17th SEP 2024 - Evening Daily News by Radio NUG

၂၀၂၄ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး Telegram Channel ဖွင့်လှစ်

📌 ၂။ ၂၀၂၄ ခုနှစ် "ကမ္ဘာ့အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေးနေ့ "အထိမ်းအမှတ် ဟောပြောပွဲများ ကျင်းပ

📌 ၃။ မြန်မာပြည် ရေဘေးသင့် ပြည်သူများအတွက် Austin Myanmar Community နှင့် အတူ ပူပေါင်းပါဝင်လှူဒါန်းနိုင်ရန် ဖိတ်ခေါ်

📌 ၄။လူပေါင်းခြောက်သိန်းသုံးသောင်းခန့်မြန်မာနိုင်ငံရေဘေးမှာ အကူအညီလိုနေနိုင်ကြောင်း ကုလသမဂ္ဂအသိပေး


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ နိုင်ငံအနှံ့  ရေကြီးရေလျှံမှုဘေးအန္တရာယ် ကျရောက်မှုနှင့်စပ်လျဉ်း၍ ပူးတွဲကြေညာချက်ကိုNUGနှင့်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများထုတ်ပြန်

🚩 ၂။ ကန့်ဘလူမြို့နယ် မလည်ရွာအားအကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှု သုံးကြိမ်လုပ်ဆောင်ခဲ့

🚩 ၃။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၆၆၀) ဦးအထိရှိလာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး Telegram Channel ဖွင့်လှစ်


စက်တင်ဘာ၁၇ရက်


အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး Telegram Channelကို ဖွင့်လှစ်လိုက်ကြောင်းစက်တင်ဘာ၁၇ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးမှ အသိပေးဖော်ပြပါတယ်။


မြန်မာ့နွေဦးတော်လှန်ရေး၏ ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ၏ တော်လှန်ရေးတာဝန် ထမ်းရွက်မှုများ၊ ပြည်သူလူထုထံ အသိပေးတင်ပြလိုသည့် တော်လှန်ရေးသတင်းစကားများ၊ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်များကို ပြည်သူလူထု လွယ်ကူစွာ သိရှိစေနိုင်ရန် ရည်ရွယ်၍ President's Office - NUG Myanmar  Telegram Channel ကို ဖွင့်လှစ်လိုက်တယ်လို့ဖော်ပြပါတယ်။


Telegram Channel သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်သမ္မတရုံး၏ တရားဝင် Telegram Channel ဖြစ်ကာ သမ္မတရုံး၏ Facebook စာမျက်နှာတွင်သာမက Telegram Channel တွင်လည်း ဝင်ရောက် ဖတ်ရှုနိုင်ခြင်းဖြင့် အများပြည်သူနှင့် ဆက်ဆံရေးပိုင်း ပိုမို ထိရောက် အားကောင်းစေရန် ရည်ရွယ်တယ်လို့ဆိုပါတယ်။                    

https://t.me/presidentofficenugmyanmar  ယခု Link ကို နှိပ်၍  President's Office - NUG Myanmar  Telegram Channel ကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


========================


📌📌 ၂။ ၂၀၂၄ ခုနှစ် "ကမ္ဘာ့အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေးနေ့ "အထိမ်းအမှတ် ဟောပြောပွဲများ ကျင်းပ


စက်တင်ဘာ၁၇ရက်


၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်နှင့် ကောလင်းခရိုင် ဝန်းသိုမြို့နယ်တို့တွင် အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲများ ကျင်းပခဲ့တယ်လို့ သိရပါတယ်။


အဆိုပါအခမ်းအနားများသို့ ကျောင်းသား/သူ (၂၇၀) ဦးခန့် တက်ရောက်ခဲ့ကြပြီးစစ်ကိုင်းမြို့နယ် အသိပညာပေး ဟောပြောပွဲ တက်ရောက်သူ ကျောင်းသား/သူများအား အာဟာရ နို့ဆန်ပြုတ် တိုက်ကျွေးခြင်း ဆောင်ရွက်ခဲ့ပါတယ်။


========================


📌📌 ၃။ မြန်မာပြည် ရေဘေးသင့် ပြည်သူများအတွက် Austin Myanmar Community နှင့် အတူ ပူပေါင်းပါဝင်လှူဒါန်းနိုင်ရန် ဖိတ်ခေါ်


စက်တင်ဘာ၁၇ရက်


မြန်မာပြည် ရေဘေးသင့် ပြည်သူများအတွက် Austin Myanmar Community နှင့် အတူ ပူပေါင်းပါဝင်လှူဒါန်းနိုင်ရန် ဖိတ်ခေါ်လိုက်ပါတယ်။


အမေရိကန်နိုင်ငံAustin Myanmar Community မှ မြန်မာပြည် ရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့ပေးနိုင်ရန် တည်ငွေ အမေရိကန် ဒေါ်လာ $၃၀၀၀ လှူဒါန်းမည်ဖြစ်တယ်လို့သိရပါတယ်။


 လက်တလော ရေဘေးကြောင့် အခက်အခဲ ပေါင်းများစွာဖြင့် ရင်ဆိုင်နေကြရသော မြန်မာပြည်သူများအတွက် ရေဘေးအလှူငွေများ ပါဝင် လှူဒါန်းလိုပါက AMC ထံသို့ လှူဒါန်းနိုင်ကာအလှူရှင်များအနေဖြင့် ထည့်ဝင် လှူဒါန်းလိုသော အလှူငွေအား စက်တင်ဘာ ၂၁၊ ၂၀၂၄ စနေနေ့ နောက်ဆုံးထားပြီး ပေးပို့နိုင်တယ်လို့ဆိုပါတယ်။


========================


📌📌 ၄။လူပေါင်းခြောက်သိန်းသုံးသောင်းခန့်မြန်မာနိုင်ငံရေဘေးမှာ အကူအညီလိုနေနိုင်ကြောင်း ကုလသမဂ္ဂအသိပေး


စက်တင်ဘာ၁၇ရက်


လူပေါင်းခြောက်သိန်းသုံးသောင်းခန့်မြန်မာနိုင်ငံရေဘေးမှာ အကူအညီလိုနေနိုင်ကြောင်း ကုလသမဂ္ဂအသိပေးထားပါတယ်။


ယာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ စက်တင်ဘာလအတွင်းနေရာအနှံ့ရေကြီးရေလျှံဖြစ်ခဲ့ပါတယ်။


 တိုင်ဖွန်း Yagi ကြောင့် မြန်မာမှာအနည်းဆုံး လူ ၂၃၆ ဦး သေဆုံးခဲ့ပြီး ယခုနှစ် အာရှတိုက်ကို အပြင်းထန်ဆုံး မုန်တိုင်းတိုက်ခတ်ပြီးနောက် အနည်းဆုံး လူ ၃၂၀,၀၀၀ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့အယ်ဂျားဇီးယားရုပ်သံက ဖော်ပြထားပါတယ်။


ရေကြီးရေလျှံမှုဒဏ်ကိုနေပြည်တော်ရှိတပ်ကုန်းမြို့နယ်နှင့်မန္တလေးတိုင်း ရမည်းသင်းမြို့နယ်၊ ရှမ်းပြည်နယ်ကလောမြို့နယ်တို့တွင် အမြင့်ဆုံးခံစားခဲ့ရပြီးသေဆုံးသူနဲ့ပျောက်ဆုံးသူရာနှင့်ချီရှိခဲ့ပါတယ်။


လက်ရှိမှာအစားအစာနဲ့သောက်ရေသန့်အပြင် ပြန်လည်ထူထောင်ရေးအတွက် အရေးပေါ်အကူအညီများလိုအပ်နေပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ နိုင်ငံအနှံ့  ရေကြီးရေလျှံမှုဘေးအန္တရာယ် ကျရောက်မှုနှင့်စပ်လျဉ်း၍ ပူးတွဲကြေညာချက်ကိုNUGနှင့်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများထုတ်ပြန်


စက်တင်ဘာလ ၁၇ ရက်


နိုင်ငံအနှံ့  ရေကြီးရေလျှံမှုဘေးအန္တရာယ် ကျရောက်မှုနှင့်စပ်လျဉ်း၍ ပူးတွဲကြေညာချက်ကို NUGနှင့်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများက စက်တင်ဘာ၁၇ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။


၂၀၂၄ခုနှစ်၊ စက်တင်ဘာလအစောပိုင်းတွင် တောင်တရုတ်ပင်လယ်၌ စတင်ဖြစ်ပေါ်ခဲ့သည့် အင်အား အလွန်ကြီးမားသည့် တိုင်ဖွန်းမုန်တိုင်း ရာဂီမုန်တိုင်း၏ အရှိန်ကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် နေရာအနှံ့အပြား မိုးကြီးခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ကာ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွင်ဖော်ပြပါတယ်။


၃ရက်ခန့်မိုးကြီးခြင်းနှင့် ဆည်များ၏ ရေပိုလွှဲများမှ ရေထုတ်လွှတ်ခြင်းတို့ကြောင့် မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် ဒေသခံပြည်သူများ ထောင်နှင့်ချီ၍ သေဆုံး၊ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ဆိုပါတယ်။


ရေလွှမ်းမိုးမှုဘေးကြောင့် လူဦးရေ () သိန်းခန့် ထိခိုက်နိုင်မည်ဟု ခန့်မှန်း ထားပြီး လူနေအိမ်များပြိုကျ ပျက်စီးခြင်း၊ ပိုင်ဆိုင်ပစ္စည်းများ ဆုံးရှုံးခြင်း၊ လမ်းတံတားနှင့် အခြေခံ အဆောက်အအုံများ ပျက်စီးခြင်း၊ စိုက်ပျိုးမြေများ ရေလွှမ်းမိုးခြင်း၊ မွေးမြူရေးတိရိစ္ဆာန်များ သေကြေ ပျက်စီးခြင်းနှင့် ရေသယံဇာတများ ပျက်စီးဆုံးရှုံးခြင်းစသည်တို့ ဖြစ်ပေါ်ခဲ့တယ်လို့ဖော်ပြပါတယ်။


ယင်းကဲ့သို့ ထိခိုက်ပျက်စီးမှုများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဝန်ကြီးဌာန (MoHADM)  တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP)နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့က ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအား ရရှိနိုင်သည့် အရင်းအမြစ်များကို အသုံးပြု၍ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိတယ်လို့ဖော်ပြပါတယ်။


မုန်တိုင်း၏အရှိန်နှင့် ရေဘေးအန္တရာယ်၏ ကြီးမားပြင်းထန်မှုကြောင့် အစားအစာ၊ သောက်သုံးရေ၊ လူသုံးကုန်ပစ္စည်းများနှင့် အမိုးအကာများထောက်ပံ့ပေးခြင်း လုပ်ငန်းများအပြင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး၊ စိုက်ပျိုးမွေးမြူရေး စသည်တို့ ပြန်လည်ထူထောင်ရေးနှင့် ပျက်စီးသွားသည့်နေအိမ်နှင့် အခြေခံအဆောက်အအုံများ ပြန်လည် တည်ဆောက်ရေးတို့အတွက် အကူအညီများစွာ လိုအပ်လျက်ရှိတယ်လို့အတည်ပြုဖော်ပြပါတယ်။


သို့ဖြစ်၍ လူသားချင်းစာနာကူညီမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံနှင့်တကွ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများအနေဖြင့်  အရေးပေါ် လူသားချင်းစာနာမှု အကူအညီများနှင့် ကျန်းမာရေးဆိုင်ရာ အကူအညီ များကို ရေဘေးသင့်ပြည်သူများအား အညီအမျှရရှိစေရန် ဆောင်ရွက်ပေးခြင်း၊အဆိုပါအကူအညီများကို သက်ဆိုင်ရာဒေသအသီးသီးရှိ လူသားစာနာဝန်ကြီးဌာန တာဝန်ခံများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ အရပ်ဘက် လူမှုရေးအဖွဲ့အစည်း များသို့ တိုက်ရိုက်ပံ့ပိုးပေးခြင်း၊နိုင်ငံတကာကပေးအပ်သည့် လူသားစာနာမှုအကူအညီများကို နိုင်ငံရေးနှင့် စစ်ရေး တို့အတွက် အမြတ်ထုတ်ခြင်းမခံရအောင် အထူးသတိပြုဆောင်ရွက်ခြင်း၊ ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများသာမက ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကိစ္စရပ်များကိုပါ ရေတိုရေရှည် ပံ့ပိုးကူညီ ခြင်း၊ တကမ္ဘာလုံးအတိုင်းအတာနှင့် ရန်ပုံငွေ ကန့်သတ်ချက်များရှိသော်လည်း စစ်ဘေးနှင့် သဘာဝဘေးကို တပြိုင်နက်ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာပြည်သူများအတွက် နိုင်ငံတကာလှူဒါန်းမှုများ ရရှိစေရန် တိုက်တွန်းနှိုးဆော်ပေးခြင်း၊ ရေဘေးသင့်ပြည်သူများကို ထောက်ပံ့လှူဒါန်းမှုများအား ပွင့်လင်းမြင်သာမှုရှိစွာ အသိပေးလုပ်ဆောင်ခြင်း၊ လူသားချင်းစာနာမှုဦးစားပေး (Humanitarian Imperative) အခြေခံမူကို လက်ကိုင် ထား၍ ထိခိုက်လွယ်အုပ်စုများ၏ လိုအပ်ချက်များကိုပါ ထည့်သွင်း ကူညီပံ့ပိုးကူညီခြင်း၊အကူအညီများ အလေအလွင့်မရှိစေဘဲ ထိထိရောက်ရောက်စီမံခန့်ခွဲပေးခြင်း နှင့် စနစ်တကျစောင့်ကြည့်ကွပ်ကဲခြင်းတို့လုပ်ဆောင်ပေးရန် တောင်းဆိုထားပါတယ်။


========================


🚩🚩 ၂။ ကန့်ဘလူမြို့နယ် မလည်ရွာအားအကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှု သုံးကြိမ်လုပ်ဆောင်ခဲ့


စက်တင်ဘာ၁၇ရက်


စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ် မလည်ရွာအားအကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။


စက်တင်ဘာ၁၇ရက် ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကန့်ဘလူခရိုင်က အသိပေးဆိုပါတယ်။


စက်တင်ဘာ၁၇ရက်မနက်၈နာရီ ကန့်ဘလူမြို့နယ် မလည်ရွာအား တံတားဦးတက် Mi35ဖြင့် နှစ်ကြိမ်၊၈နာရီ၁၀မိနစ်တွင် တံတားဦးတက်ဂျက်ဖိုက်တာဖြင့် သုံးကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။


စက်တင်ဘာ၁၄ရက်နေ့ကလည်း ကန့်ဘလူမြို့နယ် မလည်တိုက်နယ်တနေရာအား တံတားဦးတက် Mi35 တစ်စီးဖြင့်  တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။


========================


🚩🚩 ၃။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၆၆၀) ဦးအထိရှိလာ


စက်တင်ဘာ၁၇ရက်


စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ AAPPက အခုလိုဖော်ပြပါတယ်။


အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၆၆၀) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ဖော်ပြပါတယ်။


ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၃၇၆) ဦးရှိပြီး ထိုအထဲမှ (၂၀၈၈၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၃၉၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။



#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment