13th SEP 2024 - Evening Daily News by Radio NUG


၂၀၂၄ စက်တင်ဘာလ ၁၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက  သဘာဝဘေးဒဏ် ကူညီကယ်ဆယ်ရေး ရန်ပုံငွေအစီအစဉ်မှာပါဝင်ဖို့ ဖိတ်ခေါ်  

📌 ၂။ ရမည်းသင်းမြို့နယ်မှာရေကြီး၍ ရွာလုံးကျွတ်ရေနစ်မြုပ်ကာ သေဆုံးသူနှစ်ရာကျော်ရှိတယ်လို့သတင်းထွက်ပေါ်

📌 ၃။ ဝမ်းတွင်းမြို့နယ်အရှေ့ပိုင်း စမုံမြစ်ရိုးတလျောက်ရေကြီးနေတဲ့ ရပ်/ရွာများမှာ သောက်သုံးရေ နှင့်စားစရာများ အရေးပေါ် လိုအပ်နေပြီးနှစ်ရက်ကျော်အထိ ရေမသောက်ရတဲ့လူများလည်းရှိနေ

📌 ၄။ အကြမ်းဖက်စစ်အုပ်စုရဲ့လူ့အခွင့်ရေးချိုးဖောက်မှုအမှုပေါင်းသိန်းနဲ့ချီကောက်ယူနိုင်ခဲ့

📌 ၅။ အာဏာရှင် စနစ်မှန်သမျှ တော်လှန်ရမှာက ယခုမျိုးဆက်ရဲ့ တာဝန်ဖြစ်လာတယ် လို့ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ပြော


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။မသမာသူများက PDFအမည်သုံး၍ ဆက်ကြေးတောင်းသည့်စာများ ဖြန့်ဝေနေမှုအပေါ်ကာကွယ်ရေးဝန်ကြီးဌာန အသိပေးထုတ်ပြန်

🚩 ၂။ ရေဘေးသင့်ပြည်သူများကိုကယ်ထုတ်ရင်း နေပြည်တော်PDF တပ်ရင်းအမှတ်(၉၀၁)မှရဲဘော်()ဦး ရေထဲမျောပါ

🚩 ၃။ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ နေပြည်တော် တပ်ရင်း (၉၀၁) က ရဲဘော်များရေဘေးမှာ စိုးမိုးနယ်မြေက ပြည်သူတွေကို တတ်နိုင်သမျှ ကူညီပေးနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက  သဘာဝဘေးဒဏ် ကူညီကယ်ဆယ်ရေး ရန်ပုံငွေအစီအစဉ်မှာပါဝင်ဖို့ ဖိတ်ခေါ်  


စက်တင်ဘာ၁၃ရက်

 

မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ပြည်သူတွေကိုကူညီနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUGက သဘာဝဘေးဒဏ် ကူညီကယ်ဆယ်ရေး ရန်ပုံငွေအစီအစဉ်မှာ ပါဝင်ကြဖို့ ပြည်သူလူထုကို ဖိတ်ခေါ်လိုက်ပါတယ်။ 

ပြည်သူအချင်းချင်းကူညီနိုင်ဖို့ NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန NUGPay က Disaster Relief Fund အစီအစဉ် လုပ်ဆောင်ထားပြီး ဒီအစီအစဉ်ဟာ Campaign ရက်စွဲ သတ်မှတ်ထားခြင်းမရှိဘဲ ကူညီ ကယ်ဆယ်ရေး ရန်ပုံငွေဖြစ်တဲ့အတွက် ရန်ပုံငွေရှိနေသမျှ အကူအညီလိုအပ်နေတဲ့ ရေဘေးသင့် ပြည်သူတွေထံ လှူဒါန်းနေမှာ ဖြစ်ပါတယ်လို့ အသိပေးထားပါတယ်။

ဒါကြောင့် အရင်လို သတ်မှတ်ကာလထိ စောင့်ဆိုင်းပြီးမှ လှူဒါန်းနေမှာ မဟုတ်တော့ဘဲ သိန်း ၅၀ ပမာဏ ပြည့်တိုင်း လိုအပ် နေသူတွေကို လှူဒါန်းသွားမှာဖြစ်သလို လှူဒါန်းမှုပြီးစီးသမျှကိုလည်း ပြည်သူလူထုထံ အမြဲ update တင်ပြပေးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဘေးအန္တရာယ်ကြုံရတဲ့အချိန်တွေမှာ အခက်အခဲတိုင်းကို ချစ်ခြင်းမေတ္တာတွေနဲ့ကျော်ဖြတ်ကြဖို့ NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန NUGPay က ထုတ်ပြန်ထားပါတယ်။ 

နွေဦးဘဏ် Spring Development Bank ကလည်း ရေဘေးသင့်မြို့နယ်တွေက ပြည်သူတွေကိုကူညီပေးနိုင်ဖို့အတွက် NUG လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန MOHADM နဲ့ ချိတ်ဆက်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး ရန်ပုံငွေအဖြစ် စက်တင်ဘာလ ၂၀ ရက်နေ့အထိ ကောက်ခံသွားမှာဖြစ်ပြီး ပါဝင်နိုင်သလို ဝိုင်းဝန်းပေးပို့ လှူဒါန်းကြဖို့ နိုင်ငံအရပ်ရပ်မှာရှိတဲ့ နွေဦးဘဏ်မိသားစုနဲ့အသုံးပြုသူများကို တိုက်တွန်းနှိုးဆော် ထားပါတယ်။


========================


📌📌 ၂။ ရမည်းသင်းမြို့နယ်မှာရေကြီး၍ ရွာလုံးကျွတ်ရေနစ်မြုပ်ကာ သေဆုံးသူနှစ်ရာကျော်ရှိတယ်လို့သတင်းထွက်ပေါ်


စက်တင်ဘာ၁၃ရက်


ရမည်းသင်းမြို့နယ်မှာရေကြီး၍ ရွာလုံးကျွတ်ရေနစ်မြုပ်ကာ သေဆုံးသူနှစ်ရာကျော်ရှိတယ်လို့ စက်တင်ဘာ၁၃ရက်မှာ ဒေသခံသတင်းအရင်းအမြစ်များရဲ့ သတင်းထွက်ပေါ်မှုအရ သိရှိရပါတယ်။


စက်တင်ဘာလ ၁၀ရက်နေ့က ၁၀ဦး သေဆုံးကြောင်းရေကြီးမှုသတင်းကိုစကစရဲ့ရမည်းသင်းမီးသတ်ကထုတ်ပြန်ခဲ့ပါတယ်။


စက်တင်ဘာ၁၂ရက်နေ့တွင်အခြေအနေပိုမိုဆိုးရွားကာရွာလုံးကျွတ်ရေနစ်မြုပ်၍ ချောင်းဖျားရွာမှာတွေ့ရှိတဲ့သေဆုံးသူအယောက်တစ်ရာအထိရှိတယ်လို့ ဒေသခံများကလည်းဆိုရှယ်မီဒီယာမှာဖော်ပြကြပါတယ်။


အလားတူအခြားကျေးရွာများလည်းပါဝင်ပြီး ရုပ်အလောင်းများရေစီးနှင့်အတူမျောပါလာ၍တွက်ချက်ထားကြောင်းဒေသခံများကဖော်ပြထားသော်လည်း စစ်ကောင်စီဘက်ကအရပ်သားများသေဆုံးမှုသတင်းကိုယခုအချိန်အထိမထုတ်ပြန်ဘဲ ဖုံးကွယ်ထားပါတယ်။


========================


📌📌 ၃။ ဝမ်းတွင်းမြို့နယ်အရှေ့ပိုင်း စမုံမြစ်ရိုးတလျောက်ရေကြီးနေတဲ့ ရပ်/ရွာများမှာ သောက်သုံးရေ နှင့်စားစရာများ အရေးပေါ် လိုအပ်နေပြီးနှစ်ရက်ကျော်အထိ ရေမသောက်ရတဲ့လူများလည်းရှိနေ


စက်တင်ဘာ၁၃ရက်


မန္တလေးတိုင်း၊ဝမ်းတွင်းမြို့နယ်အရှေ့ပိုင်း စမုံမြစ်ရိုးတလျောက်ရေကြီးနေတဲ့ ရပ်/ရွာများမှာ သောက်သုံးရေ နှင့်စားစရာများ အရေးပေါ် လိုအပ်နေပြီးနှစ်ရက်ကျော်အထိ ရေမသောက်ရတဲ့လူများလည်းရှိနေတယ်လို့သတင်းရရှိပါတယ်။


စက်တင်ဘာ၁၃ရက် ဒေသခံသတင်းအရင်းအမြစ်များကအတည်ပြုဖော်ပြထားပါတယ်။


"ဝမ်းတွင်းမြို့နယ်အရှေ့ပိုင်း စမုံမြစ်ရိုးတလျောက်ရေကြီးနေတဲ့ ရပ်/ရွာများမှာ သောက်သုံးရေ နှင်း စားစရာများ အရေးပေါ် လိုအပ်နေကြောင်း သတင်းရရှိပါတယ်။ ရေကြီးမှုကြောင့် ရေတွင်းများအားလုံးပျက်စီးသွားပြီဖြစ်လို့ နှစ်ရက်ကျော်တဲ့အထိ ရေမသောက်ရတဲ့လူများလည်းရှိနေပါတယ်"လို့ဆိုပါတယ်။


ကူညီမဲ့သူများလည်း ကုန်းကြောင်းလုံးဝသွားမရပါသဖြင့် လှေပါမှ အဆင်ပြေမှာဖြစ်ကြောင်းသိရပါတယ်။


လက်ရှိမှာ မိတ္ထီလာ တောင်ကန်ရေကျော်ခုနှစ်ပေါက်မှ ရေများဟာ သာစည်မင်းလှကန်ထဲ တိုးဝင်နေသလို သာစည်မင်းလှကန်မှ ရေများဟာလည်း စမုံဆည်ဘက်တိုးဝင်နေဆဲဖြစ်ကြောင်းသိရပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်အုပ်စုရဲ့လူ့အခွင့်ရေးချိုးဖောက်မှုအမှုပေါင်းသိန်းနဲ့ချီကောက်ယူနိုင်ခဲ့


စက်တင်ဘာ၁၃ရက်


အကြမ်းဖက်စစ်အုပ်စုရဲ့လူ့အခွင့်ရေးချိုးဖောက်မှုအမှုပေါင်းသိန်းနဲ့ချီကောက်ယူနိုင်ခဲ့တယ်လို့ လူ့အခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်းက လူ့အခွင့်အရေး အဝေးမြင် အနီးမြင်အစီစဉ်မှာ ပြောဆိုထားပါတယ်။


"ငြိမ်းချမ်းစွာဆန္ဒပြမှုကိုလမ်းပေါ်မှာသတ်ဖြတ်တာကအစနယ်မြေဒေသအသီးသီးမှာ ပြည်သူတွေကိုဒုက္ခပေးနေတဲ့လူ့အခွင့်အရေးချိုးဖောက်မှု၊အခုဆိုရင် တနေ့တခြားပိုမိုရက်စက်ယုတ်မာတိုက်ခိုက်လာတဲ့လေကြောင်းတိုက်ခိုက်မှုတွေဒါနဲ့ပတ်သက်ပြီးတော့ ထိခိုက်နစ်နာမှုတွေဒီအဆင့်အထိသက်သေခံအချက်တွေကျနော်တို့ကောက်ယူနိူင်ခဲ့ပါတယ်။ကောက်ယူနိုင်တဲ့အချက်တွေမဟုတ်ဘဲ လူကိုယ်တိုင်တွေမျက်မြင်သက်သေတွေ၊တိုက်ခိုက်ခံရလို့မိသားစုဆုံးရှုံးသွားတဲ့သူတွေရဲ့ပြောဆိုချက်တွေ၊ဗီဒီယိုမှတ်တမ်းတွေ၊အသံမှတ်တမ်းတွေကောက်ယူနိုင်ခဲ့ပါတယ်။ဒါတင်မကဘဲ လူ့အခွင့်အရေးချိုးဖောက်မှုကိုကောက်ယူတဲ့အချက်အလက်ကျွမ်းကျင်တဲ့မြေပြင်ကရော၊

အခြားအဖွဲ့တွေဆီကရောပေးပို့မှုတွေနဲ့အတူအမှုပေါင်းသိန်းနဲ့ချီကောက်ယူနိုင်ခဲ့ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


အဆိုပါအကြမ်းဖက်စစ်အုပ်စုရဲ့လူ့အခွင့်အရေးချိုးဖောက်မှုများကို လူ့အခွင့်အရေးဝန်ကြီးဌာနကအချက်အလက်ကောက်ယူ၍ စစ်ဆေးမှတ်တမ်းတင်ပြီး တရားစွဲအရေးယူနိုင်ရေးကိုလည်း နိူင်ငံတကာအထိဆက်လက်ပေးပို့ဆောင်ရွက်ခဲ့ပါတယ်။


========================


📌📌 ၅။ အာဏာရှင် စနစ်မှန်သမျှ တော်လှန်ရမှာက ယခုမျိုးဆက်ရဲ့ တာဝန်ဖြစ်လာတယ် လို့ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ပြော


စက်တင်ဘာ၁၃ရက်


အာဏာရှင် စနစ်မှန်သမျှ တော်လှန်ရမှာက ယခုမျိုးဆက်ရဲ့ တာဝန်ဖြစ်လာတယ် လို့ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်က စက်တင်ဘာ၁၃ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ဆိုထားပါတယ်။


"ကမ္ဘာပေါ်မှာ အရင်က အရပ်ဒေသအားလုံး မှာအာဏာရှင်စနစ်တွေပါ၊ တော်လှန်တဲ့ လူတွေရှိလို့ ပြောင်းလဲလာတာချည်းပဲ။ ဘာသာရေး အင်စတီကျူးရှင်းတွေကအစ တော်လှန်ရေးနဲ့ အပြောင်းအလဲ လုပ်ခဲ့ကြတာပါ။ အခု ပညာရှင်ဖြစ်နေပါတယ်ဆိုတဲ့ လူတွေတက်ခဲ့တဲ့ကျောင်းတွေကအစ တော်လှန်ရေးအသီးအပွင့်တွေပါ။ ယဉ်ကျေးမှုတော်လှန်ရေး၊ နိုင်ငံရေးခေတ်စနစ်တော်လှန်ရေး၊ အတွေးအခေါ်တော်လှန်ရေး အဆုံး သွေးထွက်သံယိုရှိခဲ့ကြတာချည်းပဲ။ Comfort zone ကနေ ဘာမှ ဖြစ်မလာဘူး။ အာဏာရှင် စနစ်မှန်သမျှ တော်လှန်ရမှာက ငါတို့မျိုးဆက်ရဲ့ တာဝန်ဖြစ်လာတယ် လို့ ယူဆတယ်။ အခုချိန်မှာ မြန်မာပြည်သူတွေ လွတ်မြောက်ဖို့ အခွင့်အခါ အကောင်းဆုံးအချိန်ပါ။ နောက်တခါဆိုတာ မရှိနိုင်တော့ဘူး"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်တွင်ပြည်သူ့ခုခံတွန်းလှန်စစ်စတင်ရန်ကြေညာခဲ့ပြီး ယခုအချိန်တွင်မြို့သိမ်းတိုက်ပွဲများအထိဆင်နွှဲနိုင်ပြီဖြစ်ပါတယ်။

 

အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။မသမာသူများက PDFအမည်သုံး၍ ဆက်ကြေးတောင်းသည့်စာများ ဖြန့်ဝေနေမှုအပေါ်ကာကွယ်ရေးဝန်ကြီးဌာန အသိပေးထုတ်ပြန်


စက်တင်ဘာလ (၁၃) ရက်နေ့


မသမာသူများက PDFအမည်သုံး၍ ဆက်ကြေးတောင်းသည့်စာများ ဖြန့်ဝေနေမှုအပေါ် ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ၁၃ရက်မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။


 အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊စစ်ကြောင်းများနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) များ၏ အမည်များ၊ အမှတ်တံဆိပ်များကို အသုံးပြု၍ ပြည်သူ့တော်လှန်ရေးကို ပုံဖျက်လိုသူများက စီးပွါးရေး လုပ်ငန်းရှင်များနှင့်ပြည်သူများထံသို့ ခြိမ်းခြောက် ငွေညှစ် ဆက်ကြေးတောင်းသည့် စာများ၊ အသံဖိုင်နှင့်ဗီဒီယိုဖိုင်များ ပေးပို့ခြင်း၊ အွန်လိုင်းတွင် ဖြန့်ဝေခြင်းများ ပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရတယ်လို့ဖော်ပြပါတယ်။


ယင်းစာများမှာ  ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်း၊ စစ်ကြောင်း များနှင့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့(ပကဖ) များ၏ လုပ်ဆောင်ချက် လုံးဝမဟုတ်ဘဲ အကြမ်းဖက် စစ်ကောင်စီ၏ လက်ပါးစေများက ပြည်သူ့တော်လှန်ရေး၏ ဂုဏ်အသရေကို ထိခိုက်ညှိုးနွမ်းစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားဖြန့်ဝေနေသော စာများသာ ဖြစ်ကြောင်း ဆန်းစစ်သိရှိရတယ်လို့အတည်ပြုပါတယ်။


လုပ်ငန်းရှင်ပြည်သူများအနေဖြင့်လည်း အဆိုပါစာများ မိမိတို့ထံ ရောက်ရှိလာပါက NUG/MOD ကွပ်ကဲမှုအောက်ရှိ    PDF တပ်ရင်း၊ စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များက ဆောင်ရွက်ခြင်း ဟုတ်မဟုတ် စိစစ်နိုင်ရန် ကာကွယ်ရေးဝန်ကြီးဌာန Email office@modnugmm.org သို့ ဖြစ်စေ၊ တိုင်ကြားမှုများဆိုင်ရာကော်မတီ Email cc@mod.nugmyanmar.org သို့ ဖြစ်စေ ဆက်သွယ် အသိပေးစေလိုကြောင်း ပန်ကြားထားပါတယ်။


 အကယ်၍ PDF/ပကဖ တပ်ဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦး၏ လုပ်ဆောင်ချက်ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါကလည်း PDF တပ်မတော်၏ စစ်စည်းကမ်းဥပဒေနှင့်အညီ ပြင်းထန်စွာ အရေးယူ ဆောင်ရွက် သွားမယ်လို့ကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။


========================


🚩🚩 ၂။ ရေဘေးသင့်ပြည်သူများကိုကယ်ထုတ်ရင်း နေပြည်တော်PDF တပ်ရင်းအမှတ်(၉၀၁)မှရဲဘော်()ဦး ရေထဲမျောပါ


စက်တင်ဘာ၁၃ရက်


ရေဘေးသင့်ပြည်သူများကိုကယ်ထုတ်ရင်း နေပြည်တော်PDF တပ်ရင်းအမှတ်(၉၀၁)မှ ရဲဘော်()ဦး ရေထဲမျောပါပျောက်ဆုံးသွားတယ်လို့ စက်တင်ဘာ၁၃ရက်မှာ နေပြည်တော် PDF ကတရားဝင်အသိပေးဆိုထားပါတယ်။


"ရေဘေးသင့်ပြည်သူများကိုကယ်ထုတ်ရင်း နေပြည်တော်PDF တပ်ရင်းအမှတ်(၉၀၁)မှ ရဲဘော်()ဦး ရေထဲမျောပါပျောက်ဆုံးသွားတယ်"လို့ဆိုပါတယ်။


စက်တင်ဘာလအတွင်း တောင်တရုတ်ပင်လယ်မှာ တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း Yagi (ယာဂီ) ရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံအတွင်းမိုးသည်းထန်စွာရွာသွန်းကာရေကြီးရေလျှံမှုများဖြစ်ပွားနေတာဖြစ်ပါတယ်။


========================


🚩🚩 ၃။ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ နေပြည်တော် တပ်ရင်း (၉၀၁) က ရဲဘော်များရေဘေးမှာ စိုးမိုးနယ်မြေက ပြည်သူတွေကို တတ်နိုင်သမျှ ကူညီပေးနေ


စက်တင်ဘာ၁၃ရက်


ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ နေပြည်တော် တပ်ရင်း (၉၀၁) က ရဲဘော်များရေဘေးမှာ စိုးမိုးနယ်မြေက ပြည်သူတွေကို တတ်နိုင်သမျှ ကူညီပေးနေတယ်လို့သတင်းရရှိပါတယ်။


စက်တင်ဘာ၁၃ရက် စစ်ရေးသုံးသပ်ချက်များဖော်ပြရေးသားနေတဲ့ PDFInsightကအသိပေးဆိုထားပါတယ်။


"စစ်လည်းတိုက် ရေဘေးမှာလည်း စိုးမိုးနယ်မြေက ပြည်သူတွေကို တက်နိုင်သမျှ ကူညီပေးနေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ နေပြည်တော် တပ်ရင်း (၉၀၁) က ရဲဘော်များဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမြန်မာနိုင်ငံအနှံမိုးသည်းထန်စွာရွာသွန်း၍ရေကြီးရေလျှံမှုဒဏ်ကိုပြည်သူများကခံစားနေရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment