ်းဟောင်း၊ ပြည်သူ့စစ်များဖြင့် အားဖြည့်ထားကာ ပုံမှန်မဟုတ်သည့် တာဝန်ချထားမှုများ တွေ့လာရ
📌 ၃။ ဝိုင်းမော် စစ်ရှောင်များ ရေဘေးဒုက္ခကြောင့် အရေးပေါ် ပြောင်းရွှေ့နေရ
📌 ၄။ ဇူလှိင်လအတွင်း ဂွကို AA ဝင်သိမ်းမယ့် သတင်းကြောင့် မြို့ကိုစွန့်ခွာသူတွေရှိလာ၍ ဝန်ထမ်းတွေကို မြို့ကနေထွက်ခွာခွင့်မပေးတော့
၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ယင်းမာပင်ခရိုင် အမှတ် ၃၅ - PDA Yinmarbin တပ်ရင်း အမှတ်စဉ် ၄ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်
🚩 ၂။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂၊ ၆ရက်မြောက်နေ့တွင် မိုးကုတ်မြို့ ရွှေမျက်ဝန်းတပ်စခန်းနှင့် မိုးမိတ်မြို့ ကင်းချောင်တပ်စခန်းတို့ကို သိမ်းပိုက်
🚩 ၃။ တွင်းငယ် မိုးမိတ်လမ်းအား PLAနှင့် မဟာမိတ် TNLA ပူးပေါင်းတပ်မှ အပြည့်အဝ ထိန်းချုပ်
🚩 ၄။ PDF တပ်ဖွဲ့များကို စိန်ခေါ်ထားသည့် ရဲတပ်ကြပ်ကြီး လင်မယား ပစ်ခတ်ခံရ
🚩 ၅။ အရပ်သားပြည်သူများ သွားလာလှုပ်ရှားရာ နေရာများသို့ စကစမှ Droneဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ(၇)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများအား ကယ်ထုတ်နေတဲ့ PDF ရဲဘော် ၁ဦး ကျဆုံး
🚩 ၆။ အကြမ်းဖက် စကစများ ထောင်ထားခဲ့သော နင်းမိုင်း ၅ လုံးအား ရှင်းလင်းဖယ်ရှား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
ဇွန်လ ၃၀ရက်။
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၁၂/၂၀၂၄)ကို ဇွန်လ ၃၀ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပြီး၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန်မှ နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၂:၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါတယ်။
========================
📌📌 ၂။ နေပြည်တော်ကို စစ်မှုထမ်းဟောင်း၊ ပြည်သူ့စစ်များဖြင့် အားဖြည့်ထားကာ ပုံမှန်မဟုတ်သည့် တာဝန်ချထားမှုများ တွေ့လာရ
ဇွန်လ ၃၀ရက်။
Radio NUG
စစ်ရုံးချုပ်တည်ရှိရာ နေပြည်တော်လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ်အဖွဲ့များကို ပိုမိုအသုံးပြုလာသည်ဟု Myanmar Now သတင်းဌာနမှာ ဖော်ပြထားပါတယ်။
နေပြည်တော်မှာ နှစ်နဲ့ချီနေခဲ့သူတွေကို တိုက်ပွဲဖြစ်တဲ့မြို့ကို ပြောင်းခိုင်းပြီး နေပြည်တော်မှာ အတွေ့ကြုံမရှိတဲ့ လူငယ်တွေနဲ့ စစ်မှုထမ်းဟောင်းတွေကို တွဲပြီး တာဝန်ချတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။
အသက်ကြီးပြီး ရှေ့တန်းမထွက်နိုင်တဲ့သူတွေကို ဌာနဆိုင်ရာ အဆောက်အအုံများ၊လမ်းဆုံလမ်းခွများတွင် တာဝန်ချထားပြီး အသက် ၆၀ ကျော်အရွယ်များ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်း၊ လယ်ဝေးမြို့နယ်များရှိ ပြည်သူ့စစ်များနှင့် ဇွန်လ ဒုတိယပတ်အတွင်း တွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများအရ စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ်များ မြို့နယ်တစ်ခုချင်းစီတွင် အင်အား ၁၀၀ ကျော်ခန့် ရှိနိုင်တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းပြီး လူငယ်များကို အတင်းအကျပ် စစ်ထဲဝင်ခိုင်းနေတာ ဖြစ်ပါတယ်။
========================
📌📌 ၃။ ဝိုင်းမော် စစ်ရှောင်များ ရေဘေးဒုက္ခကြောင့် အရေးပေါ် ပြောင်းရွှေ့နေရ
ဇွန်လ ၃၀ရက်။
Radio NUG
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် ရေကြီးရေလျှံမှုများ ဖြစ်နေကာ အချို့စစ်ရှောင်စခန်းများသည် အရေးပေါ် ပြောင်းရွှေ့နေရကြောင်း Kachinwaves မှာ ဖော်ပြထားပါတယ်။
မြစ်ရေက တက်လာပြီး ရေကြီးလာလို့ နေလို့မရတော့တဲ့အတွက် ဘေးလွတ်ရာကို ထပ်ရှောင်နေရတယ်လို့ သိရပါတယ်။
နောင်းချိန်း၊ ဟန်းကောနဲ့ အင်ဘောန် သွားတဲ့လမ်းပိုင်းက တံတားမှာ မြေနိမ့်ပြီး ရေနစ်မြုပ်နေလို့ သွားလို့မရတော့သလို အူဗျစ်စက်လှေဆိပ်ကလည်း ပိတ်ထားတယ်လို့ သိရပါတယ်။
နောက် ၂ ရက်အတွင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ရွှေကူမြို့များတွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည့်အတွက် ၎င်းမြို့၏ မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းဘေးတွင် နေထိုင်သည့် ပြည်သူများ သတိပြုနေထိုင်ရန် အသိပေးထားပါတယ်။
========================
📌📌 ၄။ ဇူလှိင်လအတွင်း ဂွကို AA ဝင်သိမ်းမယ့် သတင်းကြောင့် မြို့ကိုစွန့်ခွာသူတွေရှိလာ၍ ဝန်ထမ်းတွေကို မြို့ကနေထွက်ခွာခွင့်မပေးတော့
ဇွန်လ ၃၀ရက်။
Radio NUG
ရခိုင်ပြည် ဂွမြို့ကို ဇူလှိုင်လအတွင်းမှာ အာရက္ခတပ်တော် ( AA)ကနေ ဝင်ရောက်သိမ်းပိုက်မယ်ဆိုတဲ့ ကောလာဟလ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် ဂွမြို့ကိုစွန့်ခွာပြီး ဧရာ၀တီတိုင်းဘက်သို့ ရွှေ့ပြောင်းသူတွေ များလာတယ်လို့ နိရဉ္စရာသတင်းဌာနမှာ ဖော်ပြထားပါတယ်။
မြို့ကနေ ထွက်ခွာသူများလာတော့ ဝန်ထမ်းတွေကို ထွက်ခွာခွင့် မပေးတော့ဘူးလို့ သိရပါတယ်။
ဂွမြို့ ဒေသခံတွေဟာ ဂွ-ငသိုင်းချောင်း တောင်ကြားလမ်းက တဆင့် ဧရာ၀တီတိုင်းသို့ ပြောင်းရွှေ့နေကြသလို ဂွ-မကျည်းငူ ကမ်းခြေပတ်လမ်းကလည်း သွားလာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဂွမြို့မှာ စစ်ကောင်စီရဲ့ ခမရ ၅၆၂ နှင့် ၅၆၃ တပ်ရင်း ၂ ရင်းသာရှိပြီး အေအေဝင်တိုက်ပါက တိုက်ပွဲအပြင်းအထန် ဖြစ်လာနိုင်တဲ့အတွက် အရပ်သားတွေသာမက စစ်ကောင်စီတပ်တွင်း မိသားစုတွေ အနေနဲ့ပါ စိုးရိမ်နေကြတယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ယင်းမာပင်ခရိုင် အမှတ် ၃၅ - PDA Yinmarbin တပ်ရင်း အမှတ်စဉ် ၄ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်
ဇွန်လ ၃၀ရက်။
Radio NUG
ယင်းမာပင်ခရိုင် အမှတ် ၃၅ - PDA Yinmarbin တပ်ရင်းအနေဖြင့် အမှတ်စဉ် ၄ အခြေခံစစ်ပညာသင်တန်းကို ပြီးစီးခဲ့ကြောင်း ဇွန်လ ၃၀ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ အမှတ်စဉ် (၄) တွင် ပြည်သူ့ကာကွယ်ရေး ရဲဘော်များသည် သင်တန်းတက်ရောက်နေသည့် ကာလများတွင် လူထုအပေါ် ချစ်မြတ်နိုးစိတ်၊ လူထုကို ကာကွယ်ပေးလိုသောစိတ်၊ လူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်လိုသော စိတ်များကိုတွေ့မြင်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ ယင်းမာပင်ခရိုင်အမှတ် ၃၅ တပ်ရင်းမှူးကိုယ်တိုင် တက်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ စစ်သည်တော်ကျင့်ဝတ်များကို လေးစားလိုက်နာဖို့အတွက် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင် ထမ်းဆောင်နေသည့် တပ်ရင်းတပ်ဖွဲ့ ဖြစ်ပြီး ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အထောက်အပံ့များ လိုအပ်နေတာကြောင့် ဝိုင်းဝန်းကူညီပေးကြဖို့အတွက် မေတ္တာရပ်ခံပါကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂၊ ၆ရက်မြောက်နေ့တွင် မိုးကုတ်မြို့ ရွှေမျက်ဝန်းတပ်စခန်းနှင့် မိုးမိတ်မြို့ ကင်းချောင်တပ်စခန်းတို့ကို သိမ်းပိုက်
ဇွန်လ ၃၀ရက်။
Radio NUG
ဇွန်လ ၃၀ရက်နေ့ နံနက်(၅)နာရီအချိန်တွင် တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ မိုးကုတ်မြို့ စစ်ကောင်စီ၏ ရွှေမျက်ဝန်းတပ်စခန်းအား တအာင်းတပ်မတော် TNLA မှ စတင်တိုက်ခိုက်ခဲ့ပြီး ညနေ (၄)နာရီအချိန်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။
အလားတူ တပ်မဟာ(၃)စစ်ဒေသ မိုးမိတ်မြို့နယ်တွင် တအာင်းတပ်မတော် TNLA, PLA, PDF ပူးပေါင်းတပ်တို့မှ ည (၇:၅၃) အချိန်တွင် စစ်ကောင်စီ၏ ကင်းချောင်စခန်းအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့ ရွှေလိပ်ပြာစခန်းတွင် စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွှေသာယာမှာလည်း ညနေ (၂:၂၅)နာရီမှ (၄:၃၀)နာရီအထိ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်မှ (၆၀)မမ လက်နက်ကြီးများ(၁၄)လုံး အသုံးပြု တိုက်ခိုက်တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့နယ်တွင် တအာင်းတပ်မတော် TNLA, PDF(မိုးကုတ်ဗျူဟာ)၊ PDF(513)နှင့် မိုးကုတ် ပကဖ ပူးပေါင်းတပ်တို့ စစ်ကောင်စီတပ်များအား တိုက်ခိုက်ခဲ့ပြီး နောင်ချိုမြို့ ကောင်းတပ် ခမရ (၆၀၆)တပ်စခန်းကို တအာင်းတပ်မတော် TNLA, DPLA, MDY-PDF တို့ ညနေ (၄:၁၄) အချိန်တွင် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ တွင်းငယ် မိုးမိတ်လမ်းအား PLAနှင့် မဟာမိတ် TNLA ပူးပေါင်းတပ်မှ အပြည့်အဝ ထိန်းချုပ်
ဇွန်လ ၃၀ရက်။
Radio NUG
ဇွန်လ ၃၀ရက်နေ့တွင် တွင်းငယ် မိုးမိတ်လမ်းအား PLAနှင့် မဟာမိတ် TNLA ပူးပေါင်းတပ်မှ အပြည့်အဝ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ သတင်းထုတ်ပြန်ပါတယ်။
တစ်ကျော့ပြန် 1027 စစ်ဆင်ရေး ဒုတိယလှိုင်းတွင် PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (607)တပ်ရင်းသည် ညီနောင်မဟာမိတ် TNLA နှင့်အတူ ပူးပေါင်း၍ ဇွန် ၂၅ ရက်မှစပြီး မိုးမိတ်မြို့နှင့် တွင်းငယ်မြို့ကြားကို ဖြတ်တောက်ရေး စစ်ကြောင်းများ ထိုးစစ်ဆင်ခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၂၆ရက်နေ့ မနက်ပိုင်းတွင် ရွှေကျောက်မောရွာ ရဲစခန်းအား TNLA နှင့် PLA ပူးပေါင်းတပ်များက ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဖြတ်တောက်ရေးလမ်းကြောင်းတွင် ခလရ ၂၂၃ မှ ဗိုလ်ကြီးအဆင့် ကွပ်ကဲတဲ့ကင်းချောင်းတံတားစောင့် တပ်စခန်းကို PLA နှင့် TNLA ပူးပေါင်းတပ်များသည် ဇွန်လ ၂၉ရက် မနက် 6:00 နာရီအချိန်တွင် ဒရုန်းများ လက်နက်ကြီး လက်နက်ငယ်များဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းတွင် သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
စကစဘက်မှ ၃ ဦးသေ၊ ၁ ယောက်ဖမ်းမိပြီး ဒဏ်ရာရသူများပြားကာ တပ်ကိုစွန့်ခွာထွက်ပြေးသွားကြပါတယ်။
========================
🚩🚩 ၄။ PDF တပ်ဖွဲ့များကို စိန်ခေါ်ထားသည့် ရဲတပ်ကြပ်ကြီး လင်မယား ပစ်ခတ်ခံရ
ဇွန်လ ၃၀ရက်။
Radio NUG
ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် တောင်တွင်းကြီးမြို့နယ်၊ ဆက်သွားနယ်မြေရဲစခန်းမှ ရဲတပ်ကြပ်ကြီး လှိုင်မြင့်နှင့် မိန်းမဖြစ်သူ မြင့်မြင့်ရီကို တော်လှန်ရေး တပ်ဖွဲ့များက မကွေး-တောင်တွင်းကြီး လမ်းပိုင်း တစ်နေရာတွင် ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးလုံး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မကွေးပြောက်ကျားတပ်ဖွဲ့ထံမှ သိရပါတယ်။
သေဆုံးသွားသော ရဲတပ်ကြပ်ကြီး မြင့်လှိုင်သည် သစ်၊ ဝါး၊ ဝက်နှင့် နွားကားများထံမှ အတင်းအဓမ္မ ဆက်ကြေး ကောက်ခံခြင်းနှင့် မိန်းမဖြစ်သူ မြင့်မြင့်ရီသည် နေ့ပြန်တိုး ၊ လစဉ်တိုး လုပ်ငန်းများ မတရားလုပ်ဆောင်ခြင်း PDF များကို စိန်ခေါ်ခြင်းတို့ကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Mayway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) ၊ Yenanthar Youth Force (ရေနံချောင်း) ၊ Taungdwingyi Fighter Force (LPDF)နှင့် ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့ (နတ်မောက်)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ အရပ်သားပြည်သူများ သွားလာလှုပ်ရှားရာ နေရာများသို့ စကစမှ Droneဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ(၇)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများအား ကယ်ထုတ်နေတဲ့ PDF ရဲဘော် ၁ဦး ကျဆုံး
ဇွန်လ ၃၀ရက်။
Radio NUG
ဇွန်လ ၂၈ ရက်နေ့ နေ့လယ် ၁၂:၄၃ ချိန်ခန့်တွင် စစ်ကောင်စီမှ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ကောက်မယ်သူကျေးရွာရှိ အရပ်သားပြည်သူများ သွားလာလှုပ်ရှားရာ နေရာများသို့ Drone ဖြင့် ဗုံးသီး ၃လုံးချ တိုက်ခိုက်မှုကြောင့် အရပ်ပြည်သူများစွာ ထိခိုက်ဒဏ်ရာရခဲ့ပြီး ပြည်သူ (၇)ဦး သေဆုံးခဲ့ကြောင်း တော်ဝင်ဒေါင်းတပ်ရင်းမှ သတင်းထုတ်ပြန်ပါတယ်။
ဖြစ်စဉ်အတွင်း အမှတ်(၂)စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပြည်သူကာကွယ်ရေးတပ်မတော် တော်ဝင်ဒေါင်းတပ်ရင်း P29913 မှ ရဲဘော် ဂျက်ကီကိုယ်ပိုင်အမှတ်(P -29913 _110)သည် ဒဏ်ရာရပြည်သူများနှင့် သေဆုံးသွားသော ပြည်သူများအား သယ်ထုတ်နိုင်ရန် ဆောင်ရွက်စဉ် ရန်သူ့ဘက်မှ ထပ်မံကျဲချသော ဗုံးသီးထိမှန်ကာ ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၆။ အကြမ်းဖက် စကစများ ထောင်ထားခဲ့သော နင်းမိုင်း ၅ လုံးအား ရှင်းလင်းဖယ်ရှား
ဇွန်လ ၃၀ရက်။
Radio NUG
ဇွန်လ ၂၉ ရက်နေ့ နေ့လယ် 1 နာရီခန့်တွင် ပလုံတွီ-ထီးလင်း တောလမ်း (ဒေသအခေါ် ထီးလင်းအနောက်တော)တွင် အကြမ်းဖက် စကစများ ထောင်ထားခဲ့သော နင်းမိုင်း ၅ လုံးအား ဂန့်ဂေါခရိုင်တပ်ရင်း(15/16/17)-YRA ထီးလင်း ရဲဘော်များမှ ဖယ်ရှားရှင်းလင်းခဲ့ရကြောင်း သတင်းထုတ်ပြန်ပါတယ်။
ပြည်သူများအနေဖြင့် အကြမ်းဖက်စကစများ စစ်ကြောင်းထိုးခဲ့ရာ တောတောင်များ၊ စစ်ကြောင်းဝင်ရောက်ခဲ့ရာ ကျေးရွာများအတွင်းသို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ နယ်မြေရှင်းလင်းပြီးကြောင်း မကြေငြာမချင်း ဝင်ရောက်နေထိုင်ခြင်းမပြုရန်၊ မိမိအနီးအနား ပတ်ဝန်းကျင်တွင် လက်နက်ကြီးအကြွင်းအကျန်များ၊ မြေမြှုပ်မိုင်းများ တွေ့ရှိပါက နီးစပ်ရာ ကာကွယ်ရေးတပ်ဖွဲ့များသို့ အမြန်ဆုံး အကြောင်းကြားကြပါရန် အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်ခါးရှဲလ်ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment