၂၀၂၄ စက်တင်ဘာလ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြို့နယ်ပေါင်း၄၅မြို့နယ်မှာ အမှုပေါင်း၉၀၀ ကျော်ဖြစ်ပွားခဲ့ပြီး အမှုပေါင်း၂၀၀ ကျော်ကို အမိန့်ချမှတ်နိူင်တဲ့အထိ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့တယ်လို့ဆို
📌 ၂။ မဲဆောက်သက်ငယ်မဒိန်းမှုတွင် ကလေးငယ်နှင့်မိသားစုရဲ့ ကျန်းမာရေး၊ လုံခြုံရေးအပါအဝင် နှစ်သိမ့်ဆွေးနွေးမှုတို့ကို ဦးဆုံးဆောင်ရွက်ပေးခဲ့
📌 ၃။ CDM နိုင်ငံ့ဝန်ထမ်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် အုပ်ချုပ်မှုပုံစံသစ်ဆီသို့ ခေါင်းစဥ်နဲ့ သင်တန်းဖွင့်လှစ်သင်ကြား
📌 ၄။ ကိုရီးယားနိုင်ငံ ကျန်းမာရေးဝန်ထမ်းများသမဂ္ဂ (Korean Health and Medical workers' Union)က NUGအစိုးရ သို့ လူသားချင်းစာနာသော ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဝမ်ခုနှစ်ဆယ့်လေးသိန်းပေးအပ်
📌 ၅။ ဘိတ်ထားဝယ်ခရိုင်၊ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ဆေးခန်းသစ်ဖွင့်လှစ်
📌 ၆။ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၄၄၉) ဦး သေဆုံးခဲ့ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရ
📌 ၇။ မိုးရွာသွန်းမှုနှင့် မြစ်ရေများတိုးမြင့်မှုကြောင့် မြန်မာနိူင်ငံတဝှမ်း ရေကြီးနစ်မြုပ်မှုဒဏ်ကို ပြည်သူများခံစားနေရ
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပြင်ဦးလွင် ကာကွယ်ရေးအတွက် အသက် ၃၅ နှစ်မှ အသက် ၆၀ နှစ်အထိ သက်ကြီးပိုင်း အမျိုးသားများဖြင့် ပြည်သူ့လုံခြုံရေး အဖွဲ့ ဖွဲ့စည်းရန် စစ်တပ်က လိုက်လံစည်းရုံး
🚩 ၂။ ကျိုက်ထိုနှင့် ဘီးလင်းကြား ၊ ရန်ကုန် - မော်လမြိုင် ကားလမ်းမကြီးအတွင်းရှိ သဲဖြူချောင်းတံတား( သံတံတား )ရဲနှင့်စစ်သား ပူးပေါင်းဂိတ်စခန်းအား ၀င်ရောက်ပစ်ခတ်ပြီး ဒတရ ( ၆၀၂) တပ်ရင်းအား ဒရုန်းဖြင့် ပစ်ခတ်
🚩 ၃။ လယ်ဒိုမြို့နှင့် မူးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးနှင့် ဒရုန်းများကြောင့် ပြည်သူ (၁) ဦးထိခိုက်ပြီး (၁) ဦးသေဆုံးကာ စာသင်ကျောင်း (၁)ကျောင်း နှင့် နေအိမ် (၁) လုံး ထိခိုက်ပျက်စီးခဲ့ရ
🚩 ၄။ လားရှိုးမြို့နယ်မှာ အမှိုက်ကောက်နေတဲ့ အမျိုးသားတစ်ဦးဟာ စစ်တပ် တပ်ရင်း(၄၁) အပြင်ဘက်မှာ မိုင်းနင်းမိ
🚩 ၅။ သိန္နီခရိုင်ရှိ ကျောက်မီးသွေးတွင်းတစ်ခုကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အအုံများစွာ ပျက်စီး
🚩 ၆။ မီတာ ၂၀ ကနေ MA ကျည်ကိုကာနိုင်ဖို့ကျည်ကာအမျိုးအစားအသစ်ကို စမ်းသပ်နေတယ်လို့ Federal Wingsအသိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြို့နယ်ပေါင်း၄၅မြို့နယ်မှာ အမှုပေါင်း၉၀၀ ကျော်ဖြစ်ပွားခဲ့ပြီး အမှုပေါင်း၂၀၀ ကျော်ကို အမိန့်ချမှတ်နိူင်တဲ့အထိ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့တယ်လို့ဆို
စက်တင်ဘာလ ၁၁ရက်။
Radio NUG
မြို့နယ်ပေါင်း၄၅မြို့နယ်မှာ အမှုပေါင်း၉၀၀ ကျော်ဖြစ်ပွားခဲ့ပြီး အမှုပေါင်း၂၀၀ ကျော်ကို အမိန့်ချမှတ်နိူင်တဲ့အထိ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးဦးလွင်လတ်ကဆိုပါတယ်။
စက်တင်ဘာ၁၁ရက် သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလွင်လတ်ကဆိုပါတယ်။
"လက်ရှိအနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်တဲ့ ဆောင်ရွက်နေတဲ့အဖွဲ့ဆိုရင် မြို့နယ်ပေါင်း၄၅မြို့နယ်မှာ ပြည်သူ့လုံခြုံရေးအဖွဲ့တွေဖွဲ့ထားပြီးပြီ။ ရဲစခန်းအားဖြင့်ပြောမယ်ဆိုရင်တော့ မြို့နယ်၈ခုမှာရဲစခန်း၈ခုဖွဲ့စည်းထားပါတယ်။ လက်ရှိ၄၅မြို့နယ်မှာ အမှုတွေကတော့ဖြစ်ပါတယ်။ ၂၀၂၄မှာ အမှုဖြစ်ပွားခဲ့တာ၉၁၅မှုဖြစ်တယ်။ တရားစွဲထားတဲ့အမှုပေါင်း၂၁၇မှုရှိတယ်။ စစ်ဆေးဆဲအမှုက ၃၁၈မှုရှိပြီးတော့ ပိတ်သိမ်းတာက ၇၃မှုရှိပါတယ်။ အမိန့်ချခဲ့တာကတော့ဒီနှစ်ထဲမှာ၂၄၄မှုဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။
အမှုဖြစ်ပွားမှုနှုန်းအရ တစ်မြို့နယ်ကိုအမှု၂၀ ကျော်ဖြစ်ပွားပြီး တရားဥပဒေစိုးမိုးရေးအပိုင်းတွင် ဆိုးရွားစွာပျက်သုဥ်းနေခြင်းမဟုတ်ဘူးလို့ ဝန်ကြီးကဆိုပါတယ်။
========================
📌📌 ၂။ မဲဆောက်သက်ငယ်မဒိန်းမှုတွင် ကလေးငယ်နှင့်မိသားစုရဲ့ ကျန်းမာရေး၊ လုံခြုံရေးအပါအဝင် နှစ်သိမ့်ဆွေးနွေးမှုတို့ကို ဦးဆုံးဆောင်ရွက်ပေးခဲ့
စက်တင်ဘာလ ၁၁ရက်။
Radio NUG
မဲဆောက်သက်ငယ်မဒိန်းမှုတွင် ကလေးငယ်နှင့် မိသားစုရဲ့ ကျန်းမာရေး၊ လုံခြုံရေးအပါအဝင် နှစ်သိမ့်ဆွေးနွေးမှုတို့ကို ဦးဆုံးဆောင်ရွက်ပေးခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးကပြောပါတယ်။
စက်တင်ဘာ၁၁ရက် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန(MOHAI)၊ အမျိုးသမီး၊ လူငယ်နှင့်ကလေး သူငယ်ရေးရာဝန်ကြီးဌာန(MOWYCA) ၊ တရားရေးဝန်ကြီးဌာန(MOJ) ၊ မဟာဗျူဟာမြောက်ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေးယူနစ်(SCPRU) "ကြားကာလ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များ " သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးကပြောပါတယ်။
"ဒီအမှုက ကျွန်မတို့ဝန်ကြီးဌာနကို အရင်ဆုံးတိုင်ကြားလာပါတယ်။ ကျွန်မတို့ကလည်း ကလေးရဲ့ကျန်းမာရေးကို အရင်ဆုံးဦးစားပေးတယ်။ ပြီးတော့ ကလေးရဲ့လုံခြုံရေးအတွက် နေရာရွှေ့တာတို့ကို ကျွန်မတို့ဝန်ကြီးဌာနဝန်ထမ်းတွေက ဆောင်ရွက်ပေးတယ်။ ပြီးတော့ ကလေးနဲ့မိခင်ကို နှစ်သိမ့်ဆွေးနွေးတာတွေလုပ်ပေးတယ်။ အမှုကိစ္စကိုတော့ ပြည်ထဲရေးနဲ့တရားရေးက ဆက်လက်လုပ်ဆောင်သွားတာဖြစ်ပါတယ်"လို့ဝန်ကြီးကပြောပါတယ်။
အဆိုပါ မဲဆောက်သက်ငယ်မဒိန်းမှုတွင် နယ်မြေဒေသနဲ့ လုပ်ထုံးလုပ်နည်းအရ စိန်ခေါ်မှုများစွာနှင့်အားနည်းချက်တို့ရှိခဲ့ပြီး ယခုအခါတွင် အမှုအားတည်ဆောက်ကာ အမှုဖွင့်လှစ် တရားစွဲဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်ကပြောကြားခဲ့ပါတယ်။
ထို့အပြင်အဆိုပါအမှုအားကိုင်တွယ်ရန် ထိုင်းအာဏာပိုင်များအား ပူးပေါင်းလုပ်ဆောင်ဖို့ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေဘဲရှိခဲ့ပြီး တရားရေးဝန်ကြီးဌာနအနေဖြင့် ကလေးမိခင်ဆန္ဒအတိုင်း ဆောင်ရွက်ပေးခဲ့ပြီး အထောက်အထားများကိုရယူရန်ကြိုးပမ်းခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးကရှင်းလင်းပြောပါတယ်။
လက်ရှိမဲဆောက် သက်ငယ်ကလေး မဒိန်းမှုကိုတရားရုံးမှာ တရားစွဲဆိုထားကာ ရာဇသတ်ကြီးပုဒ်မ၃၇၇နဲ့ တရားခံပြေးဖွင့်လှစ်ထားပါတယ်။
"လိင်အကြမ်းဖက်မှုတွေမှာ စကစကကျူးလွန်တာ ၁၃၉မှု၊ ပြည်သူအချင်းချင်းကျူးလွန်တာက ၉၁မှု၊ PDF၊ LDF၊ EROကျူးလွန်တဲ့အမှုတွေက ၃၄မှု၊ စုစုပေါင်း၂၆၄မှု ရှိပါတယ်။အမှုတွေမှာ ပိတ်သိမ်းတာ၊ စစ်ဆေးဆဲ စတဲ့မှတ်တမ်းတွေကို ပြန်ကြည့်တဲ့အခါမှာ စကစကတော့ သိတဲ့အတိုင်းပြည်သူတွေအပေါ် ကျူးလွန်တဲ့အမှုတွေအပေါ် အရေးယူခြင်းလည်းမရှိဘူး။ အမှုပြုလုပ်ခြင်းလည်းမရှိဘူး။ သူတို့ကစနစ်နဲ့ကို ပြည်သူတွေကိုကျူးလွန်တာတွေ့ရတယ်"လို့ဝန်ကြီးကပြောပါတယ်။
အကြမ်းဖက်စကစတပ်ဘက်က လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုတွင် အသက်ရှစ်ဆယ်ကျော်အဘွားအိုနှစ်ဦးအပေါ် ကျူးလွန်ခဲ့မှုတို့အပြင် လင်မယားနှစ်ဦးအား ဖမ်းဆီး၍ ခင်ပွန်းရှေ့တွင်ပင်အမျိုးသမီးအားအဓမ္မပြုကျင့်ကာ သတ်ဖြတ်မှုတို့ရှိခဲ့တယ်လို့ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ပြန်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးကပြောပါတယ်။
========================
📌📌 ၃။ CDM နိုင်ငံ့ဝန်ထမ်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် အုပ်ချုပ်မှုပုံစံသစ်ဆီသို့ ခေါင်းစဥ်နဲ့ သင်တန်းဖွင့်လှစ်သင်ကြား
စက်တင်ဘာလ ၁၁ရက်။
Radio NUG
CDM နိုင်ငံ့ဝန်ထမ်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် အုပ်ချုပ်မှုပုံစံသစ်ဆီသို့ ခေါင်းစဥ်နဲ့ သင်တန်းဖွင့်လှစ်သင်ကြားလျက်ရှိပါတယ်။
မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)မှ ကြီးမှူးကျင်းပသည့် "စေ့စပ်ဆွေးနွေးညှိနှိုင်းမှုစွမ်းရည်ဆိုင်ရာ သင်တန်း-CDM နိုင်ငံ့ဝန်ထမ်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် အုပ်ချုပ်မှုပုံစံသစ်ဆီသို့-Negotiation Skill Training: The Integration of CDM Civil Servants into New Governance Models" သင်တန်းစတင် ဖွင့်လှစ်သင်ကြားလျက်ရှိတယ်လို့ သိရပါတယ်။
သင်တန်းသို့ CDM နိုင်ငံ့ဝန်ထမ်းသင်တန်းသားဦးရေ(၄၀)ဦး တက်ရောက် လေ့လာသင်ကြားလျက်ရှိကာ(၄)ပတ်အကြာ သင်ကြားပို့ချသွားမယ်လို့သိရပါတယ်။
========================
📌📌 ၄။ ကိုရီးယားနိုင်ငံ ကျန်းမာရေးဝန်ထမ်းများသမဂ္ဂ (Korean Health and Medical workers' Union)က NUGအစိုးရ သို့ လူသားချင်းစာနာသော ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဝမ်ခုနှစ်ဆယ့်လေးသိန်းပေးအပ်
စက်တင်ဘာလ ၁၁ရက်။
Radio NUG
ကိုရီးယားနိုင်ငံ ကျန်းမာရေးဝန်ထမ်းများသမဂ္ဂ (Korean Health and Medical workers' Union)က NUGအစိုးရသို့ လူသားချင်းစာနာသော ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဝမ်ခုနှစ်ဆယ့်လေးသိန်းပေးအပ်ခဲ့ပါတယ်။
စက်တင်ဘာလ ၁၁ရက် ကိုရီးယားနိုင်ငံNUGကိုယ်စားလှယ်ရုံးကထုတ်ပြန်ပါတယ်။
ကိုရီးယားနိုင်ငံ ကျန်းမာရေးဝန်ထမ်းများသမဂ္ဂ (Korean Health and Medical workers' Union)က NUG သို့ လူသားချင်းစာနာသော ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဝမ်ခုနှစ်ဆယ့်လေးသိန်း (KRW 7,400,000)ကို ပေးအပ်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက လက်ခံခဲ့တယ်လို့သတင်းရရှိပါတယ်။
အဆိုပါ လှူတန်းငွေမှာ သမဂ္ဂဝင်များထံမှ စုဆောင်းထားသော လူမှုရေးရန်ပုံငွေအနက်မှ မြန်မာနိုင်ငံ NUG အစိုးရသို့ ထောက်ခံ ထောက်ပံ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
ယင်းသို့ အလှူငွေ ထောက်ပံ့ခြင်းအတွက် NUGကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ကျန်းမာရေးသမဂ္ဂ၏ အလှူငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနသို့ ပေးပို့လိုက်ပြီ ဖြစ်ကြောင်းသိရပါတယ်။
ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံးနှင့် NUG-MoHADM ဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူသားချင်းစာနာမှု ထောက်ပံ့ရေး စင်္ကြန် (Humanitarian Assistances Corridor for Myanmar)ကို အကောင်အထည်ဖော်လျက်ရှိရာ ကိုရီးယားအခြေစိုက် မြန်မာ ကိုရီးယား အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များထံမှ ထောက်ပံ့မှုများကို မြန်ဆန် ထိရောက်စွာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
========================
📌📌 ၅။ ဘိတ်ထားဝယ်ခရိုင်၊ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ဆေးခန်းသစ်ဖွင့်လှစ်
စက်တင်ဘာလ ၁၁ရက်။
Radio NUG
ဘိတ်ထားဝယ်ခရိုင် ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စက်တင်ဘာလ (၁၀)ရက်နေ့၌ တပ်မဟာ(၄)ဘိတ်ထားဝယ်ခရိုင် တပ်မဟာဆေးဌာနခွဲမှ ဆေးခန်းအသစ်တလုံး ဖွင့်လှစ်ခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
ဆေးခန်းသည် ရဲဘော်များနှင့် အဖွဲ့ဝင်များ ဆေးကုသပေးရန်နှင့် ပြည်သူလူထုအားကျန်းမာရေး ဝန်ဆောင်မှု ပေးနိုင်ရန် ဖွင့်လှစ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဆေးခန်းသစ် ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်ဥက္ကဋ္ဌ၊ တပ်မဟာမှူး၊ ခရိုင်အတွင်းရေးမှူး၊ တပ်မဟာ ဗျူဟာမှူးနှင့် ဌာနဆိုင်ရာခေါင်းဆောင်များ ပါဝင်တက်ရောက်ခဲ့ပြီး ခရိုင်ဥက္ကဋ္ဌ၊ တပ်မဟာမှူး၊ ဗျူဟာမှူးနှင့် ဆေးတပ်ဖွဲ့မှူးတို့မှ တက်ရောက်လာသော ခေါင်းဆောင်များနှင့် ဧည့်သည်များအား အားပေးစကားများ ပြောကြားခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၆။ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၄၄၉) ဦး သေဆုံးခဲ့ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရ
စက်တင်ဘာလ ၁၁ရက်။
Radio NUG
အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၄၄၉)ဦး သေဆုံးခဲ့ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၁၁ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၄၄၉)ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် ယခုစက်တင်ဘာလအတွင်း သေဆုံးသူ အမျိုးသမီး (၂၁)ဦး ပါဝင်တယ်လို့ဖော်ပြပါတယ်။
အဆိုပါ (၄၄၉) ဦးအနက် အသက် ၁၈ နှစ်အောက် သေဆုံးသူ (၆၂) ဦး ပါဝင်ပြီး၊ သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် (၂၀၉)ဦးမှာ စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရပါတယ်။
စက်တင်ဘာလ ၈ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်အချိန်တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ခင်မကန်ကျေးရွာသို့ အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်စဉ် ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာဒေသခံ ဒေါပြုံးအား ကျည်စထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့ရပါတယ်။
အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၆၅၂)ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၇။ မိုးရွာသွန်းမှုနှင့် မြစ်ရေများတိုးမြင့်မှုကြောင့် မြန်မာနိူင်ငံတဝှမ်း ရေကြီးနစ်မြုပ်မှုဒဏ်ကို ပြည်သူများခံစားနေရ
စက်တင်ဘာလ ၁၁ရက်။
Radio NUG
မိုးရွာသွန်းမှုနှင့်မြစ်ရေများ တိုးမြင့်မှုကြောင့် မြန်မာနိူင်ငံတဝှမ်း ရေကြီးနစ်မြုပ်မှုဒဏ်ကို ပြည်သူများခံစားနေရတယ်လို့ သတင်းရရှိပါတယ်။
စက်တင်ဘာ၁၁ရက် စုံစမ်းမှုအရ ထိုင်း-မြန်မာနယ်စပ်မြို့များဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့နဲ့ ရှမ်းပြည်နယ် တာချီလိတ်မြို့တို့မှာလည်း နေအိမ်များနစ်မြုပ်တဲ့အထိ ရေများကြီးနေတယ်လို့ ဒေသခံများကအတည်ပြုပါတယ်။
လက်ရှိမှာ နေပြည်တော်၊ တပ်ကုန်းမြို့နယ်အပါအဝင် တောင်ငူမြို့နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ၊ မိုင်းဆတ်မြို့နယ်၊ မန္တလေးတိုင်းဘက်တွင် ကျောက်ဆည်မြို့နယ်တို့မှာ ရေကြီးမှုဒဏ်ကိုခံနေရပါတယ်။
"ရေကြီးတယ်ဆိုလို့သွားကြည့်တာ ဆိုင်ကယ်ပါမျောသွားတယ်။ လူတွေကသစ်ပင်ပေါ်တက်နေရတယ်"လို့ နေပြည်တော်တပ်ကုန်းက ဒေသခံတဦးကလည်းအတည်ပြုဆိုထားပါတယ်။
အလားတူ မိုးဗြဲရေကာတာမှလည်း ရေများလွှဲချ၍ ရေကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့သတင်းရရှိပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပြင်ဦးလွင် ကာကွယ်ရေးအတွက် အသက် ၃၅ နှစ်မှ အသက် ၆၀ နှစ်အထိ သက်ကြီးပိုင်း အမျိုးသားများဖြင့် ပြည်သူ့လုံခြုံရေး အဖွဲ့ ဖွဲ့စည်းရန် စစ်တပ်က လိုက်လံစည်းရုံး
စက်တင်ဘာလ ၁၁ရက်။
Radio NUG
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကို ကာကွယ်ရေးအတွက် အသက် ၃၅ နှစ်မှ အသက် ၆၀ နှစ်အထိ သက်ကြီးပိုင်း အမျိုးသားများဖြင့် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရန် စစ်တပ်က လိုက်လံစည်းရုံးနေပြီး တစ်ရပ်ကွက်လျှင် လူ ၁၀ ဦး စုဆောင်းနေကြောင်း ဒေသသတင်းအရင်းအမြစ်များမှ သိရပါတယ်။
ပြည်သူ့စစ်ယူနီဖောင်း၊ လက်ထိပ်နှင့်လက်နက်များ ထုတ်ပေးပြီး လစာနှင့် ရိက္ခာများလည်း ပေးမယ်လို့ ပြောဆိုကြောင်း သိရတယ်။
လက်ရှိတွင် ပြင်ဦးလွင်မြို့တွင်းတွင် အကြမ်းဖက်စစ်သားများ သတင်းရသည့် နေရာများကို ဖမ်းဆီးရှာဖွေခြင်းများ၊ ဧည့်စာရင်းစစ်မှုများ ဆက်တိုက် လုပ်ဆောင်နေပြီး စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များဖြင့်လည်း အင်အားများ ဖြည့်တင်းထားကြောင်း သိရပါတယ်။
========================
🚩🚩 ၂။ ကျိုက်ထိုနှင့် ဘီးလင်းကြား ၊ ရန်ကုန် - မော်လမြိုင် ကားလမ်းမကြီးအတွင်းရှိ သဲဖြူချောင်းတံတား( သံတံတား )ရဲနှင့်စစ်သား ပူးပေါင်းဂိတ်စခန်းအား ၀င်ရောက်ပစ်ခတ်ပြီး ဒတရ ( ၆၀၂) တပ်ရင်းအား ဒရုန်းဖြင့် ပစ်ခတ်
စက်တင်ဘာလ ၁၁ရက်။
Radio NUG
စက်တင်ဘာလ ၉ရက်နေ့ နံနက် 10 နာရီခန့်တွင် ကျိုက်ထိုမြို့နယ် နှင့် ဘီးလင်းမြို့နယ်ကြား ၊ ရန်ကုန် - မော်လမြိုင် ကားလမ်းမကြီးအတွင်းရှိ သဲဖြူချောင်းတံတား ( သံတံတား )ရဲနှင့်စစ်သား ပူးပေါင်းဂိတ်စခန်းအား ၀င်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၊ ကျိုက်ထိုမြို့နယ် အခြေစိုက် ဒတရ ( ၆၀၂)တပ်ရင်းအား ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PDF တပ်ရင်း - ၇၈၀၅ ၊ တပ်ခွဲ - ၄မှ သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း စစ်သား (၄)ဦးနှင့် ရဲ(၃)ဦးသေဆုံးခဲ့ပြီး ၊ စစ်သားနှင့်ရဲ ပေါင်း(၅)ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲကြာချိန် တစ်နာရီခန့် ဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲအတွင်း သူရိယစစ်ကြောင်းမှရဲဘော်တစ်ဦး တိုက်ပွဲတွင် မြင့်မြတ်စွာ အသက်ပေးလှူကျဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် (၄)ဉီး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
( 11:00 ) နာရီအချိန်ခန့်တွင် ပူးပေါင်းအဖွဲ့များမှ ရဲဘော်များ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုကို PDF တပ်ရင်း - ၇၈၀၅ ၊ တပ်ခွဲ - ၄၊ ကျိုက်ထို (ပကဖ)၊ သူရိယစစ်ကြောင်း ၊ တပ်ရင်း - ၅ ၊ တပ်ခွဲ - ၁ ၊ TPDF Drone အဖွဲ့တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ လယ်ဒိုမြို့နှင့် မူးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးနှင့် ဒရုန်းများကြောင့် ပြည်သူ (၁) ဦးထိခိုက်ပြီး (၁) ဦးသေဆုံးကာ စာသင်ကျောင်း (၁)ကျောင်း နှင့် နေအိမ် (၁) လုံး ထိခိုက်ပျက်စီးခဲ့ရ
စက်တင်ဘာလ ၁၁ ရက်။
RadioNUG
လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်တွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး လက်နက်ကြီးများ ဒရုန်းများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ (၁) ဦးထိခိုက်ပြီး (၁)ဦးသေဆုံးကာ စာသင်ကျောင်း (၁)ကျောင်းနှင့် နေအိမ် (၁)လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း ကေအဲန်ယူ−ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
လယ်ဒို မြို့နယ်အတွင်း စက်တင်ဘာလ (၈)ရက်နေ့ နံနက်(၁၁:၁၅)မိနစ် အချိန်တွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ် ခလရ-၂၆၄ တပ်ရင်းမှ ပြည်သူလူထု များနေထိုင်ရာ လိန်ပင်ဝဲကျေးရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ၁၂၀ မမ လက်နက်ကြီး(၂)လုံးပစ်ခတ်ခဲ့ရာ ကျေးရွာပိုင်စာသင်ကျောင်း (၁)ကျောင်း လက်နက်ကြီးထိမှန် ပျက်စီးခဲ့ရပြီး (၁၁:၅၂) မိနစ်အချိန်တွင် လက်နက်ကြီး (၂) လုံး ထပ်မံပစ်ခတ်ခဲ့သောကြောင့် ကျေးရွာနေ ဦးစိုးသန်း (၆၂)နှစ် ထိခိုက်ဒဏ်ရာရရှိခဲ့ရသည့်အပြင် ၎င်း၏ နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
မူးမြို့နယ်၊ ကျောက်တံခါးမြို့ အင်ကုန်းကျေးရွာအတွင်းသို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခလရ−၃၀၇ ရွှေဝါတပ်ရင်းမှ ဒရုန်းဖြင့် လက်နက်ကြီးပစ်ခတ်ခဲ့ရာ ကျေးရွာနေ မသင်းသင်းခိုင် (၃၅)နှစ်မှာ ထိခိုက်သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ လားရှိုးမြို့နယ်မှာ အမှိုက်ကောက်နေတဲ့ အမျိုးသားတစ်ဦးဟာ စစ်တပ် တပ်ရင်း(၄၁) အပြင်ဘက်မှာ မိုင်းနင်းမိ
စက်တင်ဘာလ ၁၁ရက်။
Radio NUG
စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် လားရှိုးမြို့ ယခင်မင်းအောင်လှိုင် စစ်အာဏာသိမ်းတပ်၏ တပ်ရင်း(၄၁) အပြင်ဘက် အမှိုက်ပုံတွင် အမျိုးသားတစ်ဦး အမှိုက်ကောက်နေစဉ် စစ်တပ်မှ မြှုပ်ထားသော မြေမြှုပ်မိုင်းကို နင်းမိခဲ့သောကြောင့် ၎င်း၏ ဘယ်ဘက်ခြေထောက်တွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း MNDAAမှ သတင်းထုတ်ပြန်ပါတယ်။
ဒေသခံပြည်သူများက တွေ့ရှိပြီးနောက် သက်ဆိုင်ရာဌာနသို့ ချက်ခြင်းသတင်းပို့ခဲ့ပြီး ဒဏ်ရာရရှိသူအား လားရှိုးပြည်သူ့ဆေးရုံကြီးသို့ အမြန်ပို့ဆောင်ခဲ့၍ ဒဏ်ရာရရှိသူသည် အန္တရာယ်မှ ကင်းလွတ်သွားကြောင်း သိရပါတယ်။
တပ်ဇုန်အပြင်ဘက်ရှိ လူနေရပ်ကွက်များတွင် မြေမြှုပ်မိုင်း အများအပြား ချထားခြင်းသည် မင်းအောင်လှိုင် အာဏာသိမ်းတပ်၏ လုပ်ဆောင်ချက်ဖြစ်ပြီး မိုင်းထိမိသည့် နေရာသည် ဒေသခံပြည်သူများ မကြာခဏ ရွှေ့ပြောင်းသွားလာနေရသော နေရာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လားရှိုးမြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ပြည်သူများအား ယခင်အာဏာသိမ်းတပ်၏ နယ်မြေအနီးသို့ မပြောင်းရွှေ့သွားလာကြရန်နှင့် တပ်စခန်းအတွင်းသို့ မ၀င်ကြရန် MNDAAမှ သတိပေးထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ သိန္နီခရိုင်ရှိ ကျောက်မီးသွေးတွင်းတစ်ခုကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အအုံများစွာ ပျက်စီး
စက်တင်ဘာလ ၁၁ရက်။
Radio NUG
စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီ တွင်လားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စက်တင်ဘာလ ၁၀ရက်နေ့ မနက်စောစော ၁၂နာရီ ၅၈ မိနစ်မှ ၂နာရီတွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် သိန္နီခရိုင် နန်ဘိုင်းရွာရှိ ကျောက်မီးသွေးတွင်းတစ်ခုအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သော်လည်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း MNDAAမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအပြီးတွင် နယ်မြေခံတပ်ခွဲနှင့် နန်ဘိုင်းရွာ တာဝန်ရှိသူများက အခင်းဖြစ်ပွားရာသို့ ချက်ချင်းသွားရောက်ကာ အနီးပတ်ဝန်းကျင်ရှိ ဒေသခံများကို နှစ်သိမ့်ပေးခဲ့ပြီး မပေါက်ကွဲသေးသော ဗုံးတစ်လုံးကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အာဏာသိမ်းတပ်၏ တိုက်လေယာဉ်များမှ စုစုပေါင်း ဗုံးကြီး ၄ လုံးနှင့် ဗုံးအသေး အများအပြား ကြဲချခဲ့ရာ အဆောင်များနှင့် အခြား အဆောက်အဦ အများအပြား ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၆။ မီတာ ၂၀ ကနေ MA ကျည်ကိုကာနိုင်ဖို့ကျည်ကာအမျိုးအစားအသစ်ကို စမ်းသပ်နေတယ်လို့ Federal Wingsအသိပေး
စက်တင်ဘာလ ၁၁ရက်။
Radio NUG
မီတာ ၂၀ ကနေ MA ကျည်ကိုကာနိုင်ဖို့ကျည်ကာအမျိုးအစားအသစ်ကို စမ်းသပ်နေတယ်လို့ Federal Wingsအသိပေးဆိုပါတယ်။
စက်တင်ဘာ၁၁ရက်မှာ Federal Wingsကတရားဝင်ဆိုထားပါတယ်။
"မီတာ ၂၀ ကနေ MA ကျည်ကိုကာနိုင်ဖို့ အဓိကရည်ရွယ်ပြီး စမ်းသပ်ထုတ်လုပ်နေခြင်းဖြစ်ပါတယ်။ အခုစမ်းသပ်နေတဲ့အမျိုးအစားက ယခင်ထုတ်လုပ်နေတဲ့ အမျိုးအစားတွေထက် ပိုမိုပါးလွှာပြီး ပိုမိုခိုင်ခန့်ပါလိမ့်မယ်။ ကျွန်တော်တို့တွေ ကြိုးစားနေပါတယ်"လို့ဆိုပါတယ်။
ကျည်ကာ project တွေ ထိထိရောက်ရောက် ဆက်လုပ်နိုင်ဖို့အတွက် ပြည်သူလူထုရဲ့ထောက်ပံ့မှုတွေလည်း လိုအပ်နေတယ်လို့ FederalWingsကဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment