28th JUN 2024 - Evening Daily News by Radio NUG

၂၀၂၄ ဇွန်လ ၂၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဘော်စတွန်မြို့တွင်ကျင်းပသည့် ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုပွဲအခမ်းအနားသို့ ဝန်ကြီး ဦးထင်လင်းအောင်တက်ရောက်

📌 ၂။ မြန်မာနိုင်ငံရှိ ကလေးငယ်များ စစ်တပ်၏ မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် အရင်းအနှီးကြီးကြီး ပေးဆပ်နေရပြီး ပညာရေးနှင့် ကျန်းမာရေးအခွင့်အရေးများကို ဆုံးရှုံးနေရကြောင်း ဦးကျော်မိုးထွန်း ပြော

📌 ၃။ ဒုတိယအကြိမ် တက္ကသိုလ်ဝင်ခွင့်တွင် ကြားကာလ တက္ကသိုလ် (၂၀) ခုတို့က ဘာသာရပ်နှင့် ပညာရပ် နယ်ပယ် (၅၉) ခု အတွက်  စုပေါင်းခေါ်ယူ

📌 ၄။ ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ် ကျောင်းပေါင်း (၃၀၀) ကျော်ကို အသိအမှတ်ပြုကြောင်း ကြေညာ

📌 ၅။ အကြမ်းဖက်စစ်တပ်၏အရှက်မဲ့သည့်လုပ်ရပ်အား  ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအင်စတီကျုမှ ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချ

📌 ၆။ ရခိုင်မြောက်ပိုင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ရပ်ဆိုင်းထားမယ်လို့ နယ်စည်းမထားဆရာဝန်များအဖွဲ့ ကြေညာ

📌 ၇။ SmartGov Website စတင်မိတ်ဆက်

 

၂၀၂၄ ခုနှစ် ဇွန်လ ၂၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ နောင်ချို ခမရ (၁၁၅) တပ်စခန်းကနေ လက်နက်မျိုးစုံ (၃၈၀) ကျော်နဲ့ ခဲယမ်းအမြောက်အများရရှိ

🚩 ၂။ (၁၀၂၇) စစ်ဆင်ရေး၏ ဒုတိယလှိုင်းတွင် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းလက်တွဲ၍အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းပါများကို တိုက်ခိုက်ချေမှုန်းလျက်ရှိတယ်လို့ NUG ပြည်သူ့ရဲတပ်ဖွဲ့ ထုတ်ပြန်

🚩 ၃။ စစ်တွေ ဗျိုင်းဖြူရွာသား ၄ဝ ကျော်ကို မတရားအသင်းဆက်သွယ်မှုနဲ့ စစ်တပ်က အမှုဖွင့်တရားစွဲ

🚩 ၄။ အုတ်ဖိုမှာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ သတင်းပေး မြင့်နိုင်ဦးကို ပစ်ခတ်ရှင်းလင်း 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဘော်စတွန်မြို့တွင်ကျင်းပသည့် ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုပွဲအခမ်းအနားသို့ ဝန်ကြီး ဦးထင်လင်းအောင်တက်ရောက်


ဇွန်လ (၂၂) ရက်နေ့တွင် ကျရောက်သည့် (၁၅) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုပွဲအခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ ဘော်စတွန်မြို့ နယူးအင်္ဂလန်ဌာနခွဲ၌ ကျင်းပခဲ့ရာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် "မည်သည့်ကူညီထောက်ပံ့မှုမပါဘဲ အသင်းအဖွဲ့ကြီးကို (၁၅) နှစ်တိုင် ထိန်းသိမ်းနိုင်ခဲ့သလို တစ်ကမ္ဘာလုံးရှိ မြန်မာပြည်သူများအတွက် အခန်းကဏ္ဍပေါင်းများစွာကို နိုင်ငံအသီးသီးက မြန်မာများဖြင့် ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ချိတ်ဆက်ဆောင်ရွက်နိုင်မှုကို ဂုဏ်ယူပါကြောင်း၊ အရည်အချင်းပြည့်မီစေရန် လူငယ်နှင့်လူကြီး ပူးပေါင်းဆောင်ရွက်နေသည့် အသင်းကြီး အောင်မြင်မည်ဟု ယုံကြည်ပါကြောင်း၊ အာဏာသိမ်းစမှ စ၍ နယ်စပ်ဒေသတွင် နေထိုင်ကာ အသင်းကြီးအတွက် ပါဝင်နေသူများကို လေးစားဂုဏ်ယူပါကြောင်း၊ ထို့အပြင် အသင်းကြီးအနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ယနေ့အချိန်အထိ ပါဝင်ပေးခဲ့ကြသည့်အတွက် လေးစားတန်ဘိုးထားပါကြောင်း" ပြောကြားခဲ့ပါတယ်။

အခမ်းအနားတွင် ဦးမင်းကိုနိုင် ရေးဆွဲထားသည့် ပန်းချီကားတစ်ချပ်ကို လေလံတင်ပြီး ရန်ပုံငွေရှာခဲ့ကြကာ ယခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို နွေဦးတော်လှန်ရေးတွင် ပါဝင်နေသော လူငယ်များ၏ တီထွင်ဖန်တီးမှုနှင့် ထုတ်လုပ်သူများအဖွဲ့က ရရှိခဲ့ပါတယ်။


========================


📌📌 ၂။ မြန်မာနိုင်ငံရှိ ကလေးငယ်များ စစ်တပ်၏ မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် အရင်းအနှီးကြီးကြီး ပေးဆပ်နေရပြီး ပညာရေးနှင့် ကျန်းမာရေးအခွင့်အရေးများကို ဆုံးရှုံးနေရကြောင်း ဦးကျော်မိုးထွန်း ပြော


နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၊ လုံခြုံရေးကောင်စီတွင် (၂၀၂၄) ခုနှစ်၊ ဇွန်လအတွက် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော တောင်ကိုရီးယားနိုင်ငံမှ ကြီးမှူး၍ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ (Children and Armed Conflict (CAAC)) ခေါင်းစဉ်ဖြင့် တံခါးဖွင့် အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

"မြန်မာနိုင်ငံရှိ ကလေးငယ်များသည် စစ်တပ်၏ မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် အရင်းအနှီးကြီးကြီးပေးဆပ်နေရပြီး ပညာရေးနှင့် ကျန်းမာရေးအခွင့်အရေးများကို ဆုံးရှုံးနေရကြောင်း၊ အထူးသဖြင့် မိမိတို့၏ ကလေးငယ်များအနေဖြင့် ဘေးကင်းလုံခြုံစိတ်ချရသည့် ပညာသင်ကြားခွင့် အခွင့်အရေးများ ဆုံးရှုံးနေခြင်းနှင့် ဗုံးခိုကျင်းများနှင့် ရွှေ့ပြောင်းနိုင်သည့် စခန်းများတွင် စာသင်နေရခြင်းများ ထပ်ခါအလဲလဲ တွေ့မြင်နေရခြင်းမှာ အလွန်ပင် ကြေကွဲဖွယ် ကောင်းကြောင်း၊ ထို့ပြင် မလုံခြုံမှုနှင့် အခြားသော ကန့်သတ်ချက်များကြောင့် ကလေးငယ် အများစုမှာ အခြေခံကျန်းမာရေးနှင့် အစာအဟာရ ရရှိရေးကိုပင် မရရှိဘဲဖြစ်နေကြောင်း" သံအမတ်ကြီးက ဆိုပါတယ်။

မြန်မာနိုင်ငံဖြစ်စဉ်တွင် ကလေးငယ်များအပေါ် ကျူးလွန်သည့် ကြီးလေးသော ချိုးဖောက်မှုများမှာ (၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဖြစ်ပေါ်ခဲ့သည့် မတရား စစ်အာဏာသိမ်းမှု ကြိုးပမ်းမှုနောက်ပိုင်းတွင် ဆတက်ထမ်းပိုး မြင့်တက်လာကြောင်း၊ မတရား အာဏာသိမ်းရန် ကြိုးပမ်းသည့် စစ်တပ်သည် ကလေးငယ်များအား တရားလက်လွတ် ဖမ်းဆီး၊ ချုပ်နှောင်၊ ထိန်းသိမ်းခြင်းများ၊ သတ်ဖြတ်ခြင်းများ၊ အဓမ္မပြုကျင့်ခြင်းများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ဥပဒေမဲ့ တပ်သားစုဆောင်းခြင်းများ၊ လူသားဒိုင်းများအဖြစ် အသုံးချခြင်းများနှင့် စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ယင်းကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအား တိုက်ခိုက်ခြင်းများကို အတိအလင်း ကျုးလွန်ခဲ့သည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရကြောင်း သံအမတ်ကြီးက ထပ်လောင်းပြောပါတယ်။


========================


📌📌 ၃။ ဒုတိယအကြိမ် တက္ကသိုလ်ဝင်ခွင့်တွင် ကြားကာလ တက္ကသိုလ် (၂၀) ခုတို့က ဘာသာရပ်နှင့် ပညာရပ် နယ်ပယ် (၅၉) ခု အတွက်  စုပေါင်းခေါ်ယူ


ကြားကာလတက္ကသိုလ်များ၏ တက္ကသိုလ်ဝင်ခွင့် (ဒုတိယအကြိမ်) ခေါ်ယူခြင်းကို အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကအသိပေးထုတ်ပြန်လိုက်ပါတယ်။

(၂၀၂၃) ခုနှစ်၊ အောက်တိုဘာလအတွင်းတွင် ကြားကာလတက္ကသိုလ် (၁၆) ခု၏ (ပထမအကြိမ်) ဝင်ခွင့်ကို ခေါ်ယူခဲ့ပြီးလည်း ဖြစ်ပါတယ်။ ယခု ဒုတိယအကြိမ် တက္ကသိုလ်ဝင်ခွင့်ကို ကြားကာလ တက္ကသိုလ် (၂၀) ခုတို့က ဘာသာရပ်နှင့် ပညာရပ် နယ်ပယ် (၅၉) ခု အတွက် စုပေါင်းခေါ်ယူကြခြင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။

ကြားကာလတက္ကသိုလ်များ၏ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်ကို ဝင်ရောက် လျှောက်ထားရာမှာ ဤတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ စတင်ခေါ်ယူသည့်နေ့တွင် အသက် (၁၈) နှစ် ပြည့်ပြီးသူ ဖြစ်ရမည်ဖြစ်ပြီး (၂၀၂၀) ခုနှစ်နှင့် ယင်းနှစ်မတိုင်မီ အခြေခံပညာအထက်တန်း အောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူများ၊ နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ် ရရှိထားသည့် ကျောင်းသား၊ ကျောင်းသူများ (ဥပမာ- IGCSE, GED, SAT) တိုင်းရင်းသားဒေသအသီးသီး၏ ပညာရေးအစီအစဉ်ဖြင့် အခြေခံပညာ ပြီးမြောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများ၊  အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ပြည်သူ့ကျောင်းသားများအတွက် ရည်ရွယ်ဆောင်ရွက်ပေးသော အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း Basic  Education Completion Assessment (BECA) လက်မှတ်ရရှိထားသည့် ကျောင်းသား၊ ကျောင်းသူများစသဖြင့် ဖော်ပြပါရှိပါတယ်။


========================


📌📌 ၄။ ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ် ကျောင်းပေါင်း (၃၀၀) ကျော်ကို အသိအမှတ်ပြုကြောင်း ကြေညာ


ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ် (၃၄၄) ကျောင်းကိုအသိအမှတ်ပြုကြောင်း ဇွန်လ (၂၈) ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။ 

ပညာရေးဝန်ကြီးဌာနသို့ အသိအမှတ်ပြုရေး မူဝါဒ (၁၁) ချက်ကို လိုက်နာပါမည်ဟု ဝန်ခံကတိပြုသည့်မြေပြင် ကျောင်းပေါင်း (၃၄၄) ကျောင်းကို ပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြုလိုက်တယ်လို့ ဖော်ပြပါတယ်။

ထို့အပြင် စီစစ်ဆဲ မြေပြင်ပြည်သူ့ပညာရေးကျောင်းများနှင့် အွန်လိုင်းကျောင်းများကိုလည်း အသိအမှတ်ပြုကြောင်း စီစစ် ဆက်လက်ထုတ်ပြန်မယ်လို့ ဆိုပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်တပ်၏အရှက်မဲ့သည့်လုပ်ရပ်အား  ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအင်စတီကျုမှ ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချ


အကြမ်းဖက်စစ်တပ်၏အရှက်မဲ့သည့်လုပ်ရပ်အား  ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအင်စတီကျုမှ ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချကြောင်း ဇွန်လအတွင်းမှာ ထုတ်ပြန်ပါတယ်။

ဇွန်လ (၁၉) ရက်နေ့ နံနက်ပိုင်းတွင် ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ စီးနင်းလိုက်ပါလာသော ကားကို ငါးဇွန်-မြို့သာလမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရက်စက်စွာ ပစ်ခတ်ခဲ့ခြင်းကြောင့် ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခဲ့ရသည်ကို ကန်သုံးဆင့် ဆရာတော်ဘုရား၏ မျက်မြင်မိန့်ကြားချက်အရ သိရှိရပါတယ်လို့ ဖော်ပြပါတယ်။

အကြမ်းဖက် စစ်အုပ်စုအနေဖြင့် ပြည်သူအား လိမ်လည်လှည့်ဖြား၍ သတင်းမှားများ ထုတ်ပြန်ကာ ပြောင်ပြောင်တင်းတင်းဖြင့် ၎င်းတို့ကျူးလွန်သည့် စစ်ရာဇဝတ်မူကို ဖုံးကွယ်ရန် ကြိုးစားနေကြသည်မှာ လွန်စွာ စက်ဆုပ်ဖွယ်ရာကောင်းသော လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချပျံလွန်တော်မူသွားခြင်းသည် ဘာသာ၊ သာသနာနှင့် နိုင်ငံတော်အတွက် လွန်စွာကြီးမားလှသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပြီး ဆရာတော်ဘုရားသည်   စဉ်ဆက်မပြတ် ပရိယတ္တိစာပေများ ပို့ချခြင်းနှင့် ပရိယတ္တိ စာပေကျမ်းဂန်များစွာကို ပြုစု ရေးသားစီရင်တော်မူခြင်းဖြင့် သာသနာဝန်ကို အကြားအလတ် ထမ်းဆောင်နေသော စာသင်သားတပည့်များစွာ၏  ရှေ့ဆောင်လမ်းပြ ဂန္ထဓဝါစက စသည့် လေးစားဂုဏ်ပြုရမည့် အရည်အချင်းများ ဖြစ်ပါကြောင်း ဖော်ပြလိုတယ်လို့ ဆိုပါတယ်။

နိုင်ငံတဝှမ်းတွင် အကြမ်းဖက်နည်းလမ်းအမျိုးမျိုးဖြင့် ပြည်သူလူထုအား အကြောက်တရား ရိုက်သွင်းနေသည့် စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုများကြားတွင် ပြည်သူလူထုအားလုံးအနေဖြင့် အခက်အခဲစိန်ခေါ်မှုများနှင့် ဆင်းရဲကြပ်တည်းမှုများစွာ ခံစားနေကြရကာ ယခုကဲ့သို့ ပြည်သူတို့၏ လေးစားဂုဏ်ယူကြည်ညိုရသော ဆရာတော်ဘုရားကြီးအား ရည်ရွယ်ချက်ရှိရှိ ပတ်ခတ်သတ်ဖြတ်မှုသည် လွန်စွာ ဝမ်းနည်းဖွယ်ကောင်းသည့် လုပ်ရပ်ဖြစ်ပြီး အကြမ်းဖက်စစ်တပ်၏ အရှက်မဲ့သည့် လုပ်ရပ်အား မိမိတို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအင်စတီကျုမှ ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချကြောင်း ထုတ်ပြန်အပ်တယ်လို့ ဆိုထားပါတယ်။


========================


📌📌 ၆။ ရခိုင်မြောက်ပိုင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ရပ်ဆိုင်းထားမယ်လို့ နယ်စည်းမထားဆရာဝန်များအဖွဲ့ ကြေညာ


ရခိုင်ပြည်မြောက်ပိုင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်လာတာနဲ့အမျှ အရပ်သားတွေကိုထိခိုက်စေတဲ့ အကြမ်းဖက် မှုတွေ ရှိနေတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ပြီလို့ နယ်စည်းမထားဆရာဝန်များအဖွဲ့  MSF က အသိပေးကြေညာလိုက်ပါတယ်။ 

အရပ်သားတွေကို အကြမ်းဖက်ခြင်းနဲ့ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ ဝန်ဆောင်မှုတွေပေးဖို့ ကန့်သတ်ချက်တွေ များစွာရှိနေတဲ့အတွက် ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တာလို့ နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF က ဇွန်လ (၂၇) ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာပြီး အရပ်သားတွေကို ထိခိုက်စေတဲ့ အကြမ်းဖက်မှုတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေလုပ်ဆောင်ဖို့ ကန့်သတ်ချက်တွေ များစွာရှိနေတာကြောင့် ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်မှာရှိတဲ့ နယ်စည်းမထားဆရာဝန်များအဖွဲ့ - MSF က ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရတာလို့ အသိပေးထားပါတယ်။ 

MSF အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရွေ့လျားဆေးခန်း (၁၄) ခု ဖွင့်ထားပြီး ရခိုင်၊ ရိုဟင်ဂျာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခွင့်အလမ်းတွေကို လက်လှမ်းမမီတဲ့ လူနည်းစုအဖွဲ့တွေအပါအဝင် လူမှုအသိုက်အဝန်းအားလုံး မရှိမဖြစ် လိုအပ်နေတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ 

ပဋိပက္ခဒဏ်တွေကို ပြင်းထန်စွာခံစားခဲ့ရတဲ့ ပြည်သူတွေအတွက် MSF အနေနဲ့ အလွန်စိုးရိမ်တယ်လို့လည်း အသိပေးထားပါတယ်။

ဖြစ်ပွားနေဆဲတိုက်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် ပြည်သူတွေဟာ အသက်အိုးအိမ်ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံရတာ၊ အတင်းအကျပ် ခေါ်ယူစေခိုင်းခံရတာ နေရပ်ရွှေ့ပြောင်းရတာတွေအပြင် ဘေးကင်းရာကိုရွေ့ပြောင်းနိုင်မယ့် အခွင့်အရေးတွေမရှိတဲ့ကြား လူသားချင်း စာနာမှု အထောက်အပံ့များ ရယူရာမှာ ကန့်သတ်ခံရခြင်းတွေကိုလည်း ရွေးချယ်စရာမရှိဘဲ ကြံ့ကြံ့ခံ ရင်ဆိုင်နေကြရတယ်လို့ MSF က ဆိုပါတယ်။ 

အခုလို MSF က ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်တာကြောင့် လူထုအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုရနိုင်တဲ့ အခွင့်အလမ်းတွေ အလုံးစုံပြတ်တောက်သွားတယ်လို့ သိရပါတယ်။ 

ကျွန်တော်တို့အားလုံး ဗုံးကွဲပြီး သေသွားရင်ကောင်းမယ်လို့တောင် ထင်မိတယ်။ အဲ့ဒါဆို ဒီလို ဆင်းရဲဒုက္ခတွေ ဆက်ပြီး ခံစားနေစရာမလိုတော့ဘူး။ ဒုက္ခတွေခံနေရတာထက် တူတူသေသွားတာက ပိုကောင်းဦးမယ်လို့ ဘူးသီးတောင်က ရိုဟင်ဂျာတဦး ပြောဆိုထားတာကိုလည်း MSF က ဖော်ပြထားပါတယ်။ 

လတ်တလောအခြေအနေအရ ရခိုင်မြောက်ပိုင်းဒေသတွေမှာ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ဆောင်ပေးဖို့ မဖြစ်နိုင်ပေမယ့် ရခိုင်မြောက်ပိုင်းက လူထုနဲ့ လူနာတွေအတွက် လိုအပ်နေတဲ့ လူသားချင်းစာနာမှု အထောက်အပံ့တွေ ပေးအပ်ရန် ဆိုတဲ့ ကတိကဝတ်ကို ဆက်လက်ထားရှိဆဲဖြစ်တယ်လို့ MSF က အသိပေးထားပါတယ်။  

အခြေအနေတွေ တိုးတက်လာတာနဲ့ လုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့ ရခိုင်ပြည်မြောက်ပိုင်းမှာ ဆက်ရှိနေမှာဖြစ်ပြီး ရခိုင်ပြည်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်စေရန်နဲ့ အကာအကွယ်ပေးရမယ့် ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံများနဲ့ ဝန်ထမ်းများရဲ့အခြေအနေကို လေးစားပေးဖို့ ပဋိပက္ခမှ ာပါဝင်နေတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကိုလည်း MSF က တောင်းဆိုထားပါတယ်။


========================


📌📌 ၇။ SmartGov Website စတင်မိတ်ဆက်


SmartGov Website စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက ဇွန်လအတွင်းမှာ အသိပေးပါတယ်။

"ကျနော်တို့ရဲ့ SmartGov Product တွေအကြောင်း၊ Product တွေရဲ့ Status တွေကို ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပြီး SmartGov Product တွေအတွက် လိုအပ်တဲ့ Support တွေ ပေးနိုင်ဖို့အတွက် Support Center ပါဝင်လာမှာ ဖြစ်ပါတယ်။ Support Center ကနေတဆင့် SmartGov Product တိုင်းအတွက် Request, Support, Feedback တွေကို ပြုလုပ်လို့ရနိုင်မှာ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။

 SmartGov Website ကို https://smartgov.nugmyanmar.org တွင် ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ နောင်ချို ခမရ (၁၁၅) တပ်စခန်းကနေ လက်နက်မျိုးစုံ (၃၈၀) ကျော်နဲ့ ခဲယမ်းအမြောက်အများရရှိ


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲက ခမရ (၁၁၅) စခန်းကို သိမ်းပိုက်ခဲ့ရာမှာ လက်နက်မျိုးစုံ (၃၈၀) ကျော်နဲ့ ခဲယမ်းအမြောက်အများရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ဇွန်လ (၂၈) ရက် မနက်မှာ ထုတ်ပြန်ပါတယ်။ 

နောင်ချိုမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ (၁၁၅) တပ်စခန်းကို TNLA နဲ့ မန္တလေး - PDF ပူးပေါင်းတပ်ဖွဲ့တို့က ဇွန်လ (၂၅) ရက်နဲ့ (၂၆) ရက်နေ့တို့မှာ တိုက်ခိုက်သိမ်းပိုက်ရာ စခန်းအတွင်းကနေ လက်နက်မျိုးစုံ သိမ်းပိုက်ရရှိခဲ့တာကို ထုတ်ဖော်ပြသလိုက်တာ ဖြစ်ပါတယ်။

သိမ်းပိုက်ရရှိထားတဲ့ လက်နက်တွေဟာ MA-1 (၂၄) လက်၊  MA-2 (၁၃) လက်၊ MA-3 (၃၆) လက်၊  MA-4 () လက်၊  M-22 () လက်၊ G3 (၁၀) လက်၊ ရိုင်ဖယ်သေနတ် (၁၀၃) လက်၊ ကာဘိုင်သေနတ်  (၁၅၉) လက် စတဲ့ ချေမှုန်းရေးလက်နက် စုစုပေါင်း (၃၄၉) လက်၊ စက်လက်အသေး (၁၁) လက်၊ MA-15 (ငါးကြင်းမီး) () လက်၊ ပွိုင့် 5 () လက်၊ M-79 () လက်၊ ၈၁ မမ () လက် ၈၁ မမ (နောက်ပွင့်) () လက်၊ RPG-7 () လက်၊  ၆၀ မမ () လက်၊ ပြောင်းသေး ၆၀ မမ (၁၀) လက်တို့ဖြစ်ပြီး လက်နက်ငယ်ကျည်မျိုးစုံ () သောင်းကျော် RPG ၆၀/၈၀ မမ စတဲ့ ကျည်အမျိုးမျိုး (၅၀၀) ကျော် ဗုံးသီး၊ မိုင်းနဲ့ စကားပြောစက်များ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ် 

ဒါ့အပြင် ဇွန်လ (၂၆) ရက်နေ့ကလည်း နောင်ချိုမြို့ ကံ့ကော်တပ်စခန်းနှင့် အခြားတပ်စခန်းတွေကနေ လက်နက်မျိုးစုံ (၅၀) ကျော် သိမ်းဆည်းရမိထားတဲ့အပြင် လက်နက်ချအလင်းဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၇) ဦးနဲ့အတူ လက်နက်မျိုးစုံ (၅၀) ကျော်ပါ သိမ်းဆည်းရမိထားတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ (၁၀၂၇) စစ်ဆင်ရေး၏ ဒုတိယလှိုင်းတွင် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းလက်တွဲ၍အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းပါများကို တိုက်ခိုက်ချေမှုန်းလျက်ရှိတယ်လို့ NUG ပြည်သူ့ရဲတပ်ဖွဲ့ ထုတ်ပြန်


(၁၀၂၇) စစ်ဆင်ရေး၏ ဒုတိယလှိုင်းတွင် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းလက်တွဲ၍ အကြမ်းဖက်စစ်ကောင်စီနှင့်အပေါင်းပါများကို တိုက်ခိုက်ချေမှုန်းလျက်ရှိတယ်လို့ NUG ပြည်သူ့ရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် အကြမ်းဖက်မှုနှိမ်နင်းရေးအထူးတပ်ဖွဲ့ (SSTF) က ဇွန်လ (၂၈)ရက်မှာ အသိပေးပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ (People's Police) လုံခြုံရေးနှင့် အကြမ်းဖက်မှုနှိမ်နင်းတိုက်ဖျက်ရေးဌာနကြီးမှ တပ်ဖွဲ့ဝင်များသည် (၂၀၂၄) ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့တွင် ပြန်လည်စတင်ခဲ့သော

(၁၀၂၇) စစ်ဆင်ရေး၏ ဒုတိယလှိုင်းတွင် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းလက်တွဲ၍ အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းပါများကို တိုက်ခိုက်ချေမှုန်းလျက်ရှိပါကြောင်း တော်လှန်ပြည်သူအပေါင်းအား အသိပေးတင်ပြအပ်ပါတယ်လို့ ဆိုပါတယ်။

လုံခြုံရေး နှင့် အကြမ်းဖက်နှိမ်နှင်းရေး အထူးတပ်ဖွဲ့ Security & Special Task Force ( SSTF ) ဟာ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း ထူးခြားကောင်းမွန်သော တပ်ဖွဲ့တရပ်လည်း ဖြစ်ပါတယ်။


========================


🚩🚩 ၃။ စစ်တွေ ဗျိုင်းဖြူရွာသား ၄ဝ ကျော်ကို မတရားအသင်းဆက်သွယ်မှုနဲ့ စစ်တပ်က အမှုဖွင့်တရားစွဲ



ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာက ဒေသခံရွာသား (၄ဝ) ကျော်ကို အကြမ်းဖက်စစ်တပ်က မတရားအသင်း ဆက်သွယ်မှု ပုဒ်မ (၁၇-) နဲ့ အမှုဖွင့်တရားစွဲထားတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

မေလ (၂၉) ရက်နေ့က ဗျိုင်းဖြူရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ရွာသား (၂ဝဝ) ခန့်ကို ဖမ်းဆီးနှိပ်စက်ကာ (၇၈) ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် ကျန်ရွာသားတွေကို စစ်ကြောရေးခေါ်သွားပြီး (၄၅) ဦးကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ (၁၇-) နဲ့ အမှုဖွင့်တရားစွဲထားလို့ တရာစွဲခံထားရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် (၁ဝ) ရက်ခန့်အကြာမှာ (၃၈) ဦးကို အမှုစဖွင့်ပြီး ဇွန်လ (၁ဝ) ရက်နေ့မှာ နောက်ထပ် ရွာသား () ဦးကို အမှုဖွင့်ခဲ့တာလို့ သိရပါတယ်။

အမှုဖွင့်တရားစွဲဆိုခံရသူတွေဟာ ဘာအပြစ်မှမလုပ်ထားတဲ့အပြင် ဘယ်သူနဲ့မှ ဆက်သွယ်ထားတာမရှိဘဲ မတရားစွပ်စွဲပြီး ထောင်ချဖို့ကြိုးစားနေတဲ့ အကြမ်းဖက်စစ်တပ်က ပြည်သူထူထုကို အနိုင်ကျင့်တာဖြစ်တယ်လို့ ဖမ်းဆီးခံထားရတဲ့ မိသားစုတွေက ဆိုပါတယ်။   

အခုလို စွပ်စွဲဖမ်းဆီးခံရတဲ့ ဗျိုင်းဖြူရွာသား (၄၅) ဦးကို ဇွန်လ (၂၅) ရက်နေ့က စစ်တွေတရားရုံးမှာ ပထမအကြိမ် ရုံးထုတ်ခဲ့ပေမယ့် သေချာစွာ စစ်ဆေးမေးမြန်တာမရှိဘူးလို့လည်း သိရပါတယ်။ 

ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ဗျိုင်းဖြူရွာသားတွေဟာ စစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက်ခံခဲ့ရတဲ့အပြင် စစ်တွေအကျဉ်းထောင်အတွင်းမှာ ရိုက်နှက်စစ်ဆေးခံထားရတယ်လို့လည်း သိရပါတယ်။

ရခိုင်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက "အပြစ်မဲ့ ဗျိုင်းဖြူရွာသားတွေအပေါ် မတရား ဖမ်းဆီး သတ်ဖြတ်တာ၊ ချုပ်နှောင် တရားစွဲတာဟာ မလုပ်သင့်တဲ့အရာဖြစ်တယ်၊ အဲဒီရွာသားတွေဟာ ပြစ်မှုကျူးလွန်ထားတာ မဟုတ်ဘူး၊ ဒီလို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာတွေဟာ အပြစ်မဲ့အရပ်သားအပေါ် လူ့အခွင့်အရေး အလွန့်အလွန် ချိုးဖောက်ရာဖြစ်တယ်လို့ ပြောဆိုတဲ့အကြောင်း Western News က ဖော်ပြထားပါတယ်။ 

ရခိုင့်တပ်တော် AA ကတော့ ဗျိုင်းဖြူရွာသားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ကြသူတွေနဲ့ ပါဝင်ပတ်သက်သူ အားလုံးကို လက်တုန့်ပြန်သွားမယ်လို့ သတိပေး ပြောဆိုထားပြီး ဖြစ်ပါတယ်။


========================


🚩🚩 ၄။ အုတ်ဖိုမှာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ သတင်းပေး မြင့်နိုင်ဦးကို ပစ်ခတ်ရှင်းလင်း 


ပဲခူးတိုင်းအနောက်ခြမ်း သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ သတင်းပေး မြင့်နိုင်ဦးဆိုသူ ပစ်ခတ်ရှင်းလင်းခံရတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာက စစ်ကောင်စီ သတင်းပေး မြင့်နိုင်ဦးကို မနေ့ ဇွန်လ (၂၇) ရက် မနက် (၈း၃၀) ခန့်အချိန်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ () Black Dragon GBK-PDF တပ်ဖွဲ့က အတည်ပြုပါတယ်။

မြင့်နိုင်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ သွားလာလုပ်ရှားမှုတွေကို စုံစမ်းပြီး စစ်ကောင်စီထံသတင်းပေးနေသူလို့ ဆိုပါတယ်။

ဒါ့အပြင် မြင့်နိုင်ဦးဟာ စစ်ကောင်စီနဲ့ ပေါင်းကာ မမှန်သတင်းပေးပြီး ပြည်သူလူထုကို ဖမ်းဆီးခိုင်းတာတွေပြုလုပ်နေတဲ့အတွက် အခုလို အရေးယူခဲ့တာလို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ () Black Dragon GBK-PDF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment