၂၀၂၄ စက်တင်ဘာလ ၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မတရားအသင်း ဆက်သွယ်မှုနှင့် စစ်တွေ ဗျိုင်းဖြူရွာသား ၂၃၄ ဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်
📌 ၂။ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်ဖို့ လေယာဉ်ဆီများ ဆက်လက်တင်သွင်းနေ
📌 ၃။ NUG ပညာရေးကျောင်းတစ်ကျောင်းအား မိတ္တူစက် ၁လုံး လှူဒါန်း
📌 ၄။ လားရှိုးမြို့ အချို့နေရာများတွင် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိ
📌 ၅။ ရှမ်းမြောက် - ရှမ်းတောင် ဆက်သွယ်ထားသည့် တာဆင်တံတားဖွင့်ပွဲ အခမ်းအနားကို SSPP/SSA ကျင်းပပြုလုပ်
📌 ၆။ ရပ်စောက်နဲ့ နောင်ချိုရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာ ခရီးသည်ကားတွေကို ဖမ်းဆီးပြီး ငွေ ၃ သိန်းနဲ့အထက် ပြန်ရွေးခိုင်း
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မြိုင်မြို့၊ ပခုက္ကူ လမ်းပိုင်းပေါ်က စစ်ကောင်စီ ဂိတ်အား ဝင်ရောက်စီးနင်း တိုက်ခိုက်
🚩 ၂။ ပလမြို့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ (၃)ဦး သေဆုံးပြီး (၁၀)ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရ
🚩 ၃။ သရက်ကန် ပျူရွာမှ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များအားလုံး ထွက်ခွာသွားကြဖို့ သတိပေး
🚩 ၄။ ဝက်လက်တွင် ကလေး စစ်သား ၁ ဦး လက်နက် ၂ လက် ယူဆောင်လာပြီး PDF တပ်ဖွဲ့ထံ အလင်းဝင်
🚩 ၅။ ပခုက္ကူမြို့မှ စစ်ကောင်စီ တပ်သားတဦး လက်နက်နဲ့တကွ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မတရားအသင်း ဆက်သွယ်မှုနှင့် စစ်တွေ ဗျိုင်းဖြူရွာသား ၂၃၄ ဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်
စက်တင်ဘာလ ၇ရက်။
Radio NUG
ဩဂုတ်လ ၃၀ ရက်နေ့က ၁၄၁ ဦးနှင့် ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့က ၉၃ ဦးကို စစ်ကောင်စီ လက်အောက်ခံ စစ်တွေမြို့နယ်တရားရုံးက အာရက္ခတပ်တော် AA နှင့် ဆက်သွယ်သည်ဟု ဆိုကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)ဖြင့် ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာမှ ရွာသား ၂၃၄ ဦးကို အာဏာသိမ်း စစ်ကောင်စီက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃နှစ်စီ ချမှတ်လိုက်ကြောင်း သိရပါတယ်။
မေလ ၂၉ ရက်နေ့က စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာကို ဝင်ရောက်စီးနင်းပြီး ကလေးငယ်၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုမကျန် လက်နောက်ပြန်ကြိုးတုပ်ပြီး နေပူလှမ်းကာ အပြစ်မဲ့အရပ်သား ၃၀၀ ခန့်ကို ဖမ်းဆီးခဲ့ကာ ယင်းအထဲက ၂၃၄ ဦးမှာ စစ်ကောင်စီ၏ မတရားထောင်ချခြင်းကို ခံရခြင်း ဖြစ်ပါတယ်။
မေလ ၂၉ ရက်နှင့် ဇွန်လ ပထမအပတ်အတွင်း အပြစ်မဲ့အရပ်သား ၁၀၀ ခန့်ကိုလည်း စစ်ကောင်စီပူးပေါင်းအဖွဲ့က အစုံလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပါတယ်။
ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီက ဝင်ရောက်စီးနင်းဖမ်းဆီးချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ရခိုင်လက်နက်ကိုင်အဖွဲ့ ALP နှင့် စစ်ကောင်စီ သင်တန်းပေးထားသော မွတ်ဆလင်လက်နက်ကိုင်အချို့လည်း ပါဝင်ကျူးလွန်ခဲ့ကြောင်း AA က ထုတ်ပြန်ထားပါတယ်။
ယင်းအပြင် ဗျိုင်းဖြူရွာသားများအား ဖမ်းဆီးနေချိန်အတွင်း အမျိုးသားနှင့် အမျိုးသမီးကို ခွဲထုတ်ကာ အဆိုပါ အမျိုးသမီးများထဲမှ အသက် ၁၀ အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း ၃ ဦးကို အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း သိရပါတယ်။
ဗျိုင်းဖြူကျေးရွာ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီသည် အပြစ်မဲ့အရပ်သားများအပေါ် မတရားအနိုင်ကျင့်ခြင်း၊ စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊ အစုလိုက်အပြုံလိုက် မတရားသတ်ဖြတ်တို့ကို ကျူးလွန်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် အရပ်ဘက်အဖွဲ့အစည်း အများအပြားက ထုတ်ပြန်ပြောဆိုထားပါတယ်။
========================
📌📌 ၂။ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်ဖို့ လေယာဉ်ဆီများ ဆက်လက်တင်သွင်းနေ
စက်တင်ဘာလ ၇ရက်။
Radio NUG
၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လောင်စာဆီ မတင်ပို့မီ ဗီယက်နမ်ဆိပ်ကမ်းမှ ၀ယ်ယူရောင်းချတာတွေကို အကြိမ်ရေ ၂ ခါမှ ၃ ခါအထိ ပြုလုပ်ထားပြီး သီလဝါလေဆိပ်ကို ၂ စီးခန့် ရောက်ရှိထားပြီးဖြစ်ကာ ဒါဟာ မနှစ်ကထက် ၃ ပုံ ၁ ပုံ ရောက်ရှိထားခြင်း ဖြစ်ကြောင်း Blood Money - သွေးစွန်းငွေမှ ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံပိုင် HUITONG 78 Oil Tanker ဆီတင် သင်္ဘောဟာ ဗီယက်နမ် သင်္ဘောဆိပ်ကမ်းမှတစ်ဆင့် မြန်မာနိုင်ငံ သင်္ဘောဆိပ်ကမ်းကို လောင်စာဆီတွေ သယ်ပို့တာမျိုးလုပ်ပြီး ဒီတရုတ် လောင်စာဆီတင် သင်္ဘော HUITONG 78 က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နဲ့ ၂၉ ရက်နေ့မှာ ဗီယက်နမ် ကုမ္ပဏီ Hai Linh Co.Ltd မှ ဆောင်ရွက်သည့် Cai Mep Petroleum သိုလှောင်ရုံမှ တဆင့် အရင်ဆိပ်ကမ်းဟောင်း PUMA ENERGY ( ယခု အကြမ်းဖက် စစ်အုပ်စု ထိန်းချုပ်ထားသော Shoon Energy Group ) ကို လေကြောင်းလောင်စာဆီ ၂ စီး ဖြင့် တင်ပို့ခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများနှင့် သင်္ဘောလမ်းကြောင်းတွေအရ တွေ့ရှိရပါတယ်လို့ ဖော်ပြထားပါတယ်။
2024 ဖေဖော်ဝါရီလတွင်မူ တရုတ်နိုင်ငံ ၊ Hangzhou ပင်လယ်အော်ရှိ Ningbo ဆိပ်ကမ်း BP Hua Dong Terminal ဂိတ်ကို ထိန်းချုပ်ဆောင်ရွက်နေတဲ့ ကုမ္ပဏီကိုတော့ မသိရသေးပါဘူးလို့ ဆိုပါတယ်။
ရေယာဉ်ရေဒါခြေရာခံစက်အရ HUITONG 78 ဟာ ဧပြီလမှာ ယူအေအီးနိုင်ငံ Sharjah ရှိ Hamriyah ဆိပ်ကမ်းတွင် လောင်စာများသယ်ဆောင်လာပြီး ခန့်မှန်း မေလအတွင်း ရန်ကုန်ဆိပ်ကမ်း သီလဝါသို့ ရောက်ရှိထားပြီ ဖြစ်ကာ သယ်ယူပို့ဆောင်သောသင်္ဘော HUITONG 78 ဖြစ်ပုံရကြောင်း ဂြိုလ်တုဓာတ်ပုံများက ပြသနေပါတယ်။
မြန်မာနိုင်ငံကို နောက်ဆုံး တင်ပို့ရောင်းချတာမျိုး မလုပ်ခင်မှာ ဇန်နဝါရီလအတွင်း စင်္ကာပူ လုပ်ငန်းခွဲ ကမ္ဘာလုံးဆိုင်ရာ စက်သုံးဆီကုန်သည် Sahara Energy မှ ဗီယက်နမ်ကို ရောင်းချထားပြီး ဖေဖော်ဝါရီလ တင်ပို့မှုကိုတော့ စင်္ကာပူကုန်သွယ်ရေးဌာနခွဲတစ်ခုဖြစ်တဲ့ SOE China ( China National Offshore Oil Corporation CNOOC )မှ ဗီယက်နမ်ကို အကူးအပြောင်း ရောင်းချထားကြောင်း အကောက်ခွန် အချက်အလက်အရ ဖော်ပြထားပြီး တန်ဖိုးအနေနဲ့ တင်ပို့မှုတစ်ခုစီဟာ အမေရိကန်ဒေါ်လာ ၈ သန်းခန့် တန်ဖိုးရှိတယ်လို့ သိရပါတယ်။
2024 ခုနှစ်အတွင်း ရောက်ရှိလာတဲ့ လောင်စာဆီ တင်ပို့မှုကို ခြေရာခံကြည့်ပါက ဗီယက်နမ်မရောက်ခင်မှာ စင်ကာပူနိုင်ငံ ဒတ်ခ်ျသိုလှောင်မှုနဲ့ ထောက်ပံ့ရေး ကုမ္ပဏီ Royal Vopak ( Dutch Storage and Logistics Company) မှ ထိန်းချုပ်လုပ်ကိုင်နေတဲ့ Vopak Singapore Banyan Terminal ဂိတ်လဲ ပါ၀င်တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ လောင်စာဆီရရှိဖို့ တရုတ် သင်္ဘောများနှင့် ဗီယက်နမ် ကုမ္ပဏီများ၊ ဆိပ်ကမ်းများကို မှီခိုနေရပြီး ထိုသို့ ၀ယ်ယူရာတွင်လည်း အကြိမ်ကြိမ်၀ယ်ယူကာ ထပ်ဆင့် ပြန်လည် ရောင်းချတာမျိုး ပုံစံမျိုးဖြင့် မူရင်းရောင်းချသူ၊ ၀ယ်ယူသူများကို ခြေရာဖျောက်ထားကြပြီး အကြမ်းဖက်စစ်အုပ်စုနှင့် ရူပ်ထွေးသောကုန်သွယ်ရေးပြုလုပ်ထားသော အချက်အလက်များလည်း တွေ့ရှိရပါတယ်။
အမှန်တကယ် လေကြောင်းလောင်စာ ဟုတ်မဟုတ် အတည်မပြုနိုင်သော်လည်း သယ်ပို့ သင်္ဘောမှာ HUITONG 78 ပုံစံတူကြောင့် ၎င်းသင်္ဘောတစ်ခုတည်းသာ တင်ပို့တွေဆက်လုပ်နေကြောင်း မှတ်ချက်ချနိုင်ပြီး လေယာဉ်ဆီတွေဟာ စစ်တပ်ထိန်းချုပ်ထားတဲ့ နယ်မြေထဲရောက်နေလို့ အန္တရာယ်ရှိကာ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နဲ့ အခြားအဖွဲ့အစည်းများမှ လေယာဉ်ဆီတင်ပို့ ရောင်းချနေတဲ့ ကုမ္ပဏီတွေနဲ့ သက်ဆိုင်ရာ အစိုးရတွေကို တင်ပို့ ရပ်ဆိုင်းအရေးယူဖို့ တောင်းဆိုနေသော်လည်း နိုင်ငံတကာက အရေးယူဆောင်ရွက်တာ လတ်တလောမှာ မရှိသေးဘဲ
ဒီလို ဥပဒေမဲ့ လေကြောင်းတိုက်ခိုက်တာတွေ ရပ်တန့်ဖို့ နိုင်ငံတကာသို့ လေယာဉ်ဆီတင်ပို့ ရောင်းချ ပိတ်ဆို့ အရေးယူတာတွေလုပ်ဖို့ တောင်းဆိုမှုတွေဟာ အရေးကြီး လိုအပ်လျှက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၃။ NUG ပညာရေးကျောင်းတစ်ကျောင်းအား မိတ္တူစက် ၁လုံး လှူဒါန်း
စက်တင်ဘာလ ၇ရက်။
Radio NUG
စက်တင်ဘာလ ၆ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် ကျောင်းသားကျောင်းသူ ၃၅၀ ကျော် ပညာသင်ကြားလျှက်ရှိတဲ့ NUG ပညာရေး (ပထက) ပြည်သူ့အခြေပြု အထက်တန်းကျောင်းတွင် လိုအပ်နေသော မိတ္တူစက် ၁လုံး လှူဒါန်းပေးခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ သတင်းဖော်ပြပါတယ်။
တစ်လတစ်ခါ စာမေးပွဲဖြေရင် မေးခွန်းမိတ္တူဖိုးက ၃သိန်းကျော်ကျသင့်လို့ လှူဒါန်းပေးခြင်းဖြစ်ပြီး ဆားလင်းကြီးမြို့နယ်အတွင်း ပြည်သူ့အခြေပြုအထက်တန်းကျောင်များတွင် မိတ္တူစက်များ လိုအပ်လျှက်ရှိတယ်လို့ သိရပါတယ်။
"ကျွန်တော်တို့အနေနဲ့ ပညာရေးရဲ့လိုအပ်ချက်ကို နိုင်ရာကနေဖြည့်ဆည်းပေးလျှက်ရှိပါတယ်။ လက်ရှိတွင် စာသင်ဆောင် ဆောက်လုပ်ခြင်း၊ စာရေးကိရိယာ ထောက်ပံ့ခြင်း၊ ချို့တဲ့ ကျောင်းသားများအား ကျောင်းလခ ထောက်ပံ့ခြင်း၊ မိတ္တူစက် လှူဒါန်းခြင်းများ လုပ်ဆောင်လျှက် ရှိပါတယ်"ဟု ဖော်ပြထားပါတယ်။
========================
📌📌 ၄။ လားရှိုးမြို့ အချို့နေရာများတွင် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိ
စက်တင်ဘာလ ၇ရက်။
Radio NUG
စစ်ပွဲအတွင်း ပျက်စီးသွားသော လျှပ်စစ်ဓာတ်အားပေးစက်များနှင့် အဆောက်အဦများကို တစ်လကျော်ကြာ ပြုပြင်ပေးခဲ့ပြီး စက်တင်ဘာ ၆ ရက်ညနေပိုင်းတွင် လားရှိုးမြို့ အချို့နေရာများတွင် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်ပါတယ်။
လားရှိုးမြို့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီနှင့် ဆက်စပ်တပ်ဖွဲ့များက ကဏ္ဍပေါင်းစုံတွင် လုပ်ဆောင်ခဲ့ပြီး ဆေးဘက်ဆိုင်ရာ ကျန်းမာရေးကုသမှုနှင့် ဆက်သွယ်ရေးကွန်ရက်များ ရလဒ်ကောင်းများ ထွက်ပေါ်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ပွဲအတွင်း ဓာတ်အားလိုင်း အများအပြား ပျက်စီးခဲ့ပြီး မရှင်းလင်းရသေးသဖြင့် ယခုအဆင့်တွင် လျှပ်စစ်ဓာတ်အားကို အရေးပေါ်လိုအပ်နေသော အများသူငှာနေရာများနှင့် စက်ရုံအချို့ကို ပထမဆုံး ဓာတ်အားပေးဝေခဲ့ကြောင်း၊ နောက်တစ်ဆင့်တွင် ဓာတ်အားဖြန့်ဖြူးရေး ဧရိယာကို ဖြည်းဖြည်းချင်း ချဲ့ထွင်ပြီး ဓာတ်အားသုံးစွဲမှု အခြေအနေအပေါ် အခြေခံ၍ မြို့ပြဧရိယာ နေထိုင်သူများနှင့် ဓာတ်အားများ အမြန်ဆုံး လုံခြုံတည်ငြိမ်စွာ သုံးစွဲနိုင်စေရန်နှင့် လျှပ်စစ်ဓာတ်အား အပြည့်အဝ ပြန်လည်ရရှိစေရန်အတွက် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါတယ်။
အထူးဒေသအုပ်ချုပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီနှင့် လားရှိုးပြည်သူများ ပူးပေါင်း၍ ဓာတ်အားနှင့် ကွန်ရက်များ ပြန်လည်ရရှိနေခြင်းကြောင့် ပြည်သူများ၏ စားဝတ်နေရေး၊ စီးပွားရေး၊ ပညာရေးနှင့် အခြားကဏ္ဍများ ပြန်လည်တည်ဆောက်ရေးသည် အရှိန်အဟုန်မပျက် ဆက်လက်တိုးတက်ပြီး ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဦးတည်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ ရှမ်းမြောက် - ရှမ်းတောင် ဆက်သွယ်ထားသည့် တာဆင်တံတားဖွင့်ပွဲ အခမ်းအနားကို SSPP/SSA ကျင်းပပြုလုပ်
စက်တင်ဘာလ ၅ရက်။
Radio NUG
ရှမ်းမြောက် မိုင်းရယ်မြို့နယ်နဲ့ ရှမ်းတောင် မိုင်းရှူးကို အဓိက ဆက်သွယ်ထားတဲ့ မြို့နယ်ချင်းဆက် လမ်းပေါ်က တာဆင်တံတားဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၅ ရက် မနက် ၉ နာရီအချိန်မှာ SSPP/SSA မှ ဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့ကြောင်း SSPP Infoမှ သတင်းထုတ်ပြန်ပါတယ်။
တံတားဖွင့်ပွဲအခမ်းအနားကို SSPP/SSA ဒုအုပ်ချုပ်ရေးမှူး ဗိုလ်ချုပ်ထင်မိန်းက ဦးဆောင်ကျင်းပခဲ့ပြီး အနီးနားရွာက ဒေသခံ ပြည်သူတွေ၊ သံဃာတော်တွေ၊ SSPP/SSA ဌာနချုပ်မှ လူငယ်အဖွဲတွေ ၊ ခရိုင်မှူး၊ မြိုနယ်မှူးနဲ့ SSPP/SSA တပ်သား အပါအဝင် (၆၀၀)ဝန်းကျင် တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြည်သူလူထုနဲ့ ဒေသခံတွေရဲ့ စီးပွားရေး ဖွံဖြိုးတိုးတက်လာဖို့အတွက် SSPP/SSA က ကျပ်သိန်းပေါင်း တစ်သောင်း အကုန်ကျခံပြီး ဆောက်လုပ်ပေးခဲ့တာလို့ ဗိုလ်မှူးကြီး စိုင်းဆုက ဆိုထားပါတယ်။
တံတားမရှိခင်တုန်းကတော့ ဒေသခံတွေဟာ လှေဖောင်တွေနဲ့ ရေစီးကြမ်းသည့် နမ့်ပန်ချောင်းကို ခက်ခက်ခဲခဲ ကျော်ဖြတ်ပြီး သွားလာခဲ့ရာမှာ တခါတရံမှာတော့ အသက်ဆုံးရှုံးတာတွေထိ ရှိခဲ့တယ်လို ဝမ်ကောင်း ကျေးရွာအုပ်စု ဒေသခံတွေက ဆိုပါတယ်။
ဒီတံတားကို ဇန်နဝါရီလ ၃၁ ရက်နေ့က စတင်ဆောက်လုပ်ခဲ့ပြီး တန် ၈၀ ခံနိုင်ဝန်ရှိကာ တံတား အရှည်မှာ ၃၂၀ ပေရှိပြီး ပေ ၂၀ ကျယ်ဝန်းကာ ချောင်းရေ အောက်ကြမ်းပြင် အထက် ၂၈ ပေ အမြင့် ရှိပါတယ်။
========================
📌📌 ၆။ ရပ်စောက်နဲ့ နောင်ချိုရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာ ခရီးသည်ကားတွေကို ဖမ်းဆီးပြီး ငွေ ၃ သိန်းနဲ့အထက် ပြန်ရွေးခိုင်း
စက်တင်ဘာလ ၇ရက်။
Radio NUG
စက်တင်ဘာ ၁ ရက်ကစပြီး လားရှိုးဘက် တက်လာမယ့် ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူမဟုတ်တဲ့ ခရီးသည်တင် ကားတွေကို ရှမ်းတောင် ရပ်စောက်မြို့ရှိ စစ်ကောင်စီရဲ့ ဗထူး စစ်ဆေးရေးဂိတ်နဲ့ ပြင်ဦးလွင်-နောင်ချို လမ်းပိုင်းရှိ ဝက်ဝံဂိတ်မှာ စစ်ကောင်စီက တစ်ည ဖမ်းဆီးထားပြီး ကားတစ်စီးကို ကျပ် ၃ သိန်းနဲ့အထက် ပြန်ရွေးခိုင်းကာ လာရာလမ်းအတိုင်း ပြန်လှည့်ခိုင်းတယ်လို့ ကားသမားတွေဆီက သိရပါတယ်။
စက်တင်ဘာ ၇ ရက်မှာတော့ ပြင်ဦးလွင်နားက လွန်းကျော်ဂိတ်ကို စစ်တပ်က ပြန်ပိတ်လိုက်ပြီး အဲဒီလမ်းတဝိုက်မှာ တအာင်းတပ်- TNLA နဲ့ စစ်ကောင်စီတပ်တို့ စစ်ရေး တင်းမာနေတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မြိုင်မြို့၊ ပခုက္ကူ လမ်းပိုင်းပေါ်က စစ်ကောင်စီ ဂိတ်အား ဝင်ရောက်စီးနင်း တိုက်ခိုက်
စက်တင်ဘာလ ၇ ရက်။
Radio NUG
မကွေးတိုင်း၊ မြိုင်မြို့နယ်က အရှေ့ဘက်၊ ပခုက္ကူ လမ်းပိုင်းပေါ်ရှိ စစ်ကောင်စီ ဂိတ်စခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း M.V.P Revolution Force က သတင်းထုတ်ပြန် ထားပါတယ်။
စက်တင်ဘာလ ၇ ရက် မနက် ၇ နာရီခန့်မှာ အဆိုပါ စစ်ကောင်စီ ဂိတ်အား ဘန်ကာတွေအထိ အနီးကပ် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့ပြီး တိုက်ပွဲကြာချိန် ၁ နာရီကျော် ကြာခဲ့တယ်လို့ ဆိုပါတယ်။
ဘန်ကာအနီးရှိ နှစ်ထပ်တိုက်အထိ ဝင်ရောက်စီးနင်း နိုင်ခဲ့ပေမယ့် လက်နက်ကြီး အားနည်းချက်နဲ့ ကျည် မလုံလောက်တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု သတင်းကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စည်ပင်ရုံး၊ ဥပဒေရုံးနဲ့ ကြံ့ခိုင်ရေး ရုံးများကို ဝင်ရောက်မီးရှို့ ဖျက်စီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို အညာမြေစစ်ဆင်ရေးအဖွဲ့ ၊ M.V.P Revolution Force ၊ မြိုင် ပ.က.ဖ ၊ မုံရွာ ခရိုင် ရင်း ၂၇ တပ်ခွဲ ၃ သိန်းငှက် ၊ အညာမြေ တပ်ပေါင်းစု ၊ ဆင်ရိုင်းရာဇာ ၊ god of myaing ၊ ယင်း ၁၆ ခွဲ ၃ ၊ anya myayguerilla force myaing ၊ corba people diffence force ၊ ကိုမုဆိုးအဖွဲ့ ၊ pku underground force ၊ တမာမြေ ပြောက်ကျားတပ်ဖွဲ့ မြိုင် ၊ ဓားမင်းကြီး ဂဋ္ဌုန်တပ်ရင်း ၁ တပ်ခွဲ ၂ ၊ မြိုင်နယ် drone အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၂။ ပလမြို့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ (၃)ဦး သေဆုံးပြီး (၁၀)ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရ
စက်တင်ဘာလ ၇ရက်။
Radio NUG
စက်တင်ဘာလ(၁)ရက်နေ့တွင် အင်အား(၁၄၀)ကျော်ပါ အကြမ်းဖက်စစ်တပ်သည် စစ်သင်္ဘော(၂)စီး လှေငယ်(၃)စီးဖြင့် ပလမြို့ ဒေသခံလူငယ်များကို အတင်းအဓမ္မစစ်မှုထမ်း ခိုင်းစေရန်အတွက် ပလမြို့ရဲစခန်းသို့ ရောက်ရှိလာခဲ့ကာ စက်တင်ဘာ (၃)ရက်နေ့တွင် ဖက်ဆစ်တပ်သည် ပလမြို့အတွင်းသို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း၊ ပုလောမြို့နယ်ပကဖ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း(၇)တပ်ခွဲ(၂)တို့မှ နံနက်(၆)နာရီဝန်းကျင်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းမှ သတင်းထုတ်ပြန်ပါတယ်။
မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနှင့် ပုလောမြို့နယ်ပကဖ၏ ဒရုန်းတပ်ဖွဲများမှလည်း ဖက်ဆစ်စစ်ကြောင်း၏ ယာယီတပ်စွဲရာ နေရာများကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖက်ဆစ်တပ်သည် ပလမြို့ရှိ စာသင်ကျောင်းနှင့် သာသနိက အဆောက်အဦများတွင်သာ တပ်စွဲသည့်အပြင် ပလမြို့ရှိ ပြည်သူနေအိမ်များသို့ ရမ်းကားဝင်ရောက်ကာ သက်ကြီးရွယ်အိုများ၊ အသက်မပြည့်သေးသည့် ကလေးသူငယ်များ၊ အမျိုးသမီးများ အပါအဝင် ဒေသခံ (၁၈)ဦး ဖမ်းဆီးခဲ့ကာ လူသားတံတိုင်း ပြုလုပ်ထားခဲ့ပြီး လက်ရှိတွင် (၁၀)ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်(၈)ဦးကို ဖမ်းဆီးထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲသည် စက်တင်ဘာလ (၃)ရက် ညနေ(၅)နာရီဝန်းကျင်အထိ ဖြစ်ပွားခဲ့ပြီး ဖက်ဆစ်စစ်သား (၃)ဦး သေဆုံးခဲ့ကာ (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကာ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းမှ ရဲဘော်(၂)ဦး ဒဏ်ရာရ(မစိုးရိမ်) ရရှိခဲ့ပါတယ်။
စက်တင်ဘာ(၅)ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေရှင်းလင်းစဉ် ဖက်ဆစ်စစ်ကြောင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်းသစ် (၁)ဦးအား တွေ့ရှိခဲ့ပြီး လုံခြုံသည့်နေရာသို ကယ်ထုတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၎င်းသည် မန္တလေးမြို့ ဇာတိဖြစ်ပြီး စစ်မှုထမ်းသစ် စုဆောင်းခြင်းခံရသူဖြစ်ကာ ပုလောအခြေစိုက် ခလရ(၂၈၅)တွင် တာဝန်ချထားခြင်းခံရတယ်လို့ သိရပါတယ်။
စက်တင်ဘာလ (၆)ရက် ညနေ(၃)နာရီဝန်းကျင်တွင် ပလမြို့ရဲစခန်းမှ ပလမြို့ ရေနက်ဆိပ်ကမ်းသို ဆုတ်ခွာနေသော အင်အား(၅၀)ပါ ဖက်ဆစ်စစ်ကြောင်းအား ဒရုန်းတပ်ဖွဲ့များမှ လိုက်လံတိုက်ခိုက်ခဲ့ပြီး ပစ်မှတ်များကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ကာ ရန်သူ(၅)ဦးထက်မနည်း ထိခိုက်ခဲ့ပါတယ်။
လက်ရှိအချိန်ထိ စစ်ရေးအခြေအနေ တင်းမာဆဲဖြစ်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်တာကြောင့် ပြည်သူများအနေဖြင့် မြိတ်-ပုလော-ပလောက်လမ်းပိုင်းအား အသုံးပြု၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုရန်နှင့် စစ်ရေးသတင်းကို အမြဲနားစွင့်ထားရန် အကြံပြုတိုက်တွန်းထားပါတယ်။
========================
🚩🚩 ၃။ သရက်ကန် ပျူရွာမှ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များအားလုံး ထွက်ခွာသွားကြဖို့ သတိပေး
စက်တင်ဘာလ ၇ ရက်။
Radio NUG
မကွေးတိုင်း၊ မြိုင်မြို့နယ် တောင်ပိုင်း၊ သရက်ကန် ကျေးရွာရှိ စစ်ကောင်စီ လက်အောက်ခံ စစ်သား၊ ရဲနဲ့ ပျူစောထီးများ အားလုံး အောက်တိုဘာလ ၆ ရက် နောက်ဆုံးထား ထွက်ခွာသွားကြရန် အညာမြေ တပ်ပေါင်းစု တပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၈ ရက်ကနေ အောက်တိုဘာလ ၆ ရက် နောက်ဆုံးထားပြီး စစ်ကောင်စီ လက်အောက်မှ ပျူ၊ စစ်သားနဲ့ ရဲများအနေဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံ လက်နက်ချ ပူးပေါင်းကြဖို့ နောက်ဆုံးအနေနဲ့ သတိပေးတယ်လို့ ဆိုပါတယ်။
လက်နက်ချ အညံ့ခံလာသူ အားလုံးကို ဂျနီဗာကွန်ဗန်းရှင်းနဲ့အညီ ကာကွယ်မှုပေးသွားမှာ ဖြစ်ပြီး ဆုငွေနှင့် အခြားခံစားခွင့်များလဲ ပေးသွားမယ်လို့ ဆိုပါတယ်။
ထို့အပြင် ခုခံသူများ အားလုံး ရှေ့မှာ ကြုံတွေ့ရတဲ့ အဖြစ်ဆိုးများ အတိုင်း ကြုံတွေ့ရမယ်လို့ အညာမြေ တပ်ပေါင်းစု တပ်ဖွဲ့က ပြင်းပြင်းထန်ထန် သတိပေးထားတာ ဖြစ်ပါတယ်။
========================
🚩🚩 ၄။ ဝက်လက်တွင် ကလေး စစ်သား ၁ ဦး လက်နက် ၂ လက် ယူဆောင်လာပြီး PDF တပ်ဖွဲ့ထံ အလင်းဝင်
စက်တင်ဘာလ ၇ရက်။
RadioNUG
စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၂ နာရီ မိနစ် ၅၀ အချိန်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မရဲစခန်းတွင် တာဝန်ကျနေသော အသက် ၁၆ နှစ်အရွယ် ကလေးစစ်သား ၁ ဦး လက်နက် ၂ လက်ယူဆောင်ပြီး အလင်းဝင်ရောက်လာသောကြောင့် ငွေကျပ် ၆၅ သိန်း ဆုချီးမြှင့်ပေးခဲ့ကြောင်း ရွှေဘို ခရိုင် အမှတ် ၂ တပ်ရင်းမှ သတင်းထုတ်ပြန်ပါတယ်။
ကလေးစစ်သားသည် ၎င်း၏ အထက်အရာရှိ ဗိုလ်ကြီး ကျော်မင်းခိုင် အရက်သောက်မူးပြီး အိပ်ပျော်နေချိန် သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရပါတယ်။
“သူက တပ်စိပ်မှူးအဆင့် ဖြစ်နေပြီ။ ၂၀၂၁ ခုနှစ် အသက် ၁၄ နှစ်သားကတည်းက တပ်ထဲရောက်တာ။ အရင် ဝက်လက်မှာ တာဝန်ကျနေတဲ့ ဗိုလ်ကြီး ထက်အောင်ကျော်က ခြိမ်းခြောက်ပြီး စစ်ထဲ ထည့်လိုက်တာ၊ သူတစ်ခုခုလုပ်ရင် မိသားစုကို ဘာလုပ်မယ်၊ ညာလုပ်မယ် ခြိမ်းခြောက်တာနဲ့ ပါသွားတာ။ သင်တန်းကို ရွှေဘိုအခြေစိုက် အမှတ် ၈ လေ့ကျင့်ရေးသင်တန်းကျောင်း စခတ ၈ မှာ ၄ လ တက်ခဲ့ရတယ်လို့ သိရတယ်။ သင်တန်းဆင်းပြီးတော့ ဝက်လက်မှာပဲ ပြန်တာဝန်ချပေးတာ၊ ဝက်လက်နယ်ထဲ စစ်ကြောင်းထိုးတာမှာ အကုန်လိုက်ခဲ့ဖူးတယ်လို့ ပြောတယ်။” ဟု ရွှေဘို ခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။
AK 47 သေနတ် အမျိုးအစား ၁ လက်၊ ကာဘိုင် အမျိုးအစား သေ နတ် ၁ လက်၊ ကာဘိုင်ကျည် ၁၄၅ တောင့်၊ ၇ ဒသမ ၆၂ ကျည် အတောင့် ၂၀ ယူဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ ပခုက္ကူမြို့မှ စစ်ကောင်စီ တပ်သားတဦး လက်နက်နဲ့တကွ အလင်းဝင်
စက်တင်ဘာလ ၇ ရက်။
Radio NUG
မကွေးတိုင်း၊ ပခုက္ကူမြို့မှ စစ်ကောင်စီ တပ်သားတဦး လက်နက်ခဲယမ်း များနှင့်တကွ အလင်းဝင်လာခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၆ ရက်နေ့က အဆိုပါ စစ်ကောင်စီတပ်သားဟာ MA 3 တလက်၊ ကျည်ဘောက် ၁ ခုနှင့် 5.56 ကျည် ၂၀ တောင့်တို့ကို ယူဆောင်လာပြီး ဆက်သွယ် အလင်းဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။
အခုလို လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်သားကို ဂုဏ်ပြုငွေ ကျပ် သိန်း (၅၀) ချီးမြှင့်ပေးခဲ့ပြီး လွတ်မြောက်နယ်မြေ တနေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment