၂၀၂၄ ဇွန်လ ၃၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မြင်းမူမြို့နယ်က သံဃာတော်တွေ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက် လိုက်တဲ့အတွက် သပိတ်မှောက်တဲ့ မြို့နယ် ၁၁ ခုရှိလာ
📌 ၂။ မြ၀တီဘက်ကို တရားမဝင် ဆက်သွယ်ထားတဲ့ အင်တာနက်ကေဘယ်ကြိုးလိုင်းတွေကို ထိုင်းအာဏာပိုင်တွေ ဖြတ်တောက်
📌 ၃။ ချောင်းဦးမြို့နယ် စစ်ရှောင်ကျောင်းသား/သူ များပညာသင်ကြားနေသော ကြားကာလစာသင်ကျောင်းသို့ စာရေးကိရိယာများလှူဒါန်း
📌 ၄။ သံတွဲ စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးပစ္စည်းများ လိုအပ်နေ
၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ သံတွဲဒေသခံ ၉ဝ ရာခိုင်နှုန်း မြို့ကိုစွန့်ခွာသွားပြီလို့ဆို
🚩 ၂။ သီပေါမြို့ကို မြောက်ပိုင်းမဟာမိတ်တပ်တွေ ဝိုင်းထားပြီး စစ်တပ်က ပြည်သူများကို ထွက်ပြေးခွင့်မပေးဘဲ လူသားတံတိုင်း အဖြစ် အသုံးပြု
🚩 ၃။ ဟိုင်ဂင် အပစ်ရပ်သဘောတူညီချက်ကို စစ်တပ်က ချိုးဖောက်တဲ့အတွက် ရှမ်းမြောက်မှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင် တယ်လို့ ၁၀၂၇ ဒုတိယလှိုင်းမှာ ပါဝင်လာတဲ့ MNDAA သတိပေး
🚩 ၄။ ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူအရပ်သား ၂၂ ကျော်လာပြီး ၃၀ ဒဏ်ရာရသူ
🚩 ၅။ အုတ်ဖိုမြို့နယ်က အများပြည်သူသုံးလမ်းတွေကို စစ်တပ်က မြေတူးစက်တွေနဲ့ဖျက်ဆီး
🚩 ၆။ ပြင်ဦးလွင်ဘက် စစ်ဘေးရှောင်လာသူတွေရဲ့ လိုင်စင်မဲ့ကားတွေကို စစ်တပ်နှင့်ရဲကဖမ်းဆီးပြီး ကျပ်သိန်းချီ ငွေတောင်းနေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မြင်းမူမြို့နယ်က သံဃာတော်တွေ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက် လိုက်တဲ့အတွက် သပိတ်မှောက်တဲ့ မြို့နယ် ၁၁ ခုရှိလာ
ဇွန်လ၃၀ရက်။
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်က သံဃာတော်တွေ အကြမ်းဖက်စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်လိုက်ပြီ ဖြစ်တဲ့အတွက် သပိတ်မှောက်တဲ့ မြို့နယ် ၁၁ ခု အထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။
မြင်းမူမြို့နယ်မှ သံဃာတော်တွေ မနေ့ ဇွန်လ ၂၉ ရက်နေ့ကပဲ ပတ္တနိက္ကုဇ္ဇန ကံဆောင် သံဃာ့သပိတ်မှာ ပူးပေါင်းပါဝင်လာ ခဲ့တာဖြစ်ပါတယ်။
ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ကို ချောင်းဦးမြို့နယ်က သံဃာတော်တွေ ဇွန်လ ၂၃ ရက်နေ့မှာ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဇွန် ၂၄ ၊ ၂၅၊ ၂၆ ၊ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ ဒီပဲယင်း၊ တန့်ဆည်၊ ဆားလင်းကြီး၊ စစ်ကိုင်း၊ မုံရွာ၊ မြိုင်၊ ဝက်လက်တို့က သံဃာတော်တွေ ပူးပေါင်းပါဝင်ခဲ့ပြီး ဇွန်လ ၂၉ ရက်နေ့မှာ မြင်းမူ၊ အရာတော်မြို့နဲ့ဘုတလင်မြို့နယ်တို့က သံဃာတော်တွေ ပူးပေါင်းပါဝင်လာတာလို့ မှတ်တမ်းတွေအရ သိရပါတယ်။
ဒီမှတ်တမ်းတွေအရ စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ မြို့နယ်တွေ အများစုပါဝင်နေပြီး မကွေးတိုင်းထဲက မြိုင်မြို့နယ်တခုတည်းသာ ပါဝင်နေတာကိုတွေ့ရပါတယ်။
အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ရာမှာ စစ်ကောင်စီကို သံဃာထုက အဆက်အဆံမပြုဖို့ တညီတညွတ်တည်း ဆုံးဖြတ်ချက်ချလိုက်တာလို့ သိရပါတယ်။
ဇွန်လ ၁၉ ရက်နေ့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ် လိုက်ပြီးနောက် သံဃာတော်တွေက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်နေကြတာဖြစ်ပါတယ်။
========================
📌📌 ၂။ မြ၀တီဘက်ကို တရားမဝင် ဆက်သွယ်ထားတဲ့ အင်တာနက်ကေဘယ်ကြိုးလိုင်းတွေကို ထိုင်းအာဏာပိုင်တွေ ဖြတ်တောက်
ဇွန်လ၃၀ရက်။
ကရင်ပြည်နယ်ထဲက ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြ၀တီဘက်ခြမ်းကို တရားမဝင်ဆက်သွယ်ထားတဲ့ အင်တာနက် ကေဘယ်လ်ကြိုးလိုင်းတွေကို ထိုင်းအာဏာပိုင်တွေက ဖြတ်တောက်လိုက်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ တာ့က်ခရိုင်ကနေ မြဝတီဘက်ကို မြေအောက်ကနေ တရားမဝင်ဆက်သွယ်ထားတဲ့ အင်တာနက်ကေဘယ်ကြိုး လိုင်းတွေကို ထိုင်းအာဏာပိုင်တွေပါတဲ့ ပူးပေါင်းအဖွဲ့က စစ်ဆေးဖြတ်တောက်လိုက်တာလို့ သိရပါတယ်။
အဲဒီကေဘယ်ကြိုးလိုင်းတွေကို ဇွန် ၂၈ ရက်နေ့ မနက်ပိုင်းမှာ ထိုင်းရဲတပ်ဖွဲ့ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးပြီး ဖြတ်တောက်လိုက်တာလို့ မဲဆောက်အခြေစိုက် ထိုင်းသတင်းဌာနတွေကလည်း ရေးသားဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံ တာ့ပ်ခရိုင်ထဲက မဲဆောက်၊ ဖိုးဖနဲ့ မယ်လမတ်မြို့နယ်တို့ကနေတဆင့် ကရင်ပြည်နယ် မြ၀တီခရိုင် မြ၀တီမြို့နယ် ထဲက ဝမ်ယာနဲ့ ရွှေကုက္ကိုမြို့သစ်တို့မှာရှိတဲ့ ကာစီနိုလောင်းကစားရုံတွေမှာအသုံးပြုဖို့ မြေအောက်လမ်းကနေ တရားမဝင် ဆက်သွယ်ထားသည့် အင်တာနက် ကေဘယ်ကြိုးလိုင်းတွေကို ဖြတ်တောက်လိုက်တာလို့ သိရပါတယ်။
ထိုင်းဘက်ကနေ မြန်မာဘက်ကို တရားမဝင်ဆက်သွယ်ထားတဲ့ မြေအောက်အင်တာနက်ကေဘယ်ကြိုးလိုင်း ၅ နေရာ အနက် ၃ နေရာကို တာ့က်ခရိုင်ရဲတပ်ဖွဲ့ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးပြီး ဖြတ်တောက်ခဲ့တာ ဖြစ်ပါ တယ်။
ထိုင်အာဏာပိုင်တွေက အင်တာနက် ကေဘယ်လ်လိုင်းများနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖြတ်တောက်သိမ်းဆည်းခဲ့ပြီး ဖြစ်တယ်လို့ မဲဆောက်ရဲစခန်းမှာ ဇွန် ၂၈ ရက်နေ့ကပဲ ရဲမှူးကြီး စမ်မလစ် အေကမွန်က ပြောဆိုထားပါတယ်။
အင်တာနက်လိုင်းတွေ တရားမဝင် ဆက်သွယ်ရယူမှုတွေနဲ့ပတ်သက်လို့ ပါဝင်နေသူတွေကို ဖမ်းဆီးရမိနိုင်ဖို့ တာ့ပ်ခရိုင် ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေအဆိုအရ သိရပါတယ်။
========================
📌📌 ၃။ ချောင်းဦးမြို့နယ် စစ်ရှောင်ကျောင်းသား/သူ များပညာသင်ကြားနေသော ကြားကာလစာသင်ကျောင်းသို့ စာရေးကိရိယာများလှူဒါန်း
ဇွန် ၃၀ Radio NUG
ချောင်းဦးမြို့နယ်ရှိ ကြားကာလပညာရေးစာသင်ကျောင်းသို့ သွားရောက်ပြီး စစ်ရှောင်ကျောင်းသား/သူ များထံ စာရေးကိရိယာများကို လှူဒါန်းခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်က ဖော်ပြထားပါတယ်။
"အမေစု(79)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် အမေ့ပန်းချီအလှူမှ ပန်းချီနုယဉ်နှင့်အမေစုကိုချစ်သောသားသမီးများ" အလှူရှင် ကိုယ်စား ကျောင်းသားဦးရေ ၁၃၀ ကျော်အတွက် စာရေးကိရိယာများကို ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
သွားရောက်လှူဒါန်းနိုင်ဖို့အတွက် We Are People အဖွဲ့သားများက လမ်းကြောင်းစီစဥ်ပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၄။ သံတွဲ စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးပစ္စည်းများ လိုအပ်နေ
ဇွန် ၃၀ Radio NUG
ရခိုင်ပြည် သံတွဲမြို့နယ်က စစ်ရှောင်စခန်း များတွင် အမျိုးသမီးလစဉ်သုံးပစ္စည်းများ လိုအပ်နေသည်လို့ သိရပါတယ်။
စစ်ရှောင်စခန်း ၁၆ ခုမှာ လူဦးရေ ၂၀၀၀ ကျော်ရှိပြီး ၆၀ ရာခိုင်နှုန်းလောက်က အမျိုးသမီးများ ဖြစ်နေတာမို့လို့ အရေးပေါ် လစဉ်သုံးပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
သံတွဲမြို့မှာ အမျိုးသမီးလစဉ်သုံးပစ္စည်းနှင့် ကလေးဒိုင်ဗာများ တင်သွင်းခွင့်ကို စစ်ကောင်စီက တားဆီးပိတ်ပင်ထားကြောင်း သိရပါတယ်။
ဓမ္မတာလာတဲ့အချိန်မှာ လစဉ်သုံးပစ္စည်းမရှိတော့ အရင်နည်းတွေအတိုင်း အဝတ်စုတ်တွေကို လျှော်ဖွတ်ပြီး ထပ်ခါထပ်ခါ သုံးနေရတာကြောင့် ကျန်းမာရေးအတွက် စိုးရိမ်နေရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့် ခါးရှဲလ်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ သံတွဲဒေသခံ ၉ဝ ရာခိုင်နှုန်း မြို့ကိုစွန့်ခွာသွားပြီလို့ဆို
ဇွန်လ၃၀ရက်။
ရခိုင့်တပ်တော်နဲ့ အကြမ်းဖက်စစ်ကောင်စီတို့ကြား တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ သံတွဲမြို့က ဒေသခံပြည်သူ ၉ဝ ရာခိုင်နှုန်း မြို့ကိုစွန့်ခွာသွားပြီဖြစ်တာကြောင့် မြို့ဟာ ခြောက်ကပ်နေတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
သွားစရာနေရာမရှိတဲ့ သံတွဲမြို့က ဒေသခံပြည်သူအချို့ကလည်း တိုက်ပွဲတွေကြားမှာ အသက်စွန့်ပြီး နေထိုင်ကြရတယ်လို့ ဆိုပါတယ်။
သံတွဲမြို့၊ ငပလီမြို့အပါအဝင် မြို့အနီးအနားမှာရှိတဲ့ ကျေးရွာတွေနဲ့ တိုက်ပွဲဖြစ်တာမရှိတဲ့ ကျေးလက်ဒေသတွေကို အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်တွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်တယ်လို့ Western News က ဖော်ပြပါတယ်။
ကမ္ဘာကျော်ကမ်းခြေတွေထဲက တခုဖြစ်တဲ့ ငပလီမြို့နဲ့ သံတွဲမြို့ဟာ လက်ရှိအချိန်မှာ တိုက်ပွဲတွေကြောင့် ခြောက်ကပ်နေပြီး လူမရှိတဲ့အိမ်အချို့ ဖောက်ထွင်းခံရမှုတွေရှိနေတယ်လို့ သိရပါတယ်။
သံတွဲမြို့နယ်မှာ စစ်ရှောင်စခန်း ၁၆ ခုထက်မနည်းရှိနေပြီး စစ်ဘေးရှောင်ပြည်သူ ၂ဝဝဝ ကျော်အနက် အမျိုးသမီးဦးရေ ၁ဝဝဝ ကျော်ပါဝင်နေတဲ့အတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။
========================
🚩🚩 ၂။ သီပေါမြို့ကို မြောက်ပိုင်းမဟာမိတ်တပ်တွေ ဝိုင်းထားပြီး စစ်တပ်က ပြည်သူများကို ထွက်ပြေးခွင့်မပေးဘဲ လူသားတံတိုင်း အဖြစ် အသုံးပြု
ဇွန်လ၃၀ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ သီပေါမြို့ကို မြောက်ပိုင်းမဟာမိတ်တပ်တွေက ဝိုင်းထားတဲ့အတွက် စစ်တပ်က မြို့နေ ပြည်သူတွေကို မြို့ပြင်ထွက်ခွင့်မပေးဘဲ လူသားတံတိုင်းအဖြစ်အသုံးပြုနေတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်ခဲ့တဲ့ ဇွန် ၂၅ ကစပြီး မြို့နေပြည်သူတွေ ရေလမ်းကနေ ထွက်ပြေးတိမ်းရှောင်နေကြ တာကို ဇွန်လ ၂၉ ရက်နေ့မှာ ထွက်ခွာခွင့်ပိတ်လိုက်တာလို့ ဆိုပါတယ်။
တခုတည်းသာကျန်တော့တဲ့ ရေလမ်းထွက်ပေါက်မှာ သီပေါရဲစခန်းက ရဲတွေစောင့်နေပြီး ထွက်ခွင့်မပေးတော့တဲ့အတွက် မြို့ထဲကပြည်သူတွေဟာ လူသားဒိုင်းကာအဖြစ် အသုံးပြုခံနေရတာလည်း ဖြစ်ပါတယ်။
သီပေါမြို့မှာ အထွက်လမ်း ၃ လမ်းရှိပြီး လမ်းတခုကို တိုက်ပွဲမဖြစ်ခင် ၁၀ ခန့်မှာ မြေတူးစက်တွေနဲ့တူးပြီး ပိတ်ပစ်လိုက် သလို ကျင်းသီတံတားဘက်က အထွက်လမ်းနဲ့ အခြားလမ်းတခုကိုတော့ စစ်ကောင်စီတပ်ဖွဲ့က ပိတ်ဆို့ထားတယ်လို့ သိရပါ တယ်။
ဇွန်လ ၃ဝ ရက်နေ့ မနက် ၁၁ နာရီဝန်းအချိန်ထိ သီပေါမြို့ပေါ်မှာ တိုက်ပွြတွေ မဖြစ်သေးပေမယ့် မြို့ပတ်လည် ၃ ၄ မိုင်ခန့် အကွာမှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိနေတယ်လို့ မြို့ခံအချို့က ဆိုပါတယ်။
လတ်တလောရရှိထားတဲ့သတင်းတွေအရ သီပေါမြို့ပတ်လည်မှာ တအာင်း TNLA တပ်တွေအပြင် ကိုးကန့်တပ် MNDAA တပ်တွေရှိနေသလို ဆွတ်လန်းကျေးရွာဘက်နဲ့ လားရှိုး-သီပေါလမ်းကြောမှာ MNDAA တပ်တွေရှိနေတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီဘက်က ဟိုင်ဂင် အပစ်ရပ် သဘောတူညီချက်ကို ချိုးဖောက်ပြီး မဟာမိတ်တပ်တွေကို တိုက်ခိုက် လာတဲ့အတွက် ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ ပါဝင်လာတဲ့ ကိုးကန့်တပ် MNDAA က ဇွန်လ ၂၉ ရက်နေ့ကပဲ သတိပေးထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
========================
🚩🚩 ၃။ ဟိုင်ဂင် အပစ်ရပ်သဘောတူညီချက်ကို စစ်တပ်က ချိုးဖောက်တဲ့အတွက် ရှမ်းမြောက်မှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင် တယ်လို့ ၁၀၂၇ ဒုတိယလှိုင်းမှာ ပါဝင်လာတဲ့ MNDAA သတိပေး
ဇွန်လ၃၀ရက်။
အကြမ်းဖက်စစ်ကောင်စီဘက်က ဟိုင်ဂင် အပစ်ရပ် သဘောတူညီချက်ကို ချိုးဖောက်ပြီး မဟာမိတ်တပ်တွေကို တိုက်ခိုက်လာတဲ့အတွက် ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ ပါဝင်လာတဲ့ ကိုးကန့်တပ် MNDAA က သတိပေး ပြောဆိုလိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မြောက်ဘက် နမ့်ဖူးယိုင်ဒေသမှာရှိတဲ့ MNDAA နယ်မြေကို စစ်ကောင်စီဘက်က ဇွန်လ ၂၉ ရက်နေ့မှာ လာရောက်တိုက်ခိုက်လာတဲ့အတွက် ကိုးကန့်တပ် MNDAA က အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။
လားရှိုးမြို့ မြောက်ဘက် နမ့်ဖူးယိုင်မှာရှိတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-MNDAA ကာကွယ် ရေးနယ်မြေကို စစ်ကောင်စီလက်အောက်ခံ ခမရ ၅၇၉ တပ်ရင်းက ဇွန်လ ၂၉ ရက် မနက် ၈ နာရီခန့်အချိန်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် MNDAA ရှေ့တန်းတပ်သား ၂ ဦးကျဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးနောက် မနက် ၁၁ နာရီအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ ပြန်လည် ဆုတ်ခွာသွား တယ်လို့ ဆိုပါတယ်။
ထိုးစစ်ဆင်တိုက်ခိုက်တာမအောင်မြင်တဲ့ စစ်ကောင်စီတပ်ဟာ လားရှိုးမြို့က ဟိုပိတ် နဲ့ ၁၃ မိုင်မှာရှိတဲ့ မြောက်ပိုင်း မဟာမိတ်တပ်တွေရဲ့ ကာကွယ်ရေးနယ်မြေကို အမြောက်ကျည်မျိုးစုံနဲ့ပစ်ခတ်ခဲ့တဲ့အပြင် ည ၈ နာရီခွဲကျော်အထိ အကြမ်း ဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့လည်း MNDAA က အသိပေးထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ဟိုင်ဂင် အပစ်ရပ် သဘောတူညီချက်ကို ချိုးဖောက်ပြီး မဟာမိတ်တပ်တွေကို တိုက်ခိုက်ခဲ့ရာ ဇွန်လ ၁၈ ရက်နေ့က TNLA နယ်မြေကို ဗုံးကြဲတိုက်ခိုက်တဲ့အပြင် ဒရုန်းတွေနဲ့ပါ တိုက်ခိုက်ခဲ့တဲ့အတွက် လက်ရှိမှာ စစ်တပ် နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်ဘက်က စခန်းတွေ စွန့်လွှတ်ခဲ့ရပြီးဖြစ်ပါတယ်။
အခုလို အာဏာသိမ်းစစ်တပ်က အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်တွေကို လျစ်လျူရှုထားတဲ့အတွက် ၁၀၂၇ စစ်ဆင် ရေး ဒုတိယလှိုင်းမှာ ကိုးကန့်တပ် MNDAA ပါဝင်လာသလို စစ်ကောင်စီဘက်ကလည်း စစ်အင်အားတွေဖြည့်တင်းနေတာ ကြောင့် ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်သူတွေကလည်း ပြောဆို နေကြပါတယ်။
========================
🚩🚩 ၄။ ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူအရပ်သား ၂၂ ကျော်လာပြီး ၃၀ ဒဏ်ရာရသူ
ဇွန်လ၃၀ရက်။
ရှမ်းပြည်မြောက်ပိုင်းက တအာင်းပြည် တပ်မဟာ ၂ စစ်ဒေသမှာပါတဲ့ ကျောက်မဲ၊ နောင်ချိုနဲ့ မန္တလေးတိုင်း မိုးကုတ် မြို့နယ်တို့မှာ တိုက်ပွဲဖြစ်ခဲ့တဲ့ ၅ ရက်တာကာလအတွင်း စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သား ၂ဝ ကျော် အထိရှိလာပြီး ဒဏ်ရာရသူ ၃၀ ဦးရှိတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဒီနေ့ ဇွန်လ ၃ဝ ရက် မနက် အစောပိုင်းမှာ ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရပ်သားနေအိမ်တွေနဲ့ အရပ်သားတွေရှိရာနေရာတွေကို ဦးတည်ပြီး လက်နက်ကြီး တွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေတိုက်ခိုက်တာတွေကြောင့် အရပ်သားတွေ သေဆုံးဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲစဖြစ်တဲ့ ဇွန်လ ၂၅ ရက်နေ့မှာ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာခဲ့ကာ ဇွန် ၂၆ မှာ သေဆုံးသူ ၄ ဦး ဒဏ်ရာရသူ ၁၅ ဦး၊ ၂၇ ရက်နေ့မှာ သေဆုံးသူ ၃ ဦး ဒဏ်ရာရသူ ၃ ဦး၊ ၂၈ ရက်နေ့မှာ သေဆုံးသူ ၁၁ ဦး ဒဏ်ရာရသူ ၄ ဦး၊ ဇွန်လ ၂၉ ရက်နေ့မှာ သေဆုံးသူ ၂ ဦး ဒဏ်ရာရသူ ၃ ဦး စုစုပေါင်း ဒေသခံ ၂၂ ဦးသေဆုံးကာ ၃၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
ဇွန်လ ၂၉ ရက်နေ့က အရပ်သားသေဆုံးမှုဟာ ကျောက်မဲမြို့ ရပ်ကွက် ၈ အတွင်း စစ်ကောင်စီကပစ်ခတ်တဲ့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့်ဖြစ်ပြီး အမျိုးသမီး၂ ဦးသေဆုံးကာ အမျိုးသားတဦး ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် နောင်ချိုမြို့ က ကံ့ကော်ဘုန်းကြီးကျောင်းပေါ်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး ၆ လုံး ကြဲခဲ့တဲ့အတွက် ဘုန်းကြီး ကျောင်းက ကျောင်းဆောင်တွေ ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။
အလားတူ မိုးမိတ်မြို့ ညောင်နီရွာမှာလည်း စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ၂ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အိမ်တလုံး ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်တို့ကြားဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ် မြို့နယ်တို့မှာ စစ်ဘေးရှောင် ၃၀၀၀ နီးပါးအထိ ရှိနေတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၅။ အုတ်ဖိုမြို့နယ်က အများပြည်သူသုံးလမ်းတွေကို စစ်တပ်က မြေတူးစက်တွေနဲ့ဖျက်ဆီး
ဇွန်လ၃၀ရက်။
ပဲခူးတိုင်းအနောက်ခြမ်းက အုတ်ဖိုမြို့နယ်မှာ အများပြည်သူအသုံးပြုသွားလာနေတဲ့ လမ်းတွေကို အကြမ်းဖက်စစ်တပ်က မြေတူးစက်တွေနဲ့ လာရောက်ဖျက်ဆီးသွားတယ်လို့ ဒေသနေပြည်သူတွေက ပြောပါတယ်။
အုတ်ဖိုနယ် ဒေါင်းစပါးကျေးရွာအုပ်စုထဲက ဒေါင်လေးရွာထိပ်မှာရှိတဲ့ ဦးပုန်းတံတား တဖက်တချက်က ဂဝံလမ်းကို စစ်တပ်က ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းမှာ လာရောက်ဖျက်ဆီးခဲ့တာကြောင့် ဒေသခံပြည်သူတွေက အခုလို ပြောတာ ဖြစ်ပါတယ်။
သရက်တိုက်တံတားလို့ခေါ်တဲ့ ဦးပုန်းတံတားတဖက်တချက်စီမှာ ၁ဝ ပေခန့်နက်တဲ့ ကျင်းတွေတူးပြီး ဖျက်ဆီးခဲ့တာကြောင့် ကားတွေ ဆိုင်ကယ်တွေ သွားလို့မရတော့ဘဲ အခက်အခဲဖြစ်နေရတယ်လို့ ဆိုပါတယ်။
အဆိုပါတံတားဟာ အုတ်ဖိုမြို့နယ်အရှေ့ခြမ်းကကျေးရွာတွေနဲ့ ကြို့ပင်ကောက်မြို့ကိုဆက်သွယ်ထားတဲ့လမ်းဖြစ်ပြီး ဒေသခံပြည်သူတွေ အားထားနေရတဲ့ လမ်းဖြစ်တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ လမ်းကိုဖျက်ဆီးသွားတဲ့အပြင် ဒေသခံပြည်သူတွေ ပြန်လည်ပြုပြင်အသုံးပြုမှာ စိုးရိမ်တဲ့အတွက် တံတားအနီးမှာ မြေမြုပ်မိုင်းတွေပါ ထောင်သွားကြတယ်လို့လည်း အုတ်ဖို့မြို့ခံ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အရင်ကလည်း ချောင်းတင်းကွင်းလမ်းကို ဖျက်ဆီးထားခဲ့ဘူးတာကြောင့် ဒီလမ်းတွေကို အားထား နေရတဲ့သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။
ခုလို အကြမ်းဖက်စစ်တပ်က အများပြည်သူအသုံးပြုရာလမ်းတွေကို ဖျက်ဆီးနေတာဟာ ရိုးမဘက်ကနေ ပြည်သူ့ကာကွယ် ရေးတပ်တွေ ဆင်းလာမှာကို ကြောက်နေတာကြောင့် ဖျက်ဆီးနေတာလို့ ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့တွေက ပြောပါ တယ်။
အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကလည်း အုတ်ဖိုမြို့နယ် ဆင်ဂေါင်းအုပ်စုထဲက ချောင်တင်းကွင်း ကျေးရွာနဲ့ ဒေါင်းစပါးအုပ်စု သာလိကာကျေးရွာကို ဆက်သွယ်ထားတဲ့ သာလိကာ-ဂွေးချောင်းလမ်း၊ လှေတုန်း၊သခွပ်ကုန်း၊ ဒေါင်းစပါး ၊ ဒေါင်ကြီး၊ဒေါင်လေး စတဲ့ကျေးရွာတွေကို ဆက်သွယ်ထားတဲ့ သဲကုန်း-ဒေါင်ကြီးလမ်းကို မြေတူးစက်တွေနဲ့ ဖျက်ဆီးခဲ့ဘူးတယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ ပြင်ဦးလွင်ဘက် စစ်ဘေးရှောင်လာသူတွေရဲ့ လိုင်စင်မဲ့ကားတွေကို စစ်တပ်နှင့်ရဲကဖမ်းဆီးပြီး ကျပ်သိန်းချီ ငွေတောင်းနေ
ဇွန်လ၃၀ရက်။
မန္တလေးတိုင်းထဲက ပြင်ဦးလွင်ဘက်ကိုလာတဲ့ စစ်ဘေးရှောင်ကားတွေထဲက လိုင်စင်မဲ့ကားတွေကို စစ်တပ်နဲ့ယာဉ်ထိန်းရဲ ပါတဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးပြီး ကားတစီးကို ငွေကျပ် ၃ သိန်းနှုန်းနဲ့ တောင်းခံနေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
မနေ့ ဇွန်လ ၂၉ ရက်နေ့က ကျောက်မဲမြို့က စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေဟာ အလံဖြူတွေထောင်ပြီး ပြင်ဦးလွင်ဘက် ကို တက်သွားကြရာမှာ စစ်တပ်နဲ့ရဲ ပူးပေါင်းအဖွဲ့တွေက ပြင်ဦးလွင်အဝင်မှာ ကားတွေကိုတားဆီးစစ်ဆေးခဲ့တယ်လို့ စစ်ဘေးရှောင်သူတွေနဲ့ ကားသမားတွေက ပြောပါတယ်။
အခုလိုစစ်ဆေးရာမှာ လိုင်စင်မဲ့ကားတွေကိုဖမ်းပြီး ကားတစီးကို ငွေကျပ် ၃ သိန်းနှုန်း တောင်းခံခဲ့တာလို့ ဆိုပါတယ်။
တအာင်းတပ် TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲဖြစ်နေတဲ့ဒေသတွေကနေ ပြင်ဦးလွင်ဘက်ကို စစ်ဘေးလာရှောင်သူတွေရဲ့ ကားတွေထဲမှာ လိုင်စင်မဲ့ကားတွေ ပါဝင်နေပြီး ပြင်ဦးလွင်မြို့က ဝက်ဝံ X Ray စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးစစ်ဆေးပြီး ငွေတောင်းခံတာလို့လည်း သိရပါတယ်။
မိုးကုတ်မြို့ကပြည်သူတွေ အိမ်ထဲမှာသာနေကြဖို့ မိုးကုတ်ဗျူဟာက တိုက်တွန်းထားပေမယ့် စစ်ဘေးရှောင်လိုသူတွေအနေ နဲ့ မိုးကုတ်မြို့ကနေ မန္တလေးနဲ့ပြင်ဦးလွင်ဘက် ထွက်နိုင်ဖို့ကြိုးစားနေကြတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေပါတဲ့ ကားစီးရေ ရာချီ ပိတ်မိနေတယ်လို့ မိုးကုတ်ဒေသခံအချို့က ပြောပါတယ်။။
ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နဲ့ မန္တလေးတိုင်းထဲက မိုးကုတ်မြို့နယ်တို့မှာ ဇွန် ၂၅ ရက်က စပြီး စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ပြင်ထန်နေတာကြောင့် ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေကြတာဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment