၂၀၂၄ စက်တင်ဘာလ ၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ လက်လွှတ်ဆုံးရှုံးထားတဲ့နယ်မြေတွေမှာ တိုက်ခိုက်မှုတွေ ပိုလုပ်မယ်လို့ EAO နယ်မြေတွေက ပြည်သူလူထုကို စစ်ကောင်စီခြိမ်းခြောက်
📌 ၂။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်ပြီး ၂လကျော်အတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ TPCC ထုတ်ပြန်
📌 ၃။ ခင်ဦးမြို့နယ်က ကျေးရွာ ၁ဝ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတသောင်းကျော် စစ်ဘေးရှောင်နေရ
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် အရပ်သား ၃ဦးသေဆုံးကာ ကလေးငယ်တွေအပါအဝင် ၁၈ ဦးဒဏ်ရာရ
🚩 ၂။ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပမ်း ၅၀ ခန့် ဖမ်းမိထားတယ်လို့ KIA အသိပေး
🚩 ၃။ လားရှိုးမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှု မိုးလုံလေလုံအားကစားရုံနဲ့ ကားတွေပျက်စီး
🚩 ၄။ မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေ နယ်မြေလုံခြုံရေးဆောင်ရွက်နေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဖမ်းမိ
🚩 ၅။ ရွှေပြည်သာ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ လက်လွှတ်ဆုံးရှုံးထားတဲ့နယ်မြေတွေမှာ တိုက်ခိုက်မှုတွေ ပိုလုပ်မယ်လို့ EAO နယ်မြေတွေက ပြည်သူလူထုကို စစ်ကောင်စီခြိမ်းခြောက်
စက်တင်ဘာလ၈ရက်
နွေဦးတော်လှန်ရေးကာအတွင်း လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့နယ်မြေတွေကို တိုက်ခိုက်မှုတွေပိုလုပ်မယ်ဆိုပြီး တိုင်းရင်းသား လက်နက်ကိုင် EAO နယ်မြေတွေက ပြည်သူလူထုကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ခြိမ်းခြောက် ပြောဆိုလာပါတယ်။
အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာကနေ ထုတ်ပြန်တဲ့ ယာယီနေရပ်စွန့်ခွာသူများအတွက် နိုင်ငံတော် အစိုးရကအသိပေးချက်ဆိုတဲ့ ခေါင်းစဉ်နဲ့ကြေညာရာမှာ လက်နက်ကိုင်သောင်းကျန်းသူများရဲ့ သတင်းရရှိမှုနဲ့ အခြေအနေ အရပ်ရပ်ပေါ်မူတည်ပြီး လိုအပ်သလိုတုန့်ပြန်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီက ကရင်နီနဲ့ ရှမ်းမြောက်ဒေသက ၎င်းတို့ဆုံးရှုံးထားတဲ့နယ်မြေတွေကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်မယ့် ရန်နိုင်မင်းအမည်ရှိတဲ့ စစ်ဆင်ရေးကို လေကြောင်းထိုးစစ်နဲ့ခြေလျင်ထိုးစစ် ပူးတွဲလုပ်ဆောင်လာချိန်မှာ စစ်ကောင်စီက တိုင်းရင်းသားပြည်သူတွေကို ခြိမ်းခြောက်ပြောဆိုလာတာပဲဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေဟာ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ကိုကာကွယ်ဖို့ အရပ်သားပြည်သူ တွေရဲ့ နေအိမ်အဆောက်အအုံနဲ့ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာအဆောက်အအုံတွေကိုအသုံးပြုပြီး အပြစ်မဲ့ပြည်သူတွေကို လူသားတံတိုင်းအဖြစ် အသုံးပြုနေတယ်လို့လည်း စွပ်စွဲထားပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရန်နိုင်မင်း စစ်ဆင်ရေးအတွက် မြေပြင်ကွင်းဆင်းတဲ့အနေနဲ့ စက်တင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့က ကရင်နီပြည် လွိုင်ကော်နဲ့ ရှမ်းပြည်နယ် တောင်ကြီးကို သွားရောက်ခဲ့ချိန်မှာ ကရင်နီတော်လှန်ရေး တပ်တွေရဲ့ တိုက်ခိုက်တာကိုခံလိုက်ရတာကြောင့် ခရီးစဉ်အချို့ဖျက်သိမ်းပြီး နေပြည်တော်ကို ပြန်ပြေးခဲ့ရပါတယ်။
တချိန်တည်းမှာပဲ စစ်ကောင်စီဟာ အရပ်သားပြည်သူတွေရှိရာ ရပ်ကွက်တွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို ညသန်းခေါင် အချိန်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့တာကြောင့် ၂ ရက်အတွင်း အပြစ်မဲ့ပြည်သူ ၃၀ နီးပါး သေဆုံးခဲ့ရပါတယ်။
အခုလို စစ်ကောင်စီက EAO နယ်မြေတွေတွေမှာနေထိုင်ကြတဲ့ အရပ်သားပြည်သူတွေကို ခြိမ်းခြောက်ပြောဆိုလာပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာအတွက် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းအန္တရယ်နဲ့ စစ်ရေး သတင်းတွေကို စောင့်ကြည့်လေ့လာကြဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။
========================
📌📌 ၂။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်ပြီး ၂လကျော်အတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ TPCC ထုတ်ပြန်
စက်တင်ဘာလ၈ရက်
ညီနောင်မဟာမိတ် ၃ ဖွဲ့ဖော်ဆောင်နေတဲ့ ၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဆင်နွှဲနေမှု ၂လကျော်အတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၂၀၁ ဦးသေဆုံးကာ ၂၂၈ ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံ ကော်မတီ-TPCC ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
အခုလို စစ်ဘက်နဲ့ မသက်ဆိုင်တဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို လေကြောင်းကနေတိုက်ခိုက်တာ ကြောင့် လူနေအိမ်၊ စျေး၊ စာသင်ကျောင်းနဲ့ အဆောက်အအုံ ၁၇၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့လည်း အသိပေးထား ပါတယ်။
TPCC အနေနဲ့ အသက်ဆုံးရှုံးခဲ့သူတွေနဲ့ ထိခိုက်နစ်နာသူအားလုံးအတွက် ကျန်ရစ်သူမိသားစုဝင်များနဲ့ထပ်တူ ဝမ်းနည်း ရတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စက်တင်ဘာ ၆ရက်က ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၁၁ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့တဲ့ နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်ဟာ စစ်ကောင်စီတပ်ရဲ့ အစုလိုက်၊အပြုလိုက်သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ထို့ပြင် ကလေးငယ် ၇ ဦး အပါအဝင် အရပ်သား ၉ ဦးသေဆုံးခဲ့ရတဲ့ ကရင်နီဒေသ ဖယ်ခုံမြို့နယ် ဘန်ကောက်စစ်ရှောင် စခန်း ဗုံးကြဲတိုက်ခိုက်ခံရမှုကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။
အလားတူ ဖယ်ခုံမြို့နယ် နန်းမယ်ခုံ ၊ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်၊ မကွေးတိုင်း မြိုင်မြို့နယ်၊ ချင်းပြည်နယ် မင်းတပ် မြို့နယ်၊ ရှမ်းမြောက်က နမ့်ဆန်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ကွတ်ခိုင်မြို့တွေမှာ စစ်ကောင်စီက ဖျက်အားပြင်းဗုံးတွေ အသုံးပြုပြီးတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုနဲ့ နေအိမ်ပျက်စီးမှုတွေကိုလည်း TPCC က မီးမောင်းထိုး ပြထားပါတယ်။
အခုလို အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုတွေကို စစ်ကောင်စီက ပေါ်ပေါ်တင်တင်ကျူးလွန်နေတယ်ဆိုတာ ထင်ရှားနေတယ်လို့ TPCC က ထောက်ပြထားပါတယ်။
ခုလို နိုင်ငံတကာဥပေဒတွေ ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုများ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများ အစုလိုက် သတ်ဖြတ်ခြင်းများ နေ့စဉ် ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို ဆက်လက်လျစ်လျူရှု မနေဘဲ စစ်တပ်က ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ဥပဒေအရ ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေလုပ်ဖို့ တောင်းဆို ထားသလို လက်နက်ခဲယမ်းနဲ့ လေယာဉ်ဆီရောင်းချမှုများ ရပ်တန့်ပေးရေးနဲ့ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီ တွေ တိုးမြင့်ကူညီရေး စတာတွေ အမြန်ဆုံးအကောင်အထည်ဖော်ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို TPCC က တိုက်တွန်း ထားပါတယ်။
========================
📌📌 ၃။ ခင်ဦးမြို့နယ်က ကျေးရွာ ၁ဝ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတသောင်းကျော် စစ်ဘေးရှောင်နေရ
စက်တင်ဘာလ၈ရက်
အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ၆ ရက်အတွင်း ခင်ဦးမြို့နယ်ထဲက ကျေးရွာ ၁ဝ ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံပြည်သူ တသောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
မဒေါင်းလှရွာကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ စက်တင်ဘာ ၂ ရက်နေ့ကစပြီး မဒေါင်းလှရွာအနီးက ကျေးရွာတွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးနေတာလို့ ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်-အမေ့သားက အသိပေးပါတယ်။
ဒီအကြမ်းဖက် စစ်တပ်စစ်ကြောင်းဟာ စက်တင်ဘာ ၂ ရက်နေ့မှာ ငကြိုင်းရွာ၊ စက်တင်ဘာ ၃ ရက်နေ့မှာ အင်ကြင်းပင်ရွာ၊ စောကြီးရွာ၊ သနပ်စိန်ရွာနဲ့ ဖန်းခါးကုန်းရွာ၊ စက်တင်ဘာ ၄ ရက်နေ့မှာ ပေါက်တောရွာနဲ့ နှဲတွင်းရွာ၊ စက်တင်ဘာ ၅ ရက်နေ့ မှာ ဆီဆုံလေးရွာ၊ စက်တင်ဘာ ၇ ရက်နေ့မှာ မဒေါင်းကြီးရွာနဲ့ ရွှေကာရွာတို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။
လက်ရှိမှာလည်း အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းဟာ မဒေါင်းလှရွာအနီးက ကျေးရွာတွေကိုဆက်တိုက် စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံပြည်သူတွေ စစ်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။
ဒီစစ်ကြောင်းဟာ မဒေါင်းလှပျူရွာကနေထွက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး သင်္ဃန်းဝတ် ဝါသဝ လက်အောက်ခံ အကြမ်းဖက် စစ်ကြောင်းလို့သိရပြီး မီးလောင်ပျက်စီးအရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်-အမေ့သားက အသိပေးထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် အရပ်သား ၃ဦးသေဆုံးကာ ကလေးငယ်တွေအပါအဝင် ၁၈ ဦးဒဏ်ရာရ
စက်တင်ဘာလ၈ရက်
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စက်တင်ဘာပထမပတ်အတွင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သား ၃ဦးသေဆုံးကာ ကလေးငယ်တွေအပါအဝင် ၁၈ ဦး ဒဏ်ရာရသွားတယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေထဲမှာ လက်နက်ကြီးနဲ့ပစ်ခတ်မှု၊ အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်မှုတို့ ပါဝင်တာကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။
တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း အရပ်သားထိခိုက်သေဆုံးမှုကို အသိပေးရာမှာ ပဲခူးတိုင်းအတွင်းက ရေတာရှည်နဲ့ ဖြူး မြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့သလို မွန်ပြည်နယ် သထုံမြို့နယ်က အမျိုးသားတဦးကို စစ်ကောင်စီက မသင်္ကာလို့ဆိုပြီး ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တာလို့ အသိပေးထားပါတယ်။
အခုလို စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့လက်ဝေခံအဖွဲ့တွေပြုလုပ်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ၇ ရက်အတွင်း အပြစ်မဲ့ အရပ်သား ၃ ဦး သေဆုံးခဲ့ရသလို ကလေးငယ် ၃ဦးနဲ့ အသက် ၁၃ နှစ်အရွယ် မချစ်စံပယ်အပါအဝင် ၁၈ ဦး ဒဏ်ရာရရှိကာ ဖမ်းဆီးခေါ်ဆောင်ခံရသူ ၉၁ ဦးထိရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နေအိမ်တွေ နွားတင်းကုပ်တွေနဲ့ ဆိုင်ကယ်တွေ ပျက်စီးဆုံးရှုံးခဲ့ရသလို ဒေသခံတွေ ပိုင်ဆိုင်တဲ့ နွားတွေလည်း သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထို့အတူ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေသခံပြည်သူတွေ လုပ်ကိုင်စားသောက်နေတဲ့ ဥယဉ်ခြံတွေထဲမှာ မိုင်းတွေထောင်ထားခဲ့တာကြောင့် မိုင်းနင်းမိတဲ့ဖြစ်စဉ်တွေ မကြာခဏရှိနေတဲ့အတွက် ဒေသခံပြည်သူတွေဟာ မိုင်းနင်းမှာ ကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ဒီအချက်အလက်တွေဟာ တောင်ပိုင်းစစ်ဒေသက ရရှိထားတဲ့အချက်အလက်တွေကို အခြေခံထားတာဖြစ်တဲ့အတွက် လက်တွေ့မြေပြင်မှာ ဒီစာရင်းထက်ပိုများနိုင်တယ်လို့လည်း သိရပါတယ်။
========================
🚩🚩 ၂။ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပမ်း ၅၀ ခန့် ဖမ်းမိထားတယ်လို့ KIA အသိပေး
စက်တင်ဘာလ၈ရက်
စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF ပူးပေါင်းတပ်က ဖမ်းမိထားတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်-KIA သတင်းပြန်ကြားရေးဌာနက ပြောပါတယ်။
ပင်လည်ဘူးမြို့မှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်စခန်းကို စက်တင်ဘာ ၆ ရက်နေ့က အမှတ်-၁ စစ်ဒေသ PDF ပူးပေါင်းတပ် တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီလို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရတယ်လည်း ဖော်ပြသွားပါတယ်။
တိုက်ပွဲဖြစ်ချိန်မှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေများပြီး စစ်သုံ့ပန်း အယောက် ၅၀ ခန့်ကို PDF တပ်ဖွဲ့တွေက ဖမ်းမိထားတယ်လို့ အသိပေးပါတယ်။
အဆိုပါစစ်ကောင်စီတပ်ဟာ အထိနာပြီး သေဆုံးမှုတွေရှိတာကြောင့် စက်တင်ဘာလ ၇ ရက်နေ့မှာ Mi 35 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေနေထိုင်တဲ့အိမ်တွေ ပျက်စီးဆုံးရှုံးသွားတယ်လို့လည်း သိရပါတယ်။
ပင်လည်ဘူးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တွေ ဩဂုတ် လလယ်ပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။
အခုလို တိုက်ပွဲသတင်းဖော်ပြရာမှာ PDF ပူးပေါင်းတပ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသွားခဲ့ပြီး KIA တပ် ပါဝင်တိုက်ခိုက်နေမှုကိုတော့ မဖော်ပြခဲ့ပါဘူး။
အမှတ်-၁ စစ်ဒေသ စစ်ဒေသမှူးအဖြစ် KIA စစ်ဦးစီးချုပ်က တာဝန်ယူထားပြီး စစ်ရေးဖော်ဆောင်တာတွေမှာ KIA တပ်တွေ နဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်နေတာပဲဖြစ်ပါတယ်။
အမှတ်-၁ စစ်ဒေသကွပ်ကဲမှုနဲ့ PDF တွေပါတဲ့ ပူးပေါင်းတပ်တွေဟာ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ဩဂုတ်လလယ်ပိုင်း ကတည်းက စတင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကစစ်ကူတွေကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာလို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းအပါအဝင် စခန်း၂ခုကို သိမ်းပိုက်ဖို့ ကျန်နေသေးပေမယ့် ပင်လည်ဘူးတမြို့ လုံးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ လားရှိုးမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှု မိုးလုံလေလုံအားကစားရုံနဲ့ ကားတွေပျက်စီး
စက်တင်ဘာလ၈ရက်
ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီ က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် မိုးလုံလေလုံအားကစားရုံနဲ့ ကားတွေ ပျက်စီးသွားတယ်လို့ လာရှိုးဒေသခံတွေက ပြောပါတယ်။
ဒီနေ့ စက်တင်ဘာ ၈ရက် မနက် ၄ နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီက လားရှိုးမြို့ ရပ်ကွက် ၁၂ မှာရှိတဲ့ ပြည်ထောင်စု အားကစားကွင်းထဲကို လေကြောင်းကနေ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် မိုးလုံလေလုံအားကစားကွင်းနဲ့ ရပ်နားထားတဲ့ကားတွေပျက်စီးသွားပေမယ့် လူမထိခိုက်တာမရှိဘူးလို့ လားရှိုးအခြေစိုက် Freedom Youth Volunteers-FYV အဖွဲ့က ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မယ့်လေယာဉ်ဟာ လားရှိုးမြို့ကို ဗုံးမကြဲမီ မူဆယ်နဲ့နမ့်ခမ်းအပါအဝင် ရှမ်းပြည်မြောက်ပိုင်းက မြို့နယ် အချို့ပေါ် ပျံသန်းပြီးနောက် မနက် ၄ နာရီကျော်အချိန်မှ လားရှိုးမြို့ကို ဗုံးကြဲချတာလို့ စစ်ကောင်စီလေကြောင်းသတင်းတွေ ကို စောင့်ကြည့်လေ့လာနေတဲ့ ရှမ်းမြောက်ဒေသခံတွေက အသိပေးပါတယ်။
အကြမ်းဖက် စစ်ကောင်စီဟာ ဩဂုတ်လ ၃ဝ ရက်နေ့ညပိုင်းကလည်း လာရှိုးမြို့ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရက်ပိုင်းအတွင်း နောက်တကြိမ် ထပ်မံတိုက်ခိုက်လာတာပဲဖြစ်ပါတယ်။
အခုလို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ထပ်လုပ်လာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းသတိရှိကြဖို့ စစ်ရေးလေ့လာစောင့်ကြည့်သူတွေက တိုက်တွန်းထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ကရင်နီနဲ့ ရှမ်းမြောက်ဒေသက လားရှိးအပါအဝင် ၎င်းတို့ ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်မယ့် ရန်နိုင်မင်း စစ်ဆင်ရေးကို စက်တင်ဘာ ၁ ရက်မှာ စတင်အကောင်အထည်ဖော်လာ ပြီး လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်အဟုန်မြှင့်လုပ်ဆောင်လာနေတာကြောင့် သတိပေးတိုက်တွန်းနေတာဖြစ်ပါတယ်။
လားရှိုးမြို့ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-MNDAA နဲ့ မဟာမိတ်တွေက ဩဂုတ်လဆန်းပိုင်းက ပဲ အပြီးသတ် သိမ်းပိုက်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရေး ပုံဖော်နေချိန်မှာ အခုလို လေကြောင်းတိုက်ခိုက် မှုတွေ ခံနေရတာပဲဖြစ်ပါတယ်။
========================
🚩🚩 ၄။ မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေ နယ်မြေလုံခြုံရေးဆောင်ရွက်နေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဖမ်းမိ
စက်တင်ဘာလ၈ရက်
မန္တလေးတိုင်းအတွင်းက မြင်းခြံ-နွားထိုးကြီးကားလမ်းပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ နယ်မြေလုံခြုံရေးအတွက် စစ်ဆေးနေချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၃- Myingyan Ranger အဖွဲ့က ပြောပါတယ်။
မြင်းခြံခရိုင် အထူးစစ်ဆင်ရေး MDSO ရဲ့ တစိတ်တပိုင်းအနေနဲ့ မြင်းခြံ-နွားထိုးကြီးကားလမ်းပိုင်းကို ယာယီပိတ်ပြီး နယ်မြေ လုံခြုံရေးစစ်ဆေးနေချိန် စက်တင်ဘာ ၆ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။
အခုလို စစ်ဆေးနေချိန်မှာ မြင်းခြံမြို့ကနေမောင်းလာတဲ့ ဆိုင်ကယ်တစီးကို မသင်္ကာတဲ့အတွက် တားဆီးစစ်ဆေးခဲ့ရာကနေ မြင်းခြံမြို့ပေါ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဆိုတာသိရတဲ့အတွက် ဖမ်းဆီး စစ်ဆေး ထိန်းသိမ်းခဲ့ တာလို့ အသိပေးထားပါတယ်။
လက်ရှိမှာ အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဆီကနေ လက်ပစ်ဗုံးတလုံးသိမ်းဆည်းရရှိထားပြီး စစ်ဆေးမှုတွေ ဆက်လုပ် နေတယ်လို့ Myingyan Ranger အဖွဲ့က ပြောပါတယ်။
ဒီစစ်ဆင်ရေးကို မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၃ Myingyan Ranger ၊ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း၊ Freedom Fighter Guerrilla Force -FFGF၊ ရဲခေါင်ပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၅။ ရွှေပြည်သာ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်
စက်တင်ဘာလ၈ရက်
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေပြည်သာမြို့နယ် ပကဖ က ထုတ်ပြန်ပါတယ်။
ပြည်သူတွေကို ဒုက္ခမျိုးစုံပေးနေတဲ့ အကြမ်းဖက်စစ်သား၊ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေ စုဝေးနေတဲ့ ရွှေပြည်သာမြို့နယ် အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မနေ့ စက်တင်ဘာ ၇ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန်မှာ အဝေးထိန်းမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုဟာ Vitamin for UG Campaign ထဲမှာပါတဲ့ အဖွဲ့တဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ည ၉ နာရီအချိန်မှာ ရဲဘော် တွေ ဘေးကင်းအောင်မြင်စွာနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုစာရင်းကိုတော့ စုံစမ်း စိစစ်နေဆဲလို့ Black Tiger UG Team ကလည်း အသိပေးထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Black Tiger UG Team က ရဲဘော်တွေနဲ့ ရွှေပြည်သာ ပကဖ ရဲဘော်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုနဲ့ပေါင်းပြီး ပြည်သူတွေကို ဒုက္ခပေးသူမှန်သမျှကို ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ Black Tiger UG Team နဲ့ ရွှေပြည်သာမြို့နယ် ပကဖတို့က သတိပေး ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment