၂၀၂၄ ဇူလိုင်လ ၁၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး
နိုင်သု၀ဏ္ဏဦးဆောင်ကျင်းပ
📌 ၂။ NUGလျှပ်စစ်ဝန်ကြီးဌာနေအနေနဲ့ စွမ်းအင်ပိုင်းဆိုင်ရာမှာ ဖက်ဒရယ်ပုံစံဖြစ်ဖို့အရေး သုတေသနပြုလုပ်နေပြီး အသစ်ပေါ်လာတဲ့ ဖက်ဒရယ်ပြည်နယ် ကောင်စီအစိုးရတွေနဲ့လက်တွဲပြီး လုပ်ဆောင်သွားမည်
📌 ၃။ ၂၀၂၄ ခုနှစ်ရဲ့နှစ်တဝက်အတွင်းမှာစကစရဲ့လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများဟာ ၂၀၂၃ ခုနှစ် တနှစ်လုံးစာ ချိုးဖောက်မှုလောက်အထိရှိလာခဲ့
📌 ၄။ မတ္တရာမြို့နယ်နဲ့ နောင်ချိုမြို့ စစ်ဘေးရှောင် ပြည်သူများကို ပြင်ဦးလွင်ခရိုင်ပကဖ၊ မတ္တရာမြို့နယ် ပကဖ တို့က ဆန်အိတ်နဲ့ဆီပုံးများကူညီထောက်ပံ့
📌 ၅။ လားရှိုးမြို့တွင်းရပ်ကွက်တွေထဲမှာ ညပိုင်း အိမ်ဖောက်ထွင်းမှုတွေ ဖြစ်လာ
📌 ၆။ TheKey Project မှာ ပါဝင်ကူညီခြင်းဟာ Federal Wings တွေရဲ့တော်လှန်ရေးကိစ္စရပ်တွေအတွက် အထောက်အကူဖြစ်တယ်လို့ဆို
၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ နောင်ချိုမြို့နယ်တခုလုံးကို ထိန်းချုပ်နိုင်ပြီလို့ မန္တလေး -PDF တရားဝင်အသိပေး
🚩 ၂။ ရှမ်းမြောက်စစ်ဆင်ရေးမှာ ရန်သူက ဓာတုအဆိပ်ဗုံးတွေ အတော်များများ အသုံးပြုလာပြီးမှတ်တမ်းသက်သေအဖြစ်သိမ်းဆည်းဖို့လိုတယ်လို့ BPLAကွပ်ကဲရေးမှူးအသိပေး
🚩 ၃။ ပုလောမြို့နယ်အတွင်းကို အင်အား ၅၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု ဗိုလ်မှူးအပါအဝင် စစ်သား ၅ ဦးသေဆုံးပြီး ၂ ဦး ဖမ်းဆီးရမိ
🚩 ၄။ ထီးလင်းမြို့ပေါ်က အကြမ်းဖက်စစ်သားများ တပ်စွဲရာနေရာတွေကို ဒရုန်း၊ လက်နက်ကြီးများနဲ့တိုက်ခိုက်
🚩 ၅။ သံတွဲမှာ စစ်တပ်ကပစ်တဲ့လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် အရပ်သား တဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ
🚩 ၆။ ပုလောမြို့နယ်မှာရှိတဲ့ စစ်တပ်ဂိတ်စခန်း ဗုံးကြဲတိုက်ခိုက်
🚩 ၇။ စစ်တပ်နဲ့ ပျူစောထီးတွေရဲ့ နှိပ်စက်တာကိုမခံနိုင်တော့တဲ့ ပေါက်မြို့နယ် တရော်ကိုင်းရွာက ဒေသခံ ၁၀ ဦး ထွက်ပြေးလာပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ခိုလှုံ
🚩 ၈။ ရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သု၀ဏ္ဏဦးဆောင်ကျင်းပ
ဇူလိုင်၁၁ရက်
ဇူလိုင်လ ၁၀ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၂၈/၂၀၂၄)ကို ပြည်ထောင်စုဝန်ကြီးနိုင်သု၀ဏ္ဏမှ ဦးဆောင်ကျင်းပခဲ့ပါတယ်။
အစည်းအဝေး၌ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနိုင်သု၀ဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်းလမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ကာ ဝန်ကြီးဌာနများ၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၂။ NUGလျှပ်စစ်ဝန်ကြီးဌာနေအနေနဲ့ စွမ်းအင်ပိုင်းဆိုင်ရာမှာ ဖက်ဒရယ်ပုံစံဖြစ်ဖို့အရေး သုတေသနပြုလုပ်နေပြီး အသစ်ပေါ်လာတဲ့ ဖက်ဒရယ်ပြည်နယ် ကောင်စီအစိုးရတွေနဲ့လက်တွဲပြီး လုပ်ဆောင်သွားမည်
ဇူလိုင်၁၁ရက်
NUGလျှပ်စစ်ဝန်ကြီးဌာနေအနေနဲ့ စွမ်းအင်ပိုင်းဆိုင်ရာမှာ ဖက်ဒရယ်ပုံစံဖြစ်ဖို့အရေး သုတေသနပြုလုပ်နေပြီး အသစ်ပေါ်လာတဲ့ ဖက်ဒရယ်ပြည်နယ် ကောင်စီအစိုးရတွေနဲ့လက်တွဲပြီး လုပ်ဆောင်သွားမယ်လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်ကပြောပါတယ်။
၂၄နာရီအများပြည်သူမီးလင်းပါစေ စကားဝိုင်းမှာ လျှပ်စစ်နှင့်စွမ်းအင်ဒုဝန်ကြီးဦးမော်ထွန်းအောင်ကပြောပါတယ်။
"လက်ရှိမြန်မာနိုင်ငံမှာ လျှပ်စစ်နဲ့ ပတ်သက်ပြီး မူဝါဒပိုင်းအရ ကြည့်မယ်ဆိုရင် ဗဟို ဦးစီးစနစ်နဲ့ လုပ်ခဲ့တာတွေရှိတယ်။ လျှပ်စစ်တန်းတူညီမျှမရရှိမှု မူဝါဒအရ ဖြစ်နေတာတွေက ဖြေရှင်းရမယ့် ကိစ္စတွေဖြစ်တယ်။ ရေအားလျှပ်စစ် စက်ရုံတွေက တောင်ပေါ်ဒေသမှာ ရှိပြီးတော့ နိုင်ငံတော်ဓါတ်အားစနစ်ကတော့များသောအားဖြင့် မြေပြန့်တွေမှာ ရှိနေတာပါ။ ဆိုတော့ မူဝါဒအရ ဒီဟာတွေကို ပြင်ဆင်ဖို့လိုပါတယ်။ အဲ့တာကြောင့် ကျွန်တော်တို့ လျှပ်စစ်ဝန်ကြီးဌာနေအနေနဲ့ ဆိုရင် စွမ်းအင်ပိုင်းဆိုင်ရာမှာ ဖက်ဒရယ်ပုံစံနဲ့ ဘယ်လို သွားကြမလဲဆိုတာကို သုတေသနပြုလုပ်တယ်။ အသစ်ပေါ်လာတဲ့ ဖက်ဒရယ်ပြည်နယ် ကောင်စီအစိုးရအဖွဲ့တွေနဲ့လည်း လက်တွဲပြီး လုပ်သွားဖို့ရှိပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာစကစဟာ အများပြည်သူကို မိနစ်ပိုင်းနဲ့နာရီပိုင်းအချိန်ခြားကာလျှပ်စစ်ဓာတ်အားပေးနိူင်ပြီးလျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့်လူမှုနေ့စဥ်ဘဝများထိခိုက်လျက်ရှိပါတယ်။
========================
📌📌 ၃။ ၂၀၂၄ ခုနှစ်ရဲ့နှစ်တဝက်အတွင်းမှာစကစရဲ့လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများဟာ ၂၀၂၃ ခုနှစ် တနှစ်လုံးစာ ချိုးဖောက်မှုလောက်အထိရှိလာခဲ့
၂၀၂၄ ခုနှစ်ရဲ့နှစ်တဝက်အတွင်းမှာ စကစရဲ့လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများဟာ ၂၀၂၃ ခုနှစ် တနှစ်လုံးစာ ချိုးဖောက်မှု လောက်အထိရှိလာခဲ့ပါတယ်။
ဇူလိုင်၁၁ရက်မှာ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် နှစ်ဝက် စကစရဲ့လူ့အခွင့်အရေးချိုးဖောက်မှုအချက်အလက်များနှိုင်းယှဉ်ချက်ကို လူ့အခွင့်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
"၂၀၂၃ ခုနှစ်အတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်ပေါင်း ၄၆၅၆ ခုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်ရဲ့ ပထမ(၆)လ အတွင်းမှာတင် ဖြစ်စဉ်ပေါင်း ၃၁၂၁ ခုကို မှတ်တမ်းတင်ထားနိုင်ပြီး ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။
တရားလက်လွတ်သတ်ဖြတ်ခြင်း (Extrajudicial Killing) က ကျုးလွန်မှု အရေအတွက်အားဖြင့် အများဆုံးဖြစ်ပွားလျက်ရှိလျက်ရှိပြီး အစုအလိုက်အပြုံလိုက်သတ်ဖြတ်များ၊ လေကြောင်းတိုက်ခိုက်မှုများပါဝင်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်အုပ်စုရဲ့ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၄။ မတ္တရာမြို့နယ်နဲ့ နောင်ချိုမြို့ စစ်ဘေးရှောင် ပြည်သူများကို ပြင်ဦးလွင်ခရိုင်ပကဖ၊ မတ္တရာမြို့နယ် ပကဖ တို့က ဆန်အိတ်နဲ့ဆီပုံးများကူညီထောက်ပံ့
ဇူလိုင်၁၁ရက်
မတ္တရာမြို့နယ်နဲ့ နောင်ချိုမြို့ စစ်ဘေးရှောင် ပြည်သူများကို ပြင်ဦးလွင်ခရိုင်ပကဖ၊ မတ္တရာမြို့နယ် ပကဖ တို့က ဆန်အိတ်နဲ့ဆီပုံးများကူညီထောက်ပံ့ခဲ့တယ်လို့ ဇူလိုင်၁၁ရက်မှာ ပကဖအသံက တရားဝင်ပြောပါတယ်။
"မတ္တရာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများကို ပြင်ဦးလွင်ခရိုင်ပကဖ၊ မတ္တရာမြို့နယ် ပကဖ တို့က ဆန်အိတ် ၂၁ အိတ်၊ ဆီ ၆ ပုံး ကူညီထောက်ပံ့ခဲ့ပါတယ်။ ဒါ့ပြင် နောင်ချိုမြို့နယ်ပကဖ က စစ်ဘေးရှောင်စခန်းတခုအတွက် စားနပ်ရိက္ခာ ဆန်များ ထောက်ပံ့ အားဖြည့်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
ပကဖတွေအနေနဲ့ စစ်ရေးသာမက ဒေသခံပြည်သူလူထုတွေရဲ့ လိုအပ်ချက်တွေကို တာဝန်ထမ်းဆောင်နေလျက်ရှိတယ်လို့သိရပါတယ်။
========================
📌📌 ၅။ လားရှိုးမြို့တွင်းရပ်ကွက်တွေထဲမှာ ညပိုင်း အိမ်ဖောက်ထွင်းမှုတွေ ဖြစ်လာ
ဇူလိုင်၁၁ရက်
ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့တွင်းရပ်ကွက်တွေထဲတွင် ညပိုင်း အိမ်ဖောက်ထွင်းမှုတွေ ဖြစ်လာတယ်လို့ ဇူလိုင်၁၁ရက်မှာ ဒေသခံသတင်းအရင်းအမြစ်တွေထံကသိရပါတယ်။
ရပ်ကွက်တွေထဲမှာ ညပိုင်း အိမ်ဖောက်ထွင်းမှုတွေ ဖြစ်လာတာကိုလဲ သိရပါတယ်။ စက်သုံးဆီဆိုင်တွေ ပိတ်ကုန်လို့ ဆီပြတ်လပ်မှုနဲ့ ဈေးကြီးပေးဝယ်ရတာတွေလဲ ရှိလာပါတယ်လို့ဒေသခံတဦးကဆိုပါတယ်။
ထို့အပြင် လားရှိုးမြို့တွင်းလက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများရှိနေပြီး ယနေ့ တစ်နေ့လုံးနီးပါး နေရာပေါင်းစုံက ပစ်လွှတ်လိုက်တဲ့ ဒုံးတွေ မြို့ထဲ အရပ်ဘက်နေရာတွေကို ကျတာများတယ်လို့လည်းသိရပါတယ်။
========================
📌📌 ၆။ TheKey Project မှာ ပါဝင်ကူညီခြင်းဟာ Federal Wings တွေရဲ့တော်လှန်ရေးကိစ္စရပ်တွေအတွက် အထောက်အကူဖြစ်တယ်လို့ဆို
ဇူလိုင်၁၁ရက်
TheKey Project မှာ ပါဝင်ကူညီခြင်းဟာ Federal Wings တွေရဲ့တော်လှန်ရေးကိစ္စရပ်တွေအတွက် အထောက်အကူဖြစ်တယ်လို့ ဇူလိုင်၁၁ရက်မှာ Federal wingsကအသိပေးဆိုပါတယ်။
"Ride Behind Kalaw ဆိုတာက Federal Wings စတင်တည်ထောင်ကတည်းကနေ အခုအချိန်အထိ ထောက်ပို့ပိုင်းဆိုင်ရာကိစ္စရပ်တွေမှာ အကူအညီတွေအများကြီးပေးနေတဲ့ တော်လှန်ရေးမိတ်ဆွေကောင်းပါ။Project Ambassador ဖြစ်သူ မပန်ဆယ်လို နဲ့ Project Director ဖြစ်သူ မမများနဲ့ ပွဲကမယ် တို့ဟာလည်း Federal Wings ရဲ့ အမာခံထောက်ပို့တွေပါပဲ။အခု TheKey Project မှာ ပါဝင်ကူညီခြင်းဟာ Federal Wings တွေရဲ့ တော်လှန်ရေးကိစ္စရပ်တွေအတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်"လို့ဆိုပါတယ်။
ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး က Federal Wings တွေရဲ့စကားသံကို နားထောင်ကြည့်ဖို့လည်း Federal Wingsကတိုက်တွန်းထားပါတယ်။
ရှမ်းပြည်နယ်ကဒေါ်လာနှစ်မီလီယံတန်ဖိုးရှိ ဟိုတယ်တစ်လုံးကို တော်လှန်ရေးရံပုံငွေအတွက် ရောင်းချတဲ့ ပရောဂျက်တစ်ခုကို ဇွန်လ ၁ ရက်နေ့ကစတင်ပြီး “မမများနဲ့ပွဲကမယ်”က ဦးဆောင်ခဲ့ပါတယ်။
ပရောဂျက်ကို The Key လို့အမည်ပေးထားပြီး လက်မှတ်တစ်စောင်ကို အမေရိကန် ဒေါ်လာ ၁၀၀နဲ့ရောင်းချပေးနေတာဖြစ်ပါတယ်။
The key ပရော့ဂျက်မှ မဲလက်မှတ်များဝယ်ယူ၍ ကံထူးသူအားရွေးချယ်ရာတွင်ပထမဆု - ၁ ဦး ၃၀% ၊ဒုတိယဆု - ၁ ဦး ၂၀% ၊တတိယဆု - ၁ ဦး ၁၀% ၊အထူးဆု - ၅ ဦး ၅% ၊နှစ်သိမ့်ဆု - ၅ ဦး ၃% စုစုပေါင်း TheKey ကံထူးရှင် (၁၃) ဦးတိတိ ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ နောင်ချိုမြို့နယ်တခုလုံးကို ထိန်းချုပ်နိုင်ပြီလို့ မန္တလေး -PDF တရားဝင်အသိပေး
ရှမ်းပြည်မြောက်ပိုင်းမှာပါဝင်တဲ့ နောင်ချိုမြို့နယ်တခုလုံးကို မဟာမိတ်ပူးပေါင်းတပ်တွေ အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်တာကြောင့် နောင်ချိုမြို့နယ်ဟာ စစ်ကောင်စီ လုံးဝ ကင်းစင်တဲ့ မြို့နယ်တခု ဖြစ်လာခဲ့ပြီလို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်- မန္တလေး က ဒီနေ့ ဇူလိုင်လ ၁၁ ရက် မနက်ပိုင်းမှာ တရားဝင် အသိပေးထုတ်ပြန်လိုက်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးနဲ့ TNLA ဦးဆောင်တဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေ ဇူလိုင်လ ၉ ရက်နေ့ ညသန်းခေါင်ယံအချိန်မှာ နောင်ချိုမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ အမတ-၆၀၆ တပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာကြောင့် အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
နောင်ချိုမြိုနယ်မှာရှိတဲ့ ခမရ-၁၁၄ ၊ ခမရ-၁၁၅ နဲ့ အမတ-၆၀၆ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာမှာ အတွဲလိုက်ပစ်ဒုံးလက်နက်တွေအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တဲ့အပြင် သုံပန်းတွေလည်း ဖမ်းဆီးရမိခဲ့တယ်လို့ အသိပေးထားပါတယ်။
ထို့အပြင် မတ္တရာမြို့နယ် အင်ကြင်းမြိုင်တပ်စခန်းကနေရရှိထားတဲ့ လေယာဉ်ပစ် စက်သေနတ်အကြီးများနဲ့ပက်သက်လို့ လည်း လေ့ကျင့်ပြင်ဆင်ပြီးဖြစ်တယ်လို့ မန္တလေး -PDF က ထုတ်ပြန်ထားပါတယ်။။
ဒါ့ကြောင့် စစ်ကောင်စီ လက်ကျန်တပ်စခန်းများအနေနဲ့ အမြန်ဆုံး လက်နက်ချအလင်းဝင်ဖို့ တိုက်တွန်းထားပြီး လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲဝင်တွေကို ကောင်းမွန်စွာ ရှင်သန်နေထိုင်ခွင့်ပြုသွားမယ်လို့ မန္တလေး -PDF က ကတိပြုထားပါတယ်။
လက်နက်မချတဲ့ စစ်တပ်စခန်းတွေကို ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေဘက်က ပြင်းပြင်းထန်ထန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ချေမှုန်းသွားမယ့်အကြောင်းလည်း မန္တလေး -PDF က ထပ်မံသတိပေးထားပါတယ်။
========================
🚩🚩 ၂။ ရှမ်းမြောက်စစ်ဆင်ရေးမှာ ရန်သူက ဓာတုအဆိပ်ဗုံးတွေ အတော်များများ အသုံးပြုလာပြီးမှတ်တမ်းသက်သေအဖြစ်သိမ်းဆည်းဖို့လိုတယ်လို့ BPLAကွပ်ကဲရေးမှူးအသိပေး
ဇူလိုင်၁၁ရက်
ရှမ်းမြောက်စစ်ဆင်ရေးမှာ ရန်သူက ဓာတုအဆိပ်ဗုံးတွေ အတော်များများ အသုံးပြုလာပြီးမှတ်တမ်းသက်သေအဖြစ်သိမ်းဆည်းဖို့လိုတယ်လို့ BPLAကွပ်ကဲရေးမှူးမောင်ဆောင်းခကဇူလိုင်၁၀ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် အသိပေးဆိုထားပါတယ်။
"ရှမ်းမြောက်စစ်ဆင်ရေးမှာ ရန်သူက ဓာတုအဆိပ်ဗုံးတွေ အတော်များများ အသုံးပြုလာပါတယ်။ အဲ့ဒါတွေကို ခိုင်မာတဲ့သက်သေအဖြစ်သိမ်းဆည်းဖို့ ဘယ်အပိုင်းတွေကို အဓိကမှတ်တမ်းယူထားရမလဲ။ နားလည်တတ်ကျွမ်းသူတွေဆီက အကြံပေးချက်တွေ ရယူလိုပါတယ်"လို့ဆိုထားပါတယ်။
တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နယ် စစ်ကောင်စီ ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းအား တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်မှ ဇူလိုင်လ ၄ရက် မွန်လွဲပိုင်း (၂း၀၀) နာရီအချိန်တွင် အဆိပ်ငွေ့ဗုံး (၃)လုံး အသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်မှုကြောင့် တအာင်းတပ်မတော် TNLA တပ်ဖွဲ့ဝင် (၈)ဦးမှ အဆိပ်ငွေ့သင့်ပြီး အသက်ရှုမြန်ခြင်း၊ စိတ်လှုပ်ရှားမှုမြန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်းနှင့် မအီမသာဖြစ်ခြင်း ခံစားနေရပြီး ဆေးကုသမှု ခံယူခဲ့ရပါတယ်။
စစ်ကောင်စီတပ်မှ လွန်ခဲ့သည့် ဇွန်လ ( ၁)ရက်နေ့တွင် အဆိပ်ငွေ့ဗုံး (၁)လုံး နှင့် ဇွန်လ (၄) ရက်နေ့တွင် အဆိပ်ငွေ့ဗုံး (၃)လုံး စုစုပေါင်း (၄)လုံးဖြင့် အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့TNLAကသတင်းထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ ပုလောမြို့နယ်အတွင်းကို အင်အား ၅၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု ဗိုလ်မှူးအပါအဝင် စစ်သား ၅ ဦးသေဆုံးပြီး ၂ ဦး ဖမ်းဆီးရမိ
တနင်္သာရီတိုင်းထဲက ပုလောမြို့နယ်အတွင်းကို အင်အား ၅၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ရာမှာ ဗိုလ်မှူးသက်ထွန်းအောင် အပါအဝင် စစ်သား ၅ ဦးသေဆုံးပြီး ၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ဒီနေ့ ဇူလိုင် ၁၁ မှာ ထုတ်ပြန်ပါတယ်။
မနေ့ ဇူလိုင်လ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်ခန့်အချိန်က ပုလောမြို့နယ် ၅ မိုင်ကျေးရွာအနီးကို အင်အား ၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ ခလရ ၂၈၅ တပ်က စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ၀ိုင်းဝန်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဆိုပါ ထိတွေ့တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ဘက်က ဗိုလ်မှူး သက်ထွန်းအောင် အပါအဝင် စစ်သား ၅ ဦး သေဆုံးခဲ့ပြီး စစ်သား ၂ ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသူတွေဟာ ဗိုလ်မှူး သက်ထွန်းအောင်၊ တပ်ကြပ်ကြီး ခင်မောင်သိန်း၊ တပ်ကြပ် ခိုင်လင်းအောင်၊ တပ်ကြပ် တင်စိုး၊ ဒု-တပ်ကြပ် သန်းဦးမြင့်တို့ဖြစ်ပြီး အရှင်ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေက တပ်ကြပ် မောင်ဖြူနဲ့ တပ်ကြပ် မြမောင်တို့ဖြစ် တယ်လို့ အသိပေးထားပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-ပုလော၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်-KNDO၊ တပ်ရင်း ၇ ၊ တပ်ခွဲ ၅ ၊ ပုလောဒေသကာကွယ်ရေးတပ်-PRDF စတဲ့ မဟာမိတ်ပူးပေါင်းတပ် တွေ ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ရဲဘော်တဦး မစိုးရိမ်ရဒဏ်ရာရခဲ့ကာ ပုလောဒေသ ကာကွယ်ရေးတပ်-PRDF က ရဲဘော်တဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က MA-7 အမျိုးအစား ၆၀ မမ စိန်ပြောင်းတလက်၊ ၆၀မမ ကျည် ၃ ခု၊ MA-1 ရိုင်ဖယ် တလက်၊ MA-2 အပေါ့စားစက်သေနတ် ၂ လက်၊ MA-3 ရိုင်ဖယ် ၃လက်၊ MA-5 ပစ္စတိုတလက်၊ အီနဂါတခု၊ လက်ပစ်ဗုံး ၈ လုံး၊ MA-14 နင်းမိုင်း ၃ခု၊ MA ကျည်ဘောက် ၂၇ ခု၊ MA-2 ကျည်ဘောက်အဝိုင်း ၂ခု၊ ၅ ပွိုင့်၅၆ ကပစ- ကျည် ၂၄၁၂ တောင့်၊ စစ်ဦးထုပ် ၆လုံး၊ စကားပြောစက်-အသေး တလုံး၊ လက်ကိုင်ဖုန်း ၄ လုံး၊ ကျည်ကာအင်္ကျီ ၅စုံ၊အီကွေးမင့် ၅ ခု၊ ကျောဘိုးအိတ်တလုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ထီးလင်းမြို့ပေါ်က အကြမ်းဖက်စစ်သားများ တပ်စွဲရာနေရာတွေကို ဒရုန်း၊ လက်နက်ကြီးများနဲ့တိုက်ခိုက်
မကွေးတိုင်း ထီးလင်းမြို့ပေါ်က အကြမ်းဖက်စစ်သားများတပ်စွဲရာနေရာတွေကို ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့သလို လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် ၁၈ တပ်ရင်း Yaw National Revolution Force – YNRF က ဒီနေ့ ဇူလိုင် ၁၁ မှာ ထုတ်ပြန်ပါတယ်။
ထီးလင်းမြို့ပေါ်က အကြမ်းဖက်စစ်သားများတပ်စွဲထားရာ ထွေအုပ်ရုံး၊ ဗျာဒိတ်ကုန်း၊ မီးသတ်ကုန်း၊ ရဲစခန်း၊ အောင်တော်မူ၊ ရုပ်သံကုန်း၊ စိုက်ပျိုးရေးရုံး၊ စာသင်ကျောင်း စတဲ့နေရာတွေကို ဇူလိုင်လ ၉ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးသီး ၂၃ လုံး၊ လက်လုပ် ၁၀၀ မမ ဗုံးသီး ၈ လုံး၊ လက်လုပ် ၆၀ မမ ဗုံးသီး ၂၀ လုံး၊ Rocket ၁၀ လုံးတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ထီးလင်းမြို့ ဗျာဒိတ်ကုန်းအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းက ကင်းထောက်တပ်စိတ်တွေနဲ့ အကြမ်းဖက် စစ်သားတွေကြား မိနစ် ၂၀ ခန့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုတွေမှာ အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုအခြေအနေကိုသိရှိနိုင်ဖို့ ဆက်လက်စုံစမ်းနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က အထိအခိုက်မရှိခဲ့ဘူးလို့လည်း ပြောထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ဂန့်ဂေါ်ခရိုင် အမှတ် ၁၆၊ ၁၇၊ ၁၈ တပ်ရင်းများနဲ့ ထီးလင်းမြို့နယ်-ပကဖ တို့ ဟန်ချက်ညီညီနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ထီးလင်းမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ အားစမ်းတဲ့အနေနဲ့လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတရပ် ဆင်နွှဲခဲ့တာဖြစ်တယ်လို့ Yaw National Revolution Force – YNRF က အသိပေးထားပါတယ်။
========================
🚩🚩 ၅။ သံတွဲမှာ စစ်တပ်ကပစ်တဲ့လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် အရပ်သား တဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ
စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည် သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် ကျောက်ဆိပ်ကျေးရွာက အမျိုးသမီးတဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
မနေ့ ဇူလိုင်လ ၁ဝ ရက်နေ့ညက တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေ ရမ်းသမ်း ပစ်ခတ်ခဲ့တာကြောင့် ကျောက်ဆိပ်ကျေးရွာက လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရတာလို့ Western News က ဖော်ပြပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ တိုက်ပွဲဖြစ်တာမရှိဘဲ လေယာဉ်နဲ့ ဗုံးလာကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ တွေ နေ့စဉ်လုပ်နေတယ်လို့ ဒေသခံရွာသားတွေကလည်း ပြောပါတယ်။
ဇူလိုင်လ ၉ရက်နေ့ညကလည်း စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကျည်ကြောင့် အသက် ၆ဝ ကျော်အရွယ် လင်မယား ၂ဦး ဒဏ်ရာရခဲ့ပြီး မျက်လုံးထိသွားတဲ့ အမျိုးသမီးကို ရန်ကုန်ဆေးရုံ အရေးပေါ် ပို့လိုက်ရတယ်လို့ သိရပါတယ်။
ရခိုင့်တပ်တော်နဲ့ အကြမ်းဖက်စစ်တပ်တို့ကြား စစ်ရေးပြင်းထန်နေတဲ့ သံတွဲနဲ့ ငပလီက စစ်ဘေးရှောင် ၃ဝဝ ခန့်ဟာ နေရေးထိုင်ရေးအပါအဝင် စားရေးသောက်ရေးပါ ခက်ခဲနေတဲ့အနေအထားရှိနေတယ်လို့လည်း သိရပါတယ်။
စစ်ရှောင်အရေအတွက် တိုးလာနေပေမယ့် ကူညီကယ်ဆယ်ရေးအဖွဲ့တွေ အနည်းငယ်သာရောက်လာတဲ့အတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်ပေးဖို့ စစ်ဘေးရှောင်တွေက တောင်းဆိုနေကြပါတယ်။
========================
🚩🚩 ၆။ ပုလောမြို့နယ်မှာရှိတဲ့ စစ်တပ်ဂိတ်စခန်း ဗုံးကြဲတိုက်ခိုက်
တနင်္သာရီတိုင်း ပုလောမြို့နယ် မီးလောင်ချောင်းကျေးရွာက စစ်ကောင်စီတပ်အထိုင်ချရာ ဂိတ်စခန်းကို ဒရုန်းနဲ့ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပုလော ပ.က.ဖ က ပြောပါတယ်။
မီးလောင်ချောင်းကျေးရွာမှာရှိတဲ့ စစ်တပ်ဂိတ်စခန်းကို ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့-ပုလော ပ.က.ဖ) Shadow Squad ဒရုန်းတပ်စိပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF မြိတ်ခရိုင် တပ်ရင်း-၁ တို့ ပူးပေါင်းပြီး ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်မှာ ဗုံးသီး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ဟာ လက်နက်ကြီးကွင်းနဲ့ အရာရှိအိမ်ယာ စတဲ့ နေရာတွေကို အဓိကထားတိုက်ခိုက်ခဲ့တာ ဖြစ်ပေမယ့် စစ်စခန်းအထိုင်ချထားတဲ့နေရာဟာ ပျူစောထီးတွေအားကောင်းတဲ့နေရာဖြစ်နေတဲ့အတွက် ထိခိုက်ပျက်စီးမှု အခြေအနေကို အတိအကျမသိနိုင်သေးဘူးလို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ရာမှာ ည ၈ နာရီကျော်အထိ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ပုလောမြို့နယ်အတွင်း စစ်ရေးတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဟာ ခုလ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာလည်း ပုလောအခြေစိုက် ခလရ ၂၈၅ နဲ့ ပုလောမြို့မရဲစခန်းတို့ကိုလည်း ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ပါသေးတယ်။
========================
🚩🚩 ၇။ စစ်တပ်နဲ့ ပျူစောထီးတွေရဲ့ နှိပ်စက်တာကိုမခံနိုင်တော့တဲ့ ပေါက်မြို့နယ် တရော်ကိုင်းရွာက ဒေသခံ ၁၀ ဦး ထွက်ပြေးလာပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ခိုလှုံ
မကွေးတိုင်း ပေါက်မြို့နယ်ထဲက ပျူစောထီးကျေးရွာတရွာဖြစ်တဲ့ တရော်ကိုင်းရွာက အရပ်သား ၁ဝ ဦးဟာ အကြမ်းဖက် စစ်သားတွေနဲ့ ပျူစောထီးတွေ နှိပ်စက်တာကို မခံနိုင်တော့တဲ့အတွက် ထွက်ပြေးလာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ခိုလှုံခဲ့တယ်လို့ သိရပါတယ်။
တရော်ကိုင်းပျူစောထီးကျေးရွာက ဒေါ်မြင့်ရီ၊ ဒေါ်ခင်သက်လွင်၊ ဟိန်းသန့်ဖြိုး၊ ဟိန်းသန့်စိုး၊ မနှင်းထက်ထက်ဝေ၊ မခိုင်နှင်းဦး၊နဲ့ ကိုရင် ဖက်တီး လို့ခေါ်တဲ့ မောင်သော်ဇင်ဖြိုးတို့ဟာ ဇူလိုင်လ ၉ ရက်နေ့မှာ နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ပြီး မြိုင်၊ပေါက် ပူးပေါင်းတပ်ဖွဲ့ထံ ခိုလှုံလာခဲ့တာလို့ မြိုင်-ပကဖ က အတည်ပြုထားပါတယ်။
ထို့တူ ဇူလိုင်လ ၁၀ ရက်နေ့မှာလည်း ဦးကျော်လွင်၊ ဘုန်းလျှံဖြိုးနဲ့ နေလင်းဦးတို့ ထပ်မံထွက်ပြေးရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။
ပေါက်မြို့နယ်ထဲက ပျူစောထီးရွာတွေဖြစ်တဲ့ ဇီးပြားရွာနဲ့တရော်ကိုင်းရွာတို့ကို မြိုင်ပကဖနဲ့ပူးပေါင်းတပ်ဖွဲ့တွေ ကျေးရွာ ပတ်ပတ်လည်ကနေ ဝိုင်းရံထားပြီး ပိတ်ဆို့ဖြတ်တောက်ထားတာ ၃ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်တာကြောင့် ဆန်၊ ဆီ၊ ဆား ဝယ်ယူလို့မရတာ၊ ဆန်နဲ့စားတော်ပဲရောထားတဲ့ ထမင်းကိုတောင် နပ်မှန်အောင်မစားရတဲ့အပြင် စစ်ကောင်စီတပ်သားတွေနဲ့ လက်နက်ကိုင်ပျူစောထီးတွေက ပူးပေါင်းနှိပ်စက်တာကို ရွာသားတွေ ခံနေရတယ်လို့ သိရပါတယ်။
အခုလို ရိက္ခာဖြတ်တောက်ခံထားရတာ၊ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေရဲ့ နှိပ်စက်တာကို ခံရနေတာတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာခဲ့သူတွေကို ဆေးဝါးကုသပေးခြင်းနဲ့ အစာရေစာတွေ ကောင်းမွန်စွာကျွေးမွေးထားပြီး ဘေးကင်း တဲ့နေရာကို ပို့ဆောင်ထားတယ်လို့ မြိုင်-ပကဖ ဘက်က အသိပေးထားပါတယ်။
========================
🚩🚩 ၈။ ရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံး
ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ထဲက ပဲခူးရိုးမပေါ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးသွားတယ်လို့ ပြည်ခရိုင် တပ်ရင်း- ၃၆၀၂ ထံကနေ သိရပါတယ်။
ပေါက်ခေါင်းမြို့နယ် ကြံ့သေကျေးရွာဘက်ကနေ ပဲခူးရိုးမပေါ် အင်အား ၃၇ ဦးနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဇူလိုင်လ ၈ ရက်နေ့ နံနက် ၆ နာရီခန့်အချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၆၀၂ က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ခုလို လက်ဦးမှုရယူပြီး ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်တပ်ဘက်က ၅ ဦးသေဆုံးသွားတဲ့အပြင် ၃ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့ ပြည်သူနဲ့ပူးပေါင်းပြီး အလင်းဝင်ရောက်ကြဖို့ ပြည်ခရိုင် တပ်ရင်း- ၃၆၀၂ က တိုက်တွန်းထားသလို ပြည်သူများအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေကို အတတ်နိုင်ဆုံးရှောင်ရှားနေထိုင် ပေးကြဖို့ အသိပေးထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment