၂၀၂၄ စက်တင်ဘာလ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မိုးကြီးပြီး ရေလျှံတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်ကြရတဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ အမိုးအကာ၊ ဆေးဝါး၊ စားနပ်ရိက္ခာတွေ အမြန်ဆုံးရရှိအောင် လုပ်ဆောင်ပေးကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တိုက်တွန်းပြောကြား
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့အကြား နားလည်မှုစာချွန်လွှာ ချုပ်ဆို
📌 ၃။ UK Shadow Foreign Secretary, Rt Hon Andrew Mitchellနဲ့ UK Shadow နိုင်ငံခြားရေးဝန်ကြီး Rt Hon Andrew Mitchell တို့ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာတွေ့ဆုံဆွေးနွေး
📌 ၄။ ရေဘေးသင့်စစ်ဘေးရှောင် ပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာများကိုNUGက ထောက်ပံ့ပေးလျက်ရှိ
📌 ၅။ မိတ္ထီလာမြို့နယ်အတွင်းရေဘေးသင့်ပိတ်မိသူအချို့အားကယ်ထုတ်ရာ အစာရေစာပြတ်လပ်ခဲ့သူတို့ပါဝင်
📌 ၆။ ရေကြီးမှုကို ခန့်မှန်းတဲ့ သုတေသနစီမံကိန်းအပါအဝင် လူထုအတွက် အကျိုးရှိမယ့် သုတေသန စီမံကိန်းတွေကို စစ်တပ်အာဏာသိမ်းပြီးနောက် ဖျက်သိမ်းခဲ့ရ
📌 ၇။ ကန့်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ
📌 ၈။ နိုင်ငံတဝန်းအကြမ်းဖက် စစ်အုပ်စုကြောင့် အမျိုးသမီးနှင့် အမျိုးသား တစ်ထောင်ကျော်သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ သြဂုတ်လအတွင်း ဒုဗိုလ်မှူးကြီး (၃)ဦး၊ ဗိုလ်မှူး (၂)ဦး၊ ဗိုလ်ကြီး (၂)ဦး၊ ဗိုလ် (၃)ဦး အပါအဝင် တပ်သားနှင့်ရဲ (၄၁)ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်
🚩 ၂။ မြိုင်မြို့အဝင်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မိုးကြီးပြီး ရေလျှံတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်ကြရတဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ အမိုးအကာ၊ ဆေးဝါး၊ စားနပ်ရိက္ခာတွေ အမြန်ဆုံးရရှိအောင် လုပ်ဆောင်ပေးကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တိုက်တွန်းပြောကြား
စက်တင်ဘာလ ၁၂ရက်။
Radio NUG
မိုးကြီးပြီး ရေလျှံတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်ကြရတဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ အမိုးအကာ၊ ဆေးဝါး၊ စားနပ်ရိက္ခာတွေ အမြန်ဆုံးရရှိအောင် လုပ်ဆောင်ပေးကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တိုက်တွန်းပြောကြားလိုက်ပါတယ်။
စက်တင်ဘာ ၁၂ရက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာဝန်ကြီးချုပ်ကပြောပါတယ်။
"မုန်တိုင်းဒဏ်ကြောင့် အလယ်ပိုင်းဒေသအချို့မှာ မိုးကြီးပြီး ရေလျှံတာတွေ ဖြစ်ပေါ်နေတာတွေအပြင် ရက်ရက်စက်စက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်ကြရတဲ့ ကျွန်တော်တို့ ပြည်သူတွေအတွက် လိုအပ်တဲ့ အမိုးအကာ၊ ဆေးဝါး၊ စားနပ်ရိက္ခာတွေ အမြန်ဆုံးရရှိအောင်လည်း လုပ်ဆောင်ပေးကြပါ"လို့ဝန်ကြီးချုပ်ကပြောပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၃/၂၀၂၄)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့အကြား နားလည်မှုစာချွန်လွှာ ချုပ်ဆို
စက်တင်ဘာလ ၁၂ရက်။
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့အကြား နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲ့တယ်လို့သတင်းရရှိပါတယ်။
စက်တင်ဘာ၁၂ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရကတရားဝင်သတင်းထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့အကြား နားလည်မှုစာချွန်လွှာ ချုပ်ဆိုမှုကို စက်တင်ဘာလ ၁၂ရက်တွင် ပြုလုပ်ခဲ့တယ်လို့အတည်ပြုဖော်ပြပါတယ်။
စာချုပ်ချုပ်ဆိုရာတွင်အပြန်အလှန် နားလည်မှု ၊ နိုင်ငံရေးဂုဏ်သိက္ခာ အပြန်အလှန်အသိအမှတ်ပြုမှုတို့ကို အခြေခံပြီး နှစ်ဖက်အဖွဲ့အစည်း နှစ်ခုအကြား ခိုင်မာအားကောင်းသော ဆက်ဆံမှုတည်ဆောက်ရေး ၊ စစ်အာဏာရှင်စနစ် ပပျောက်ရေးနဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု ပေါ်ထွန်းရေးလုပ်ငန်းများမှာ အတူတကွ လက်တွဲ တိုက်ပွဲဝင် ပူးပေါင်းဆောင်ရွက်ရေးကို ရည်ရွယ်၍ နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့အကြား နိုင်ငံရေး ၊ လူထုစည်းရုံးရေး ၊ စစ်ရေးနဲ့ ဘဏ္ဍာရေး ကဏ္ဍရပ်တွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့သိရပါတယ်။
နားလည်မှု စာချွန်လွှာ ချုပ်ဆိုသည့်အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် တာဝန်ရှိသူများတက်ရောက်ခဲ့သလို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကလည်း ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ဒုဥက္ကဋ္ဌ ရဲဘော် လဆိုင်း၊ အထွေထွေအတွင်းရေးမှုး ရဲဘော်ဆန်နီ၊ တွဲဖက်အထွေထွေအတွင်းရေးမှုး ၁ ရဲဘော်ကျော်လင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှုး ၂ ရဲဘော် ရဲထွတ် (ခ) လှဌေး ဦးဆောင်တဲ့ ဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ နယ်မြေအသီးသီးမှ တာဝန်ခံခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ UK Shadow Foreign Secretary, Rt Hon Andrew Mitchellနဲ့ UK Shadow နိုင်ငံခြားရေးဝန်ကြီး Rt Hon Andrew Mitchell တို့ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာတွေ့ဆုံဆွေးနွေး
စက်တင်ဘာလ ၁၂ရက်။
Radio NUG
UK Shadow Foreign Secretary, Rt Hon Andrew Mitchellနဲ့ UK Shadow နိုင်ငံခြားရေးဝန်ကြီး Rt Hon Andrew Mitchell တို့ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
စက်တင်ဘာ၁၂ရက် ဆိုရှယ်မီဒီယာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကအသိပေးဆိုထားပါတယ်။
UK ပါလီမန်အမတ်(ယခင် နိုင်ငံခြားရေး ၀န်ကြီးဟောင်း) Rt Hon Andrew Mitchell နှင့် UK Shadow နိုင်ငံခြားရေးဝန်ကြီး Rt Hon Andrew Mitchell တို့ တွေ့ဆုံခဲ့တယ်လို့ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရှိ ဖက်ဒရယ်ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအတွက် ၎င်းတို့၏ ကာလကြာရှည်ခိုင်မြဲစွာ ထောက်ခံအားပေးမှုကို အထူးပင်ကျေးဇူးတင်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာက ဆိုထားပါတယ်။
========================
📌📌 ၄။ ရေဘေးသင့်စစ်ဘေးရှောင် ပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာများကိုNUGက ထောက်ပံ့ပေးလျက်ရှိ
စက်တင်ဘာလ ၁၂ရက်။
Radio NUG
ရေဘေးသင့်စစ်ဘေးရှောင် ပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာများကို NUGက ထောက်ပံ့ပေးလျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
စက်တင်ဘာ၁၂ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနသည် စက်တင်ဘာလ(၁၁)ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြန်မာပြည်တဝှမ်းရှိ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်အချို့၌ ရေကြီးရေလျံမှုများ ဖြစ်ပွားလျက်ရှိပြီး ရေဘေးသင့်ခံစားကြရသည့် စစ်ဘေးရှောင် ပြည်သူများအတွက် လိုအပ်သော အရေးပေါ်စားနပ်ရိက္ခာ အထောက်အပံ့များကို ပြည်သူမှပြည်သူသို့ လှူဒါန်းမှုများ၊ မြို့နယ်လူသားစာနာ အခွန်ခွဲတမ်းမှရရှိ ရန်ပုံငွေများဖြင့် ထောက်ပံ့ဆောင်ရွက်လျက်ရှိတယ်လို့ ဖော်ပြပါတယ်။
ထို့အပြင် ရပ်ရွာဒေသရှိ လူသားစာနာအဖွဲ့များ၊ မြို့နယ်ပြည်သူ့ကာကွယ် ကယ်ဆယ်ရေးအဖွဲ့များ၊ ရပ်ကျေး၊ တိုက်နယ်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ များပူးပေါင်းပြီး သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် စစ်ဘေးရှောင်များကို ထောက်ပံ့ကယ်ဆယ် နေရာချထားရေးလုပ်ငန်းများတွင်လည်း ပါဝင်ကူညီ ဆောင်ရွက်လျက်ရှိတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ မိတ္ထီလာမြို့နယ်အတွင်းရေဘေးသင့်ပိတ်မိသူအချို့အားကယ်ထုတ်ရာ အစာရေစာပြတ်လပ်ခဲ့သူတို့ပါဝင်
စက်တင်ဘာလ ၁၂ရက်။
Radio NUG
မိတ္ထီလာမြို့နယ်အတွင်းရေဘေးသင့်ပိတ်မိသူအချို့အားကယ်ထုတ်ရာ အစာရေစာပြတ်လပ်ခဲ့သူတို့ ပါဝင်တယ်လို့သတင်းရရှိပါတယ်။
စက်တင်ဘာ၁၂ရက် မိတ္ထီလာမြို့လူမှုကူညီကယ်ဆယ်ရေးအသင်းတခုကအသိပေးဆိုထားပါတယ်။
"လွန်ခဲ့တဲ့ နှစ်ရက် ရေစတက်ကတည်းက အိမ်ခေါင်မိုးပေါ်မှာ ရောက်ပီး အစားလည်းမစားရ ရေလည်းမသောက်ရသေးတဲ့လူ(၃)ဦးရှိတယ်ဆိုလို့ သွားကယ်ထုတ်တာ ခွေးလေး (၂)ကောင်ပါ ပါလာတယ်။ ရေစီးကလည်းသန် ၊ ရေပြင်ကလည်းကျယ်တော့ အဲ့နေရာရောက်ဖို့တော်တော် သွားလိုက်ရတယ်"လို့ဆိုထားပါတယ်။
မြန်မာနိုင်ငံနေရာအနှံမိုးကြီး၍ မြို့နယ်နဲ့ကျေးလက်ဒေသများရေကြီးနစ်မြုပ်ရာ အိမ်တွင်ပိတ်မိနေသူတချိူ့လည်း ရှိနေခဲ့ပါတယ်။
========================
📌📌 ၆။ ရေကြီးမှုကို ခန့်မှန်းတဲ့ သုတေသနစီမံကိန်းအပါအဝင် လူထုအတွက် အကျိုးရှိမယ့် သုတေသန စီမံကိန်းတွေကို စစ်တပ်အာဏာသိမ်းပြီးနောက် ဖျက်သိမ်းခဲ့ရ
စက်တင်ဘာလ ၁၂ရက်။
Radio NUG
ရေကြီးမှုကို ခန့်မှန်းတဲ့ သုတေသနစီမံကိန်းအပါအဝင် လူထုအတွက် အကျိုးရှိမယ့် သုတေသန စီမံကိန်းတွေကို စစ်တပ်အာဏာသိမ်းပြီးနောက် ဖျက်သိမ်းခဲ့ရတယ်လို့ဆိုပါတယ်။
စက်တင်ဘာ၁၂ရက် ဆိုရှယ်မီဒီယာမှာ အဆိုပါစီမံကိန်းများမှာ ပါဝင်ခဲ့တဲ့ဒေါက်တာလွင်လွင်ဝေက ဖော်ထုတ်ဆိုထားပါတယ်။
"ဒီနေ့ ကျွန်မ မျက်ရည်ကျပါတယ်။ ကျွန်မတို့ အလုပ်လုပ်ခဲ့ကြပါတယ်။ NLD အရပ်သားအစိုးရလက်ထက်မှာ အစိုးရက တာဝန်ယူတဲ့ ရေကြီးမှုကို ခန့်မှန်းတဲ့ သုတေသနစီမံကိန်းတွေပါ။ ဒါက ရှေးပြေးစီမံချက် pilot project အနေနဲ့ စလုပ်ခဲ့ပါတယ်။ ဒီ pilot project ပြီးရင် တစ်နိုင်ငံလုံး အတိုင်းအတာ ရေကြီးမှု ခန့်မှန်းမြေပုံတွေ application တွေနဲ့ လူထုဆီကို ရောက်ရှိလာမှာပါ။ သက်ဆိုင်ရာ ဌာနဆိုင်ရာ၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေ သဘာဝဘေးဒဏ်ကို အသိပေးခြင်း၊ သတိပေးစနစ် ထူထောင်ခြင်း၊ အတူတကွ စီမံခြင်း natural disaster management ကို လုပ်ဆောင် အကောင်အထည်ဖော်ဖို့ ပံ့ပိုးကူညီပေးတဲ့ စီမံကိန်းတစ်ခုပါ။ ဒီစီမံကိန်းမှာ နိုင်ငံတကာနဲ့ ပြည်တွင်း ကျွမ်းကျင်ပညာရှင် ၂၀ ဦးခန့်ပါဝင်ပါတယ်။ ကျွန်မတို့ ကြိုတင်လုပ်ဆောင်မှုတွေ နောက်မကျခဲ့ပါဘူး၊ သို့သော် အာဏာသိမ်းပြီးနောက်ပိုင်း လူထုအတွက် အကျိုးရှိမယ့် သုတေသန စီမံကိန်းတွေ ဖျက်သိမ်းခဲ့ရပါတယ်"လို့ဆိုပါတယ်။
စီမံကိန်းအနှစ်ချုပ်တွင် ချင်းတွင်းမြစ်နှင့် ဧရာ၀တီမြစ်ဝှမ်းရှိ မြို့ (၆) မြို့တွင် ရေလွှမ်းမိုးမှုပုံစံပြ မြေပုံ၊ ဘေးအန္တရာယ်နှင့် ထိခိုက်နစ်နာနိုင်မှု အခြေအနေပြ မြေပုံများ ရေးဆွဲခြင်း၊လက်ရှိ ပုံစံနှင့် ခန့်မှန်းခြင်းစနစ်များကို ပြန်လည်ဆန်းစစ်ခြင်း၊ မိုးရွာသွန်းမှုခန့်မှန်းချက်များ ပေါင်းချုပ် အပါအ၀င် သက်ရောက်မှုကို အခြေခံသည့် ခန့်မှန်းချက်များကိုထောက်ပံ့ရန် အဆင့်မြှင့်တင်မှုများအား အကောင်အထည် ဖော်ခြင်းစတဲ့အချက်အလက်များ ပါဝင်ပါတယ်။
========================
📌📌 ၇။ ကန့်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ
စက်တင်ဘာလ ၁၂ရက်။
Radio NUG
ကန့်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ လစဉ်ပုံမှန်အစည်းအဝေးကျင်းပခဲ့တယ်လို့သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ လစဉ်ပုံမှန်အစည်းအဝေးကို စက်တင်ဘာ၁၀ ရက်နေ့ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် မြို့နယ်အတွင်း လမ်းတံတားများပြုပြင်ရန်ကိစ္စ၊ စစ်ရှောင်ပြည်သူများအား ထောက်ပံ့ရန်ကိစ္စ၊ မီးပေးဝေရေးကိစ္စ၊ စစ်ရှောင်များအားကျန်းမာရေးစောင့်ရှောက်ပေးရန်ကိစ္စ၊ ဆက်သွယ်ရေးကိစ္စ၊ လူ့အခွင့်ရေးဆိုင်ရာကိစ္စ၊ ဖြေရှင်းဆောင်ရွက်ရန်အခက်အခဲရှိနေသည့်ကိစ္စများနနှင့် လုံခြုံရေးကိစ္စရပ်များကိုဝိုင်းဝန်းဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ မြို့နယ်အဖွဲ့ခေါင်းဆောင်၊ ဒု-အဖွဲ့ခေါင်းဆောင်၊ ဥပဒေတာဝန်ခံ၊ လျှပ်စစ်နှင့်စွမ်းအင်တာဝန်ခံ၊ တွဲဖက်ဘဏ္ဍာရေးတာဝန်ခံ၊ လူ့အခွင့်အရေးတာဝန်ခံ၊ လူသားစာနာတာဝန်ခံ၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာတာဝန်ခံ၊ ဆက်သွယ်ရေးတာဝန်ခံ၊ ဒု-ကျန်းမာရေးတာဝန်ခံ၊ ပလဖဒု-တာဝန်ခံတို့တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၈။ နိုင်ငံတဝန်းအကြမ်းဖက် စစ်အုပ်စုကြောင့် အမျိုးသမီးနှင့် အမျိုးသား တစ်ထောင်ကျော်သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့
စက်တင်ဘာလ ၁၂ရက်။
Radio NUG
နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့် အမျိုးသား တစ်ထောင်ကျော်သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၁၂ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၄၅၁)ဦးနှင့် အမျိုးသား (၉၁၁)ဦး စုစုပေါင်း (၁၃၆၂)ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက် သေဆုံးသူ (၁၇၉) ဦးနှင့် အသက် ၆၀ နှစ်အထက် သေဆုံးသူ (၁၆၅)ဦး ပါဝင်တယ်လို့သိရပါတယ်။
အဆိုပါ (၁၃၆၂)ဦးတွင် ရခိုင်ပြည်နယ်မှ (၃၁၁)ဦး ပါဝင်ပြီး သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် (၁၀၈)ဦးမှာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး (၉၉)ဦးမှာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒုတိယ အများဆုံးသေဆုံးခဲ့ရပါတယ်။
စက်တင်ဘာလ ၈ ရက်နေ့၊ ညနေ ၆ နာရီ ၅၀ မိနစ်နှင့် ၅၅ မိနစ်တို့တွင် အကြမ်းဖက် စစ်အုပ်စုက ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာရှိ အာရက္ခတပ်တော်(AA)က စစ်သုံ့ပန်းများနှင့် အကျဉ်းသားများအား ဆေးကုသပေးနေသည့် နေရာအား ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဦးစောသန်းမောင်၊ မလှစောခင်၊ ဦးစောညီညီ(ခ)တောင်မင်း၊ ဦးကျော်သာမောင်၊ ကိုဘုန်းမြတ်ပိုင်၊ ကိုမောင်သိန်းထွန်း (ခ)ငမဲခေါင်၊ ဦးသိန်းထွန်းအောင်၊ ဦးကျော်ဝင်းမောင်၊ အသက် ၁၄ နှစ်အရွယ် မောင်ဝေယံဖြိုး၊ အသက် ၁၇ နှစ်အရွယ် မောင်စိုးမင်းအောင်တို့နှင့်အတူ စစ်သုံ့ပန်း ၇ ဦးအပါအဝင် စုစုပေါင်း (၁၇)ဦး သေဆုံးခဲ့ပြီး (၁၀)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ သြဂုတ်လအတွင်း ဒုဗိုလ်မှူးကြီး (၃)ဦး၊ ဗိုလ်မှူး (၂)ဦး၊ ဗိုလ်ကြီး (၂)ဦး၊ ဗိုလ် (၃)ဦး အပါအဝင် တပ်သားနှင့်ရဲ (၄၁)ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်
စက်တင်ဘာလ ၁၂ ရက်။
Radio NUG
သြဂုတ်လအတွင်း ဒုဗိုလ်မှူးကြီး (၃)ဦး၊ ဗိုလ်မှူး(၂)ဦး၊ ဗိုလ်ကြီး(၂)ဦး၊ ဗိုလ်(၃)ဦး အပါအဝင် တပ်သားနှင့်ရဲ (၄၁)ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ပါတယ်။
စက်တင်ဘာ၁၂ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည် ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများသို့ ဆက်သွယ်ကာ ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွင်း တပ်သားနှင့်ရဲ (၄၁)ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ဖော်ပြပါတယ်။
ခိုလှုံရာတွင်အရာရှိအဆင့် ဒုဗိုလ်မှူးကြီး (၃)ဦး၊ ဗိုလ်မှူး (၂)ဦး၊ ဗိုလ်ကြီး (၂)ဦး၊ ဗိုလ်(၃)ဦး အပါအဝင် တပ်သားနှင့်ရဲ (၄၁)ဦး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်သို့ ရပ်တည် ကူးပြောင်းလာခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ (၄၁)ဦးတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံ လာသူများလည်း ရှိပြီး လက်နက်ယူဆောင် လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါတယ်။
သြဂုတ်လအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံ လာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ(၁၉)လက်နှင့် ခဲယမ်း မီးကျောက်များ ရရှိခဲ့ပါတယ်။
အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများအနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ်(သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၂။ မြိုင်မြို့အဝင်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး
စက်တင်ဘာလ ၁၂ ရက်။
Radio NUG
စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မြိုင်မြို့အထွက် မြိုင်-ရေစကြို လမ်းပိုင်းရှိ မြို့စောင့် ဂိတ်စခန်းနှင့် ဘန်ကာတို့ကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ထပ်တိုက် အပေါ်ဆုံးထပ် ထိမှန်ပွင့် ထွက်သွားပြီး အကြမ်းဖက် စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
အလားတူ တော်လှန်ရေး တပ်ဖွဲ့များကလည်း ဒရုန်းဖြင့် 10 kg ရှိ အီနာဂါ ဒရုန်း ဗုံးသီးများဖြင့် ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ နေထိုင်ရာ ဘန်ကာအတွင်း ထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးကာ ဘန်ကာလည်း ပျက်စီးသွားကြောင်း သိရပါတယ်။
ထိုနောက် မြိုင်မြို့ရဲစခန်းအတွင်းနှင့် ဆေးရုံစောင့်အကြမ်းဖက်စစ်သား အင်အား ၄၀ ခန့် တပ်ကူ ထွက်လာခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်စွာ ပြန် လည်ဆုတ်ခွာခဲ့ကြောင်း သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ တပ်ခွဲ ၄ ၊ တပ်ခွဲ ၅ ၊ မြိုင်ပကဖ Done တပ်ရင်း၊ လက် နက်ကြီး တပ်ရင်း၊ 8+အညာမြေအင်အားစုစစ်ဆင်ရေး၊ စနေမင်း ၊ Pku Underground Force ၊ Burma Revolalution Ranger နှင့် ဗိုလ်မိုက်ခဲအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment