21st JUN 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဇွန်လ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ "အစိုးရအနေနဲ့ ဒေသန္တရအုပ်ချုပ်ရေးယန္တရားကို စနစ်တကျနဲ့ ကောင်းမွန်စွာထူထောင်နိုင်ဖို့ ဘက်ပေါင်းစုံကနေ ကြိုးစားလုပ်ဆောင်လျက်ရှိတယ်"လို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေး

📌 ၂။ နိုင်ငံတော် သံဃမဟာနာယက ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော် ပျံလွန်တော်မူခြင်းနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အကြမ်းဖက် စစ်ကောင်စီအားပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချ

📌 ၃။ တီမောလက်စ်တီနိုင်ငံ၏ သမ္မတ Jose Ramos Hortaနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုယ်စားလှယ်အဖွဲ့ ၂နာရီကြာအောင်တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ဆွေးနွေးခဲ့

📌 ၄။ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များနှင့် အခြား လူနည်းစုများ၏ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများနှင့် ပတ်သက်၍ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး(OHCHR) သက်ဆိုင်ရာ အစီရင်ခံစာကိုကြိုဆို

📌 ၅။ စစ်ဗိုလ်၊ စစ်သားများက ဝိုင်းဝန်း ပစ်ခတ်ခဲ့ဟု ကားပေါ်တွင် လိုက်ပါသည့် မျက်မြင်သက်သေ ကန်သုံးဆင့် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသက မိန့်ကြား

📌 ၆။ ဥရောပသမဂ္ဂက မြန်မာနိုင်ငံသားများနှင့် နယ်စပ်ရှိဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရန် ယူရို(၁၅)သန်းကို ချထားပေး


၂၀၂၄ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရေဖြူ တိုက်ပွဲအတွင်း စစ်တပ်ဘက်က အယောက် ၃၀ နီးပါး သေဆုံး

🚩 ၂။ ပခုက္ကူနယ် တင်းဂါတ်စစ်ဆေးရေးဂိတ်က ပျူ ဦးကို စစ်ဆေးနေစဉ် ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး

🚩 ၃။ မင်းကင်းနယ်က စစ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

🚩 ၄။ စစ်အသုံးဆောင်ရိက္ခာများ သယ်ဆောင်လာတဲ့ တွဲကားတန်းကို ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၄ဦး သေ

🚩 ၅။ ဆီဆိုင်တွင် စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်မှ စစ်အသုံးစားရိတ်အဖြစ် ဆက်ကြေးကောက်

🚩 ၆။ အမ်းမြို့နယ် သဲကမ်းထောင်းကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် ကလေးငယ်အပါအဝင် ၃ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ "အစိုးရအနေနဲ့ ဒေသန္တရအုပ်ချုပ်ရေးယန္တရားကို စနစ်တကျနဲ့ ကောင်းမွန်စွာထူထောင်နိုင်ဖို့ ဘက်ပေါင်းစုံကနေ ကြိုးစားလုပ်ဆောင်လျက်ရှိတယ်"လို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေး


ဇွန်လ၂၀ရက်။

"အစိုးရအနေနဲ့ ဒေသန္တရအုပ်ချုပ်ရေးယန္တရားကို စနစ်တကျနဲ့ ကောင်းမွန်စွာထူထောင်နိုင်ဖို့ ဘက်ပေါင်းစုံကနေ ကြိုးစားလုပ်ဆောင်လျက်ရှိတယ်"လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကအသိပေးပြောပါတယ်။


ဇွန်လ(၂၀)ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးအမှတ်စဉ် (၂၂/၂၀၂၄)ကို ကျင်းပရာမှာ ဝန်ကြီးချုပ်ကပြောပါတယ်။


"အစိုးရအနေနဲ့ ဒေသန္တရအုပ်ချုပ်ရေးယန္တရားကို စနစ်တကျနဲ့ ကောင်းမွန်စွာထူထောင်နိုင်ဖို့ ဘက်ပေါင်းစုံကနေ ကြိုးစားလုပ်ဆောင်လျက် ရှိပါကြောင်း။ ပြည်သူ့ရေးရာ စီမံအုပ်ချုပ်မှုလုပ်ငန်းစဉ်တွေဟာ များပြားရှုပ်ထွေးလှပြီး အင်မတန်လည်း အကဲဆတ်လှပါကြောင်း။ တစ်ခါတလေမှာ ချမှတ်ထားတဲ့ မူဝါဒများနဲ့အညီ မလွဲမသွေ အကောင်အထည်ဖော်ဖို့ တင်းတင်းကြပ်ကြပ် လုပ်ဆောင်ကြရမှာဖြစ်သလို ရံဖန်ရံခါမှာ ပြည်သူတွေရဲ့ လိုလားချက်တွေအပေါ်မှာ လိမ္မာပါးနပ်စွာ ဖြေရှင်းဖြည့်ဆည်းပေးကြရတာ ဖြစ်ပါကြောင်း။ ခရိုင်တာဝန်ရှိသူ၊ မြို့နယ်တာဝန်ရှိသူတွေဟာ အုပ်ချုပ်ရေးမှူးကောင်းတွေ၊ စီမံခန့်ခွဲမှုစနစ်ကျသူတွေ ဖြစ်စေဖို့ ကျွန်တော်တို့အနေနဲ့ သင်တန်းတွေကို စီမံပေးတဲ့အခါမှာလည်း မြေပြင်ရဲ့ ပကတိလက်ရှိအခြေအနေကို သိရှိနားလည်အောင် ဆောင်ရွက်ပြီးစီမံသင့်ကြောင်း"ဝန်ကြီးချုပ်ကပြောပါတယ်။


ဒါ့အပြင် အခွန်ကောက်ခံမှုဆိုင်ရာ လုပ်ငန်းတွေမှာ မူဝါဒတွေနဲ့အညီ လုပ်ဆောင်ခြင်းမရှိပဲ၊ ဖောက်ဖျက်ကျူးလွန်နေတဲ့ ကိစ္စတွေကိုလည်း စနစ်တကျစီမံဆောင်ရွက်ရမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ နိုင်ငံတော် သံဃမဟာနာယက ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော် ပျံလွန်တော်မူခြင်းနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အကြမ်းဖက် စစ်ကောင်စီအားပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချ


ဇွန်လ၂၀ရက်။

နိုင်ငံတော် သံဃမဟာနာယက ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော် ပျံလွန်တော်မူခြင်းနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကအကြမ်းဖက် စစ်ကောင်စီအားပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချတယ်လို့သတင်းထုတ်ပြန်ပါတယ်။


ဇွန်လ၂၀ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာနကတရားဝင်အသိပေးထုတ်ပြန်ပါတယ်။


နိုင်ငံတော် သံဃမဟာနာယက ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စီးနင်းလိုက်ပါလာသောကားကို ငါန်းဇွန်-မြို့သာလမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်ဖွဲ့ဝင်များက ဇွန်လ(၁၉)ရက်၊ ၂၀၂၄ ခုနှစ်တွင် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကြောင့် ဆရာတော်ဘုရားကြီးပျံလွန်တော်မူခဲ့ရခြင်းဖြစ်ကြောင်း ဆရာတော်ဘုရားနှင့် ကားတစ်စီးတည်း အတူလိုက်ပါခဲ့သူ ကန်သုံးဆင့် ဆရာတော်ဘုရား၏ မိန့်ကြားချက်အရ သိရှိရသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လွန်စွာဝမ်းနည်းကြေကွဲရတယ်လို့ဖော်ပြပါတယ်။


အကြမ်းဖက် စစ်ရာဇဝတ်မှုတစ်ခုကို ဗြောင်ကျကျ ကျူးလွန်ခဲ့ရုံမက အမှန်ကိုဝန်မခံခြင်း၊ နိုင်ငံနှင့် ပြည်သူကိုလိမ်ညာလှည့်ဖျား၍ သတင်းထုတ်ပြန်ခြင်း၊ မသက်ဆိုင်သူကို အပြစ်လွှဲချခြင်းသည် အကြမ်းဖက် စစ်ကောင်စီ၏ ဟိရိသြတ္တပ္ပတရားကင်းမဲ့သော အပြုအမူများဖြစ်သည့်အတွက် ပြင်းထန်စွာဆန့်ကျင် ရှုံ့ချကြောင်း သတင်းထုတ်ပြန်အပ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။


========================


📌📌 ၃။ တီမောလက်စ်တီနိုင်ငံ၏ သမ္မတ Jose Ramos Hortaနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုယ်စားလှယ်အဖွဲ့ ၂နာရီကြာအောင်တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ဆွေးနွေးခဲ့


ဇွန်လ၂၀ရက်။

တီမောလက်စ်တီနိုင်ငံ၏ သမ္မတ Jose Ramos Hortaနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်အဖွဲ့ ၂နာရီကြာအောင်တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အတူ ဇွန်လ(၁၈)ရက်နေ့တွင် တီမောလက်စ်တီ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၏ မြို့တော် Dili ရှိ သမ္မတနန်းတော်၌ တီမောလက်စ်တီ သမ္မတ Jose Ramos Horta အား ဂါရဝပြုတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။


ထို့နောက်မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများအပါအဝင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ () နာရီခန့်ကြာအောင် ရင်းနှီးနွေးထွေးစွာ ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။


တီမောလက်စ်တီ သမ္မတ Jose Ramos Horta ကလည်း "မိမိအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို ကူညီဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားကြောင်း၊ အထူးသဖြင့် NUG သံတမန်ရေးရာကို ကမ္ဘာအနှံ့ ဖြန့်ကျက်နိုင်မှုကို ပိုမိုအားကောင်းစေရေးအတွက် အသိပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း" ကတိပြုပြောကြားခဲ့ပါတယ်။


တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးက "တီမောလက်စ်တီနိုင်ငံနှင့် သမ္မတနန်းတော်၌ ယခုလို ရောက်ရှိနေခြင်းသည် မိမိတို့အတွက် ဂုဏ်ပြုမှုတစ်ရပ်ဖြစ်ကြောင်း၊ သမ္မတကြီးနှင့် ဂါရဝပြုတွေ့ဆုံရာ၌ မြန်မာနိုင်ငံမှ တော်လှန်ရေးအင်အားစုများ စိုးမိုးထိန်းချုပ်ထားသော နယ်မြေများ၌ ကျန်းမာရေး၊ ပညာရေးနှင့် တော်လှန်ရေးကိစ္စရပ်များအကြောင်း၊ ထိုဒေသရှိ ပြည်သူများအတွက် မိမိတို့ဆောင်ရွက်ပေးလျက်ရှိသော ဝန်ဆောင်မှုများအကြောင်းကို ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း၊ ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ်များအတွက် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း" ပြောကြားခဲ့ပါတယ်။


ဒါ့အပြင်ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း "မြန်မာပြည်သူများနှင့် မြန်မာ့တော်လှန်ရေး၏ ကိုယ်စား အသိပေးဆောင်ရွက်ပေးသည့် သမ္မတကြီးကို ကျေးဇူးတင်ရှိကြောင်း၊ မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကို အဆုံးသတ်စေပြီး မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်ထွန်းကားစေရေးအတွက် စီးပွားရေးအရ ပိတ်ဆို့မှုများနှင့် သံတမန်ရေးအရ ဖိအားပေးမှုများကို လုပ်ဆောင်ရန် ဆက်လက်တောင်းဆိုကြောင်း၊ မိမိတို့ စိုးမိုးထိန်းချုပ်နိုင်သော ဒေသများလည်း ပိုမိုကျယ်ပြန့်လာကြောင်း၊ စိုးမိုးထိန်းချုပ်နယ်မြေသစ်များ၌ လူသားချင်းစာနာမှုအကူအညီများကို NUG အစိုးရက ထောက်ပံ့ပေးလျက်ရှိကြောင်း၊ အဓိကစိန်ခေါ်မှုမှာ အရပ်ဘက်ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ကြောင်း" ပြောကြားခဲ့ပါတယ်။


ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တီမောလက်စ်တီ နိုင်ငံခြားရေး၀န်ကြီး Mr. Bendito Freitas နှင့်လည်း ၄င်း၏ ရုံးခန်းတွင် ရင်းနှီးစွာ တွေ့ဆုံဆွေနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များနှင့် အခြား လူနည်းစုများ၏ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများနှင့် ပတ်သက်၍ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး(OHCHR) သက်ဆိုင်ရာ အစီရင်ခံစာကိုကြိုဆို


ဇွန်လ ၂၀ရက်။

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များနှင့် အခြား လူနည်းစုများ၏ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများနှင့် ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး(OHCHR) သက်ဆိုင်ရာ အစီရင်ခံစာကို ကြိုဆိုကြောင်း လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။


ဇွန်လ၂၀ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဖော်ပြပါတယ်။

 

"အမျိုးသားညီညွတ်ရေးအစိုးရက ကိုယ်စားပြုထားသည့်အတိုင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့်အပြန်အလှန် တွေ့ဆုံဆွေးနွေးမှုအပြင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမူဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများနှင့်ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး(OHCHR) သက်ဆိုင်ရာ အစီရင်ခံစာကို ကြိုဆိုပါတယ်လို့ဖော်ပြပါတယ်။

 

တရားမ၀င် အကြမ်းဖက်စစ်အုပ်စုကြောင့် အသက်ရှုမွန်းကျပ်နေတဲ့နိုင်ငံကို ကျွန်တော်တို့ မြင်တွေ့နေရပါပြီ စင်စစ်အားဖြင့်လူ့အခွင့်အရေးဆိုင်ရာအခြေအနေမှာလည်း အရှိန်အဟုန်နဲ့ ဆက်လက်ဆုတ်ယုတ်နေပါတယ်ဟု မဟာမင်းကြီးရုံးကကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ဇွန်လ ၁၈ ရက်နေ့တွင် ပြောကြားခဲ့ပါတယ်။


တချိန်တည်းမှာပင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံအနှံ့အပြားတွင် အသက်ရှင်သန်ရေးအတွက် လိုအပ်သော မရှိမဖြစ်လိုအပ်သော ပြည်သူ့ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက် ရှိပါတယ်။


OHCHR အစီရင်ခံစာတွင် အဆိုပါ ကြိုးပမ်းမှုများသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်ဘက်ရေးရာ အုပ်ချုပ်ရေးတွင် စစ်ဘက်ဆိုင်ရာ အခန်းကဏ္ဍမှ ပါဝင်ခြင်းမရှိသည့် ဒီမိုကရေစီ နိုင်ငံတော်ဆီသို့ ဦးတည်သည့်မျှော်မှန်းချက်ကို ပေးဆောင်သည့် ပဏာမခြေလှမ်းဖြစ်တယ်လို့ ဆိုထားပြီး စစ်တပ်ကို ဆန့်ကျင်သည်မှာ လက်နက်ကိုင်လှုပ်ရှားမှုများနှင့် ငြိမ်းချမ်းစွာ ဆန့်ကျင်တွန်းလှန်မှုများ စသည်ဖြင့် ကွဲပြားပြီးမဆုတ်မနစ် ကြိုးပမ်းလျက်ရှိကြတယ်လို့ ဖော်ပြပါတယ်။


သို့တိုင်စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးလုံးဝကင်းစင်သော အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံကိုရှုမြင်ရာတွင် အမျိုးမျိုးသော အင်အားစုများအနေဖြင့် တဖြည်းဖြည်း ပိုမိုညီညွတ်လာနေကြပြီဖြစ်တယ်လို့ဆိုထားပါတယ်။


========================


📌📌 ၅။ စစ်ဗိုလ်၊ စစ်သားများက ဝိုင်းဝန်း ပစ်ခတ်ခဲ့ဟု ကားပေါ်တွင် လိုက်ပါသည့် မျက်မြင်သက်သေ ကန်သုံးဆင့် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသက မိန့်ကြား


ဇွန်လ ၂၀ရက်။

Radio NUG

ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါလာသောကားကို FAW ကားပေါ်တွင် ပါလာသည့် စစ်ဗိုလ်စစ်သားများက ဝိုင်းဝန်း ပစ်ခတ်ခဲ့ဟု ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံစာသင်တိုက်ကို ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုင် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ ကြွရောက်လာစဉ် မိန့်ကြားတဲ့ video file လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့လာပါတယ်။


ကန်သုံးဆင့် ဆရာတော်သည် ရွှေကျင်နိကာယဗဟိုဌာန အစည်းအဝေးတက်ရောက်ရန် ဝင်းနိမ္မတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသနှင့်အတူ ရန်ကုန်မြို့မှ လေယာဉ်ဖြင့် တံတားဦးလေဆိပ်သို့ ကြွရောက်ခဲ့ပြီး ကံသုံးဆင့် ဆရာတော်ဇာတိဖြစ်သော ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာကို ကားဖြင့် သွားရောက်စဉ် FAW ကားဖြင့် လိုက်ပါလာသော စစ်ဗိုလ်စစ်သားများ၏ ပစ်ခတ်ခြင်းကိုခံခဲ့ရကြောင်း ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသက မိန့်ကြားထားပါတယ်။


" တပည့်တော်တို့ ကားဆရာကလည်း FAW ကားကို ဘေးချပြီးတော့ အတင်းမောင်းတာပါပဲ။ အဲသလို အတင်းမောင်းတဲ့အခါမှာ FAW ကားပေါ်ကနေ သေနတ်နဲ့ ဝိုင်းပစ်ပါတယ် ဘုရား ကားမှာ ချက် ချက်လောက်မှန်ပါတယ်။ အဲလိုပစ်တဲ့အခါမှာ ဘုရားတပည့်တော်လည်း ဘာမှမသိ သူ့လည်း ဘာမှမသိ ဘုရားတပည့်တော်က တံခါးဖွင့်ပြီးတော့ အပြင်ဘက် ထွက်လိုက်ပါတယ်။ ဘုရားတပည့်တော်ရဲ့ သင်္ဃန်းတွေ သွေးတွေ အလိမ်းလိမ်း အကပ်ကပ် ဖြစ်နေပါတယ်။ အဲလိုဖြစ်နေတာ့ ကားထဲကြည့်လိုက်တဲ့အခါ အရှင်ဘုရားတို့ရဲ့ ညီတော် နောင်တော် ဒကာဒကာမတို့ရဲ့ ဆရာတော်ဖြစ်တဲ့ ဝင်းနိမ္မိတာရုံ ဆရာတော်က ခေါင်းငိုက်စိုက်ကျပြီးတော့ အသက်မရှိတော့ပါဘူး။ ဝိုင်းပြီးတော့ Faw ကားပေါ်ကနေ ပစ်လိုက်တာ ချက် ချက်လောက်ရှိပါတယ်။ ဝင်းနိမ္မိတာရုံ ဆရာတော်ကတော့ တစ်ဘဝ တစ်ခန္ဓာ ရုပ်သိမ်းသွားပါတယ်။ ဘုရားတပည့်တော်ကတော့ ခေါင်းပဲ ကားရဲ့ မှန်စထိပါတယ်။ ဘုရားတပည့်တော် အပြင်ဘက်ရောက်တဲ့အခါ ခင်ဗျာတို့ ရက်စက်လှချည်လားဗျာ။ ဘုန်းကြီးတွေကို ဒီလောက်ရက်စက်ရသလားလို့ FAW ကားပေါ်မှာပါတဲ့ ရှင်းရှင်းပြောရရင် စစ်ဗိုလ်စစ်သားတွေပေါ့။ ရက်စက်လှချည်လားဆိုတော့ အရှင်ဘုရားတို့က ဘုန်းကြီးမှန်း မသိလို့ပါ။ ကားတံခါးလည်း ပိတ်ထားတော့ ရန်သူကားလို့ ထင်လို့ ပစ်ပါတယ် ဘုရား သူတို့ကိုယ်တိုင် ဝန်ခံပါတယ်" ဟု ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသက မိန့်ကြားခဲ့သည်။


ထိုသို့ စစ်ခတ်မှု ပြုလုပ်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကန်သုံးဆင့် ဆရာတော်ကို ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာကို ကြွချီခွင့်မပေးဘဲ ဖုန်းများကို သိမ်းယူခဲ့ကြောင်း၊ ထို့နောက် ဆရာတော်ကို စစ်ဆေးမေးမြန်းမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်းသိရသည်။


ယနေ့ ဇွန်လ ၂၀ ရက်နေ့  နံနက် နာရီအချိန်တွင် ဆရာတော်ကြီး၏ ရုပ်ကလပ်တော်သည် ပဲခူးမြို့ ဝင်းနိမ္မိတာရုံစာသင်တိုက်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိရပါတယ်။


========================


📌📌 ၆။ ဥရောပသမဂ္ဂက မြန်မာနိုင်ငံသားများနှင့် နယ်စပ်ရှိဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရန် ယူရို(၁၅)သန်းကို ချထားပေး


ဇွန်လ၂၀ရက်။

ဥရောပသမဂ္ဂက မြန်မာနိုင်ငံသားများနှင့် နယ်စပ်ရှိဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရန် ယူရို (၁၅)သန်းကို ချထားပေးတယ်လို့သိရပါတယ်။


ဇွန်လအတွင်း ဥရောပ ကော်မရှင်အဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။


မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ပဋိပက္ခများသည် အရှိန်အဟုန်ဖြင့် တိုးလာနေသည့်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များလည်း ထပ်တိုးလိုအပ်လာသောကြောင့် ဥရောပသမဂ္ဂသည်နိုင်ငံတွင်း ထိခိုက်ခံရသော ပြည်သူများနှင့် အိမ်နီးချင်းနိုင်ငံများဆီ ထွက်ပြေးတိမ်းရှောင်သွားရသော ဒုက္ခသည်များအား ကူညီနိုင်ရန် ယူရို (၁၅)သန်းကို ချထားပေးပါတယ်။ ယင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များလည်း ပါဝင်တယ်လို့ဖော်ပြပါတယ်။


ဤထပ်မံချထားပေးသော ပမာဏသည် ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသူများအား စားစရာ၊ အမိုးအကာ၊ ရေသန့်နှင့် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများအတွက် အသက်ကယ် အထောက်အပံ့များပေးနိုင်ရန် ကူညီနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။


ယင်းထပ်လောင်း ရန်ပုံငွေသည် မြေမြှုပ်မိုင်းအန္တရာယ်နှင့် ထိတွေ့မှု အနည်းဆုံးဖြစ်စေခြင်းကဲ့သို့သော အန္တရာယ်များသည့် အခြေအနေတွင် မိမိကိုယ်ကို ကာကွယ်နိုင်ရန် အကူအညီပေးနိုင်မည်ဖြစ်ကြောင်းသိရပါတယ်။


၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားစဥ်ကတည်းက ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ အကျပ်အတည်းအတွက် နှစ်စဥ် တိုးမြှင့်ထားပေးလာရာ ၂၀၂၄ ခုနှစ်တွင် ယူရို (၃၆)သန်းရှိပြီဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ရေဖြူ တိုက်ပွဲအတွင်း စစ်တပ်ဘက်က အယောက် ၃၀ နီးပါး သေဆုံး


ဇွန်လ ၂၀ရက်။

Radio NUG

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စု၊ မျောက်ချောကျေးရွာအနီးမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က အယောက် ၃၀ နီးပါး သေဆုံးတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက အတည်ပြုပြောဆိုထားတယ်လို့ မောင်း သတင်းဌာနမှာ ဖော်ပြထားပါတယ်။


ဇွန်လ ၁၉ ရက်နေ့၊ မနက်အစောပိုင်း ရွာအနီးမှာ စစ်ကောင်စီဘက်က ၁၂၀ မမ လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်တွေကလည်း ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ် တိုက်ခိုက်ရာမှာ တိုက်ပွဲစတင်ခဲ့တယ်လို့ သိရပါတယ်။ 


တိုက်ပွဲ ၈နာရီကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ ဂျက်ဖိုက်တာယာဉ်တွေနဲ့ ပစ်ခတ်မှုအပြင် နှစ်ဖက်ပိတ်ဆို့ တိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့က ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။ 


တိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်းဆုံး အယောက် ၃၀ နီးပါး သေဆုံးကာ ၂၀ကျော် ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေဘက်က မွန်ပြည်တော်လှန်ရေးတပ် MSRF ၂ယောက်၊ ABSDF ယောက်နဲ့ ကံပေါက် PDF ယောက်တို့ မစိုးရိမ်ရထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ 


စစ်ကောင်စီတပ်သားတွေက မူးယစ်ဆေးဝါးသို့မဟုတ် စိတ်ကြွဆေးသုံးစွဲထားပုံရပြီး တက်လာတဲ့ စစ်ကောင်စီတပ်သားတွေက ပြန်မပစ်ဘဲ ပစ်နေတဲ့ကြားကနေ ထပ်ပြီး တက်လာကာ အတုံးအရုံးသေဆုံးကြတယ်လို့ ဖော်ပြထားပါတယ်။ 


တိုက်ပွဲတွင်းမှာ MA2 (စက်သေနတ်အသေးစား) လက် ရယူနိုင်ခဲ့ပြီး နေ့လယ် နာရီခွဲ ဝန်းကျင်မှာ ကျေးရွာထဲကို ဂျက်ဖိုက်တာယာဉ်တွေနဲ့ ၄ကြိမ် လာရောက်ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်း အိမ်ခြေ ၃၀ ကျော်လောက် မီးလောင်ပြာကျသွားခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်သားတွေဟာ ဒဏ်ရာရစစ်သားတွေကို ဆေးကုသဖို့ ကျေးရွာထဲ သေနတ်ပစ်ဖောက်ဝင်ကာ တပ်စွဲနေတာကြောင့် ရွာသားတွေဟာ ဘေးလွတ်ရာတိမ်းရှောင်ထွက်ပြေးနေရပါတယ်။ 


ဒီတိုက်ခိုက်မှုကိုတော့ မွန်ပြည်တော်လှန်ရေးတပ် MSRFနဲ့အတူ မဟာမိတ်တွေဖြစ်တဲ့ ဒေါနစစ်ကြောင်း၊ ABSDF KBDF YGF YAF ရေးသိမ်းငှက်၊ NMSP -AD အပါအဝင် မဟာမိတ်ပူးပေါင်းတပ်တွေ ဝိုင်းဝန်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ ပခုက္ကူနယ် တင်းဂါတ်စစ်ဆေးရေးဂိတ်က ပျူ ဦးကို စစ်ဆေးနေစဉ် ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး


ဇွန်လ ၂၀ရက်။

မကွေးတိုင်း ပခုက္ကူမြို့နယ် တင်းဂါတ်စစ်ဆေးရေးဂိတ်က အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီး ဦးကို ဖမ်းဆီးရမိခဲ့တာကြောင့် စစ်ဆေးမေးမြန်းနေစဉ်မှာ ခုခံထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးရာကနေ သေဆုံးသွားတယ်လို့ Young Force – UG တပ်ဖွဲ့က ပြောပါတယ်။ 

ပြည်သူလူထုအပါ် လက်နက်ပြ ခြိမ်းခြောက်ငွေညှစ်ရာမှာ အလွန်ဆိုးရွားတဲ့ ပျူစောထီး ဦးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ThuRain-TR (Pakokku) Young Force -UG နဲ့ မြိုင် (ပကဖ) တို့က ဇွန်လ ၁၉ ရက်နေ့မှာ အရှင်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ 

၎င်းတို့ကိုဖမ်းဆီးခဲ့ပြီး စစ်သုံ့ပန်းဥပဒေနဲ့အညီ စစ်ဆေးမေးမြန်းနေချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တွေထံက လက်နက်လုယူပြီး ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရာကနေ သေဆုံးသွားတာလို့ အသိပေးထားပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်သားများ၊ ပျူစောထီးများအနေနဲ့ အသိတရားရပြီး ပြည်သူနဲ့အတူ ရပ်တည်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ လာရောက်ပူးပေါင်းကြဖို့နဲ့ လက်နက်နဲ့တကွ အလင်းဝင်လာသူတွေကို လက်နက် အမျိုးအစားအလိုက် ထိုက်သင့်တဲ့ ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်သွားမှာဖြစ်တယ်လို့ Young Force – UG တပ်ဖွဲ့က အသိပေးထားပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ စစ်တပ်အလိုကျ စားနပ်ရိက္ခာဝယ်ယူပေးတာနဲ့ သယ်ယူပေးတာတွေ လုပ်ဆောင်ပေးနေသူတွေကို စစ်တပ်ထောက်တိုင်အဖြစ်သတ်မှတ်ပြီး ပြတ်ပြတ်သားသားအရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ မင်းကင်းနယ်က စစ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


ဇွန်လ ၂၀ရက်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကံရွာမှာရှိတဲ့ စစ်ကောင်စီစခခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး-P.R.F က ပြောပါတယ်။

မင်းကင်းမြို့နယ် ကံရွာမှာရှိတဲ့ စစ်ကောင်စီစခန်းကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ -S.R.F ပြည်သူ့တော်လှန်ရေးတပ်ဦး-P.R.F နဲ့ Min Kin Local PDF Union တို့ပါဝင်တဲ့ မဟာမိတ်တပ်ပေါင်းစု စစ်ကြောင်းက ဇွန်လ ၁၂ ရက်နေ့ မနက် နာရီခန့်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ အခုလိုပြောလိုက်တာဖြစ်ပါတယ်။

ကျေးရွာတွင်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ၁၅ မိနစ်ခန့်အကြာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့လည်း တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တဦးနဲ့ ပျူစောထီး ဦး သေဆုံးပြီး ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့လည်း သိရပါတယ်။ ကံရွာစစ်တပ်စခန်းကနေ ကာဘိုင်တလက်၊ ကာဘိုင်ကျည်ဘောက် ၃ခု၊ ဒသမ ၃ဝ ကျည် ၂၅၉ တောင့်၊၅ ပွိုင့် ၅၆ - ကပစ ကျည် ၄၀ တောင့်၊ ပွိုင့် ၆၂ ကပစကျည် ၃၃၀ တောင့်၊ BA-63 ကျည်ဘောက် ခု၊ ရှေ့ထွက်မိုင်း လုံး၊ နင်းမိုင်း ၇လုံး၊ လက်ပစ်ဗုံး တလုံး၊ Drone Jammer တခု သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးအင်အားစုဘက်က ထိခိုက်မှုမရှိဘူးလို့ PRF က အသိပေးထားပါတယ်။ အဲဒီနေ့မှာပဲ စစ်ကောင်စီစခန်းများရှိရာ ကျေးတောင်ဦးနဲ့ မင်းကင်းမြို့တို့ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ရာ စစ်သား ၂ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ စစ်အသုံးဆောင်ရိက္ခာများ သယ်ဆောင်လာတဲ့ တွဲကားတန်းကို ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၄ဦး သေ


ဇွန်လ ၂၀ရက်။ 

Radio NUG

ဇွန်လ ၂၀ရက်နေ့ မနက် ၁၀နာရီတွင် မန္တလေးမှ မုံရွာမြို့ဘက်သို့ စစ်အသုံးဆောင်ရိက္ခာများ သယ်ဆောင်လာတဲ့ တွဲကားတန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Area 71 PDF Monywaက သတင်းထုတ်ပြန်ပါတယ်။


အဆိုပါကားတန်းကို လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ကြပြီး ကျည်ထိမှန်ပြီး ထိုးရပ်သွားသော ရိက္ခာအပြည့်ပါ ကားတစ်စီး ရှေ့ခေါင်းပိုင်းအတွင်းသို့ လက်ပစ်ဗုံးများပါ ပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


တိုက်ခိုက်မှုအတွင်း တွဲကား ၃စီး သုံးမရအောင် ပျက်စီးသွားပြီး စစ်သား ဦး သေကာဆုံး ရဲဘော်အားလုံး အထိအခိုက် အပွန်းအပဲ့မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။


အဆိုပါတိုက်ခိုက်မှုကို Area 71 PDF Monywa အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု - NPRF Chindwin Land Defence Force ONE Local People Defence Myingyan MGN Tiger Black Hero Local PDF Myingyan Danger Dynamite People Defence အဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ ဆီဆိုင်တွင် စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်မှ စစ်အသုံးစားရိတ်အဖြစ် ဆက်ကြေးကောက်


ဇွန်လ ၂၀ ရက်။

Radio NUG

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် ၎င်းတို့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က စစ်အသုံးစားရိတ်အဖြစ် အိမ်တအိမ်ကို သိန်းကျပ်၊ နိုင်ငံခြားထွက် အလုပ်လုပ်ပါက တအိမ်ကို သိန်းကျပ်ထိ ဆက်ကြေးကောက်ခဲ့တယ်လို့ သိရပါတယ်။


ဆီဆိုင်မြို့နယ်၊ ဆီဆိုင်ကြီးကျေးရွာတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အဖွဲ့က စစ်ရှောင်ရာကနေ ပြန်လာတဲ့ ပြည်သူများကို အတင်း အဓမ္မ လူသစ်စုဆောင်းခဲ့တဲ့အပြင် အခုလို ဆက်ကြေးကောက်ခံခဲ့တာပါ။


၎င်းတို့ကောက်ခံတဲ့ စစ်အသုံးစားရိတ် သိန်းကို တခါတည်း မထည့်နိုင်ကြရာ နှစ်ကြိမ် ခွဲထည့်ခိုင်းခဲ့ပြီး ဇွန်လ ၁၉ ရက်နေ့က နှစ်သိန်းခွဲ ပေးခဲ့ရကာ ကျန်ငွေများကို လကုန်ရက် အပြီးထည့်ရမယ်လို့ ပြည်သူ့စစ်များက ဒေသခံများကို ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။


ထို့အပြင် နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကိုင်သူရှိတဲ့ အိမ်များအနေနဲ့ တစ်အိမ်လျင် သိန်းကျပ်အထိ စစ်စားရိတ်ဆက်ကြေးပေးခဲ့ရတာ ဖြစ်ပါတယ်။


ထို့အပြင် စစ်မှုထမ်း ဥပဒေအရဆိုကာ အဆိုပါ ကျေးရွာများမှ တစ်လကို တပ်သားသစ် ဦး ပို့ဆောင်ရမယ်လို့ PNO ပြည်သူ့စစ်အဖွဲ့က ကောက်ခံခဲ့ပြီး ဆီဆိုင်မြို့နယ်၊ ဘုရားဖြူ ဘောလုံးကွင်းတွင် သင်တန်းပေးနေတယ်လို့ သိရပါတယ်။


ထို့အပြင် စစ်ကောင်စီက ပအိုင်းဒေသ ပင်လောင်းမြို့နယ် တောင်ပိုင်းတွင်လည်း လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့တာကြောင့် နောင်ဝိုး ချောင်းချား တမထ လိန်ခမ် ကုန်းပေါစသည့် ကျေးရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။


========================


🚩🚩 ၆။ အမ်းမြို့နယ် သဲကမ်းထောင်းကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် ကလေးငယ်အပါအဝင် ၃ဦးသေဆုံး


ဇွန်လ ၂၀ရက်။

Radio NUG

ဇွန် ၂၀ ရက်နေ့ နေ့လယ် ၁၁ နာရီခန့်တွင် ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စု၊ သဲကမ်းထောင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၄နှစ် ကလေးတစ်ဦးနှင့် အသက် ၁၇နှစ် တစ်ဦး အသက် ၂၅ နှစ် တစ်ဦး စုစုပေါင်း ၃ဦး သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း Western News မှာ ဖော်ပြထားပါတယ်။


သေဆုံးသူများမှာ သဲကမ်းထောင်းကျေးရွာမှ မိသားစုဝင်များဖြစ်ပြီး အဆိုပါကျေးရွာမှ အသက် ၄၆ နှစ်နှင့် အသက် ၆၉ နှစ်အရွယ်အရပ်သားနှစ်ဦးမှာ ဗုံးစ စင်လာ၍ ခန္ဓာကိုယ်အနှံ့မှာ ဒဏ်ရာများရရှိခဲ့ပြီး နေအိမ် ၄လုံးထက်မနည်း ပျက်စီးသွားကြောင်းသိရပါတယ်။


ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်ကလည်း မြေပုံမြို့နယ် တုတ်ချောင်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ဦးသေဆုံးခဲ့ပြီး ဦး ဒဏ်ရာရသွားကြောင်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment