၂၀၂၄ သြဂုတ်လ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ လူထုနဲ့ တိုင်းပြည်အတွက် သဘာဝက ပေးအပ်တဲ့ သယံဇာတတွေကို စီမံခန့်ခွဲတဲ့နေရာမှာ လူမှုတရားမျှတမှုနဲ့ ဓနဥစ္စာ ခွဲဝေမှုညီမျှရေးကို အခြေခံထားပြီး လုပ်ဆောင်ဖို့ယာယီသမ္မတပြောကြား
📌 ၂။ တော်လှန်ရေးအင်အားစုတွေ အားလုံး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ကြမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်သတင်းစကားပါးဆို
📌 ၃။ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများကြုံတွေ့နေရသည့် ပတ်စ်ပို့သက်တမ်းတိုးခြင်းနှင့် ဗီဇာပြဿနာအခက်အခဲများကို လွှတ်တော်မှ အာရုံစိုက်ပေး၍ ဥပဒေကြောင်းအရ ပိုမိုကူညီပေးသွားရန်မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMCက ကိုရီးယားလွှတ်တော်အမတ်များကိုတောင်းဆို
📌 ၄။ စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီ Emerging Towns & Cities Singapore (ETC)က မြန်မာစစ်အုပ်စု၏ စစ်ထောက်ချုပ်ရုံးထံမှ မြေငှားရမ်း တည်ဆောက်ထားသည့် အိမ်ခြံမြေ၊ အဆောက်အအုံစီမံကိန်းတစ်ခုကို စင်ကာပူဒေါ်လာ သန်းနဲ့ချီပေးအပ်ခဲ့
📌 ၅။ ၁၄ ရက်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၃ ဦး အပါအဝင် ၆၇ ဦး သေဆုံး
၂၀၂၄ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ၏ ရဲဘော်သစ် သင်တန်းသားများခေါ်ယူ
🚩 ၂။ ဒေါနတပ်ရင်းမှ ဦးစီးဖွင့်လှစ်ခဲ့တဲ့ အခြေခံစစ်သင်တန်းနဲ့ မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ
🚩 ၃။ လားရှိုးတွင် "ပြည်သူ့လုံခြုံရေး၊ ကွန်ရက်ဆက်သွယ်ရေးနှင့် စစ်မှုထမ်းမူဝါဒ"နှင့် ပတ်သက်ပြီး လူထုတွေ့ဆုံပွဲ ကျင်းပ
🚩 ၄။ ပျူတပ်သားသစ် စုဆောင်းနေတဲ့ ပျူခေါင်းဆောင်အပါ နှစ်ဦးကို သွားရောက် ဖမ်းဆီးရာ ပြန်ခုခံသဖြင့် ပစ်ခတ် ရှင်းလင်းခဲ့ရ
🚩 ၅။ သံဖြူဇရပ်တွင် စစ်ကောင်စီစစ်ကြောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ၇ ဦး သေဆုံး
🚩 ၆။ ရေစကြိုမြို့လယ်ကောင်ရှိ စကစတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်၊ ၆ ဦး သေဆုံး
🚩 ၇။ ကလေးတွင် CNDF နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက နေအိမ်တွေကို မီးရှို့ဖျက်ဆီး
🚩 ၈။ နွားထိုးကြီးမှာ တိုက်ပွဲမရှိဘဲ လေကြောင်းက ဗုံးကြဲပစ်ခတ်ရာ ၃ ဦး သေဆုံးပြီး ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရ
🚩 ၉။ တန့်ဆည်မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် ၁ ဦး လက်နက်နဲ့ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ လူထုနဲ့ တိုင်းပြည်အတွက် သဘာဝက ပေးအပ်တဲ့ သယံဇာတတွေကို စီမံခန့်ခွဲတဲ့နေရာမှာ လူမှုတရားမျှတမှုနဲ့ ဓနဥစ္စာ ခွဲဝေမှုညီမျှရေးကို အခြေခံထားပြီး လုပ်ဆောင်ဖို့ယာယီသမ္မတပြောကြား
သြဂုတ်လ ၂၀ရက်။
Radio NUG
လူထုနဲ့ တိုင်းပြည်အတွက် သဘာဝက ပေးအပ်တဲ့ သယံဇာတတွေကို စီမံခန့်ခွဲတဲ့ နေရာမှာ လူမှုတရားမျှတမှုနဲ့ ဓနဥစ္စာခွဲဝေမှု ညီမျှရေးကို အခြေခံထားပြီး လုပ်ဆောင်ဖို့ယာယီသမ္မတက ပြောကြားပါတယ်။
သြဂုတ်လ၂၀ရက် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၃/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။
"တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ လူမှုစီးပွားအရ တရားမျှတမှုရှိဖို့နဲ့ ဓနဥစ္စာ ခွဲဝေမှုတွေ ညီညွတ်မျှတမှသာ ငြိမ်းချမ်းဖွံ့ဖြိုးတဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ အုပ်ချုပ်ရေးနဲ့ မူဝါဒရေးတွေကို စဉ်းစားဆောင်ရွက်တဲ့အခါမှာ၊ ဒါတွေဟာ လူ့အဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုးဖို့အတွက် အခြေခံသဘောတရားတွေဖြစ်သင့်တယ်လို့ ယူဆပါတယ်။ တိုင်းပြည်နဲ့ နိုင်ငံတော်ကို စီမံအုပ်ချုပ်တဲ့အခါမှာ အမြော်အမြင်ရှိမှုနဲ့ တရားမျှတမှုကို အခြေခံတဲ့ မူဝါဒတွေ ကျယ်ပြန့်ဖို့ဟာ အင်မတန် အရေးကြီးတယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ရေးရာအလိုက် အုပ်ချုပ်စီမံမှုလမ်းစဉ်တွေကို အကောင်အထည်ဖော်တဲ့အခါမှာ လူထုအကျိုးအတွက် အခြေခံမူကောင်းတွေ အသက်ဝင်ရေးကို အလေးအနက်ထားဖို့ လိုကြောင်း ပြောကြားလိုပါတယ်"လို့ယာယီသမ္မတကပြောပါတယ်။
ဒါ့အပြင် သဘာဝက ပေးအပ်ထားတဲ့ ကောင်းချီးကို စီမံခန့်ခွဲမှု ညံ့ဖျင်းရင်၊ သယံဇာတကျိန်စာသင့်သလို ဖြစ်တတ်တယ်လို့ ယာယီသမ္မတကထပ်လောင်းပြောပါတယ်။
========================
📌📌 ၂။ တော်လှန်ရေးအင်အားစုတွေ အားလုံး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ကြမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်သတင်းစကားပါးဆို
သြဂုတ်လ ၂၀ရက်။
Radio NUG
တော်လှန်ရေးအင်အားစုတွေ အားလုံး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ကြမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်သတင်းစကားပါးဆိုလိုက်ပါတယ်။
သြဂုတ်လ၂၀ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
"သမိုင်းကြောင်းရှည်လျားပြီး တိုင်းရင်းသားပေါင်းစုံ စုစည်းနေကြတဲ့ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအရညှိနှိုင်း ဆောင်ရွက်စရာတွေများပြားပေမယ့် ပြည်သူကိုမျက်နှာမူပြီး တော်လှန်ရေးခရီးကို ကိုယ့်လမ်းကိုယ်ဖောက် လျှောက်လာလိုက်ကြတာ ဒီကနေ့ ဒီခရီးကို ရောက်နေကြပြီမို့ ကျွန်တော်တို့ တိုင်းပြည်ကို ကျွန်တော်တို့ အကောင်းဆုံးအတူတကွ တည်ဆောက်နိုင်မယ်လို့ ခိုင်မာတဲ့ ယုံကြည်ချက်ရှိပါတယ်။ နှစ်ပေါင်းများစွာ သွေးခွဲအုပ်ချုပ်ခဲ့မှုတွေရဲ့ ဆိုးပြစ်တွေကို ခံလာကြရပြီးတဲ့နောက် အခုဆိုရင် စုစည်းမှုနဲ့ အင်အားတွေကို ကောင်းကောင်း နားလည်လာကြတဲ့ တော်လှန်ရေးအင်အားစုတွေ အားလုံးဟာ နိုင်ငံရေးအရ ကောင်းမွန်တဲ့ ညှိနှိုင်း ဆွေးနွေး အဖြေရှာမှုတွေနဲ့အတူ ကျွန်တော်တို့ လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ကြမယ်ဆိုတာကို နိုင်ငံတကာမိတ်ဆွေတွေကိုလည်း သတင်းစကားပါးလိုတာ ဖြစ်ပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
ဒါ့အပြင် လက်ဗလာနဲ့ စတင်ခဲ့ကြတဲ့ ပြည်သူ့တော်လှန်ရေးဟာ ယနေ့အချိန်မှာတော့ တစ်ခုပြီးတစ်ခု အကောင်အထည်ဖော်လာနိုင်ပြီး အောင်ပွဲက လက်တစ်ကမ်းအလိုကို ရောက်နေပြီလို့ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုပါတယ်။
========================
📌📌 ၃။ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများကြုံတွေ့နေရသည့် ပတ်စ်ပို့သက်တမ်းတိုးခြင်းနှင့် ဗီဇာပြဿနာအခက်အခဲများကို လွှတ်တော်မှ အာရုံစိုက်ပေး၍ ဥပဒေကြောင်းအရ ပိုမိုကူညီပေးသွားရန်မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMCက ကိုရီးယားလွှတ်တော်အမတ်များကိုတောင်းဆို
သြဂုတ်လ ၂၀ရက်။
Radio NUG
တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများကြုံတွေ့နေရသည့် ပတ်စ်ပို့သက်တမ်းတိုးခြင်းနှင့် ဗီဇာပြဿနာအခက်အခဲများကို လွှတ်တော်မှ အာရုံစိုက်ပေး၍ ဥပဒေကြောင်းအရ ပိုမိုကူညီပေးသွားရန်မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMCက ကိုရီးယားလွှတ်တော်အမတ်များကိုတောင်းဆိုခဲ့ပါတယ်။
သြဂုတ်လ၂၀ရက် ဆိုးလ်မြို့၊ ဂါန်ဘွတ်မြို့နယ်ကောင်စီရုံးတွင် လွှတ်တော်အမတ်ဥက္ကဋ္ဌ မစ္စကင်းမြောင်ဟီအား မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေး တက်ကြွပါ၀င်လှုပ်ရှားသူများနှင့် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံကြကာ မြန်မာ့ဒီမိုကရေစီအရေးကို အတူတကွဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
တက်ရောက်ဆွေးနွေးသူများမှ လွှတ်တော်အမတ်များအား လက်ရှိ တောင်ကိုရီးယားအစိုးရအနေဖြင့် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေးကို အားစိုက်၍ ပိုမိုထောက်ခံအားပေးသွားရန်၊ စစ်ကောင်စီ၏ အခွန်နှင့်စကစ ၀င်ငွေလမ်းကြောင်းများ ဖြတ်တောက်ရေးတွင် တောင်ကိုရီးယားအစိုးရအနေဖြင့် လွှတ်တော်မှတတ်နိုင်သမျှ ဖိအားပေးခြင်းဖြင့် ပူးပေါင်း ပါ၀င်ဆောင်ရွက်ပေးသွားရန်၊ အကြမ်းဖက် စစ်ကောင်စီအား တောင်ကိုရီးယားအစိုးရအနေဖြင့် ထိတွေ့ဆက်ဆံမှုများကို လျှော့ချပြီး NUG အစိုးရနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် ပိုမိုနီးကပ်စွာအသိအမှတ်ပြု ဆက်ဆံ၍ကူညီရန်၊ မြန်မာ စစ်ဘေးရှောင်ပြည်သူများအား စကစနှင့်လက်အောက်ခံအဖွဲ့အစည်းများမှ တဆင့်မဟုတ်ပဲ ထိရောက်စွာ ပံ့ပိုးကူညီရန်၊ စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးအနေဖြင့် တောင်ကိုရီးယားရောက်မြန်မာနိုင်ငံသားများကြုံတွေ့နေရသည့် ပတ်စ်ပို့သက်တမ်းတိုးခြင်းနှင့် ဗီဇာပြဿနာအခက်အခဲများကို လွှတ်တော်မှ အာရုံစိုက်ပေး၍ ဥပဒေကြောင်းအရ ပိုမိုကူညီပံ့ပိုးပေးသွားပါရန် အတူဆွေးနွေးတင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
ထို့နောက် ဆိုးလ်မြို့ ဂါန်ဘွတ်မြို့နယ်တွင်ရှိသည့်ဒီမိုကရေစီသူရဲကောင်းဗိမာန်ကို တာ၀န်ရှိသူများနှင့်အတူ သွားရောက်လည်ပတ်ခဲ့ပါတယ်။
ထို့နောက် ဆိုးလ်မြို့ ဂါန်ဆောမြို့နယ်ကောင်စီရုံးတွင် လွှတ်တော်အမတ် ဥက္ကဋ္ဌ မစ္စတာဘာဆောင်ဟိုးနှင့် သွားရောက်တွေ့ဆုံကာ မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီအရေးနှင့် ပတ်သတ်ပြီး ဆက်လက်၍ ဆွေးနွေးခဲ့ကြပါတယ်။
ကိုရီးယားလွှတ်တော်အမတ်များမှလည်း မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေးကို အတူထောက်ခံ အားပေးကြောင်း၊ အခက်အခဲများကြုံတွေ့ရသော်လည်း ဇွဲမလျှော့ပဲ တစိုက်မတ်မတ်ဆက်လက် ကြိုးစားဆောင်ရွက်သွားကြရန်နှင့် ဥပဒေအရ မိမိတို့နှင့် လွှတ်တော်မှ လုပ်နိုင်သည့် တတ်နိုင်သည့်ဘက်မှ အတူကူညီဆောင်ရွက်သွားမည့်အကြောင်း ပြောကြားခဲ့ကြပါတယ်။
========================
📌📌 ၄။ စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီ Emerging Towns & Cities Singapore (ETC)က မြန်မာစစ်အုပ်စု၏ စစ်ထောက်ချုပ်ရုံးထံမှ မြေငှားရမ်း တည်ဆောက်ထားသည့် အိမ်ခြံမြေ၊ အဆောက်အအုံစီမံကိန်းတစ်ခုကို စင်ကာပူဒေါ်လာ သန်းနဲ့ချီပေးအပ်ခဲ့
သြဂုတ်လ ၂၀ရက်။
Radio NUG
စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Emerging Towns & Cities Singapore (ETC)က မြန်မာစစ်အုပ်စု၏ စစ်ထောက်ချုပ်ရုံးထံမှ မြေငှားရမ်း တည်ဆောက်ထားသည့် အိမ်ခြံမြေ၊ အဆောက်အအုံစီမံကိန်းတစ်ခုကို စင်ကာပူဒေါ်လာ သန်းနဲ့ချီပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။
သြဂုတ်လ၂၀ရက်မှာ Justice For Myanmarကတရားဝင်အသိပေးထုတ်ပြန်ပါတယ်။
စင်ကာပူအခြေစိုက် Emerging Towns & Cities (ETC)ကုမ္ပဏီက စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အပြစ်ပေးအရေးယူခံရခြင်း တစ်စုံတစ်ရာမရှိဘဲ အတိုင်းမသိကျူးလွန်နေသည့် မြန်မာစစ်အုပ်စုကို ဘဏ္ဍာငွေများ ဆက်လက်ပေးအပ်လျက်ရှိတယ်လို့ဖော်ပြပါတယ်။
ETC၏ ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ ၆ လစာ ဘဏ္ဍာရေးဆိုင်ရာနောက်ဆုံးထုတ်ပြန်ချက်တွင် Golden City စီမံကိန်းအတွက် မြေငှားရမ်းခ ပရီမီယံကြေး စင်ကာပူဒေါ်လာ ၉၀၀,၀၀၀ ပေးချေခဲ့ကြောင်း ဖော်ပြထားကာယင်းစီမံကိန်းသည် မြန်မာစစ်အုပ်စု၏ စစ်ထောက်ချုပ်ရုံးထံမှ မြေငှားရမ်း တည်ဆောက်ထားသည့် အိမ်ခြံမြေ၊ အဆောက်အအုံစီမံကိန်းတစ်ခု ဖြစ်တယ်လို့သိရပါတယ်။
ယခင်ဘဏ္ဍာရေးအစီရင်ခံစာများအရ ၂၀၂၂ ခုနှစ်တွင် စင်ကာပူဒေါ်လာ ၁.၆၈ သန်းနှင့် ၂၀၂၃ ခုနှစ်တွင် စင်ကာပူဒေါ်လာ ၂.၉၉ သန်း ပေးချေခဲ့မှုကို တွေ့ရပြီး၊ တရားမဝင်အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်အုပ်စုထံ စုစုပေါင်းပေးချေငွေသည် စင်ကာပူဒေါ်လာ ၅.၅၇ သန်း ရှိလာပြီဖြစ်တယ်လို့ Justice For Myanmarကဖော်ပြပါတယ်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က "ကလေးသူငယ်တွေကို သတ်ဖြတ်၊ စာသင်ကျောင်းနဲ့ ဆေးရုံဆေးခန်းတွေကို ဗုံးကြဲဖျက်ဆီးပြီး၊ လူသန်းချီ အိုးအိမ်မဲ့ဖြစ်အောင် လုပ်ဆောင်နေတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတရားခံ စစ်အုပ်စုကို ငွေကြေးထောက်ပံ့နေဆဲဖြစ်တဲ့ ETC ကုမ္ပဏီက စင်ကာပူနိုင်ငံမှာ လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေနိုင်တာကတော့ လက်ခံနိုင်ဖွယ် မရှိပါဘူး။ ဒီလိုမြန်မာစစ်အုပ်စုကို ငွေကြေးဆက်လက်ထောက်ပံ့နေမှုတွေကတဆင့် ETC ဟာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာ ကြံရာပါ ပါဝင်ပတ်သက်နေပြီပဲ ဖြစ်ပါတယ်"လို့ပြောကြားထားပါတယ်။
ETC နှင့် Grand Ally ကုမ္ပဏီနှစ်ခုလုံးသည် စင်ကာပူတွင် မှတ်ပုံတင်ထားသောကြောင့် စင်ကာပူသည် မြန်မာစစ်အုပ်စုနှင့် လုပ်ကိုင်နေသော Golden City ၏ စီးပွားရေးလုပ်ငန်းနှင့် ဆက်လက်ထိတွေ့ ချိတ်ဆက်နေဆဲပင်ဖြစ်ပါတယ်။
========================
📌📌 ၅။ ၁၄ ရက်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၃ ဦး အပါအဝင် ၆၇ ဦး သေဆုံး
သြဂုတ်လ ၂၀ရက်။
Radio NUG
ဩဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ (၁၄ ရက်အတွင်း) စစ်ကောင်စီရဲ့ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၃ ဦးနှင့် အမျိုးသမီး ၁၄ဦး အပါအဝင် ၆၇ဦး သေဆုံးခဲ့ကြောင်း သွေးစွန်းငွေမှ သတင်းထုတ်ပြန်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည်တောင်ပိုင်း၊ ရခိုင်ပြည်၊ ချင်းပြည်၊ ကချင်ပြည်၊ ကရင်နီပြည်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု စုစုပေါင်း ၁၆၈ ကြိမ် ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့တွင် အကြမ်းဖက်စစ်အုပ်စု၏ ဒရုန်းမှ ဗုံးကြဲတိုက်ခိုက်မှု စုစုပေါင်း ၆ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
၁၄ ရက်အတွင်း ရှမ်းပြည်မြောက်ပိုင်းအား လေကြောင်းတိုက်ခိုက်မှု ၈၆ ကြိမ်နှင့် ပထမအများဆုံး တိုက်ခိုက်ခဲ့ပြီး မန္တလေးတိုင်းအား ၂၂ ကြိမ်နှင့် ဒုတိယအများဆုံး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။
ရှမ်းပြည်မြောက်ပိုင်းတွင် သေဆုံးသူ ၃၀ဦးနှင့် ပထမအများဆုံးသေဆုံးပြီး မန္တလေးတိုင်းတွင် သေဆုံးသူ ၂၁ ဦးနှင့် ဒုတိယအများဆုံး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အရပ်သားပြည်သူ စုစုပေါင်း ၁၂၃ ဦး ဒဏ်ရာရရှိခဲ့ကာ အယောက် ၅၀၀ ထက်မနည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဘာသာရေး အဆောက်အအုံ ၉ ခု၊ စာသင်ကျောင်း ၄ ကျောင်း၊ ဆေးရုံ ၅ ခု၊ နေအိမ် ၄၅ အိမ်၊ ဈေးဆိုင်ခန်း ၄၀၁ ခန်းနှင့် ဟိုတယ် ၁ ခု တို့ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ၏ ရဲဘော်သစ် သင်တန်းသားများခေါ်ယူ
သြဂုတ်လ ၂၀ ရက်
Radio NUG
သြဂုတ်လ၂၀ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF၊ တောင်ပိုင်းစစ်ဒေသ၏ အထူးလက်ရုံးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/ အထူးတပ်ဖွဲ့)မှ ရဲဘော်သစ် (သင်တန်းသား)များကို စနစ်တကျ စိစစ်လက်ခံလျှက် ရှိတယ်လို့ဖော်ပြပါတယ်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်ပေါ်ထွန်းရေးသည် နိုင်ငံသားအားလုံး၏ အဓိကတာဝန်ဖြစ်ပြီး SOF နှင့်အတူ အဆုံးသတ်တိုက်ပွဲဆင်နွှဲရန် အတူတကွလက်တွဲ တိုက်ပွဲဝင်လိုသော လူငယ် အမျိုးသား/အမျိုးသမီးများအား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုလက်ခံလျှက်ရှိပါကြောင်း သတင်းကောင်းပါးအပ်တယ်လို့ဆိုပါတယ်။
တပ်ဖွဲ့ဝင်လိုသူများအနေဖြင့် အသက် (၁၈)နှစ်နှင့်(၃၅)နှစ်အတွင်း ကျန်းမာရေးကောင်းမွန်ပြီး စိတ်ဓာတ်ကြံ့ခိုင်သူ၊ အခြေခံစစ်ပညာသင်တန်း၊ အထူးစစ်ဆင်ရေးသင်တန်းနှင့် မွမ်းမံသင်တန်းများပါ ပြီးဆုံးအောင်မြင်သည်အထိ တက်ရောက်နိုင်သူ၊ သင်တန်းပြီးဆုံးပါက တပ်ဖွဲ့မှ ပေးအပ်သည့်တာဝန်နှင့် စုဖွဲ့မှုအတိုင်း တောင်ပိုင်းစစ်ဒေသ၏ မည်သည့်နေရာမဆို တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမယ်လို့ဖော်ပြပါတယ်။
========================
🚩🚩 ၂။ ဒေါနတပ်ရင်းမှ ဦးစီးဖွင့်လှစ်ခဲ့တဲ့ အခြေခံစစ်သင်တန်းနဲ့ မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ
ဩဂုတ်လ ၂၀ ရက်။
Radio NUG
ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဒေသခွဲအမှတ်(၃)တောင်ပိုင်းတိုင်းစစ်ဒေသ ဗျူဟာ ၃၃ အခြေပြု၊ ဒေါနတပ်ရင်းမှ ဦးစီးပြုလုပ်တဲ့ အခြေခံစစ်သင်တန်းအပတ်စဉ်(၂/၂၀၂၄)နဲ့ မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၁၆ ရက်နေ့မှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တဲ့ အဆိုပါသင်တန်းကို မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲဘော်တွေ အပါအဝင် မဟာမိတ် တပ်ရင်းတပ်ဖွဲ့မှ ရဲဘော်တွေလည်း တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ ၃ လခန့် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
သင်တန်းဆင်းပွဲမှာ သင်တန်းသားများမှ စစ်ကြောင်းပုံစံ ချီတက်အလေးပြုခြင်း၊ သစ္စာရေသောက်ခြင်း၊ ဝန်ကြီးဌာနမှပေးပို့တဲ့ သဝဏ်လွှာ ဖတ်ကြားခြင်း၊ တာဝန်ရှိလူကြီးများမှ ဂုဏ်ပြုမိန့်ခွန်း ပြောကြားခြင်းနဲ့ ထူးချွန်ဆုရ သင်တန်းသားများကို ဆုချီးမြှင့် ပေးခဲ့ကြပြီး သင်တန်းသားများမှ လေ့ကျင့်ရေးနဲ့ စစ်ဆင်ရေးသရုပ်ပြမှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
သင်တန်းဆင်းပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဒေသခွဲ အမှတ် (၃)တောင်ပိုင်းတိုင်း စစ်ဒေသ ၊ ဗျူဟာ(၃၃)မှ တာဝန်ရှိသူများ ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ဒေါနတပ်ရင်း ၊ ရေးပြောက် ကျားတပ် (YGF)၊ ကံပေါက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (KBDF)၊ Ye Air Force(YAF) ၊ Ye Defence Force (YDF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)နဲ့ ရေးသိမ်းငှက် မဟာမိတ်တပ်ရင်း တပ်ဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။
========================
🚩🚩 ၃။ လားရှိုးတွင် "ပြည်သူ့လုံခြုံရေး၊ ကွန်ရက်ဆက်သွယ်ရေးနှင့် စစ်မှုထမ်းမူဝါဒ"နှင့် ပတ်သက်ပြီး လူထုတွေ့ဆုံပွဲ ကျင်းပ
သြဂုတ်လ ၂၀ ရက်
Radio NUG
အထူးဒေသ(၁)၏ မူဝါဒများကို ပြည်သူများ ပိုမိုနားလည် သဘောပေါက်လာစေရန်၊ ပြည်သူတို့၏ ပြဿနာများကို ဖြေရှင်းပေးနိုင်ရန် ပြည်သူများအကြား ပူးပေါင်းပါဝင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် "ပြည်သူ့လုံခြုံရေး၊ ကွန်ရက်ဆက်သွယ်ရေးနှင့် စစ်မှုထမ်းမူဝါဒ"နှင့် ပတ်သက်ပြီး လူထုတွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်ပါတယ်။
MNDAA တပ်များ မြို့တွင်းသို့ ဝင်ရောက်ပြီးနောက် ခိုးမှု၊ မူးယစ်ဆေးဝါး သုံးစွဲ/ရောင်းဝယ်မှုနှင့် ရာဇ၀တ်မှုများကို လျင်မြန်စွာ ထိထိရောက်ရောက် နှိမ်နင်းနိုင်ခဲ့ပြီး လားရှိုးမြို့သူ/ မြို့သားများအား တရားမ၀င် မှုခင်းမျိုးစုံကို တိုင်ကြားရန်၊ လုံခြုံရေးလုပ်ငန်းများကို ပူးပေါင်းထိန်းသိမ်းရန်နှင့် အကြံပြုရန် ပြောဆိုခဲ့ပါတယ်။
လားရှိုးမြို့သူမြို့သားများ ပြန်လည်ရောက်ရှိနိုင်စေရန်နှင့် လားရှိုးမြို့၏ လက်ရှိအခြေအနေအား ပြင်ပလောကမှ သိမြင်လာစေရန်အတွက် ရပ်ကွက်တစ်ခုစီတွင် ကွန်ရက်ဆာဗာတစ်ခု တပ်ဆင်ရန်နှင့် ဒေသခံများအား အခမဲ့ အသုံးပြုခွင့်ပေးရန် ညွှန်ကြားထားပြီး ကွန်ရက်ဆက်သွယ်ရေး ကိရိယာအချို့ကို ပြုပြင်လျက်ရှိရာ ရပ်ကွက် ၁၂ မှာ "MYTEL" ကွန်ရက် ပြန်လည်ရရှိနေပြီလို့ ဆိုထားပါတယ်။
လားရှိုးမြို့ခံများ စိုးရိမ်နေကြသည့် စစ်မှုမထမ်းမနေရ၊ စားနပ်ရိက္ခာ ပေးဆောင်ခြင်းနှင့် လူငယ်စုဆောင်းခြင်း လုံးဝမရှိကြောင်း၊ ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့် မည်သည့်အရာကိုမျှ လုပ်မည်မဟုတ်ကြောင်းလည်း အလေးအနက် ပြောကြားခဲ့ပါတယ်။
========================
🚩🚩 ၄။ ပျူတပ်သားသစ် စုဆောင်းနေတဲ့ ပျူခေါင်းဆောင်အပါ နှစ်ဦးကို သွားရောက် ဖမ်းဆီးရာ ပြန်ခုခံသဖြင့် ပစ်ခတ် ရှင်းလင်းခဲ့ရ
ဩဂုတ်လ ၂၀ ရက်။
Radio NUG
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ တောပြားကြီး ကျေးရွာအုပ်စု၊ မင်းခေါင်းဆေး ရွာမှာ ပျူတပ်သားသစ် စုဆောင်းနေတဲ့ ပျူခေါင်းဆောင်အပါ နှစ်ဦးကို သွားရောက်ဖမ်းဆီးရာ ပြန်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးချိန် သေဆုံးသွားခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ပျူခေါင်းဆောင် နောင်မေးနှင့် ပျူစောထီး ကြယ်စဉ်အောင် တို့အား ပျူတပ်သားသစ်များ စုဆောင်းပြီး သင်တန်းများလည်း ပို့ချနေတယ်လို့ သတင်းရတာကြောင့် အကြိမ်ကြိမ် သတိပေးတားမြစ်ခဲ့ပေမယ့် လိုက်နာမှုမရှိတာကြောင့် ဩဂုတ်လ ၂၀ ရက် ညနေ ၆ နာရီမှာ သွားရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ထိုသို့ သွားရောက်ဖမ်းဆီးချိန်မှာ ပြန်လည်ခုခံ ပစ်ခတ်ခဲ့သဖြင့် ကျွန်းစု (ပကဖ)အဖွဲ့မှ ပစ်ခတ်ဖမ်းဆီး ခဲ့ရပြီး ၎င်းပျူစောထီး နှစ်ဦးစလုံး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ပစ်ခတ်ဖမ်းဆီးမှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကျွန်းစု ပကဖ)က ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
========================
🚩🚩 ၅။ သံဖြူဇရပ်တွင် စစ်ကောင်စီစစ်ကြောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ၇ ဦး သေဆုံး
ဩဂုတ်လ ၂၀ ရက်။
Radio NUG
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ရွာသစ် ဘုန်းကြီးကျောင်းအနီး ခေတ္တနားနေတဲ့ စစ်ကောင်စီ စစ်ကြောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ၇ ဦး သေဆုံးခဲ့တယ်လို့ တောင်ပိုင်းတိုင်း စစ်ဒေသမှ သတင်းထုတ်ပြန်ထားပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃)တောင်ညိုစစ်ကြောင်း (P29906)နှင့် KNLA တပ်ရင်း (၂၇)တို့ ပူးပေါင်းပြီး ဩဂုတ်လ ၁၉ ရက်နေ့ မနက် ၉ နာရီခန့်မှာ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၇ ဦး သေဆုံးခဲ့ပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ပေမယ့် ပူးပေါင်းအဖွဲ့မှ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၆။ ရေစကြိုမြို့လယ်ကောင်ရှိ စကစတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်၊ ၆ ဦး သေဆုံး
ဩဂုတ်လ ၂၀ရက်။
RadioNUG
ဩဂုတ်လ ၂၀ရက်နေ့ မနက်ခင်း ၉ နာရီတွင် ရေစကြိုမြို့ရှိ အထက(၁)စာသင်ကျောင်းအနီးတွင်ရှိသော စကစတပ်သားများကို အလစ်ဝင်လုံး တိုက်ခိုက်ခဲ့ရာ အားလုံးသေဆုံးကြောင်း Southern YSO PDFက သတင်းထုတ်ပြန်ပါတယ်။
လမ်းမပေါ်ရှိ MA1 တစ်လက် MA3 တစ်လက် G3 တစ်လက်စုစုပေါင်း သေနတ်သုံးလက် ကောက်ယူရန် ကြိုးစားစဉ် အထက(၁)ကျောင်းအနီးရှိ ရုံးပေါင်းစုံဂိတ်နှင့် စိုက်ပျိုးရေးရုံး အတွင်းမှ စကစတပ်သားများမှ ပြန်ပစ်ခတ်သဖြင့် လက်နက်ကောက်ယူနိူင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
ကင်းပတ်ကား (Alphard)ကလည်း လိုက်လံတားဆီးပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန် ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ပြီး ကင်းပတ်ကားကို စိတ်ကြိုက်ပစ်ခတ်နိုင်ခဲ့ကာ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါပစ်ခတ်မှုများအတွင်း စစ်သား ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကာ စကစတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ပြည်သူများ ထိခိုက်ဆုံးရှုံးရတယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Southern YSO PDF၊ People's Security Force-Yesagyo၊ Myingyan Black Tiger ၊ TPG မြို့ပြပျောက်ကြားညီနောင် မဟာမိတ်များမှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၇။ ကလေးတွင် CNDF နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက နေအိမ်တွေကို မီးရှို့ဖျက်ဆီး
ဩဂုတ်လ ၂၀ ရက်။
Radio NUG
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရှားတောကျေးရွာမှာ စစ်ကောင်စီနဲ့ ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNDF)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရွှေဖီမြေ သတင်းဌာနက ဖော်ပြထားပါတယ်။
သြဂုတ်လ ၂၀ ရက် မနက် ၅ နာရီခန့်တွင် စက္ကန့်ရွာမှ ရှားတောရွာကို စစ်ကား ၅ စီးဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ CNDF တို့ ၁ နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ကလေးမြို့ကနေ လက်နက်ကြီး ပစ်ကူပေးခဲ့ပြီး တိုက်ပွဲအတွင်းမှာ CNDF မှ ရဲဘော် ၄ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ CNDF က ဆိုပါတယ်။
တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ရှားတော ကျေးရွာနဲ့ သုံးအိမ်စု ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရှားတော၊ သုံးအိမ်စု၊ လက်ပံခုံ၊ လေးအိမ်စု၊ ဆင်တော၊ မြောင်းစုံ၊ စီးစံ စတဲ့ ကျေးရွာတွေကို စစ်ကြောင်း ဆက်ထိုးနေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
ထို့ပြင် ညနေ ၂ နာရီခန့် အချိန်မှာလည်း စစ်ကောင်စီတပ်က ကလေးမြို့နယ်၊ လက်ပံချောင်း ကျေးရွာကို ဂျက်ဖိုက်တာ တစီးဖြင့် လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
========================
🚩🚩 ၈။ နွားထိုးကြီးမှာ တိုက်ပွဲမရှိဘဲ လေကြောင်းက ဗုံးကြဲပစ်ခတ်ရာ ၃ ဦး သေဆုံးပြီး ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရ
ဩဂုတ်လ ၂၀ရက်။
RadioNUG
ဩဂုတ်လ ၂၀ရက်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ကွမ်းအုံရွာ ဘုန်းကြီးကျောင်းကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းက ဗုံးနှစ်လုံးကြဲချပြီး ရော့ကတ်နဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ပြည်သူ ၃ ဦး သေဆုံးပြီး သံဃာတော် ၁ ပါးနဲ့ ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေက သိရပါတယ်။
လေကြောင်းက ဗုံးကြဲပစ်ခတ်လို့ ထိခိုက်သေဆုံးခဲ့တဲ့ အမျိုးသား သုံးဦးဟာ ကွမ်းအုံကျေးရွာက အသက် ၆၀ ကျော်အရွယ်တွေဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေထဲမှာလည်း အမျိုးသားတွေ အများဆုံးပါဝင်ကာ အမျိုးသမီးအချို့လည်း ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ဆေးဝါးကုသပေးနေကာ စိုးရိမ်ရသူတွေကို မြင်းခြံမြို့ပေါ် ဆေးဝါးကုသဖို့ ပို့ဆောင်နေပြီး ဘုန်းကြီး ကျောင်း အဆောက်အအုံတွေ၊ တန်ဆောင်းတွေနဲ့ အုတ်တံတိုင်းတွေ ထိခိုက်ပျက်စီးသွားပါတယ်။
========================
🚩🚩 ၉။ တန့်ဆည်မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် ၁ ဦး လက်နက်နဲ့ အလင်းဝင်
ဩဂုတ်လ ၂၀ ရက်။
Radio NUG
စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ တန့်ဆည်မြို့က မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်ခဲ့တယ်လို့ Freedom Revolution Force (FRF)က သတင်းထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၂၀ ရက်နေ့က အဆိုပါ ရဲဒုတပ်ကြပ်ဟာ Freedom Revolution Force (FRF)နဲ့ မင်းကင်း တပ်ရင်း (၂)ပူးပေါင်းအဖွဲ့ထံ ဆက်သွယ်အလင်းဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။
၎င်းနဲ့အတူ G3 ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ၇.၆၂ ကျည် ၁၇၃ တောင့်၊ ၅.၅၆ ကျည် ၁ တောင့်၊ 9mm ပစ်စတိုကျည် ၇ တောင့်၊ ၉ လုံး ရှော့ဂန်းကျည် ၁ တောင့်၊ လက်ပစ်ဗုံး ၁ လုံးနဲ့ လက်ထိပ် ၁ ခုတို့ကို တပါတည်း ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment