၂၀၂၄ ဇူလိုင်လ ၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမေရိကန်နိူင်ငံ ဖလော်ရီဒါတောင်ပိုင်းတွင် မြန်မာစစ်ဘေးရှောင်များအတွက် ရန်ပုံငွေစျေးရောင်းပွဲတော်နှင့် လက်ဖက်ရည်စကားဝိုင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက်မယ်
📌 ၂။ အကြမ်းဖက်စစ်တပ်ကို ခုခံတော်လှန်မှုတွေကြောင့် နဂိုအတိုင်းပြန်မဖြစ်နိုင်တော့ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ သတိပေး
📌 ၃။ ဝန်ကြီးချုပ်၊ Rt Hon Sir Keir Starmer အား ကြိုဆိုဂုဏ်ပြုကြောင်း UK NUGကိုယ်စားလှယ်ရုံးထုတ်ပြန်
📌 ၄။ မန္တလေးဒေသ တော်လှန်ရေးအင်အားစုများအစည်းအဝေးတွင်မန္တလေးဒေသမှ တော်လှန်ရေးအင်အားစုများအားလုံး ပိုမိုလွှမ်းခြုံကျယ်ပြန့်ပြီး စုစည်းခိုင်မာရေးဆွေးနွေး
📌 ၅။ မိုးကုတ်မြို့ အနောက်ပိုင်းတိုက်ပွဲမှာ စစ်တပ်က KBZ နဲ့ CB ဘဏ်တို့ကို ဖောက်ထွင်းပြီး ကျပ်သိန်း ၂ သောင်းခန့်တန်ဖိုးရှိ ငွေသားနဲ့ ကျောက်မျက်ရတနာတွေ ခိုးယူ
📌 ၆။ သံဃသမဂ္ဂ(မန္တလေး)မှပတ္တနိက္ကုဇ္ဇန-သပိတ်မှောက်ကံဆောင်
📌 ၇။ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက အသက် ၆ နှစ်အရွယ် ကလေးငယ်နှစ်ဦး အပါအဝင် စုစုပေါင်း (၃၈၃) ဦးကို နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ ဖမ်းဆီးခဲ့
၂၀၂၄ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မိုးကုတ်-မန္တလေး လမ်းပိုင်းတွင် သပိတ်ကျင်း(ပကဖ)စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ လုပ်ဆောင်
🚩 ၂။ ဒေါနတောင်ကိုရောက်နေတဲ့ အောင်ဇေယျစစ်ကြောင်းက စစ်သားတွေ လက်နက်တွေလာရောက်အပ်နှံဖို့ KNLA ဖိတ်ခေါ်
🚩 ၃။ စဉ့်ကူးမြို့နယ်အတွင်းမှာရှိသည့် ပျူစောထီးတပ်ဖွဲ့ဝင်များ အမြန်ဆုံး လက်နက်ချ ပြည်သူ့ရင်ခွင်ခိုလှုံရန် Mandalay PDF တိုက်တွန်း
🚩 ၄။ ဧရာဝတီမြစ်ကြောင်းတလျှောက် ဆန်တက်လာသော စစ်ကောင်စီ သင်္ဘော(၂)စီးအား လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်
🚩 ၅။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၁)ရက်မြောက် မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်
🚩 ၆။ ဝက်ပုတ်ပျူရွာမှ လမ်းကြောင်းရှာ ထွက်လာတဲ့ ပျူတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်ပြတ် သေဆုံး
🚩 ၇။ ရေဦးမြို့ မြောက်ဘက်ခြမ်းရွာမှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး အမျိုးသမီးတစ်ဦး သေဆုံး
🚩 ၈။ ဂျိုင်းမြစ်ဝှမ်းဒေသက အမျိုးသမီးတွေကို စစ်တပ်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်နေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီပြော
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမေရိကန်နိူင်ငံ ဖလော်ရီဒါတောင်ပိုင်းတွင် မြန်မာစစ်ဘေးရှောင်များအတွက် ရန်ပုံငွေစျေးရောင်းပွဲတော်နှင့် လက်ဖက်ရည်စကားဝိုင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက်မယ်
ဇူလိုင်လ ၅ရက်။
အမေရိကန်နိုင်ငံ ဖလော်ရီဒါတောင်ပိုင်းတွင် မြန်မာစစ်ဘေးရှောင်များအတွက် ရန်ပုံငွေစျေးရောင်းပွဲတော်နှင့် လက်ဖက်ရည်စကားဝိုင်းကို လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက်မယ်လို့သိရပါတယ်။
ဇူလိုင်လ၇ရက် အမေရိကန်နိုင်ငံ ဖလော်ရီဒါတောင်ပိုင်းတွင် ညနေပိုင်းအချိန် မြန်မာစစ်ဘေးရှောင်များအတွက် ရန်ပုံငွေစျေးရောင်းပွဲတော်နှင့် လက်ဖက်ရည်စကားဝိုင်းကိုကျင်းပသွားမှာဖြစ်ပါတယ်။
အဆိုပါပွဲတော်တွင် အဆိုတော်ဖိုးဖန်မှမေတ္တာဖြင့် သီချင်းသီဆိုပေးမှာဖြစ်တယ်လို့သိရပါတယ်။
ထို့အပြင် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင်နေထိုင်သော တိုင်းရင်းသားညီအကို မောင်နှမအားလုံးအား လာရောက်ပေးကြဖို့ကိုလည်း ဖိတ်ခေါ်ထားပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်တပ်ကို ခုခံတော်လှန်မှုတွေကြောင့် နဂိုအတိုင်းပြန်မဖြစ်နိုင်တော့ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ သတိပေး
ဇူလိုင်လ ၅ရက်။
အာဏာသိမ်း အကြမ်းဖက်စစ်တပ်ကို ၃ နှစ်တိုင်အောင် ခုခံတော်လှန်နေမှုတွေကြောင့် နဂိုအတိုင်းပြန်မဖြစ်နိုင်တော့ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)အဖွဲ့က သတိပေး ပြောဆိုလိုက်ပါတယ်။
အာဆီယံနဲ့ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ အရှိတရားတွေကို သတိပြုသိရှိပြီး တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ အခုလိုသတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။
မြန်မာစစ်အုပ်စုအနေနဲ့ ၃ နှစ်တိုင်တိုင် အာဏာကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပေမယ့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ခုခံတော်လှန်မှုတွေကြောင့် နဂိုအတိုင်း ပြန်မဖြစ်နိုင်လောက်တဲ့အထိ အားနည်းသွားပြီဖြစ်ကာ နိုင်ငံအတွင်း အစိုးရအာဏာ ကျင့်သုံးရန်အတွက် လိုအပ်တဲ့ထိန်းချုပ်မှုတွေလည်း မရှိတော့ဘူးလို့ SAC-M အဖွဲ့က ဆိုပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံကဖြစ်ရပ်တွေရဲ့ ဦးတည်ချက်လမ်းကြောင်းကို တဖက်သက်ဆုံးဖြတ်ဖို့ မဖြစ်နိုင်ဘူလို့လည်း SAC-M က ထောက်ပြထားပါတယ်။
မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို မင်းအောင်လှိုင်က မူလက သဘောတူညီခဲ့ပေမယ့် ၃ နှစ် ကျော်ကြာတဲ့အထိ စစ်အုပ်စုက ဒီသဘောတူညီချက်တွေကို ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်တဲ့အတွက် တွဲဖက်အဖြစ် သတ်မှတ်လို့မရတော့ဘူးလို့လည်း အသိပေးထားပါတယ်။
အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ဆက်ရှိစေမယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ တရားဝင်ကိုယ်စားလှယ်တွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနဲ့ ထိတွေ့ပြီး အာဆီယံ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရေး လုပ်ဆောင်သင့်တယ်လို့ SAC-M က အကြံပြုထားပါတယ်။
ဒါကြောင့် အာဆီယံနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတို့အနေနဲ့ မြန်မာ့အရေး ဖြေရှင်းချက်တရပ် ထွက်ပေါ်လာရေး မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အသစ်သစ်သော အခြေအနေ အရှိတရားတွေကို သတိပြုမိပြီး ဖော်ထုတ်ဖြေရှင်းဖို့လိုနေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က အကြံပြုလိုက်တာဖြစ်ပါတယ်။
========================
📌📌 ၃။ ဝန်ကြီးချုပ်၊ Rt Hon Sir Keir Starmer အား ကြိုဆိုဂုဏ်ပြုကြောင်း UK NUGကိုယ်စားလှယ်ရုံးထုတ်ပြန်
ဇူလိုင်လ ၅ရက်။
ဝန်ကြီးချုပ်၊ Rt Hon Sir Keir Starmerအား ကြိုဆိုဂုဏ်ပြုကြောင်း UK NUGကိုယ်စားလှယ်ရုံးထုတ်ပြန်လိုက်ပါတယ်။
ဇူလိုင်၅ရက်မှာ UK NUGကိုယ်စားလှယ်ရုံးကအသိပေးဖော်ပြပါတယ်။
ဝန်ကြီးချုပ်၊ Rt Hon Sir Keir Starmer အား ဂုဏ်ပြုပါတယ်။ ကျွန်ုပ်တို့၏လွတ်လပ်မှုနှင့် ဒီမိုကရေစီတိုက်ပွဲအတွက် United Kingdom ၏ပံ့ပိုးကူညီမှုသည် သင်၏ဦးဆောင်မှုအောက်တွင် အားကောင်းလာမည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါတယ်လို့ ဖော်ပြပါတယ်။
UKနိုင်ငံရွေးကောက်ပွဲမှာ Labour ပါတီက သောင်ပြိုကမ်းပြို အနိုင်ရပြီး Keir Starmerက ဝန်ကြီးချုပ်ဖြစ်လာတော့မှာဖြစ်ပါတယ်။
========================
📌📌 ၄။ မန္တလေးဒေသ တော်လှန်ရေးအင်အားစုများအစည်းအဝေးတွင်မန္တလေးဒေသမှ တော်လှန်ရေးအင်အားစုများအားလုံး ပိုမိုလွှမ်းခြုံကျယ်ပြန့်ပြီး စုစည်းခိုင်မာရေးဆွေးနွေး
ဇူလိုင်လ ၅ရက်။
မန္တလေးဒေသ တော်လှန်ရေးအင်အားစုများအစည်းအဝေးတွင် မန္တလေးဒေသမှ တော်လှန်ရေးအင်အားစုများအားလုံး ပိုမို လွှမ်းခြုံကျယ်ပြန့်ပြီး စုစည်းခိုင်မာရေးဆွေးနွေးခဲ့ကြပါတယ်။
မန္တလေးဒေသ တော်လှန်ရေးအင်အားစုများကြား တွေ့ဆုံမှုအစည်းအဝေးကို ယနေ့ (ဇူလိုင်လ ၅ ရက်) မှာ Zoom Platform မှတဆင့် ကျင်းပခဲ့ကြပါတယ်။
တွေ့ဆုံညှိနှိုင်းကြရာမှာမန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Mandalay Region Hluttaw - CRMH)အပါအဝင် မန်းဒေသကိုယ်စားပြု ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များ၊နိုင်ငံရေးပါတီဝင်များ၊ လူထုသပိတ်တိုက်ပွဲ၊ လူထုလှုပ်ရှားမှုဆိုင်ရာ အင်အားစုများ၊ သမဂ္ဂ ကျောင်းသား လူငယ် အမျိုးသမီး အင်အားစုများ၊ CDM ဆိုင်ရာအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းဝင်များ၊ တက်ကြွလှုပ်ရှားသူများ၊ မန်းတိုင်းတွင်း ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေးကဏ္ဍ တာဝန်ရှိသူများ အစရှိသဖြင့် ကဏ္ဍပေါင်းစုံမှ တော်လှန်ရေး ရဲဘော်ရဲဘက်၊ လုပ်ဖော်ကိုင်ဖက် (၃၂) ဦးခန့် ပါဝင် တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးတွင် မန္တလေးဒေသအတွက် လက်ရှိတော်လှန်ရေးကာလ(ဝါ)ကြားကာလအစီအမံ(မူကြမ်း)ဖော်ထုတ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရေး ကိစ္စရပ်များ၊ အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ကိစ္စရပ်များနဲ့ စပ်လျဉ်းပြီး တက်ရောက်လာသူများအကြား အမြင်သဘောထားများကို ရင်းရင်းနှီးနှီး ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။
ဒါ့အပြင် မန္တလေးဒေသမှ တော်လှန်ရေးအင်အားစုများအားလုံး ပိုမို လွှမ်းခြုံကျယ်ပြန့်ပြီး စုစည်းခိုင်မာကာ ရှေ့ဆက်၍ တော်လှန်ရေးအလုပ်များကို အရှိန်ကောင်းသထက် ကောင်းအောင် ပူးပေါင်း၊ လက်တွဲ၊ ဖော်ဆောင်နိုင်ရေးအတွက်လည်း ဝိုင်းဝန်း ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၅။ မိုးကုတ်မြို့ အနောက်ပိုင်းတိုက်ပွဲမှာ စစ်တပ်က KBZ နဲ့ CB ဘဏ်တို့ကို ဖောက်ထွင်းပြီး ကျပ်သိန်း ၂ သောင်းခန့်တန်ဖိုးရှိ ငွေသားနဲ့ ကျောက်မျက်ရတနာတွေ ခိုးယူ
ဇူလိုင်လ ၅ရက်။
မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက KBZ ဘဏ်နဲ့ CB ဘဏ်တွေကို ဖောက်ထွင်းပြီး ကျပ်သိန်း ၂ သောင်းကျော်တန်ဖိုးရှိတဲ့ ငွေသားနဲ့ ကျောက်မျက်ရတနာတွေ ခိုးယူသွားတယ်လို့ TNLA က ဇူလိုင် ၅ ရက်နေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရဲ့ ကျောပိုးအိတ်အတွင်းကနေ ခိုးယူထားတဲ့ ငွေကျပ် သိန်း ၅၀ နဲ့ ကျောက်မျက် ရတနာတွေ တွေ့ရှိခဲ့တာကြောင့် အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဇွန်လ ၂၇ ရက်နေ့က တအာင်းတပ်-TNLA၊ မိုးကုတ်ဗျုဟာ၊ PDF-၅၁၃ နဲ့ မိုးကုတ်-ပကဖ တို့ ပူးပေါင်းပြီး စစ်ကောင်စီ တပ်စွဲထားတဲ့ ဒေါ်နန်းကြည်တောင်စခန်း၊ ရွှေလိပ်ပြာစခန်း၊ ရွှေမျက်ဝန်းစခန်းတို့ကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေဟာ မြို့ တွင်းမှာရှိတဲ့ ကျပ်ပြင်ရဲစခန်းနဲ့ ဘဏ်တွေထဲ ထွက်ပြေးခိုအောင်းနေခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီလို ခိုအောင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို TNLA နဲ့ ပူးပေါင်းတပ်တွေ လိုက်လံရှင်းလင်းရာမှာ ဘဏ်အတွင်း ခိုအောင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရှိတဲ့အတွက် ရှင်းလင်းခဲ့ရတယ်လို့ အသိပေးထားပါတယ်။
စစ်ကောင်စီတပ်က KBZ ဘဏ်နဲ့ CB ဘဏ်မှာရှိတဲ့ ငွေသားနဲ့ ကျောက်မျက်ရတနာတွေကို ဖောက်ထွင်းယူဆောင်သွားတဲ့ အထောက်အထားတွေ တွေ့ရပြီး သေဆုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တဦးချင်းစီရဲ့ ကျောပိုးအိတ်တွေထဲကနေ ငွေသား ကျပ်သိန်း ၅၀ နဲ့ ကျောက်မျက်ရတနာတွေ တွေ့ရှိရတယ်လို့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မိုးကုတ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ တပ်မ ၉၉ ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်-လပခ လက်အောက်ခံ ခလရ ၈၈ ၊ ခလရ ၇၈ ၊ ခလရ ၁၄၈ နဲ့ မိုးကုတ်ဗျုဟာတို့ တပ်စွဲအခြေချခဲ့ကြပြီး တိုက်ပွဲကာလအတွင်းမှာ အဲဒီတပ်တွေက KBZ ဘဏ် နဲ့ CB ဘဏ်တို့က တန်ဖိုးငွေ ကျပ်သိန်းပေါင်း နှစ်သောင်းဝန်းကျင်ရှိတဲ့ ငွေသားနဲ့ ကျောက်မျက်ရတနာတွေကို ဖောက်ထွင်း ယူဆောင်သွားခဲ့တာလို့ သိရပါတယ်။
========================
📌📌 ၆။ သံဃသမဂ္ဂ(မန္တလေး)မှပတ္တနိက္ကုဇ္ဇန-သပိတ်မှောက်ကံဆောင်
ဇူလိုင်လ ၅ရက်။
သံဃသမဂ္ဂ(မန္တလေး)မှ ပတ္တနိက္ကုဇ္ဇန-သပိတ်မှောက်ကံဆောင်ခဲ့တယ်လို့ ဇူလိုင်၅ရက်မှာ သံဃသမဂ္ဂ(မန္တလေး)ကအသိပေးဖော်ပြပါတယ်။
"သံဃသမဂ္ဂ(မန္တလေး)ဟာ ယခုဖြစ်ပေါ်လျက်ရှိသော ပတ္တနိက္ကုဇ္ဇန-သပိတ်မှောက် ကံဆောင်တော်မူကြသည့် မည်သည့်သံဃာ့အဖွဲ့အစည်းနှင့်မဆို တသားတည်း အပြည့်အဝ သဘောတူပါကြောင်း လေးနက်ခိုင်မာစွာ ပြောဆိုထားခဲ့ပြီးဖြစ်ပါတယ်။ မိမိတို့၏ ကတိစကားအတိုင်း အနယ်နယ်အရပ်ရပ်ရှိ သံဃာထု၏ သပိတ်မှောက်ကံဆောင်ပွဲတိုင်းကို အားရဂုဏ်ယူစွာ သံဃသမဂ္ဂ(မန္တလေး)၏ Facebook page မှာ အများပြည်သူ တွေ့မြင်ရလေအောင် ဖော်ပြခဲ့ပါတယ်။ သူတပါးကို အားပေးအားမြှောက်ပြုလျှင်ကိုယ်တိုင်လည်း စွမ်းအားရှိသရွေ့ လုပ်ပါမှသာ အစစ်အမှန် အားပေးခြင်းဟု မှတ်ယူရပါမယ်"လို့ဖော်ပြပါတယ်။
အာဏာရှင်သည်ကြောက်စရာကောင်းသည်၊ ထို့ထက်အာဏာရှင်စနစ် အမြစ်တွယ်မှာက၊ ပို၍ ကြောက်စရာကောင်းသည်လို့ သံဃသမဂ္ဂ(မန္တလေး)ကဖော်ပြထားပါတယ်။
========================
📌📌 ၇။ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက အသက် ၆ နှစ်အရွယ် ကလေးငယ်နှစ်ဦး အပါအဝင် စုစုပေါင်း (၃၈၃) ဦးကို နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ ဖမ်းဆီးခဲ့
ဇူလိုင်လ ၅ရက်။
ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက အသက် ၆ နှစ်အရွယ် ကလေးငယ်နှစ်ဦး အပါအဝင် စုစုပေါင်း(၃၈၃)ဦးကို နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အသက် ၆ နှစ်အရွယ် ကလေးငယ်နှစ်ဦး အပါအဝင် အမျိုးသမီး (၁၀၄)ဦး၊ အမျိုးသား (၂၇၈)ဦးနှင့် လိင်စိတ်ခံယူမှုကွဲပြားသူ (၁)ဦး စုစုပေါင်း (၃၈၃)ဦးကို နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ ဖမ်းဆီးခဲ့တယ်လို့ဖော်ပြပါတယ်။
ထိုအရေအတွက်တွင် လွတ်မြောက်ပြီးနောက် နောက်ထပ် နှစ်ကြိမ် ပြန်လည်ဖမ်းဆီးခံရသူ (၁) ဦးနှင့် တစ်ကြိမ် ပြန်လည်ဖမ်းဆီးခံရသူ(၂)ဦး စုစုပေါင်း (၃)ဦး ပါဝင်တယ်လို့ဆိုပါတယ်။
အဆိုပါ (၃၈၃) ဦးအနက် ဘာသာရေးကဏ္ဍမှ (၃) ဦးနှင့် ပညာရေးကဏ္ဍမှ (၁၀) ဦး ပါဝင်ပြီး ရန်ကုန်တိုင်းမှာ(၁၁၁)ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရပြီး ၎င်း(၃၈၃)ဦးအနက် (၃၇၉)ဦးမှာ လက်ရှိအချိန်အထိ ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မိုးကုတ်-မန္တလေး လမ်းပိုင်းတွင် သပိတ်ကျင်း(ပကဖ)စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ လုပ်ဆောင်
ဇူလိုင်လ ၅ရက်။
RadioNUG
မန္တလေးတိုင်း မိုးကုတ်-သပိတ်ကျင်း ကားလမ်းပိုင်းတစ်နေရာရှိ စစ်မျက်နှာပြင်တွင် သပိတ်ကျင်းမြို့နယ်(ပကဖ)သပိတ်ကျင်းတိုက်နယ်(ပကဖ)ပူးပေါင်း၍ စစ်ဆင်ရေးဆိုင်ရာ လှုပ်ရှားမှုများအား အနီးကပ်ကွပ်ကဲလမ်းညွှန်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သပိတ်ကျင်းမြို့နယ် - ပကဖက သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် လမ်းပိုင်းတွင် ပိတ်မိနေသော ပြည်သူများအား ရင်းနှီးစွာ တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ ဒေါနတောင်ကိုရောက်နေတဲ့ အောင်ဇေယျစစ်ကြောင်းက စစ်သားတွေ လက်နက်တွေလာရောက်အပ်နှံဖို့ KNLA ဖိတ်ခေါ်
ဇူလိုင်လ ၅ရက်။
RadioNUG
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲက ဒေါနတောင်ကို ရောက်နေတဲ့ အောင်ဇေယျစစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အသက်ဆက်ရှင်လိုတယ်ဆိုရင် လက်နက်တွေလာရောက်အပ်နှံကြဖို့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ဗဟိုဌာနချုပ်က ဖိတ်ခေါ်လိုက်ပါတယ်။
မိမိဆန္ဒမပါဘဲ အောင်ဇေယျစစ်ဆင်ရေးနဲ့အတူ ဒေါနတောင်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုသတိပေးတဲ့အနေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဗဟို ဌာနချုပ်က ဇူလိုင်လ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
မိမိဆန္ဒမပါဘဲ စစ်တပ်ထဲ အတင်းအဓမ္မ သွပ်သွင်းခံရပြီး အကြပ်ကိုင်ခိုင်းစေမှုကြောင့် အောင်ဇေယျစစ်ဆင်ရေး ရှေ့တန်းတနေရာသို့ ရောက်ရှိနေသော စစ်ကောင်စီလက်အောက်မှ ရဲဘော်တွေအနေနဲ့ နိုင်ငံတကာ ဥပဒေစံနှုန်းနဲ့အညီ အသက်ရှင်သန်ခွင့် ရလိုတယ်ဆိုရင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ထံ လာရောက်ပြီး လက်နက်အပ်နှံခြင်းက တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ KNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျည်ဖြုတ်ထားတဲ့ သေနတ်ကို နောက်ကျောမှာလွယ်ပြီး သေနတ်ခေါင်းကို မြေကြီးအောက်ချကာ လက်ဗလာနဲ့ ရောက်ရှိ နေရာကနေ စွန့်ခွာပြီး KNLA တပ်ဖွဲ့ထံ အရောက်လာဖို့လည်း အသိပေးထားပါတယ်။
မြ၀တီမြို့နယ် သင်္ဃန်းညီနောင်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကို ကရင်အမျိုးသားအစည်းအရုံး-KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် မတ်လကစပြီး တိုက်ခိုက်ခဲ့ရာ ဧပြီလလယ်ပိုင်းမှာ သင်္ဃန်းညီနောင်ဗျူဟာတခုလုံးကို သိမ်းပိုက်ရရှိခဲ့တဲ့အပြင် မြ၀တီမြို့က ခလရ-၂၇၅ တပ်ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲကာ နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ဆင်ရေးအမည်နဲ့ အင်အားထောင်ချီရှိတဲ့ စစ်တပ်စစ်ကြောင်းဟာ မြဝတီမြို့ကို ဧပြီလ ၇ ရက်ကစတင်ကာ ဘားအံနဲ့မော်လမြိုင်ဘက်ကနေ ချီတက်လာခဲ့ပေမယ့် တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် လက်ရှိအချိန်ထိ မြဝတီကိုမရောက်သေးဘဲ ဒေါနတောင်ပေါ်က တောနောရေတံခွန်အကျော်မှာ ပိတ်မိနေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ စဉ့်ကူးမြို့နယ်အတွင်းမှာရှိသည့် ပျူစောထီးတပ်ဖွဲ့ဝင်များ အမြန်ဆုံး လက်နက်ချ ပြည်သူ့ရင်ခွင်ခိုလှုံရန် Mandalay PDF တိုက်တွန်း
ဇူလိုင်လ ၅ရက်။
RadioNUG
မတ္တရာမြို့နယ် ၊ စဉ့်ကူးမြို့နယ်အတွင်းမှာရှိသည့် စစ်ကောင်စီလက်အောက်ခံ ပသစ(ပျူစောထီး)တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ထံ အမြန်ဆုံး လက်နက်ချ ပြည်သူ့ရင်ခွင်ခိုလှုံရန် တိုက်တွန်းထားပါတယ်။
ပသစ(ပျူစောထီး)များအနေဖြင့် လွဲမှားသော ယုံကြည်ချက်ကြောင့်ဖြစ်စေ၊ အဓမ္မတိုက်တွန်း စေခိုင်းခံရမှုကြောင့်ဖြစ်စေ ပြည်သူအပေါ် ကျူးလွန်နေသည့် ပြစ်မှုများကိုရပ်တန့်ပြီး ပြည်သူ့ရင်ခွင် ပြန်လည်ခိုလှုံရန် အကောင်းဆုံးနှင့် နောက်ဆုံးအခွင့်အရေး ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ပြည်သူ့ရင်ခွင် ခိုလှုံမည့်သူများကို နွေးထွေးစွာ ကြိုဆိုသွားမည်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်နေထိုင်ခွင့်ရမည် ဖြစ်ကြောင်း ကတိပြုထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် နိုင်ငံတကာစစ်ဥပဒေများနှင့် ကျင့်ဝတ်များကို လေးစားလိုက်နာသော တပ်ဖွဲ့ဖြစ်သည်ကို အသိပေးထားပါတယ်။
ပသစ(ပျူစောထီး)များအနေဖြင့် တိုက်တွန်းချက်ကို လက်မခံဘဲ စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းနေမည်ဆိုပါက စစ်ကောင်စီတပ်ဖွဲ့ဝင်များကဲ့သို့ တန်းတူသတ်မှတ်ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ ပြတ်ပြတ်သားသား ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ ဧရာဝတီမြစ်ကြောင်းတလျှောက် ဆန်တက်လာသော စစ်ကောင်စီ သင်္ဘော(၂)စီးအား လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်
ဇူလိုင်လ ၅ရက်။
RadioNUG
ဇူလိုင်လ ၅ရက်နေ့ မနက် ၁၀နာရီ ၃၀မိနစ်အချိန်ခန့်မှ ၁၁နာရီအချိန်ထိ ဧရာဝတီမြစ်ကြောင်းတလျှောက် ဆန်တက်လာသော စစ်ကောင်စီ သင်္ဘော(၂)စီးအား စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်တန်းကျေးရွာ တောင်ဘက်အရောက်တွင် ညီနောင်မဟာမိတ် တပ်ရင်းများနှင့်အတူ လက်နက်ကြီး ၊ လက်နက်ငယ် ၊ MSPDFထုတ် လက်လုပ် Rocketများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင် အမှတ်(၄) တပ်ရင်း - MSPDFက သတင်းထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ အထိခိုက် အကျဆုံးရှိနိုင်ပြီး စုံစမ်းစစ်ဆေးဆဲဖြစ်တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် အမှတ်(၄) တပ်ရင်း - MSPDF နှင့်အတူ ညီနောင်မဟာမိတ်တပ်ဖွဲ့များ ဖြစ်ကြသော မြင်းခြံခရိုင်အမှတ်(၃)-တပ်ရင်း၊ မြောင်ကျေးရွာတပ်ပေါင်းစု၊ သွေးသောက် ပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၁)ရက်မြောက် မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်
ဇူလိုင်လ ၅ရက်။
RadioNUG
တအာင်းပြည် တပ်မဟာ (၃)စစ်ဒေသ မိုးမိတ်မြို့နယ် လက်ခုပ်ပင်ရွာ၊ လယ်ကြီးရွာနှင့် လက်ခုပ်သာရွာ အနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA၊ PLA PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် စကခ(၂၁)၊ ခလရ (၃၄၈)၊ ခလရ (၂၂၃)၊ ခလရ (၂၇၆) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။
တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့တွင် တအာင်းတပ်တော် TNLA၊ MDY-PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့အကြား ဒုံးတပ် (၆၀၆) တပ်စခန်းတွင် ယနေ့ ညနေ (၄:၅၀)နာရီ အချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒုံးတပ် (၆၀၆)စခန်းသို့ ညနေ (၆:၄၂) နာရီအချိန်တွင် Jet Fighter ဖြင့် လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၆။ ဝက်ပုတ်ပျူရွာမှ လမ်းကြောင်းရှာ ထွက်လာတဲ့ ပျူတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်ပြတ် သေဆုံး
ဇူလိုင်လ ၅ရက်။
RadioNUG
ဇွန်လ ၄ရက်နေ့ ညနေ ၆ နာရီခွဲ ဝန်းကျင်ခန့် အချိန်အတွင်း မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ပျူရွာမှ ပျူများမှ လမ်းကြောင်းရှာရန် ထွက်လာသော ရှေ့ပြေးပျူတစ်ဦးသည် ကာကွယ်ရေးရဲဘော်များ ထောင်ထားသော နင်းမိုင်းမိပြီး ခြေထောက်ပြတ်သွားတယ်လို့ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင်က သတင်းထုတ်ပြန်ပါတယ်။
ခြေထောက်ပြတ်သွားတဲ့ ပျူဟာ ဇွန်လ ၅ ရက် မနက်ပိုင်းတွင် သေသွားကြောင်းသိရပါတယ်။
ထိုလုပ်ဆောင်မူကို မြိုင်ပကဖ တပ်ရင်း ၃ တပ်ခွဲ ၁ နှင့်အတူ ဘာမထီ ရင်း၆ ရင်း၇ တပ်ပေါင်းစုတို့က ပူးပေါင်းဆောင်ရွက်ထားကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၇။ ရေဦးမြို့ မြောက်ဘက်ခြမ်းရွာမှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး အမျိုးသမီးတစ်ဦး သေဆုံး
ဇူလိုင်လ ၅ရက်။
RadioNUG
ဇူလိုင် ၄ ရက် ည ၇နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ တိုင်းရင်းဆေးရုံရှိ စစ်ကောင်စီအထိုင်တပ်စခန်းကနေ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး လေးရွာကျေးရွာမှ အသက် ၃၇ နှစ်အရွယ်ရှိ မအေးစိုး သေဆုံးခဲ့ကြောင်း People's Defense Comrade မှ သိရပါတယ်။
နေအိမ်ခြံဝန်းထဲရှိ ကျွဲခြံထဲမှာ ကျွဲတွေကိုနေရာရွှေ့ပေးနေချိန် လက်နက်ကြီးကျည်တစ်လုံးက သူ့အနီးကို ကျရောက်ပေါက်ကွဲရာ တစ်ကိုယ်လုံး ဒဏ်ရာတွေနဲ့ သွေးထွက်လွန်ပြီး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရေဦးမြို့ တိုင်းရင်းဆေးရုံရှိ စစ်ကောင်စီအထိုင်စခန်းမှာ အင်အား ၁၀၀ ခန့်ရှိပြီး ကျေးရွာတွေဘက်ကို မကြာခဏဆိုသလို လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိပါတယ်။
========================
🚩🚩 ၈။ ဂျိုင်းမြစ်ဝှမ်းဒေသက အမျိုးသမီးတွေကို စစ်တပ်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်နေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီပြော
ဇူလိုင်လ ၅ရက်။
RadioNUG
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသက ဒေသခံအမျိုးသမီးတွေကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိင်ပိုင်းဆိုင်ရာ ကျူးလွန်နေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ- MSFC က ဇူလိုင်လ ၅ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
ဂျိုင်းမြစ်ဝှမ်းဒေသမှာ တိုက်ပွဲတွေပြန်လည်ငြိမ်သက်လာတဲ့အတွက် နေရပ်ပြန်လာတဲ့ ဒေသခံအမျိုးသမီးတွေကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၎င်းတို့စားသောက်ဖို့ ထမင်း၊ဟင်းနဲ့ စားသောက်ဖွယ်ရာတွေ အတင်းအဓမ္မ ချက်ပြုတ်ခိုင်းတာ၊ ညအချိန်မတော် အိမ်တံခါးတွေခေါက်ပြီး နှောက်ယှက်တာတွေအပြင် လမ်းသွားလမ်းလာတွေကို စစ်ဆေးတယ်ဆိုပြီး လူငယ်အမျိုးသမီးတွေကို နှုတ်အားဖြင့် နှောင့်ယှက်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲဖြစ်ချိန်တုန်းကလည်း လူ့အခွင့်အရေးနဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခဲ့ပြီး တိုက်ပွဲဖြစ်ဒေသက ပြည်သူလူထု နေရပ်မပြန်ရဲအောင် နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေတယ်လို့ MSFC က ပြောပါတယ်။
ဂျိုင်းမြစ်ဝှမ်းဒေသမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တပ်စွဲတဲ့ကျေရွာတွေနဲ့ အနီးအနားက ကျေးရွာတွေက ပြည်သူပိုင် ပစ္စည်းတွေတွေကို ဖောက်ထွင်းခိုးယူတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
အခုလို နေရပ်ပြန် အမျိုးသမီးတွေကို နှောင့်ယှက်စော်ကားပြီး ပြည်သူတွေရှင်သန်ရေးအတွက် အန္တရာယ်ပြုနေတဲ့ စစ်ကောင်စီတပ်ဖွဲ့အပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီက အပြင်းအထန်ရှုံ့ချထားပါတယ်။
ဂျိုင်းမြစ်ဝှမ်းဒေသက ကျေးရွာတွေကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေအပြင် စစ်သင်္ဘောတွေကပါ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အိမ်တွေ ရာချီပျက်စီးခဲ့သလို အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့တာကြောင့် ဒေသခံရွာသားတွေဟာ မတ်လနောက်ဆုံးပတ်ကစပြီး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေ ငြိမ်သက်သွားတဲ့ ဧပြီလကုန်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အင်အားအလုံးအရင်းနဲ့ ဂျိုင်းမြစ်ဝှမ်းဒေသကို ဝင်ရောက်လာခဲ့ပြီး ကျေးရွာတွေမှာ တပ်စွဲနေတာပဲ ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ ခါးရှဲလ်ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment