၂၀၂၄ ဇူလိုင်လ ၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အနှစ် ၆၂ နှစ်ပြည့် ဆဲဗင်းဂျုလိုင်နှင့် တောက်လောင်နေဆဲ တော်လှန်ရေး စိတ်ဓာတ်ဟု လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ပြောဆို
📌 ၂။ (၆၂)နှစ်ပြည့် ဆဲဗင်းဇူလိုင်အခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ သဝဏ်လွှာ ပေးပို့
📌 ၃။ မြို့နယ်အများအပြားတွင် ဆဲဗင်းဇူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်
📌 ၄။ စစ်ကောင်စီမှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သား(၅)ဦး ထပ်မံသေဆုံးပြီး (၁၀)ဉီး ထိခိုက်ဒဏ်ရာရ
၂၀၂၄ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ သံတွဲဒေသ တိုက်ပွဲများအတွင်း စကစအလောင်း (၄၀၀)ကျော်၊ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိပြီး ငပလီ(မဇင်)လေဆိပ်ကို ထိန်းချုပ်ထားနိုင်ကာ အမ်းမြို့နယ်ရှိ "တောဟိန်းတောင်ဗျူဟာ" ကို အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ရရှိ၍ နခခ (၂)၊ နယ်ခြားစောင့်တပ်စခန်းကို စကစ အလောင်း (၃၅၀) ကျော်၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားတို့နှင့်အတူ သိမ်းဆည်းရမိ
🚩 ၂။ တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ၁၃ ရက်မြောက်နေ့ မိုးမိတ်မြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်
🚩 ၃။ ချောင်းဦးတွင် ပျူစောထီး တပ်များနှင့် မုံရွာခရိုင် အမှတ် (၁၅) တပ်ရင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွား
🚩 ၄။ ကျိုက်မရော ခမရ ၂၀၈ တပ်ရင်းကို တာဝေးပစ် ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့
🚩 ၅။ ရွေဘိုတွင် ကင်းစောင့်နေသော ပျူစောထီး ၆ ဦး ဒရုန်းဖြင့် တိုက်ခိုက်ခံရ
🚩 ၆။ မတ္တရာတွင် လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးကာ ကလေးငယ်များ အပါအဝင် ၄ ဦး ဒဏ်ရာရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အနှစ် ၆၂ နှစ်ပြည့် ဆဲဗင်းဂျုလိုင်နှင့် တောက်လောင်နေဆဲ တော်လှန်ရေး စိတ်ဓာတ်ဟု လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ပြောဆို
ဇူလိုင်လ ၇ရက်။
RadioNUG
ရန်ကုန်တက္ကသိုလ်ထဲမှာ ကျောင်းသားပေါင်းရာနဲ့ချီပြီး အကြမ်းဖက် အသတ်ခံခဲ့ရတဲ့ (Rangoon University Massacre ) ဆဲဗင်းဂျုလိုင် သမိုင်းဖြစ်ရပ်ဟာ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း လူမှုကွန်ယက်မီဒီယာမှာ ဆိုထားပါတယ်။
ဆဲဗင်းဂျူလိုင်လို့ လူသိများတဲ့ အဲ့ဒီအရေးတော်ပုံဟာ....
ဗိုလ်နေဝင်းစစ်တပ်ရဲ့ ၁၉၆၂ ဒုတိယအကြိမ်နိုင်ငံတော် အာဏာကို မတရားသဖြင့် သိမ်းယူခဲ့မှုအပေါ် ပထမဆုံးဆန့်ကျင်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုတစ်ခု ဖြစ်သလို စစ်အုပ်စုရဲ့ သန္ဓေမှန် လက်နက်အားကိုး အနိုင်ကျင့်တတ်တဲ့ စစ်ဘီလူး မျက်နှာကို ခွာချပြလိုက်တဲ့ အရေးတော်ပုံလည်း ဖြစ်ပါတယ်။
အာဏာသိမ်းမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ဆန္ဒပြတဲ့အပြင် နိုင်ငံတော်၏ အနာဂတ်သစ်နှင့် အတွေးသစ် အမြင်သစ်များအား လူထုအပေါ် ချပြနိုင်စွမ်းရှိတဲ့ ကျောင်းသားလူငယ်များ၏ စိတ်အားထက်သန်မှုကို ရိုက်ချိုးလိုတဲ့ ဆန္ဒနဲ့ ၁၉၆၂ ခုနှစ် မေလ ၉ ရက်နေ့မှာ တက္ကသိုလ်အက်ဥပဒေကို ဖျက်သိမ်းခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ တက္ကသိုလ်ကောင်စီကို ဆက်လက် ဖျက်သိမ်းခဲ့ပါတယ်။
ကျောင်းသားလူငယ်တို့ရဲ့ ဆန့်ကျင်ဆန္ဒပြမှုများဟာ အားပျော့၊ ပျောက်ကွယ်သွားခြင်း မရှိခဲ့ဘဲ ပိုမိုအားကောင်းလာသည့်အခါ စစ်ဘီလူးတို့၏ အသွင်ပီပီ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ကန့်ကွက်သည့် ကျောင်းသားလူငယ်များအား ဇူလိုင်လ ၇ ရက်နေ့တွင် အကြမ်းဖက်မှုကင်းမဲ့တဲ့ တက္ကသိုလ်နယ်မြေအတွင်းမှာပဲ ဗိုလ်နေဝင်းခေါင်းဆောင်တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။
အဲ့ဒီည ၇ နာရီအချိန်မှာ ဗိုလ်နေဝင်းက "ဓားကို ဓားချင်း လှံကို လှံချင်း ဆိုင်ရန်သာ ရှိတော့ကြောင်း" မြန်မာ့အသံရေဒီယိုကနေ အသံလွှင့်ခဲ့မှုအရ ၎င်းဦးဆောင်တဲ့လစစ်ဘီလူးမျိုးဆက်က ရည်ရွယ်ချက်ရှိရှိ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ကြောင်း ထင်ရှားသော သက်သေခံမှုပင် ဖြစ်ပါတယ်။
အကြမ်းဖက်သတ်ဖြတ် ယုတ်မာခဲ့ရုံသာမက နောက်တစ်နေ့ နံနက်၈ နာရီမှာ မတရားမှုကို ဆန့်ကျင်သင့်ကြောင်း မှန်ကန်စွာ သိရှိသော ကျောင်းသားခေါင်းဆောင်များစွာ မွေးထုတ် ပေးခဲ့တဲ့ သမိုင်းအစဥ်အလာ ကြီးမားလှသော ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို ဗုံးခွဲဖျက်ဆီးခဲ့ကြပါတယ်။
၁၉၆၃၊ ဇူလိုင်လ ကျောင်းတွေ ပြန်ဖွင့်တဲ့အချိန်တွင် သမဂ္ဂခြံဝန်းထဲက ဗိုလ်အောင်ကျော် ကျောက်တိုင်အနီးမှာ ဆဲဗင်းဂျူလိုင်မှာ ကျဆုံးခဲ့တဲ့ ကျောင်းသားပေါင်း ရာကျော်ကို ရည်စူးပြီး "ရာကျော်ကျောက်တိုင်" စိုက်ထူဂုဏ်ပြုခဲ့ကာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက “သမဂ္ဂအဆောက်အဦးကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ ရင်ထဲက သမဂ္ဂ စိတ်ဓာတ်ကိုတော့ ဘယ်သူမှဖြိုလို့မရပါဘူး” ဆိုတဲ့ သမိုင်းဝင် မိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။
ဒီမိန့်ခွန်းရဲ့ အဓိပ္ပာယ်ကို ကောင်းစွာနားလည်နိုင်စွမ်းရှိတဲ့ နိုင်ငံတစ်ဝန်းက ပြည်သူအပေါင်း တို့ဟာ စစ်အာဏာရှင် အဆက်ဆက်ရဲ့ မတရားမှုအပေါင်းကို အဆင့်ဆင့် လက်ဆင့်ကမ်း တွန်းလှန် ဆန့်ကျင်ရင်း ယခု မျက်မှောက်ကာလ နွေဦးတော်လှန်ရေး ကာလအထိ နှစ်(၆၀)ပင် တိုင်ခဲ့ပြီ ဖြစ်ပါတယ်။
သမိုင်းအဆက်ဆက် မတရားမှုကို တွန်းလှန်ခဲ့တဲ့ သူရဲကောင်းအပေါင်းတို့အား လေးစား ဦးညွတ်ရင်း နွေဦးတော်လှန်ရေး ၂၀၂၁ ဟာ အာဏာရှင် အပေါင်း ချုပ်ငြိမ်းပျောက်ကွယ်ဖို့ နောက်ဆုံး တိုက်ပွဲအဖြစ် အစွမ်းကုန် တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသား ညီအကိုမောင်နှမ အပေါင်းတို့အားလည်း လေးစားဦးညွတ်ပါတယ်။
ဆဲဗင်းဂျုလိုင် ဖြစ်စဉ်တွင် ပါဝင်ခဲ့တဲ့ ကျောင်းသား၊ ကိုကျော်ဝင်း သွေးဖြင့် ရေး၍ မှတ်တမ်းထားခဲ့သော စာတန်းပါ အဓိပ္ပာယ်အတိုင်း “ဆဲဗင်းဂျုလိုင်နဲ့ အတူ စစ်ဘီလူးတို့ရဲ့ ရက်စက်မှုများ” ကို နိုင်ငံသားတို့၏ စိတ်နှလုံးသားတွင် မှတ်တမ်းတင် ရေးထိုး ကမ္ဗည်းတင်ရင်း အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တွန်းလှန် တိုက်ထုတ်ကြဖို့ နှိုးဆော် တိုက်တွန်းထားပါတယ်။
========================
📌📌 ၂။ (၆၂)နှစ်ပြည့် ဆဲဗင်းဇူလိုင်အခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ သဝဏ်လွှာ ပေးပို့
ဇူလိုင်လ ၇ရက်။
RadioNUG
(၆၂)နှစ်ပြည့် ဆဲဗင်းဇူလိုင်အခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ပေးပို့သည့်သဝဏ်လွှာတွင်-ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၇)ရက်နေ့သည် ဗိုလ်နေဝင်း ဦးဆောင်သည့် နေဝင်းစစ်အစိုးရက ရန်ကုန်တက္ကသိုလ်ရှိ ကျောင်းသားများစွာကို သွေးမြေကျအောင် သတ်ဖြတ်ဖိနှိပ်ခဲ့သည် (၆၂)နှစ်ပြည့် ဝမ်းနည်းဖွယ်နေ့ ဖြစ်သည်။
ထို့အပြင် ဇူလိုင်လ(၈)ရက်နေ့တွင် ဂုဏ်ရောင်ထွန်းပြောင်သည့် ကျောင်းသားခေါင်းဆောင်များကို မွေးထုတ်ပေးခဲ့သည့် ကျောင်းသားသမဂ္ဂအဆောက်အအုံကိုလည်း ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်စီးခဲ့ပြီး သမဂ္ဂမျိုးဆက်ကို အဆက်ဖြတ်ရန်လည်း စစ်အာဏာရှင်များက ကြိုးစားခဲ့ကြသည်။
စစ်အာဏာရှင်များ၏ ဖိနှိပ်မှုကို အမြဲအမှတ်ရနေစေရန်နှင့် သမဂ္ဂစိတ်ဓာတ်ကို လေးစားအတုယူစေရန် မြောင်းမြမှ ကျောင်းသား ကိုကျော်ဝင်းမှ မန္တလေးကျောင်းဆောင်နံရံတွင် သူ့ကိုယ်မှထွက်သည့်သွေးဖြင့် ရေးခဲ့သည့် "၇.၇.၆၂ကို မမေ့ကြနဲ့" ဟူသော ကျောင်းသားများ၏ တောင်းဆိုသံကို ခေတ်အဆက်ဆက် ကျောင်းသားမျိုးဆက်များသည် လက်ဆင့်ကမ်း၍ မမေ့မပျောက်ဘဲ အထိမ်းအမှတ်ပွဲများကို ဖိနှိပ်မှု မျိုးစုံကြားကနေ ပြုလုပ်ခဲ့ကြပြီး ယနေ့မျက်မှောက် ကာလအထိ ဆဲဗင်းဇူလိုင်အထိမ်းအမှတ် အောက်မေ့ဖွယ်အခမ်းအနားများကို နှစ်စဉ်မပြတ် ပြုလုပ်နေကြသည့်အတွက် သမဂ္ဂအဖွဲ့ဝင်ကျောင်းသားများနှင့် ကျောင်းသား၊ ကျောင်းသူများအား လေးစားဂုဏ်ယူပါသည်။
"ဆဲဗင်းဇူလိုင်စိတ်ဓာတ်ကိုင်စွဲ ဆက်လက်တိုက်ပွဲဝင်ကြ" ဟူသည့် ကြွေးကြော်သံအတိုင်း ဖိနှိပ်မှုများဘယ်လောက်ပင် ရှိနေပါစေ လူမျိုးဘာသာမခွဲခြားပဲ အဖိနှိပ်ခံပြည်သူအရေး၊ ကျောင်းသားအရေး၊ ဒီမိုကရေစီအရေး၊ စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် အသံမတိတ် အလံမလိပ်ဘဲ ကျောင်းသားလူထုအရှေ့မှ သမဂ္ဂအလံကို လွှင့်ထူ၍ စွမ်းစွမ်းတမံ ဆက်လက် တိုက်ပွဲဝင်နေဦးမည်ဟု မုချယုံကြည်စွာဖြင့် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်ဟု ရေးသားဖော်ပြထားပါတယ်။
========================
📌📌 ၃။ မြို့နယ်အများအပြားတွင် ဆဲဗင်းဇူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်
ဇူလိုင်လ ၇ရက်။
RadioNUG
ဇူလိုင်လ ၇ ရက်နေ့မှာ ကျရောက်တဲ့ ဆဲဗင်းဇူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများကို မြို့နယ်အများအပြားတွင် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
တနင်္သာရီမြို့နယ်၊ အရာတော်မြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ဘုတလင်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ရန်ကုန်ရှိ မြို့နယ်များ၊ ကလေးမြို့နယ်၊ ရေနံချောင်းမြို့နယ်၊ မြိုင်မြို့နယ်၊ သထုံခရိုင်အတွင်းရှိ ABSDF တပ်ရင်းတပ်ဖွဲ့များ၊ ယောဒေသ ABSDF တပ်ရင်း ၁၂၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ သပိတ်စစ်ကြောင်းများနှင့် မလေးရှားနိုင်ငံတို့မှာပါ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
အခမ်းအနားများတွင် သမိုင်းဝင်မှတ်တမ်းများ ပြသခြင်း၊ လက်ကမ်းစာစောင်များ ပေးဝေခြင်း၊ ဆန္ဒပြစစ်ကြောင်းများ ချီတက်ခြင်း၊ စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း ခေတ်ဆက်ဆက်ကျဆုံးသွားတဲ့ ကျောင်းသားရဲဘော်များအား အလေးပြုခြင်း၊ တော်လှန်ရေးသီချင်းများ သီဆိုဂုဏ်ပြုကျင်းပခဲ့ကြပါတယ်။
========================
📌📌 ၄။ စစ်ကောင်စီမှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သား(၅)ဦး ထပ်မံသေဆုံးပြီး (၁၀)ဉီး ထိခိုက်ဒဏ်ရာရ
ဇူလိုင်လ ၇ရက်။
RadioNUG
တအာင်းပြည် တပ်မဟာ(၂)နှင့် တပ်မဟာ (၆)စစ်ဒေသတွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးကြောင့် အရပ်သား (၃) ဉီး ထပ်မံသေဆုံးပြီး (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PSLF/TNLA က သတင်းထုတ်ပြန်ပါတယ်။
မိုးကုတ်မြို့ အနောက်ပိုင်း ဘောလုံးကျေးရွာတွင် စစ်ကောင်စီလက်နက်ကြီးတစ်လုံး ကျ ရောက်ပေါက်ကွဲမှုကြောင့် အသက် (၆၃)နှစ်အရွယ် ဉီးမောင်မောင်၊ အသက်(၄၀)နှစ်အရွယ် ဒေါ်ယာအီ ပွဲချင်းပြီးသေဆုံးပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။
အလားတူ ဇူလိုင်လ(၇)ရက် နေ့လယ် (၁:၀၀)နာရီအချိန် မိုးမိတ်မြို့နယ် လယ်ကြီးကျေးရွာတွင် စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၁ နှစ်အရွယ် ဦးထွန်းလက်၊ အသက် ၂၆ နှစ်အရွယ် အောင်ကျော်မြင့်နှင့် အသက် ၅၇ နှစ်အရွယ် ဒေါ်စောခင် ဆိုသူ (၃)ဦး ထိမှန်ကာ ဒဏ်ရာပြင်းထန်စွာရရှိတယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် ဇူလိုင်(၆)ရက် ယမန်နေ့တွင်လည်း လားရှိုးမြို့ ရပ်ကွက် (၅)တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဉီးသေဆုံးသွားပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိသည့်အပြင် လားရှိုးမြို့နယ် နမ့်နွန်းရွာတွင် ဇူလိုင်(၅)ရက်နေ့ နေ့လည်(၁)နာရီအချိန်တွင် ကျည်ထိမှန်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးသွားပါတယ်။
တိုက်ပွဲ (၁၃)ရက်အတွင်းတွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် စုစုပေါင်း အရပ်သား (၄၉)ဦး သေဆုံးပြီး (၆၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ သံတွဲဒေသ တိုက်ပွဲများအတွင်း စကစအလောင်း (၄၀၀)ကျော်၊ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိပြီး ငပလီ(မဇင်)လေဆိပ်ကို ထိန်းချုပ်ထားနိုင်ကာ အမ်းမြို့နယ်ရှိ "တောဟိန်းတောင်ဗျူဟာ" ကို အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ရရှိ၍ နခခ (၂)၊ နယ်ခြားစောင့်တပ်စခန်းကို စကစ အလောင်း (၃၅၀) ကျော်၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားတို့နှင့်အတူ သိမ်းဆည်းရမိ
ဇူလိုင်လ ၇ ရက်။
RadioNUG
သံတွဲဒေသ တိုက်ပွဲများအတွင်း စကစအလောင်း (၄၀၀)ကျော်၊ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိပြီး ငပလီ (မဇင်) လေဆိပ်ကို ထိန်းချုပ်ထားနိုင်ကာ အမ်းမြို့နယ်ရှိ "တောဟိန်းတောင်ဗျူဟာ" ကို အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ရရှိ၍ နခခ(၂)၊ နယ်ခြားစောင့်တပ်စခန်းကို စကစ အလောင်း(၃၅၀)ကျော်၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အများအပြားတို့နှင့်အတူ သိမ်းဆည်းရမိကြောင်း အာရက္ခတပ်တော် AAက သတင်းထုတ်ပြန်ပါတယ်။
ဇွန်လ(၂၃)ရက်နေ့၊ နံနက်(၉)နာရီ (၅၆)မိနစ်အချိန်တွင် အမ်းမြို့နယ်ရှိ ဖက်ဆစ်စစ်ကောင်စီ၏ ရှေ့တန်းတပ်မ အထိုင်ဗျူဟာ စစ်ရေးအရ အရေးပါသည့် စခန်းကြီးဖြစ်တဲ့ "တောဟိန်းတောင်ဗျူဟာ"ကို အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပါတယ်။
အဆိုပါဗျူဟာကုန်းမှ စကစ အလောင်း အမြောက်အမြား၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ခဲယမ်း အချို့အား သိမ်းဆည်းရမိခဲ့ကာ တစ်ပြိုင်နက်တည်းတွင် အဆိုပါဗျူဟာကုန်းများမှ ထွက်ပြေးလွတ်မြောက်နေသောသူများအား လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိသကဲ့သို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(အမ်း)အား ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်မှုများနှင့်အတူ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဇူလိုင်လ(၆)ရက်နေ့၊ နေ့လယ်(၁)နာရီ(၄၀)မိနစ်အချိန်တွင် နခခ(၂)၊ နယ်ခြားစောင့်တပ်စခန်းကို စကစ အလောင်း(၃၅၀)ကျော်၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အများအပြားတို့နှင့်အတူ သိမ်းဆည်း ရမိခဲ့ပါတယ်။
နခခ(၂)တွင် စစ်ကောင်စီ၏ စကခ(၁၇)လက်အောက်ခံတပ်ရင်းများ စုပေါင်းခုခံတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
မောင်တောဒေသအတွင်းမှ စစ်ကောင်စီ၏ လက်ကျန်စခန်းများဖြစ်သော နခခ(၂)လေးမိုင်စခန်း၊ နခခ(၅)မြို့သူကြီးစခန်းနှင့် အခြားသော စခန်းများကိုလည်း မိုးတွင်းထိုးစစ်အဖြစ် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဇွန်လ(၂၇)ရက်၊ ညနေ(၅)နာရီ (၃၀)မိနစ်အချိန်တွင် သံတွဲအခြေစိုက် ခမရ(၅၆၆)တပ်ရင်းအား သိမ်းပိုက်ရရှိသကဲ့သို့၊ သံတွဲမြို့အနီးပတ်ဝန်းကျင်ရှိ အခြားသော စခန်းအချို့တို့ကိုလည်း သိမ်းပိုက်ရရှိထားပါတယ်။
ခမရ(၅၆၆)အား လက်လွှတ်လိုက်ရသည့် စကစတပ်သားများသည် သံတွဲ၊ လေဆိပ်အတွင်း၊ လေဆိပ်အနီး အဆောက်အအုံများ၊ နာမည်ကြီးဟော်တယ်ကြီးများနှင့် ဇီးဖြူကုန်းရှိ သုံးထပ်တိုက် တစ်တိုက်ထဲမှ ခုခံစစ်များကို အင်အား (၁၀၀)ခန့်ဖြင့် ခုခံနေသော်လည်း သုံးထပ်တိုက်နှင့် ပတ်ဝန်းကျင် အနီးအနားမှ နေရာများကို ဇူလိုင်လ (၆) ရက်၊ နံနက်(၁၁)နာရီခန့်အချိန်တွင် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ငပလီ (မဇင်) လေဆိပ်အနီး လေဆိပ်အဆောက်အအုံနှင့် အနီးပတ်ဝန်းကျင်များမှ အင်အား (၄၀၀) ခန့်ဖြင့် ခုခံစစ်ဆင်နွှဲနေသော နေရာများအားလုံးကို ဇူလိုင်လ (၅) ရက်၊ နံနက် (၆) နာရီ အချိန်တွင် အပြီးသတ် သိမ်းပိုက်ပြီး ငပလီ (မဇင်) လေဆိပ်အား ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ စကစတပ်သားအများစုမှာ တပ်မ (၁၀၁) ၏ လက်အောက်ခံ တပ်ရင်းများ ဖြစ်ကြပြီး အဆိုပါတပ်ရင်းများအားလုံးနီးပါးကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့ပါတယ်။
သံတွဲဒေသအတွင်း၌ စစ်ကောင်စီ၏ သံတွဲအခြေစိုက်တပ်ရင်းများဖြစ်ကြသော ခမရ(၅၆၆)နှင့် ခလရ (၅၅ တပ်ရင်းတို့အပြင် တပ်မ (၁၀၁) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခလရ (၂၃၅)၊ ခလရ (၂၅၁)၊ ခလရ (၂၅၂)၊ ခလရ (၂၅၃)၊ ခလရ (၂၅၄)၊ ခလရ (၂၅၅)၊ ခလရ (၂၅၆)၊ ခလရ (၂၅၇)၊ ခလရ (၂၅၈)၊ ခလရ (၂၅၉) နှင့် ခမရ (၃၁၅) (မိတ္ထီလာ-တမခ-၉၉) - လပခ ၊ ခမရ (၃၆၆) (မော်လိုက် - စကခ - ၁၀ - ကလေး) - နမခ၊ ဧရာဝတီအခြေစိုက် တပ်ရင်းအချို့၊ စစ်ကောင်စီ၏ သံတွဲဒေသခံ ပြည်သူ့စစ်တပ်ရင်းအချို့ နှင့် Myanmar Navy SEALs တပ်ဖွဲ့ဝင်များပါဝင်ပြိး ဖမ်းဆီးရမိသော သုံ့ပန်းအချို့၏ ပြောကြားချက်အရ တပ်မ (၁၀၁) မှ တပ်ရင်း (၁၀) ရင်းစလုံး သံတွဲမြို့စစ်ဆင်ရေးတွင်ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
ထို့အပြင် ဘင်္ဂလားပင်လယ်ပြင်ထက်တွင် တပ်စွဲထားသော ရေတပ်စစ်သင်္ဘော (၅)စီးပါ စစ်ရေယာဉ်စု၊ ကွင်းဝိုင်း၊ သပြုချိုင်၊ ဂျိတ်တော စသည့်နေရာများမှ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှု အမြောက်အမြား ပစ်ကူပေးပြီး ကြည်း၊ ရေ၊ လေ စုပေါင်းပြီး အသည်းအသန် ခုခံကာကွယ်နေခဲ့ကာ အာရက္ခတပ်တော်မှလည်း ဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် သံတွဲမြို့သိမ်းတိုက်ပွဲ၏ စစ်ရေးအခြေအနေသည် အပြင်းထန်ဆုံး နှင့် အမြင့်ဆုံးအနေအထားသို့ ရောက်ရှိခဲ့ပြီး အာရက္ခဒေသ မြို့သိမ်းတိုက်ပွဲများအတွင်း ခက်ခဲသော မြို့သိမ်းတိုက်ပွဲလည်း ဖြစ်ခဲ့ပါတယ်။
သံတွဲဒေသတိုက်ပွဲများအတွင်း စကစတပ်သားအလောင်း (၄၀၀)ကျော်၊ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့ကာ အလောင်းများအား ကောင်းမွန်စွာမြေမြှုပ်သင်္ဂြိုလ်ခဲ့ ဖော်ပြထားပါတယ်။
သံတွဲအခြေစိုက် တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သော ခလရ(၅၅)တပ်ရင်းအား ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသကဲ့သို့ ထွက်ပြေးလွတ်မြောက်နေသော ရန်သူများကို လိုက်လံချေမှုန်းလျက်ရှိကာ ခလရ (၅၅) နှင့်အတူ (၁၀၁) တပ်မလက်အောက်ခံ၊ ပခုက္ကူအခြေစိုက် ခလရ (၂၅၂) တပ်ရင်းနှင့် အခြားအမည်မသိသေးသော တပ်ရင်းအချို့တို့ စုပေါင်းပြီး ခလရ (၅၅) တပ်ရင်းနှင့်အတူ ခုခံတိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။
အခြားတစ်ဖက်တွင် ရန်သူ၏အရေးပါသော စခန်းကြီးများဖြစ်ကြသော အမ်း၊ နပခ ဌာနချုပ်၊ စကခ(၅)တောင်ကုတ် ဌာနချုပ်၊ စစ်တွေ(ဒကစ) ဌာနချုပ်နှင့် ဓညဝတီ ရေတပ်ဌာနချုပ်တို့အား ဖြတ်တောက်ပိတ်ဆို့ ထားပြီး အချို့စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေကာ ရန်သူ့စခန်း တချို့ကိုလည်း တစ်ဝက်တစ်ပျက် သိမ်းဆည်းထားတယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်မှစတင်ခဲ့သော အာရက္ခဒေသအတွင်း တိုက်ပွဲဖြစ်ပွားနေသည်မှာ (၇)လခွဲကျော် ကြာမြင့်ခဲ့ပြီး မိုးတွင်းကာလဖြစ်သည့်တိုင် တိုက်ပွဲအရှိန် လျော့ကျသွားခြင်းမျိုးမရှိ၊ ရပ်တန့်ခြင်းမရှိဘဲ တစ်ရက်ပြီး တစ်ရက် ဆက်လက်မြင့်တက်လျက်ရှိကာ စစ်ကောင်စီဘက်မှလည်း ကြည်း၊ ရေ၊ လေ တပ်များအစုံသုံးပြီး ခုခံစစ်များဖြင့် အသည်းအသန်ခုခံနေသကဲ့သို့ အာရက္ခတပ်တော်မှလည်း လက်နက်ချအညံ့မခံသေးသော စစ်ကောင်စီ၏ တပ်စခန်းတိုင်းအား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။
အာရက္ခဒေသတိုက်ပွဲများအတွင်း အသက်၊ ခန္ဓာစွန့်လွှတ်ခဲ့ကြသော အာရက္ခစစ်သည်တော်များ၊ သတ္တိပြောင်မြောက်စွာဖြင့် ပေးအပ်လာသော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော စစ်ဒေသအသီးသီးမှ အာရက္ခစစ်သည်တော်များ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်း၊ ပူးပေါင်းဆောင်ရွက်ကူညီပေးကြသော အာရက္ခပြည်သူများ အားလုံးကို လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ၁၃ ရက်မြောက်နေ့ မိုးမိတ်မြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်
ဇူလိုင်လ ၇ ရက်။
Radio NUG
ရှမ်းပြည်မြောက်ပိုင်း၊ တအာင်းတပ်မတော် TNLA တပ်မဟာ(၃)စစ်ဒေသ မိုးမိတ်မြို့နယ်ထဲတွင် စစ်ကောင်စီနှင့် TNLA ပူးပေါင်း တပ်တွေကြား တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၇ ရက်နေ့ နေ့လည် ၂ နာရီ ၄၉ မိနစ်အချိန်မှာ မိုးမိတ်မြို့နယ်၊ သရက်တောရွာ အနီးတွင် တအောင်းတပ် TNLA နှင့် စစ်ကောင်စီရဲ့ စကခ(၂၁)၊ ခလရ(၃၄၈)တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အလားတူ နေ့လည် ၂ နာရိ ၄၉ မိနစ်မှာလည်း မိုးမိတ်မြို့နယ် သရက်တောရွာ အနီးတွင် TNLA နဲ့ စစ်ကောင်စီရဲ့ စကခ(၂၁)၊ ခလရ (၂၂၃)တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
ထို့ပြင် နောင်ချိုမြို့နယ်က တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကောင်စီရဲ့ (၆၀၆) တပ်စခန်း အနီးတဝိုက်ကို စစ်ကောင်စီက Y12 ဖြင့် နှစ်ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အီနိုင်းရွာနဲ့ ၆ မိုင်ကုန်း ကြားမှာလဲ Jet Fighter ဖြင့် ၃ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။
ထို့အပြင် ကျောက်မဲမြို့နယ် အခြေစိုက် စစ်ကောင်စီ ခမရ (၅၀၁) တပ်စခန်းက ဟူးကွက်ရွာကို လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ TNLA သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ ချောင်းဦးတွင် ပျူစောထီး တပ်များနှင့် မုံရွာခရိုင် အမှတ် (၁၅) တပ်ရင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွား
ဇူလိုင်လ ၇ ရက်။
Radio NUG
မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ကံဇီးနှင့် ကင်းမွန်တော် ပျူရွာများက စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး တပ်များနှင့် မုံရွာခရိုင် အမှတ် (၁၅)တပ်ရင်း၊ တပ်ခွဲ (၅)တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၆ ရက်နေ့ မနက် ၉ နာရီ ၁၀ မိနစ်ခန့်မှာ ချင်းတွင်းမြစ်ရေး တိုးလာပြီး ရိုးချောင်းများထဲ ရေဝင်တာကို အခွင့်ကောင်းယူကာ ပျူစောထီးများက အနောက်ဘက်ကို နယ်မြေချဲ့ထွင် လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ရန်သူ့တပ်များ အထိနာအောင် စောင့်ကြိုတိုက်ခိုက် နိုင်ခဲ့တာကြောင့် ထိတွေ့မှု မိနစ် ၃၀ ခန့်တွင် ပျူစောထီးများ အထိအခိုက် များစွာဖြင့် ၎င်းတို့ရဲ့ ဘန်ကာရောက်အောင် ပြန်လည်ဆုတ်ခွာ သွားခဲ့ကြပြီး PDF ရဲဘော် တဦးလည်း ကျည်ထိမှန်ကာ မစိုးရိမ် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ကျိုက်မရော ခမရ ၂၀၈ တပ်ရင်းကို တာဝေးပစ် ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့
ဇူလိုင်လ ၇ ရက်။
Radio NUG
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်ရှိ စစ်ကောင်စီရဲ့ ခမ(၂၀၈)တပ်ရင်းကို တာဝေးပစ် ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BELU ယက္ခဒီပ ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၆ ရက် မနက် ၉ နာရီခန့်မှာ ယက္ခဒီပအဖွဲ့က ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ တာဝေးပစ်ဒုံး ၃ လုံးဖြင့် ခမရ (၂၀၈)တပ်ရင်းကို ပစ်ခတ်တိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။
တာဝေးပစ် ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ရွေဘိုတွင် ကင်းစောင့်နေသော ပျူစောထီး ၆ ဦး ဒရုန်းဖြင့် တိုက်ခိုက်ခံရ
ဇူလိုင်လ ၇ ရက်။
Radio NUG
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်း ပျူရွာမှာ ကင်းစောင့်နေတဲ့ ပျူစောထီး ၆ ဦးကို Fix Wing Drone ဖြင့် ဗုံးချတိုက်ခိုက် ခဲ့တယ်လို့ ဗိုလ်မဟာ Shwebo ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၆ ရက်နေ့ မနက် ၉ နာရီက ညောင်ကိုင်း ပျူစခန်း အနောက်ကင်းမှာ ကင်းစောင့်နေတဲ့ ပျူစောထီး ၆ ဦး ကို Fix Wing Drone ဖြင့် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၆ ဦးစလုံး ထိခိုက်ကျဆုံးမှု ရှိနိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်မဟာ Shwebo ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ မဟူရာ ရွှေဘိုသား LPDF ၊ Daung Man ပြည်သူ့ကာကွယ်ရေး အဖွဲ့၊ Zay Ya The ပြည်သူ့ကာကွယ်ရေး အဖွဲ့၊ ကြောင်ရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Snake Eye [B4-C3] အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၆။ မတ္တရာတွင် လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးကာ ကလေးငယ်များ အပါအဝင် ၄ ဦး ဒဏ်ရာရ
ဇူလိုင်လ ၇ ရက်။
Radio NUG
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အရှေ့ခြမ်း ရုံပင်ရွာတွင် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီး သေဆုံးကာ ကလေးငယ်များ အပါအဝင် ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၇ ရက် နေ့လည် ၁၀ နာရီ ခွဲခန့်တွင် တံတားဦး လေတပ်မှ ထွက်လာတဲ့ Jet Fighter ၁ စီးဖြင့် ရုံပင်ရွာထဲကို ပေါင် ၂၀၀ ဗုံးသီး ကြဲချခဲ့ပြီး လေယာဉ်ပေါ်ပါ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ လေကြောင်းကနေ ဗုံးကြဲပစ်ခတ် တိုက်ခိုက်မှုကြောင့် အသက် ၅၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ရကာ အသက် ၆ နှစ်နဲ့ ၁၁ နှစ် အရွယ်ရှိ ကလေးနှစ်ဦး အပါအဝင် ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းစစ်သွေးနဲ့ ခါးရှဲလ်ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment