၂၀၂၄ နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်ထောင်စုဝန်ကြီးချုပ် နဲ့ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံ
📌 ၂။ အကြမ်းဖက်စစ်ကောင်စီရဲ့ လေယာဉ်ပစ်မှတ်တွေဟာ တရုတ် ဘုံကျောင်း၊ ခရစ်ယာန် ဘုရားရှိခိုကျောင်းတွေ ဖြစ်လာတာ ခပ်စိပ်စိပ် တွေ့လာရတယ်လို့ ဝန်ကြီးဒေါက်တာတူးခေါင်ဆို
📌 ၃။ မြန်မာနိုင်ငံဟာ ရင်ဘတ်တွေ ကျယ်ကျယ်ဖွင့်ပြီး နှလုံးသားလှလှ၊ နားလည်မှုနဲ့ တည်ဆောက်ဖို့ကြိုးစားနေကြသူတွေ များလာရင် ကျိန်းသေ လွတ်မြောက်တိုးတက်မယ်လို့ ဝန်ကြီး ဦးထင်လင်းအောင် ပြောကြား
📌 ၄။ နှစ်ရက်အတွင်း ထိုင်းတွင် မြန်မာ ၂၆ ဦး ဖမ်းဆီးခံရ
📌 ၅။ အမရပူရမြို့နယ် Denko ဆီဆိုင် ငွေကျပ် ၁၂ သိန်းကျော် ဓားပြတိုက်ခံရ
📌 ၆။ စစ်ခေါင်းဆောင်၏ တရုတ်ပြည်ခရီးစဉ်မှ ပြန်ရောက်သည့် တန်ဆောင်တိုင်ကာလအတွင်း လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သောကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၅၀ ကျော် သေဆုံးခဲ့ပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဖယ်ခုံရှိ ဘန်ကောက် စစ်ရှောင်စခန်း ထပ်မံ ဗုံးကြဲခံရ
🚩 ၂။ ကန့်ဘလူတွင် စစ်ကောင်စီရဲ့ ဗုံးသီးချ တိုက်ခိုက်မှုကြောင့် သံဃာတပါး အပါအဝင် ၄ ဦး သေဆုံး
🚩 ၃။ ချောင်းဦးမြို့တွင် စစ်ကောင်စီ ကင်းစခန်းကို နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံး
🚩 ၄။ မြောင်လမ်းခွဲတွင် မိုင်းရှင်းလင်းရေး လုပ်သည့် စစ်အုပ်စုအား မိုင်းဆွဲတိုက်ခိုက်
🚩 ၅။ သိန်း ၅၀၀ ယူပြီး ဖမ်းထားတဲ့ အုပ်ချုပ်ရေးမှူးကို လွှတ်ပေးခဲ့တာ မဟုတ်ဘူးလို့ ပုလော PDF ထုတ်ပြန်
🚩 ၆။ အဓမ္မ တပ်သားသစ် စုဆောင်းခံထားရသူ (၆) ဦး ဒေါနတပ်ရင်းထံ အလင်းဝင်
🚩 ၇။ ရက္ခိုင်တိုက်ပွဲ တစ်နှစ်တာကာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံ အဖွဲ့အစည်းများကြောင့် အရပ်သားပြည်သူ ၇၀၀ ကျော် သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်ထောင်စုဝန်ကြီးချုပ် နဲ့ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးချုပ် နဲ့ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီတို့ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းစဉ်နဲ့ လက်ရှိ ဆောင်ရွက်နေမှုများကို နိုဝင်ဘာ ၁၈ ရက် အွန်လိုင်းကတဆင့် တွေ့ဆုံ မျှဝေ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
အစည်းအဝေးမှာ မန္တလေး လုပ်ငန်းကော်မတီအနေဖြင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းစဉ်နဲ့ လက်ရှိ ဆောင်ရွက်နေမှုများကိုဆွေးနွေးခဲ့ကြပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်ရုံး အဖွဲ့ဝင်များကလည်း လုပ်ငန်းဆောင်ရွက်မှုများ မျှဝေခြင်း၊ မန္တလေးလုပ်ငန်းကော်မတီရဲ့ ဆွေးနွေးမေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားခြင်းနဲ့ ဖြည့်စွက် အကြံပြုချက်များ ပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြတယ်လို့သိရပါတယ်။
တွေ့ဆုံပွဲမှာ ပြည်ထောင်စု၏ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နဲ့အတူ ဝန်ကြီးချုပ်ရုံး အတွင်းဝန်၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ၊ ဝန်ကြီးချုပ်ရုံးအဖွဲ့ဝင်များ ပါဝင်တက်ရောက်ကြပြီး မန္တလေးလုပ်ငန်းကော်မတီမှ ကော်မတီဝင်များ တက်ရောက်ကြတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီရဲ့ လေယာဉ်ပစ်မှတ်တွေဟာ တရုတ် ဘုံကျောင်း၊ ခရစ်ယာန် ဘုရားရှိခိုကျောင်းတွေ ဖြစ်လာတာ ခပ်စိပ်စိပ် တွေ့လာရတယ်လို့ ဝန်ကြီးဒေါက်တာတူးခေါင်ဆို
အကြမ်းဖက်စစ်ကောင်စီရဲ့ လေယာဉ်ပစ်မှတ်တွေဟာ တရုတ် ဘုံကျောင်း၊ ခရစ်ယာန် ဘုရားရှိခိုကျောင်းတွေ ဖြစ်လာတာ ခပ်စိပ်စိပ်တွေ့လာရတယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က နိုဝင်ဘာလ (၁၈)ရက်နေ့မှာ ဆိုရှယ်မီဒီယာကတဆင့် ဆိုပါတယ်။
"အမျိုး ဘာသာ သာသနာ စောင့်ရှောက်တယ်ဆိုတာ မူအားဖြင့် ကောင်းတဲ့အရာပါ။ ဒါပေမယ့် လူမျိုးခြား၊ ဘာသာခြားတွေကို တိုက်ခိုက်တယ် ဆိုတာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ခြင်းမဟုတ်ပါဘူး။ ဒါဟာ မယဉ်ကျေးသေးတဲ့ လူ့ဘောင်တခုရဲ့ သွင်ပြင် လက္ခဏာ တခု ဖြစ်ပါတယ်။ အခုနောက်ပိုင်း လေယာဉ်ပစ်မှတ်တွေဟာ တရုတ် ဘုံကျောင်း၊ ခရစ်ယာန် ဘုရားရှိခိုကျောင်းတွေ ဖြစ်လာတာ ခပ်စိပ်စိပ်တွေ့လာရတယ်။From Uniformity to Unity in diversity ဖက်သွားနိုင်ဖို့ အခုတော်လှန်ရေးဟာ ကျွဲကူးရေပါ တော်လှန်ပစ်ရမဲ့ ကိစ္စတခုဖြစ်လာတယ်လို့ မြင်ပါတယ်" လို့ ဝန်ကြီးကဆိုပါတယ်။
အကြမ်းဖက်စကစဟာ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်ရှိ ခရစ်ယာန်ဘုရားကျောင်းများကိုလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။
========================
📌📌 ၃။ မြန်မာနိုင်ငံဟာ ရင်ဘတ်တွေ ကျယ်ကျယ်ဖွင့်ပြီး နှလုံးသားလှလှ၊ နားလည်မှုနဲ့ တည်ဆောက်ဖို့ကြိုးစားနေကြသူတွေ များလာရင် ကျိန်းသေ လွတ်မြောက်တိုးတက်မယ်လို့ ဝန်ကြီး ဦးထင်လင်းအောင် ပြောကြား
ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်ခြင်း တလပြည့်နှင့်စပ်လျဉ်းပြီး နိုဝင်ဘာလ (၁၈) ရက်နေ့က ဆိုရှယ်မီဒီယာမှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က အခုလို ပြောကြားလိုက်ပါတယ်။
"ဒီကနေ့ ရွှေမန်းမြို့က အာဇာနည်လို့ တင်စားကြတဲ့ ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်ခြင်း တလပြည့်ကို တက်ရောက်ဖြစ်ခဲ့ပါတယ်။
ကျနော်တို့နိုင်ငံရဲ့ တော်လှန်ရေးခရီးရှည်မှာ အသက်သွေးချွေးတွေ ဘဝတွေ ပေးဆပ်ခဲ့ကြရတဲ့ အာဇာနည်တွေ များခဲ့ပြီ။ သူတို့ရဲ့ ပေးဆပ်အနစ်နာခံမှုတွေကို အသိအမှတ်ပြုရင်း တော်လှန်ရေးသမား နိုင်ငံရေးသမားတွေရဲ့မိသားစုဝင်တွေရဲ့ အနစ်နာခံရမှုတွေ ပေးဆပ်ရမှုတွေဟာလည်း အသိအမှတ်ပြုကြရမှာပဲဖြစ်တယ်။ နှစ်ပေါင်း ၇၀ ကျော် ဆွေစဥ်မျိုးဆက်
တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားမိသားစုဝင်တွေရဲ့ဘဝတွေကိုလည်း တွေးမိမြင်မိရင်း ကိုယ်ချင်းစာမိရတယ်။ တခါတရံ ကိုယ့်ကြောင့် မိသားစုကိုပါ ရိုက်ခတ်ခံရတာတွေဟာ နာကျဥ်စရာ။ဒီနိုင်ငံဟာ ရင်ဘတ်တွေ ကျယ်ကျယ်ဖွင့်ပြီး နှလုံးသားလှလှနဲ့ နားလည်မှုနဲ့တည်ဆောက်ဖို့ကြိုးစားနေကြသူတွေများလာရင် ကျိန်းသေလွတ်မြောက်ပြီး တိုးတက်မှာ အမှန်ပဲ"လို့ ပြောကြားထားပါတယ်။
========================
📌📌 ၄။ နှစ်ရက်အတွင်း ထိုင်းတွင် မြန်မာ ၂၆ ဦး ဖမ်းဆီးခံရ
နို၀င်ဘာလ ၁၆ ရက်နဲ့ ၁၇ ရက် နှစ်ရက်အတွင်း ထိုင်းနိုင်ငံတွင် တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာတဲ့ မြန်မာ ၂၆ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထားတယ်လို့ ထိုင်းသတင်းများအရ သိရပါတယ်။
နိုဝင်ဘာလ ၁၇ ရက်နေ့မှာ မလေးရှားနိုင်ငံအထိ သွားဖို့အတွက် ထိုင်းနိုင်ငံထဲ တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာသူ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၄ ဦးနဲ့ ကလေး ၂ ဦး၊ စုစုပေါင်း ၁၈ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောထားပါတယ်။
နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကနေ မဲဆောက်မြို့ကိုလာတဲ့ ၁၈ ဘီးကား အောက်ပိုင်းမှာ မြန်မာ ရှစ်ဦး ပုန်းခိုလိုက်ပါလာစဉ် ထိုင်းအာဏာပိုင်တွေက စစ်ဆေးတွေ့ရှိတာကြောင့် ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ထိုင်းလူ၀င်မှုကြီးကြပ်ရေး ဥပဒေအရ အရေးယူခံရမှာဖြစ်ပြီး အစုလိုက်အပြုံလိုက် ဖမ်းမိတဲ့သူတွေကိုတော့ လူကုန်ကူးမှုနဲ့ အရေးယူခံရနိုင်တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ အမရပူရမြို့နယ် Denko ဆီဆိုင် ငွေကျပ် ၁၂ သိန်းကျော် ဓားပြတိုက်ခံရ
နိုဝင်ဘာလ (၁၇) ရက်နေ့ နေ့လယ်တွင် အမရပူရမြို့နယ် မုတ်ပုလဲကျေးရွာရှိ Denko စက်သုံးဆီဆိုင် ဓားပြတိုက်ခံရကာ ငွေကျပ်(၁၂)သိန်းကျော်ပါသွားကြောင်း ဒေသသတင်းများအရ သိရပါတယ်။
နေ့လယ် (၂) နာရီခွဲခန့်တွင် အသက် (၂၅) နှစ်အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး စစ်ကောင်စီတပ်သားများ ကိုင်ဆောင်သော အူစီအမျိုးအစားကဲ့သို့ သေနတ်တစ်လက်ဖြင့် ဓားပြဝင်တိုက်ခြင်း ဖြစ်ကြောင်း သိရပါတယ်။
အင်္ကျီနက်ပြာရောင် ဂျာကင်အတွင်း ဝှက်ယူလာသည့် သေနတ်အား ဆွဲထုတ်ပြီး သေနတ် (၅) ချက် ပစ်ဖောက်ကာ စက်သုံးဆီ ရောင်းချရရှိထားသည့် ငွေကျပ် (၁,၂၁၆,၂၀၀) အား ယူဆောင်ပြီး ထုံးဘို-ပြင်ဦးလွင်လမ်းဘက်သို့ မောင်းနှင်သွားသည်ဟု သိရပါတယ်။
========================
📌📌 ၆။ စစ်ခေါင်းဆောင်၏ တရုတ်ပြည်ခရီးစဉ်မှ ပြန်ရောက်သည့် တန်ဆောင်တိုင်ကာလအတွင်း လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သောကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၅၀ ကျော် သေဆုံးခဲ့ပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့
အကြမ်းဖက်စစ်ခေါင်းဆောင် ဦးဆောင်ပြုလုပ်သည့် နေပြည်တော်၏ တန်ဆောင်တိုင် လပြည့်နေ့ ပွဲတော်တခုတွင် ‘လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ’ ဆိုသော စာတန်းချိတ်ဆွဲထားသည့် မီးပုံးပျံကို လွှတ်တင်ခဲ့သော်လည်း လက်တွေ့၌မူ စစ်ခေါင်းဆောင်၏ တရုတ်ပြည်ခရီးစဉ်မှ ပြန်ရောက်သည့် တန်ဆောင်တိုင်ကာလအတွင်း ၎င်း၏လက်ပါးစေ အကြမ်းဖက်စစ်သားများက နေ့စဉ်နီးပါး လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သောကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၅၀ ကျော် သေဆုံးခဲ့ပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နိုဝင်ဘာ၁၈ရက် နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPက ဖော်ပြပါတယ်။
ထို့အပြင် စစ်ရေးပစ်မှတ်မဟုတ်သည့် လူနေအဆောက်အဦများကို ဦးတည်တိုက်ခိုက်မှုများလည်း ဆက်တိုက် လုပ်ဆောင်လျက်ရှိရာ ဘုတလင်မြို့နယ်၊ ကန့်ဘလူမြို့နယ်၊ မင်းတပ်မြို့နယ် အစရှိသည့် နေရာများ၌ ဒေသခံပြည်သူများမှာ နေရပ်စွန့်ခွာထွက်ပြေးကာ အိုးမဲ့အိမ်မဲ့အဖြစ် ဘေးလွတ်ရာရှောင်တိမ်းနေရသည့်အတွက် စားနပ်ရိက္ခာအပါအဝင် ရာသီဥတုဒဏ်ကို ဆိုးရွားစွာကြုံတွေ့နေကြရပါတယ်။
အလားတူစွာပင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိန်းချုပ်ဒေသများကိုလည်း နေ့စဉ်နီးပါး လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်လျက်ရှိရာ နိုဝင်ဘာ ၁၈ ရက်နေ့ နံနက်အစောပိုင်း၌ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေးငယ် တဦး အပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့ရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်၊ မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဖယ်ခုံရှိ ဘန်ကောက် စစ်ရှောင်စခန်း ထပ်မံ ဗုံးကြဲခံရ
ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ ကျေးရွှာအုပ်စု၊ လအိကျေးရွှာ အနီးရှိ၊ ဘန်ကောက် စစ်ရှောင်စခန်း ကို စစ်ကောင်စီ တပ်က တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ 1007 MOBYE PDF 2 က သတင်းထုတ်ပြန် ထားပါတယ်။
နိုဝင်ဘာလ ၁၈ ရက် နေ့လည် ၁၁ နာရီခွဲအချိန်တွင် ၎င်းစစ်ရှောင်စခန်းကို တိုက်လေယာဉ် ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၁ ကြိမ်၊ ပေါင် ၂၀၀ ဗုံး ၅ လုံးကို ၃ ကြိမ် လာရောက်ကြဲချ ခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ပြည်သူတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တဲ၊ နေအိမ်၊ ဘာသာရေး ဘုရားကျောင်း၊ စပါးကျီများ ထိခိုက်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ရှောင်စခန်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့ကလည်း ဗုံးကြဲတိုက်ခိုက် ခံခဲ့ရတာကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ၁၀ ဦးနီးပါး သေဆုံးခဲ့ရပါတယ်။
အဲ့ဒီနောက်ပိုင်းမှာ စစ်ရှောင်အများစုက တခြားနေရာကို ပြောင်းရွှေ့ခဲ့ကြပြီး ရွှေ့ပြောင်းရန် အခက်အခဲ ရှိနေတဲ့ စစ်ရှောင်ပြည်သူတချို့ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
========================
🚩🚩 ၂။ ကန့်ဘလူတွင် စစ်ကောင်စီရဲ့ ဗုံးသီးချ တိုက်ခိုက်မှုကြောင့် သံဃာတပါး အပါအဝင် ၄ ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ရွှေဘို - မြစ်ကြီးနား ဗျူဟာလမ်းပိုင်း တနေရာတွင် စစ်ကောင်စီ တပ်က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် သံဃာတပါး အပါအဝင် ၄ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့ တယ်လို့ ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံက သိရပါတယ်။
နိုဝင်ဘာလ ၁၈ ရက်နေ့ မနက် ၇ နာရီခွဲ ခန့်မှာ ဇီးကုန်း သကြားစက် အထိုင်ချ စစ်ကောင်စီနဲ့ ပျူစောထီး ပူပေါင်းတပ်က ၈၁ ဗုံးသီး ၃ လုံး ကြဲချခဲ့ပြီး ၈ နာရီ ၂၀ မိနစ်မှာလည်း နောက်ထပ် ဗုံးသီး ၂ လုံး ထပ်ကြဲချ ခဲ့ပါတယ်။
အဆိုပါ ဒရုန်းဗုံးသီး တလုံးဟာ ခရီးသည်တင် ယာဉ်တစီးရဲ့ ဘေးမှာ ကျရောက် ပေါက်ကွဲခဲ့ပြီး ယာဉ်ပေါ် ပါလာတဲ့ သံဃာတပါးနဲ့ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးတို့ ထိမှန်သေဆုံး ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် နောက်ထပ် ပြည်သူ ၁၀ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကားနှစ်စီး ပျက်စီးခဲ့ပါသေးတယ်။
အလားတူ နိုဝင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်နေ့ ကလည်း ကန့်ဘလူမြို့နယ်၊ အလယ်ခုံရွာ၊ ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီး နဲ့ လိပ်ဆင်းတောင်ရွာ တို့ကို စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ပြည်သူ တဦး သေဆုံးခဲ့ရ ပါတယ်။
========================
🚩🚩 ၃။ ချောင်းဦးမြို့တွင် စစ်ကောင်စီ ကင်းစခန်းကို နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အရှေ့ဘက်၊ ချောင်းဦး - မြင်းမူ ကားလမ်းမပေါ်က သံလွင်မြန်မာ ဆီဆိုင် အနီးရှိ စစ်ကောင်စီ ကင်းစခန်းကို ၂ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃) က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၁၇ ရက် နံနက် ၁၁ နာရီခန့်တွင် ခရီးသွားပြည်သူများကို ဆက်ကြေးကောက်နေတဲ့ အဆိုပါ ကင်းစခန်းကို လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃) ၊ ရေနဂါး ပြည်သူ့ကာကွယ်ရေး အဖွဲ့ ၊ မီးတောက်ခွဲ ( မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ -၄) နဲ့ မုံရွာခရိုင် အမှတ်-၁၅ တပ်ရင်း တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
ပထမတိုက်ခိုက်မှု အနေနဲ့ မိုင်းကျွမ်းကျင်ရဲဘော်များက အသင့်စီမံထားတဲ့ မိုင်းကွင်းအနီး ရောက်လာတဲ့ စစ်ကောင်စီ တပ်သား ၄ ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်ကျဆုံးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းဆွဲခံရတာကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့ စစ်ကောင်စီ တပ်သားများကို အသင့်နေရာ ယူထားတဲ့ ရဲဘော်များက စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့ပြီး ၄၀ မမ ဖြင့် တကြိမ် ပစ်ခတ်ကာ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း နိုဝင်ဘာလ ၁၈ ရက်နေ့မှာ အတည်ပြုနိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ မြောင်လမ်းခွဲတွင် မိုင်းရှင်းလင်းရေး လုပ်သည့် စစ်အုပ်စုအား မိုင်းဆွဲတိုက်ခိုက်
နိုဝင်ဘာလ ၁၈ ရက် နံနက် ၆ နာရီ ၅၈ မိနစ်တွင် စစ်ကိုင်းတိုင်း၊ မြင်းမူ မြို့နယ်၊ မြောင်လမ်းခွဲ၊ အလ္လကပ္ပအရှေ့ဘက်ရှိ ကုက္ကိုတန်းတန်းတွင် တွင် မိုင်းရှင်းလင်းရေး လုပ်ဆောင်နေသည့် အာဏာသိမ်းစစ်အုပ်စုအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွင် တစ်ပွင့် ဗိုလ် ၁ ဦး သေဆုံးပြီး ထိခိုက်သူများ ရှိခဲ့တယ်လို့ သိရပါတယ်။
ယင်းစစ်ဆင်ရေးအား BLDFတပ် ခွဲ အညာမိုင်း ဇာမဏီ တပ်ဖွဲ့နှင့် ဒေါင်းဘုရင်တို့မှ ပူးပေါင်းတိုက်ခိုက်တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၅။ သိန်း ၅၀၀ ယူပြီး ဖမ်းထားတဲ့ အုပ်ချုပ်ရေးမှူးကို လွှတ်ပေးခဲ့တာ မဟုတ်ဘူးလို့ ပုလော PDF ထုတ်ပြန်
ဖမ်းဆီးထားတဲ့ နန်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းကို ငွေကျပ် သိန်း ၅၀၀ ယူပြီး ပြန်လွှတ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်း (ပုလော PDF) က ငြင်းဆိုလိုက်ပါတယ်။
စက်တင်ဘာလ က စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားခဲ့တဲ့ ရှပ်ပုံကျေးရွာအုပ်စု တိုက်ပွဲများအတွင်း နန်းတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး (ဟောင်း) ဦးတင်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပြီး ဥပဒေ ချိုးဖောက်မှုများ မတွေ့ရတဲ့အတွက် ပြန်လွှတ်ပေးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ ပျံနှံ့နေသလို မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းရဲ့ ယာယီ-တပ်ရင်းမှူး ရဲဘော် ပျားအုံမှ ငွေကျပ်သိန်း ၅၀၀ လက်ခံကာ ပြန်လွတ်ပေးခဲ့တယ်ဆိုတဲ့ ရေးသား ဖော်ပြချက်များက မှန်ကန်မှုမရှိဘဲ သက်သေ အထောက်အထား မပြနိုင်တဲ့ တဖက်သက် စွပ်စွဲချက်များသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း အနေဖြင့် အပြုသဘောဆောင်တဲ့ ဝေဖန် အကြံပြုမှုများကို အမြဲကြိုဆိုနေပြီး ယခု ကောလဟာလနဲ့ ပတ်သက်ပြီးတော့လည်း ခိုင်လုံသော သက်သေ အထောက်အထား ရှိပါက အချိန်မရွေး လာရောက်ဆက်သွယ်နိုင်တယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၆။ အဓမ္မ တပ်သားသစ် စုဆောင်းခံထားရသူ (၆) ဦး ဒေါနတပ်ရင်းထံ အလင်းဝင်
စစ်ကောင်စီက အဓမ္မ စုဆောင်းထားတဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် (၆) ဦး ဒေါနတပ်ရင်း ထံ အလင်းဝင် လာတယ်လို့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ဒေါနတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
၎င်းတပ်သားသစ် ၆ ဦးဟာ တောင်ပိုင်းတိုင်း စစ်ဒေသခွဲ အမှတ် (၃) ဗျူဟာ (၃၃) ဒေါနတပ်ရင်း နယ်မြေ ထဲကို ဆက်သွယ်ပြီး အလင်းဝင်ရောက်လာတာပါ။
၎င်းတို့နဲ့အတူ MA 1 သေနတ် တလက်၊ ကျည်ဘောက် ၃ ဘောက်၊ ကပစ ၅.၆၅ ကျည် (၁၆၁) တောင့်ကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အလင်းဝင် တပ်သားများထဲမှာ ခလရ - ၂၇၃ မှ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁) ဆင်း ၃ ဦး၊ အပတ်စဉ် (၂) ဆင်း ၂ ဦးနဲ့ ရေတပ်မှ တပ်သား ၁ ဦးတို့ ပါဝင်တာကို တွေ့ရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ အဓ္ဓမတပ်သားသစ် စုဆောင်းခံရ သူများဟာ ယခုအချိန်မှာ ရှေ့တန်းနယ်မြေများ တွင် စတင် တာဝန်ထမ်းဆောင် နေကြရတာကို တွေ့နေရပြီး ပြည်သူ့ဘက်မှာ ရပ်တည်ပူးပေါင်း လိုပါက နီးစပ်ရာ တော်လှန်ရေး တပ်များထံ ချိတ်ဆက်အလင်းဝင်နိုင်ကြောင်း အသိပေးတိုက်တွန်းထားပါတယ်။
========================
🚩🚩 ၇။ ရက္ခိုင်တိုက်ပွဲ တစ်နှစ်တာကာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံ အဖွဲ့အစည်းများကြောင့် အရပ်သားပြည်သူ ၇၀၀ ကျော် သေဆုံး
၂၀၂၃ ခုနှစ် နိုဗဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ် နိုဗမ်ဘာ ၁၃ ရက် အထိ တကျော့ပြန်တိုက်ပွဲ တစ်နှစ်တာကာလအတွင်း ရခိုင်ပြည်နယ်နှင့် ပလက်ဝ ဒေသတွင် အကြမ်းဖက် စစ်ကောင်စီနဲ့ ၎င်းတို့ လက်အောက်ခံ အဖွဲ့အစည်းများ၏ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၇၃၅ ဦး သေဆုံးခဲ့ရတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က နိုဝင်ဘာလ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။
အမျိုးသား ၅၁၇ ဦးနှင့် အမျိုးသမီး ၂၁၈ ဦး သေဆုံးခဲ့ပြီး ယင်းအထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ၁၃၂ ဦး ပါဝင်ကာ အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်အဖွဲ့များ ARSA၊ RSO၊ ARA အဖွဲ့တို့ကြောင့် ၂၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ရခိုင်တွင် အရပ်သားပြည်သူ ၁,၅၆၉ ဦး ထိခိုက်ဒဏ်ရာရ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သေဆုံး၊ ဒဏ်ရာရသွားသူများသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကောင်စီနဲ့ ၎င်း၏ လက်အောက်ခံအဖွဲ့စည်းတို့၏ စစ်ကြောင်းထိုး သတ်ဖြတ်မှု၊ စစ်ကျန်လက်နက်နဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုတို့ကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်၊ မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment