၂၀၂၄ ဇူလိုင်လ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်း ပ,ပျောက်တဲ့ နိုင်ငံသစ်တစ်ခု မုချ ဖြစ်ရမယ်လို့ယာယီသမ္မတဒူဝါလရှီးလ ယုံကြည်
📌 ၂။ စကစက အရပ်သားနေထိုင်ရာနေရာများအပေါ် လေကြောင်းတိုက်ခိုက်မှုဟာ စစ်တိုက်ခြင်းမဟုတ်ဘဲ ယုတ်ညံ့တဲ့လုပ်ရပ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြား
📌 ၃။ ပုသိမ်မြို့နယ်မှာ စစ်ရှောင်တွေ ရောက်လာနေပြီးနောက် အိမ်ခန်းငှားခတွေ ဈေးတက်လာ
📌 ၄။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်(၃)ကျိပ် ထူထောင်ခဲ့သော မြန်မာ့တပ်မတော်သည် မင်းအောင်လှိုင်၏ လက်ထက်တွင် အယုတ်မာဆုံး မြန်မာ့တပ်မတော်အဖြစ် မှတ်တမ်းဝင်နေပြီလို့ဆို
📌 ၅။ တမူးမြို့ နယ်စပ်တစ်နေရာရှိ ကိုယ်ထူ ကိုယ်ထ နွေဦးစာသင်ကျောင်းနှင့် တန့်ဆည်မြို့နယ်ရှိ ကြားကာလပညာရေးကျောင်းများ စုပေါင်း၍ အာဇာနည်နေ့ အခမ်းအနား ကျင်းပ
📌 ၆။ တန့်ဆည်မြို့နယ်တွင်ကျဆုံးခဲ့သော တော်လှန်ရေးရဲဘော်(၁၅၁)ဦးအား အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကျန်ရစ်သူမိသားစုများကို မြို့နယ် ပအဖ၊ ပကဖ၊ ပလဖမှ ဦးညွှတ်ဂုဏ်ပြုလွှာပေးအပ်
၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အထူးစစ်ဆင်ရေးတပ်အဖွဲ့ S.O.F တပ်ရင်းတွင် အာဇာနည်နေ့ အလေးပြုခြင်း အခမ်းအနားကျင်းပ
🚩 ၂။ သန္နီမြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် SNLD ပါတီ စည်းရုံးရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူး စိုင်းထွန်းကြည် သေဆုံး
🚩 ၃။ နှစ်ပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီ(စကစ)နှင့် KNLA-ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ အမှတ်(၅)တပ်မဟာလက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲစစ်သည်တော်များနှင့် တိုက်ပွဲပေါင်း(၆၆)ကြိမ်ဖြစ်ပွားခဲ့ပြီးစကစမှ (၃၇)ဦးသေဆုံး
🚩 ၄။ ကျိုက်ထိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ပူးပေါင်းစောင့်ကြိုတိုက်ခိုက်
🚩 ၅။ မြောင်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်စခန်း ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေဆုံး
🚩 ၆။ စစ်မှုထမ်းဖို့ အဓမ္မ လူစုဆောင်းနေပြီး တောင်သူများကို ဖိအားပေးကာ ငွေကြေးကောက်ခံနေတဲ့ ပန်းရံကျေးရွာ ပျူအစည်းအဝေးကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်
🚩 ၇။ ဒီပဲယင်း မြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာများကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး မျက်မြင် သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
🚩 ၈။ ညောင်ဦးမြို့နယ် ကူတောကျေးရွာအုပ်စုက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး
🚩 ၉။ ပြည်သူများအနေဖြင့် ထောက်ပို့လမ်းကြောင်းနှင့် တိုက်ပွဲဖြစ်ပွားနေသော လမ်းကြောင်းများတွင် မိုင်းရှင်းလင်းရေးမပြုလုပ်မီ သွားလာခြင်း မပြုလုပ်ရန်ချင်းပြည်ကာကွယ်ရေးတပ်မတူပီထုတ်ပြန်
🚩 ၁၀။ အမှတ်(၁)စစ်ဒေသ ၊ ဂန့်ဂေါခရိုင်အမှတ် (၁၈) တပ်ရင်းသို့ ထီးလင်းမြို့ ရွှေထီးခန်းမမှ အင်ဂျင်နီယာတပ်သားတဦးလက်နက်နှင့်အတူအလင်းဝင်၍ ဂုဏ်ပြုဆုငွေ သိန်း( ၅၀) ကျပ်ချီးမြှင့်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်း ပ,ပျောက်တဲ့ နိုင်ငံသစ်တစ်ခု မုချ ဖြစ်ရမယ်လို့ယာယီသမ္မတဒူဝါလရှီးလ ယုံကြည်
ဇူလိုင်လ ၁၉ရက်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်း ပ,ပျောက်တဲ့ နိုင်ငံသစ်တစ်ခု မုချဖြစ်ရမယ်လို့ ယာယီသမ္မတဒူဝါလရှီးလက ယုံကြည်ကြောင်းပြောပါတယ်။
ဇူလိုင်၁၉ရက်(၇၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားပါတယ်။
"ကျွန်တော်တို့ နိုင်ငံဟာ အနာဂတ်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်း ပ,ပျောက်တဲ့ နိုင်ငံသစ်တစ်ခု မုချဖြစ်ရမယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် တိုင်းပြည်နဲ့ လူထုဟာ ပို၍လွတ်လပ်သော၊ ပို၍ငြိမ်းချမ်းသော၊ ပို၍ဖွံ့ဖြိုးသော နိုင်ငံသစ်မှာ နေထိုင် ရှင်သန်နိုင်စေဖို့ ကျွန်တော်တို့ အားလုံး အစဉ်တစိုက် ကြိုးစားနေရမှာ ဖြစ်ပါတယ်"လို့ယာယီသမ္မတကပြောပါတယ်။
လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်း၊ တပ်ဖွဲ့များဟာ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်အတူ စကစတပ်များကို အမြစ်ဖြတ်ချေမှုန်းတိုက်ခိုက်လျက်ရှိပါတယ်။
========================
📌📌 ၂။ စကစက အရပ်သားနေထိုင်ရာနေရာများအပေါ် လေကြောင်းတိုက်ခိုက်မှုဟာ စစ်တိုက်ခြင်းမဟုတ်ဘဲ ယုတ်ညံ့တဲ့လုပ်ရပ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြား
ဇူလိုင်လ ၁၉ရက်။
စကစကအရပ်သားနေထိုင်ရာနေရာများအပေါ် လေကြောင်းတိုက်ခိုက်မှုဟာ စစ်တိုက်ခြင်းမဟုတ်ဘဲ ယုတ်ညံ့တဲ့လုပ်ရပ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် ပြောကြားလိုက်ပါတယ်။
ဇူလိုင်လအတွင်း ဆိုရှယ်မီဒီယာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကပြောပါတယ်။
"စစ်တိုက်တာမဟုတ်ဘူး၊ ယုတ်ညံ့တာလို့ခေါ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မဈေးအတွင်း သို့ဇူလိုင် ၁၈ညနေ ၅နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားနှစ်ဆယ်ခန့် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။
ထို့အတူမန္တလေးသပိတ်ကျင်းမြို့နယ်၊ မိုးကုတ်-မန္တလေးလမ်းပေါ်ရှိ ချောင်းကြီးကျေးရွာအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ ကျေးရွာအတွင်းရှိ ဒေသခံပြည်သူ ၇ ဦးသေဆုံးခဲ့ရပါတယ်။
========================
📌📌 ၃။ ပုသိမ်မြို့နယ်မှာ စစ်ရှောင်တွေ ရောက်လာနေပြီးနောက် အိမ်ခန်းငှားခတွေ ဈေးတက်လာ
ဇူလိုင်လ ၁၉ရက်။
RadioNUG
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ထဲမှာ ရခိုင်ပြည်နယ်က စစ်ဘေးရှောင်လာရတဲ့ ပြည်သူအများအပြား ရောက်ရှိလာနေပြီး အိမ်ခန်းငှားခတွေပါ အဆမတန်မြင့်တက်လာနေတယ်လို့ မောင်းသတင်းဌာနမှာ ဖော်ပြထားပါတယ်။
သာမန်ပြည်သူတွေအပြင် အာဏာသိမ်းစစ်တပ်ရဲ့ မိသားစုဝင်တွေက ပိုများနေပြီး ဇူလိုင်လ ပထမအပတ်မှာ ဝင်ရောက်လာသူ ပိုများတယ်လို့ သိရပါတယ်။
အရင်က ငှားမယ့်သူမရှိတဲ့ လုံးချင်းတွေ ပြည့်နေပြီး အိမ်ငှားရင်လည်း ၆လ ၁နှစ်စာချုပ်ချုပ်ပြီး ငှားနေရကာ အရင် ၁လ ၆သောင်း ပေးရတဲ့အိမ်ခန်းက အခု ၁သိန်းခွဲ ၂သိန်းထိပေးနေရတယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၄။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်(၃)ကျိပ် ထူထောင်ခဲ့သော မြန်မာ့တပ်မတော်သည် မင်းအောင်လှိုင်၏ လက်ထက်တွင် အယုတ်မာဆုံး မြန်မာ့တပ်မတော်အဖြစ် မှတ်တမ်းဝင်နေပြီလို့ဆို
ဇူလိုင်လ ၁၉ရက်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်(၃)ကျိပ် ထူထောင်ခဲ့သော မြန်မာ့တပ်မတော်သည် မင်းအောင်လှိုင်၏ လက်ထက်တွင် အယုတ်မာဆုံး မြန်မာ့တပ်မတော်အဖြစ် မှတ်တမ်းဝင်နေပြီလို့ဆိုပါတယ်။
ဇူလိုင်၁၉ရက် ကျန်းမာရေးမိသားစု - မန္တလေး(MFM)ကတရားဝင်ထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ပြီးသည့်အချိန်မှစ၍ မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီသည် လက်နက်မဲ့ ပြည်သူများကို ပစ်မှတ်ထား၍ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်၊ တိုက်ခိုက်လျက်ရှိတယ်လို့ဖော်ပြပါတယ်။
အထူးသဖြင့် လေကြောင်းမှတစ်ဆင့် သာသနာ့အဆောက်အအုံများ၊ ကျောင်းများ၊ ဆေးရုံများ၊ ဈေးများနှင့် လူနေအိမ်များကို ဗုံးကြဲတိုက်ခိုက်သောကြောင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ သာသနာပြုပုဂ္ဂိုလ်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများစွာ အသက်ဆုံးရှုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးနေရတယ်လို့ဆိုပါတယ်။
ထိုလုပ်ရပ်များကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်(၃)ကျိပ် ထူထောင်ခဲ့သော မြန်မာ့တပ်မတော်သည် မင်းအောင်လှိုင်၏ လက်ထက်တွင် သမိုင်းတစ်လျှောက် အောက်တန်းအကျဆုံး၊ အယုတ်မာဆုံး မြန်မာ့တပ်မတော်အဖြစ် မှတ်တမ်းဝင်နေပြီ ဖြစ်တယ်လို့ဖော်ပြပါတယ်။
ကျန်းမာရေးမိသားစု - မန္တလေး (MFM) အနေဖြင့် CDM ကျန်းမာရေးဝန်ထမ်းများ၊ တော်လှန်ရေးအင်အားစုများနှင့်လက်တွဲ၍ မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်အုပ်စုကို သမိုင်းတစ်လျှောက် အောက်တန်းအကျဆုံး၊ အယုတ်မာဆုံး မြန်မာ့တပ်မတော် အဖြစ် မြန်မာ့သမိုင်းတွင် မှတ်တမ်း တွင်ကျန်ရစ်စေပြီး ၄င်းတို့ အကြမ်းဖက်စစ်အုပ်စုကို မြန်မာ့မြေပေါ်မှ လုံးဝအပြီးတိုင် အမြစ်ပြတ် ပျောက်ဆုံးသွားစေရန် ဦးလည်မသုန် ကြိုးပမ်းအားထုတ်သွားမယ်လို့ထုတ်ပြန်ဖော်ပြပါတယ်။
========================
📌📌 ၅။ တမူးမြို့ နယ်စပ်တစ်နေရာရှိ ကိုယ်ထူ ကိုယ်ထ နွေဦးစာသင်ကျောင်းနှင့် တန့်ဆည်မြို့နယ်ရှိ ကြားကာလပညာရေးကျောင်းများ စုပေါင်း၍ အာဇာနည်နေ့ အခမ်းအနား ကျင်းပ
ဇူလိုင်လ ၁၉ရက်။
RadioNUG
တမူးမြို့ နယ်စပ်တစ်နေရာရှိ ကိုယ်ထူကိုယ်ထ နွေဦးစာသင်ကျောင်းတွင် ၇၇ ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အာဇာနည်နေ့ ဖြစ်ပေါ်လာရခြင်များ၊ အာဇာနည်၏အဓိပ္ပါယ် ဖွင့်ဆိုခြင်းများဟောပြောခြင်း၊ အာဇာနည်နှင့်ပတ်သက်သည့် ကဗျာများရွတ်ဆိုခြင်းများကို ကဗျာဆရာ ရင်ရိုးနှင့်ကလေးသူငယ်နှင့် အမျိုးသမီးရေးရာမြိုနယ်တာဝန်ခံ ဒေါ်မြတ်နိုးတို့ ဟောပြောရွတ်ဆိုကြကြောင်း သိရပါတယ်။
အလားတူ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ရှိ ကြားကာလပညာရေးကျောင်းများ စုပေါင်း၍ အာဇာနည်နေ့ အခမ်းအနားကို စည်ကားစွာကျင်းပခဲ့ကြောင်း သိရပါတယ်။
အခမ်းအနားတွင် ဗိုလ်ချုပ်မိန့်ခွန်းပြိုင်ပွဲ၊ စာစီစာကုံး ကဗျာ ပန်းချီပြိုင်ပွဲများ၊ Grade 12 မြန်မာစာသင်ခန်းစာတွင် ပါရှိသော အာဇာနည်မိခင်ပြဇာတ် သရုပ်ဖော်တင်ဆက်ခြင်းများ ပြုလုပ်ခဲ့ပြီး ၇၇ နှစ်မြောက် အာဇာနည်နေ့ကို မှတ်တမ်းတင်ဂုဏ်ပြုခဲ့ကြပါတယ်။
========================
📌📌 ၆။ တန့်ဆည်မြို့နယ်တွင်ကျဆုံးခဲ့သော တော်လှန်ရေးရဲဘော်(၁၅၁)ဦးအား အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကျန်ရစ်သူမိသားစုများကို မြို့နယ် ပအဖ၊ ပကဖ၊ ပလဖမှ ဦးညွှတ်ဂုဏ်ပြုလွှာပေးအပ်
ဇူလိုင်လ ၁၉ရက်။
တန့်ဆည်မြို့နယ်တွင်ကျဆုံးခဲ့သော တော်လှန်ရေးရဲဘော်(၁၅၁) ဦးအား အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကျန်ရစ်သူမိသားစုများကို မြို့နယ် ပအဖ၊ ပကဖ၊ ပလဖမှ ဦးညွှတ်ဂုဏ်ပြုလွှာပေးအပ်ခဲ့ပါတယ်။
ဇူလိုင်၁၉ရက် တန့်ဆည်ပကဖကအသိပေးဖော်ပြပါတယ်။
၂၀၂၁ဧပြီ၇ ရက်နေ့ တန့်ဆည် လမ်းဆုံမြို့ တူမီးတိုက်ပွဲတွင် ကျဆုံးခဲ့သော အာဇာနည်(၁၁)ဦးမှစ၍ ၂၀၂၄ ဇူလိုင်၁၉ရက်နေ့ထိ ကျဆုံးခဲ့သော တန့်ဆည်မြို့နယ်မှ တော်လှန်ရေးရဲဘော် (၁၅၁)ဦးအား အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကျန်ရစ်သူမိသားစုများကို မြို့နယ် ပအဖ၊ ပကဖ၊ ပလဖမှ ဦးညွှတ်ဂုဏ်ပြုလွှာပေးခြင်း၊ ထောက်ပံ့ကြေးပေးအပ်ခြင်းတို့ လုပ်ဆောင်ခဲ့တယ်လို့ဖော်ပြပါတယ်။
ထို့အပြင် အလေးပြုအခမ်းအနားနှင့်အတူ တာဝန်ရှိသူများမှ အားပေးစကား ပြောကြားပေးခဲ့တယ်လို့သိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အထူးစစ်ဆင်ရေးတပ်အဖွဲ့ S.O.F တပ်ရင်းတွင် အာဇာနည်နေ့ အလေးပြုခြင်း အခမ်းအနားကျင်းပ
ဇူလိုင်လ ၁၉ ရက်။
Radio NUG
ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ အထူးလက်ရုံး တပ်ဖွဲ့၊ အထူးစစ်ဆင်ရေး တပ်ဖွဲ့ SOF (P29999/အထူးတပ်ဖွဲ့) တပ်ရင်းစခန်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခမ်းအနားတွင် ကျဆုံးသွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးများ နွေဦးတော်လှန်ရေးနဲ့ စစ်အာဏာရှင် တော်လှန်ရေး သမိုင်းတလျောက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြတဲ့ အာဇာနည် သူရဲကောင်းများ၊ ကျဆုံးသွားခဲ့ကြတဲ့ SOF အဖွဲ့မှ အာဇာနည် သူရဲကောင်းများကို အလေးပြုခဲ့ကြပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် အလံတော်တဝက်ချ အလေးပြုခဲ့ကြတယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ သန္နီမြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် SNLD ပါတီ စည်းရုံးရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူး စိုင်းထွန်းကြည် သေဆုံး
ဇူလိုင်လ ၁၉ရက်။
Radio NUG
ရှမ်းပြည်နယ်မြောက်ပိုင်း သန္နီမြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်- SNLD ပါတီက စည်းရုံးရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူး တာဝန်ယူထားတဲ့ စိုင်းထွန်းကြည် ပါဝင်သွားတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၄ နာရီခန့်အချိန်မှာ ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ မြို့မဈေးကိုဦးတည်ပြီး စစ်ကောင်စီက လေယာဉ်ပေါ်ကနေ ဗုံးကြဲခဲ့တာကြောင့် စျေးဆိုင်ခန်းတွေနဲ့လူနေအိမ်တွေ ထိခိုက်ပျက်စီးပြီး အရပ်သားပြည်သူတွေ သေဆုံးခဲ့ရာမှာ စိုင်းထွန်းကြည်လည်း ပါဝင်သွားတယ်လို့ ဆိုပါတယ်။
စိုင်းထွန်းကြည် သေဆုံးသွားတယ်ဆိုတာကို သိန္နီမြို့နယ် SNLD ပါတီဝင်တွေကလည်း အတည်ပြုထားပါတယ်။
စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ သိန္နီမြို့မစျေး၊ အေးရှားဝေါလ်တိုးဂိတ်နဲ့ အားကစားကွင်းအနောက်ဘက်ခြမ်းစတဲ့ နေရာတွေကို ဗုံး ၄ လုံးကြဲသွားတာကြောင့် သေဆုံးသူ ၇ ဦးထိရှိနေပြီး ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော် ရှိတယ်လို့သိရပါတယ်။
အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာကြောင့် သိန္နီမြို့ မြို့မဈေးမှာရှိတဲ့ ဆိုင်ခန်းမှာ ထိုင်နေတဲ့ အသက် ၅၅ နှစ်အရွယ် စိုင်းထွန်းကြည် ပြင်းထန်ဒဏ်ရာရခဲ့ပြီး ဇူလိုင်လ ၁၉ ရက်နေ့မှာ သေဆုံးသွားတာလည်း ဖြစ်ပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်- SNLD ပါတီရဲ့ သိန္နီမြို့နယ် တွဲဖက်အတွင်းရေးမှူးလည်းဖြစ် စည်းရုံးရေးမှူးလည်းဖြစ်တဲ့ စိုင်းထွန်းကြည် သေဆုံးသွားတာနဲ့ပတ်သက်လို့ SNLD ပါတီက ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ထိ ထုတ်ပြန်ပြောဆိုတာတော့ မရှိသေးပါဘူး။
========================
🚩🚩 ၃။ နှစ်ပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီ(စကစ)နှင့် KNLA-ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ အမှတ်(၅)တပ်မဟာလက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲစစ်သည်တော်များနှင့် တိုက်ပွဲပေါင်း(၆၆)ကြိမ်ဖြစ်ပွားခဲ့ပြီးစကစမှ (၃၇)ဦးသေဆုံး
ဇူလိုင်လ ၁၉ရက်။
Radio NUG
နှစ်ပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီ(စကစ)နှင့် KNLA-ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ အမှတ်(၅)တပ်မဟာလက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲစစ်သည်တော်များနှင့် တိုက်ပွဲပေါင်း(၆၆)ကြိမ်ဖြစ်ပွားခဲ့ပြီးစကစမှ (၃၇)ဦးသေဆုံးခဲ့ပါတယ်။
ဇူလိုင်လ(၁)ရက်နေ့မှ ဇူလိုင်လ(၁၅)ရက်နေ့အထိ လလယ်တိုက်ပွဲသတင်းနှင့် စကစ၏လူ့အခွင့်အရေး ချိုးဖောက်မှုများအား အများပြည်သူများသိရှိစေရန်အတွက် မူတြော်ခရိုင်၊ အမှတ်(၅)တပ်မဟာဌာနချုပ်မှ ထုတ်ပြန်ပါတယ်။
ဇူလိုင်လ(၁)ရက်နေ့မှ ဇူလိုင်လ(၁၅)ရက်နေ့အထိ နှစ်ပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီ(စကစ)နှင့် မိမိတို့ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ အမှတ်(၅)တပ်မဟာလက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲ၊ တပ်စု၊ တပ်စိပ်စစ်သည်တော်များ၊ မဟာမိတ်စစ်သည်တော်များနှင့် တိုက်ပွဲပေါင်း(၆၆)ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြပါတယ်။
ထိုသို့တိုက်ပွဲများဖြစ်ပွားရာတွင် အကြမ်းဖက်စကစမှ (၃၇)ဦးသေဆုံးသွားပြီး(၁၀)ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး အကြမ်းဖက်စကစသေဆုံးစာရင်းထဲတွင် ဗိုလ်တစ်ဦးပါဝင်တယ်လို့သိရပါတယ်။
ထို့အတူ မြင်းလားတစ်ကောင်သေဆုံးသွားကာ အကြမ်းဖက်စကစတပ်စခန်းအချို့လည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။
========================
🚩🚩 ၄။ ကျိုက်ထိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ပူးပေါင်းစောင့်ကြိုတိုက်ခိုက်
ဇူလိုင်လ ၁၉ရက်။
Radio NUG
ဇူလိုင်လ ၁၈ ရက်နေ့တွင် KNU ထိန်းချုပ်နယ်မြေ ၊ ကျိုက်ထိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို KNU ၊ KNLA တပ်များနှင့် ပူးပေါင်း စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ၁က သတင်းထုတ်ပြန်ပါတယ်။
ထိတွေ့တိုက်ပွဲ မိနစ် ၂၀ နီးပါး ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့ကာ ပူးပေါင်းအဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။
တိုက်ပွဲများအပြီး နယ်မြေရှင်းလင်းရေး ပြန်လည်လုပ်ဆောင်ရာတွင် အကြမ်းဖက်စစ်တပ်မှ အီနာဂါဗုံးသီးတစ်လုံးကို သိမ်းဆည်းရရှိခဲ့ပြီး နယ်မြေအခြေအနေအရ နှစ်ဖက် စစ်ဆိုင်လျက်ရှိကာ စစ်ရေးတင်းမာလျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ မြောင်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်စခန်း ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေဆုံး
ဇူလိုင်လ ၁၉ ရက်။
Radio NUG
စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Maung Ranger Force - MRF က သတင်း ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၁၈ ရက်နေ့၊ ညနေ ၃ နာရီ ၁၅ မိနစ်မှ ၄၀ မိနစ်အထိ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ထိမှန်ခဲ့တာကြောင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင် CDSOM အဖွဲ့မှ ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ဆင်ရေးကို Myaung Rangers Force (MRF) ၊ မြောင်မြိုနယ် ပ.က.ဖ ၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ စစ်မှုထမ်းဖို့ အဓမ္မ လူစုဆောင်းနေပြီး တောင်သူများကို ဖိအားပေးကာ ငွေကြေးကောက်ခံနေတဲ့ ပန်းရံကျေးရွာ ပျူအစည်းအဝေးကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်
ဇူလိုင်လ ၁၉ ရက်။
Radio NUG
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာ စာကြည့်တိုက်မှာ အသက် ၁၈ မှ ၅၀ ကြား အမျိုးသားများကို အစည်းအဝေးခေါ်ကာ စစ်မှုထမ်းဖို့ အဓမ္မလူသစ်စုဆောင်းနေပြီး တောင်သူများကို လယ် ၁ ဧက ငါးသောင်းကျပ်နှုန်း ဖိအားပေး ကောက်ခံနေတဲ့ ပျူစောထီးများကို ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၁၉ ရက်နေ့ ၁၀ နာရီ ၃၇ မိနစ်အချိန်မှာ အာဇာနည်နေ့ အလေးပြုအခမ်းအနား ပြုလုပ်ပြီးနောက် ရွေဘိုမြို့နယ်၊ ပန်းရံရွာနဲ့ ခွန်တောင်းရွာ ပျူစောထီးများ ပူးပေါင်းပြုလုပ်နေတဲ့ အဆိုပါအစည်းအဝေးကို သတင်းရရှိတာကြောင့် Fix Wings Drone ဖြင့် ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ထိုသို့ တိုက်ခိုက်ခံရတာကြောင့် အစည်းအဝေးပျက်သွားခဲ့ပြီး ပန်းရံပျူခေါင်းဆောင် အောင်ကျော်က ဆဲဆိုကြိမ်းမောင်းကာ လက်နက်ငယ်များ ပစ်ဖောက်ခဲ့သလို ပန်းရံရွာထိပ်က ကင်းစခန်းနဲ့ သီလုံးကျေးရွာက ပျူများကလည်း လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြပေမယ့် တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။
ထို့အပြင် ဗုံးသီးထိမှန်ခဲ့တာကြောင့် ပန်းရံ ပျူစောထီး နှစ်ဦးနဲ့ ခွန်တောင်း ပျူစောထီးနှစ်ဦး စုစုပေါင်း ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့ရတဲ့ ပြည်သူတွေက သတင်းပေးပို့ လာတယ်လို့ Shwebo Crocodile အဖွဲ့က ဖော်ပြပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Shwebo Crocodile၊ ရွှေဘိုမြိုနယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ ဗိုလ်လင်းရောင်(ဒပယ)၊ B.I.A Burmese Independent Army (ဒပယ)ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ EYE FOR EYE ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ Zay Yar Thawed (LPDF)၊ Shwebo Federal Army ၊ ရွှေဘိုအားမာန် (UG) ၊ ကြောင်ရိုင်း ရွှေဘိုပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ ဒီပဲယင်း မြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာများကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး မျက်မြင် သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
ဇူလိုင်လ ၁၉ ရက်။
Radio NUG
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားရာ ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ အထကကျောင်းတို့ကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး မျက်မြင် သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၁၉ ရက် (အာဇာနည်နေ့) အထိန်းအမှတ်အဖြစ် ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားရာ နေရာများကို ၈၀ မမ၊ ၆၀ မမ၊ ၄၀ မမ၊ RPG ၊ လက်နက်ငယ်များနဲ့ မဟာမိတ် PDF ပူးပေါင်းအဖွဲ့က အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မနက် ၁၀ နာရီခွဲမှ ၁၁ နာရီခန့်အထိ ပစ်ခတ်တိုက်ခိုက်မှု အတွင်း စစ်ကောင်စီ တပ်သား ၁ ဦး မျက်မြင် သေဆုံးခဲ့ပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်မှု မရှိခဲ့တာကြောင့် အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ပြီး တပ်ပြန်ဆုတ်ပြီး ၁ နာရီခန့်အကြာမှ စစ်ကောင်စီက လက်နက်ကြီး လက်နက်ငယ်များနဲ့ ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ် ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Budalin Mobile Team - BMT (ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း) ၊ Depeyin Local Mobile Team (DLMT) ၊ ရေကျော်ပိတုန်း တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၈။ ညောင်ဦးမြို့နယ် ကူတောကျေးရွာအုပ်စုက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး
ဇူလိုင်လ ၁၉ရက်။
RadioNUG
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာအုပ်စုက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သိန်းထွန်း (ခ)သာဒွေးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။
ဇူလိုင်လ ၁၈ ရက်နေ့ ည ၉ နာရီခန့်အချိန်မှာ စစ်ကောင်စီခန့် အုပ်စုအုပ်ချုပ်ရေးမှူး သိန်းထွန်း (ခ)သာဒွေးကို နေအိမ်အတွင်းမှာပဲ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
ကူတောကျေးရွာအုပ်စုအတွင်းက လူငယ်တွေကို အတင်းအဓမ္မစစ်မှုထမ်းဖို့ စုဆောင်းတာ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ကျေးရွာဒေသခံတွေဆီကနေ ဆက်ကြေးကောက်ခံတာတွေ လုပ်ဆောင်နေတဲ့အတွက် ရှင်းလင်းရတာလို့လည်း အသိပေးထားပါတယ်။
ဒီမစ်ရှင်ကို ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ငါ့သရောက်မြို့နယ်ခွဲက ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ညောင်ဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်သားတွေ ရဲတွေနဲ့ပေါင်းပြီး ပြည်သူလူထုအပေါ် မတရား ဆက်ကြေးကောက်နေတဲ့ အထွေထွေအုပ်ချုပ်ရေးဌာန ဝန်ထမ်းတွေ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ၎င်းတို့လုပ်ရပ်ကို ရပ်တန်းကရပ်ကြဖို့ သတိပေးထားပြီး ဆက်လုပ်နေမယ်ဆိုရင် ထိရောက်စွာအရေးယူသွားမယ်လို့ ညောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားပါတယ်။
========================
🚩🚩 ၉။ ပြည်သူများအနေဖြင့် ထောက်ပို့လမ်းကြောင်းနှင့် တိုက်ပွဲဖြစ်ပွားနေသော လမ်းကြောင်းများတွင် မိုင်းရှင်းလင်းရေးမပြုလုပ်မီ သွားလာခြင်း မပြုလုပ်ရန်ချင်းပြည်ကာကွယ်ရေးတပ်မတူပီထုတ်ပြန်
ဇူလိုင်လ ၁၉ရက်။
RadioNUG
ပြည်သူများအနေဖြင့် ထောက်ပို့လမ်းကြောင်းနှင့် တိုက်ပွဲဖြစ်ပွားနေသော လမ်းကြောင်းများတွင် မိုင်းရှင်းလင်းရေးမပြုလုပ်မီ သွားလာခြင်း မပြုလုပ်ရန်ချင်းပြည်ကာကွယ်ရေးတပ်မတူပီထုတ်ပြန်ပါတယ်။
ဇူလိုင်၁၉ရက် ချင်းပြည်ကာကွယ်ရေးတပ်မတူပီတပ်မဟာ၁က ဖော်ပြပါတယ်။
ချင်းညီနောင်နှင့် မဟာမိတ်များအနေဖြင့် ချင်းပြည်နယ်အတွင်း ကျန်ရှိနေသေးသော စစ်ကောင်စီ စခန်းသိမ်းတိုက်ပွဲ (Operation CB)များကို ဆက်လက်အကောင်အထည်ဖော်ရန်အတွက် လိုအပ်သော လူအင်အား၊ လက်နက်အင်အားများကို သယ်ယူပို့ဆောင်လျက်ရှိတယ်လို့ဖော်ပြပါတယ်။
သို့ရာတွင် (Operation CB)အတွက် အသုံးပြုသော ထောက်ပို့လမ်းကြောင်းများတွင် မိုင်းမျိုးစုံ ခင်းထားခြင်း၊ လမ်းတံတား ဖျက်ဆီးခြင်း၊ ကြားဖြတ်ခြုံခို တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေပါသဖြင့် ပြည်သူများအနေဖြင့် ထောက်ပို့လမ်းကြောင်းနှင့် တိုက်ပွဲဖြစ်ပွားနေသော လမ်းကြောင်းများတွင် မိုင်းရှင်းလင်းရေးမပြုလုပ်မီ သွားလာခြင်း မပြုလုပ်ကြပါရန်နှင့် မိုင်းပစ္စည်းအဖြစ် သံသယရှိပါက သက််ဆိုင်ရာ တပ်ဖွဲ့ဝင်များထံ အသိပေးအကြောင်းကြားဖို့ နှိုးဆော်ထားပါတယ်။
========================
🚩🚩 ၁၀။ အမှတ်(၁)စစ်ဒေသ ၊ ဂန့်ဂေါခရိုင်အမှတ် (၁၈) တပ်ရင်းသို့ ထီးလင်းမြို့ ရွှေထီးခန်းမမှ အင်ဂျင်နီယာတပ်သားတဦးလက်နက်နှင့်အတူအလင်းဝင်၍ ဂုဏ်ပြုဆုငွေ သိန်း( ၅၀) ကျပ်ချီးမြှင့်
ဇူလိုင်လ ၁၉ရက်။
RadioNUG
အမှတ်(၁)စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် (၁၈)တပ်ရင်းသို့ ထီးလင်းမြို့ ရွှေထီးခန်းမမှ အင်ဂျင်နီယာတပ်သားတဦးလက်နက်နှင့်အတူအလင်းဝင်၍ ဂုဏ်ပြုဆုငွေ သိန်း( ၅၀)ကျပ်ချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။
ဇူလိုင်၁၉ရက်မှာ ဂန့်ဂေါခရိုင်အမှတ် (၁၈)တပ်ရင်းကအသိပေးဖော်ပြပါတယ်။
"ဇူလိုင်လ ၈ရက်နေ့တွင် အမှတ်(၁)စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ်(၁၈)တပ်ရင်းသို့ ထီးလင်းမြို့ ရွှေထီးခန်းမမှ အင်ဂျင်နီယာတပ်သား ကျော်မိုးဆွေသည် MA 1 တစ်လက်၊ ကျည်ဘောက် သုံးဘောက်၊ ၅.၅၆ ကျည် ၃၄၇ တောင့် ၊ ကျည်ကာအင်္ကျီ Lv 1 ၊Lv 2 နှစ်ခုနှင့်အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ဖော်ပြပါတယ်။
၄င်းအားဇူလိုင်၁၉ရက်နေ့တွင် ဂုဏ်ပြုဆုငွေ သိန်း(၅၀)ကျပ်တိတိ ချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment