၂၀၂၄ နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တရုတ်နိုင်ငံရဲ့ဖိအားတွေကို လျစ်လျှူရှုလို့ မရကြောင်းယာယီသမ္မတအသိပေးပြောကြား
📌 ၂။ စစ်တပ်နဲ့ ပူးပေါင်းရမယ်လို့ လှုံ့ဆော်နေတဲ့ စစ်ဒလန်အုပ်စုရဲ့ ဝါဒမှိုင်းတွေကို ရ်ိုဟင်ဂျာပြည်သူတို့ နားမယောင်မိဖို့ လိုအပ်တယ်လို့ဆို
📌 ၃။ ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်များသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများထံသို့ အရေးပေါ် စားနပ်ရိက္ခာနှင့် အမိုးအကာများ ထောက်ပံ့ပေးလျက်ရှိ
📌 ၄။ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေးရွာများသို့ ခရိုင် ပ.အ.ဖ အတွင်းရေးမှူး၊ ခရိုင်ဥပဒေတာဝန်ခံ၊ မြို့နယ်ပ.အ.ဖ အတွင်းရေးမှူးများက ပြည်သူများနှင့်တွေ့ဆုံပွဲကျင်းပ
📌 ၅။ မင်းလှမြို့နယ်အတွင်း မူးယစ်ဆေးရောင်းနေသူတွေကို ထိရောက်တဲ့အပြစ်ပေးအရေးယူမှုတွေလုပ်မယ်လို့ မြို့နယ်ပကဖ သတိပေး
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဖလမ်းမြို့နယ်ရှိ လုမ်သဲရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၆ ဦးထက်မနည်း သေဆုံး
🚩 ၂။ ဟားခါး-ထန်တလန်အကြားက ပွိုင့် ၃ စခန်းကုန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်တွေ သိမ်းပိုက်
🚩 ၃။ ဇီးကုန်းမြို့နယ်က စစ်တပ်လမ်းပြအဖြစ် လုပ်ဆောင်နေတဲ့ ပျူစောထီးကျော်လွင်ဦးကို ပစ်ခတ်ရှင်းလင်း
🚩 ၄။ ရေစကြိုနယ် သဲတောကျေးကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က အရပ်သားတဦးကိုသတ်ဖြတ်ကာ ရွာထဲကတန်ဖိုးရှိ ပစ္စည်းများ ခိုးယူသွား
🚩 ၅။ ညောင်ဦးခရိုင်အမှတ်(၅) တပ်ရင်းက ဦးဆောင်ကာစစ်ကောင်စီ ထောက်တိုင် ဖြစ်တဲ့ စည်ပင်ရုံး၊ လျှပ်စစ်ရုံး၊ ဆောက်လုပ် ရေးရုံးနှင့် ပြန်ကြား ရေးရုံးတို့အား ဖျက်ဆီးခဲ့
🚩 ၆။ စစ်ရေးအခြေနေတင်းမာနေမှုကြောင့် ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်း၊ စံပြ - ဆည်တော်လမ်းပိုင်း(တောင်ဘက်မြောင်းဘောင်လမ်းပိုင်း) ၊ နှင့် မဲဇလီအနီးရေလမ်းကြောင်းအားလုံးသွားလာမှုကန့်သတ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တရုတ်နိုင်ငံရဲ့ဖိအားတွေကို လျစ်လျှူရှုလို့ မရကြောင်းယာယီသမ္မတအသိပေးပြောကြား
နိုဝင်ဘာ၂၇ရက်
တရုတ်နိုင်ငံရဲ့ဖိအားတွေကို လျစ်လျှူရှုလို့ မရကြောင်း ယာယီသမ္မတဒူဝါလရှီးလက နိုဝင်ဘာ၂၇ရက် အစိုးရအဖွဲ့အစည်းအဝေးမှာ အသိပေးပြောကြားခဲ့ပါတယ်။
"လက်ရှိ အခင်းအကျင်းကတော့ ကျွန်တော်တို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲနဲ့ နိုင်ငံရေးအရ - စစ်ရေးအရ တိုက်ရိုက်ချိတ်ဆက်မှအားနည်းတဲ့ အင်အားစုတွေမှာ ထင်မှတ်မထားတဲ့ စစ်ရေး - နိုင်ငံရေး ဖိအားတွေ ကြုံနေတာတွေ့ရပါတယ်။ အထူးသဖြင့် ဖိအားလို့ ပြောတဲ့နေရာမှာ - တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးသဘောထား ရလဒ်က ထွက်လာတဲ့ ဖိအားတွေလို့ ပြောနိုင်ပါတယ်။ ဒါတွေကို ကျွန်တော် တို့ လျစ်လျှူရှုလို့ မရပါဘူး။ ဒါကို မဟာဗျူဟာအပြောင်းအလဲအနေနဲ့ ရှုမြင်ပြီး - တော်လှန်ရေးအတွက် ဘေးထွက်ဆိုးကျိုး မကြီးမားအောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားကြဖို့ ဖြစ်ပါတယ်"လို့ ဆိုပါတယ်။
တရုတ်နိုင်ငံအစိုးရရဲ့ဖိအားပေးမှုတွင်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများမှာ တော်လှန်ရေးကိစ္စရပ်များဆက်လက်ဆောင်ရွက်ရန်အကြပ်အတည်းတွေ့လျက်ရှိနေပါတယ်။
"သေချာတာတစ်ခုကတော့ - တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖျင်း ကြည့်လိုက်ရင် - စစ်ရေးအရ နိုင်ငံရေးအရ China Dependency ရှိနေတယ်ဆိုတာလည်း တွေ့ရတယ်။ ဒါက အရင်ကလည်း ရှိတယ်။ အခုလည်း ရှိတယ်။ အဲဒါက အကြမ်းဖက်စစ်ကောင်စီအနေနဲ့လည်း ကြီးကြီးမားမား ရှိနေတာ တွေ့ရတယ်။ ဒါက လက်တွေ့ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တိုက ငြင်းပယ်လို့ မရသလို လျစ်လျှူရှုပစ် လိုက်လို့လည်း မရပါဘူး။” လို့ယာယီသမ္မတက ပြောကြားပါတယ်။
========================
📌📌 ၂။ စစ်တပ်နဲ့ ပူးပေါင်းရမယ်လို့ လှုံ့ဆော်နေတဲ့ စစ်ဒလန်အုပ်စုရဲ့ ဝါဒမှိုင်းတွေကို ရ်ိုဟင်ဂျာပြည်သူတို့ နားမယောင်မိဖို့ လိုအပ်တယ်လို့ဆို
နိုဝင်ဘာ၂၇ရက်
စစ်တပ်နဲ့ ပူးပေါင်းရမယ်လို့ လှုံ့ဆော်နေတဲ့ စစ်ဒလန်အုပ်စုရဲ့ ဝါဒမှိုင်းတွေကို ရ်ိုဟင်ဂျာပြည်သူတို့ နားမယောင်မိဖို့လိုအပ်တယ်လို့ လူ့အခွင့်ရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးက နိုဝင်ဘာ၂၇ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ဆိုထားပါတယ်။
"၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုမျိုးကို အကြမ်းဖက်စစ်ကောင်စီက အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ ဒီကနေ့အထိ မြန်မာနိုင်ငံသူန်ိုင်ငံသားအားလုံးအပေါ် နေ့တိုင်း ကျူးလွန်နေတယ်။ အဲ့ဒီ့ လူသတ်၊ မုဒိမ်းကျင့်၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီက ရိုဟင်ဂျာတွေကို ကွက်ပြီး ကောင်းပြနေတယ်ဆိုရင် အသုံးချဖို့အတွက်ဆိုတာကို နားလည်ဖို့လိုမယ်။ အကြမ်းဖက်စစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကောင်းလာနေပါတယ်ဆိုပြီး စစ်တပ်နဲ့ ပူးပေါင်းရမယ်လို့ လှုံ့ဆော်နေတဲ့ စစ်ဒလန်အုပ်စုရဲ့ ဝါဒမှိုင်းတွေကို ရ်ိုဟင်ဂျာ ပြည်သူတို့ နားမယောင်မိဖို့ လိုတယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မြန်မာပြည်သူပြည်သား လူမျိုးဘာသာအသီးသီးတိုင်းရဲ့ ဘုံရန်သူဆိုတာကို သိဖို့လိုအပ်တယ်လို့ လူ့အခွင့်ရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးကထပ်မံဆိုပါတယ်။
========================
📌📌 ၃။ ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်များသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများထံသို့ အရေးပေါ် စားနပ်ရိက္ခာနှင့် အမိုးအကာများ ထောက်ပံ့ပေးလျက်ရှိ
နိုဝင်ဘာ၂၇ရက်
ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်များသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများထံသို့ အရေးပေါ် စားနပ်ရိက္ခာနှင့် အမိုးအကာများ ထောက်ပံ့ပေးလျက်ရှိ တယ်လို့ NUGအစိုးရက သတင်းထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းသို့နိုဝင်ဘာ ၁၁ရက်နေ့မှ စတင်၍ ထိတွေ့တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပြည်သူလူထုပိုင် နေအိမ်များလည်း မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ရာ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများ အပါအဝင် ဒေသတွင်းရှိ ကျေးရွာ (၂၂)ရွာမှ လူဦးရေ (၁၅၀၀၀)ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အဆိုပါစစ်ဘေးရှောင် ပြည်သူများအတွက် လတ်တလောအရေးပေါ် အကူအညီအဖြစ် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါး လိုအပ်ချက် များရှိနေတယ်လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်များသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများထံသို့ အရေးပေါ် စားနပ်ရိက္ခာနှင့် အမိုးအကာများရောက်ရှိစေရေး အဆိုပါ ဒေသများရှိ ပြည်သူ့အုပ်အုပ်ရေးအဖွဲ့ဝင်များ၊ လူသားစာနာတာဝန်ခံများနှင့် ချိတ်ဆက်ပြီး ဖြန့်ဝေထောက်ပံ့ ခဲ့ပါတယ်။
ယခုကဲ့သို့ အရေးပေါ် စစ်ဘေးရှောင်ပြည်သူများထံ စားနပ်ရိက္ခာနှင့် အမိုးအကာထောက်ပံ့မှုများ လက်ဝယ်အရောက် ရရှိအောင် ဆောင်ရွက်ပေးခဲ့ကြသည့် မြို့နယ်အသီးသီးမှ လူသားစာနာ တာဝန်ခံများနှင့် အလှူရှင်များကို ဝန်ကြီးဌာနက အထူးပင် အလေးအနက်ထား ကျေးဇူးတင်ရှိကြောင်း ဖော်ပြပါတယ်။
========================
📌📌 ၄။ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေးရွာများသို့ ခရိုင် ပ.အ.ဖ အတွင်းရေးမှူး၊ ခရိုင်ဥပဒေတာဝန်ခံ၊ မြို့နယ်ပ.အ.ဖ အတွင်းရေးမှူးများက ပြည်သူများနှင့်တွေ့ဆုံပွဲကျင်းပ
နိုဝင်ဘာ၂၇ရက်
စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေးရွာများသို့ နိုဝင်ဘာ၂၅ရက်နေ့ နံနက်ပိုင်းမှစတင်၍ ညနေပိုင်းအထိ ခရိုင် ပ.အ.ဖ အတွင်းရေးမှူး၊ ခရိုင် ဥပဒေတာဝန်ခံ၊ မြို့နယ်ပ.အ.ဖ အတွင်းရေးမှူး၊ မြိုနယ် အမျိုးသမီးနှင့်ကလေးသူငယ် တာဝန်ခံ၊ မြို့နယ် လူ/စာနာ တာဝန်ခံ၊ မြို့နယ်လူ့အခွငင့်ရေး တာဝန်ခံနှင့် တိုက်နယ် ပ.အ.ဖ တာဝန်ခံများက သွားရောက်၍ ပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။
အခမ်းအနားတွင် အမျိုးသမီး၊ လူငယ်နှင့်ကလေး သူငယ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ခံများက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေးနေ့ (နိုဝင်ဘာ ၂၅ ရက်နေ့) ဖြစ်ပေါ်လာပုံနှင့် စပ်လျဥ်း၍ ဟောပြောဆွေးနွေးခဲ့ပြီးနောက် (၁၆)ရက်တာ ကမ်ပိန်းပြုလုပ်မည့် အစီအစဥ်များလည်းပြောကြားခဲ့ရာ အမျိုးသမီးနှင့်မိန်းကလေးများအပေါ် လိင်အကြမ်းဖက်မှု အဆုံးသတ်ဖို့ အားလုံးပါဝင်ပူးပေါင်းဆောင်ရွက်သွား ကြရန်လည်း ဆွေးနွေးဟောပြောခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၅။ မင်းလှမြို့နယ်အတွင်း မူးယစ်ဆေးရောင်းနေသူတွေကို ထိရောက်တဲ့အပြစ်ပေးအရေးယူမှုတွေလုပ်မယ်လို့ မြို့နယ်ပကဖ သတိပေး
နိုဝင်ဘာ၂၇ရက်
ပဲခူးတိုင်းအနောက်ခြမ်း သာယာ၀တီခရိုင် မင်းလှမြို့နယ်အတွင်း မူးယစ်ဆေးရောင်းချနေသူတွေကို ထိရောက်တဲ့အပြစ်ပေး အရေးယူမှုတွေလုပ်မယ်လို့ မြို့နယ်ပကဖ က သတိပေးထုတ်ပြန်လိုက်ပါတယ်။
မင်းလှမြို့နယ်အနှံ့မှာ မူးယစ်ဆေးရောင်းချနေသူတွေများလာတဲ့အတွက် မြို့နယ်ပ ကဖ က နိုဝင်ဘာ ၂၆ ရက် မှာစာထုတ်ပြီး သတိပေးလိုက်တာဖြစ်ပါတယ်။
မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့အပေါင်းအပါတွေဟာ ခက်ခဲကြပ်တည်းနေတဲ့ ပြည်သူလူထုရဲ့ငွေကြေးကို အဓမ္မ ညှစ်ထုတ်ရယူဖို့နဲ့ မြို့နယ်အတွင်းက လူငယ်လူရွယ်တွေရဲ့အနာဂတ်ကို ဖျက်စီးဖို့ မူးယစ်ဆေးတွေကို တွင်တွင်ကျယ်ကျယ် ဖြန့်ဝေ ရောင်းချနေကြတာလို့ မြို့နယ်ပ ကဖ က အသိပေးပါတယ်။
မူးယစ်ဆေးတွေကို စာသင်ကျောင်းတွေရှေ့မှာ ပေါ်တင်ရောင်းချနေတာနဲ့ လူငယ်တွေကြား မူးယစ်ဆေးတွေ တွင်တွင်ကျယ် ကျယ် အသုံးပြုနေတာတွေလည်း ရင်နင့်ဖွယ် တွေ့နေရတယ်လို့ မြို့နယ် ပကဖ တာဝန်ရှိသူတွေက ပြောပါတယ်။
မူးယစ်ဆေးရောင်းချနေတာတွေနဲ့ပတ်သက်လို့ အရပ်သားပြည်သူတွေက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ထံ တိုင်ကြား တာတွေလုပ်ခဲ့ပေမယ့် မူးယစ်ဆေးရောင်းချနေသူတွေဟာ ရဲတပ်ဖွဲ့ဝင်များနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ အကျိုးစီးပွားတွေ ပါဝင်ပတ်သက်နေတာကြောင့် တိုင်ကြားသူတွေသာ ခြိမ်းခြောက်ရန်ပြုခံနေရတယ်လို့ သိရပါတယ်။
ဒါကြောင့် မင်းလှမြို့နယ်အတွင်းက ကျောင်းသားလူငယ်တွေရဲ့အနာဂတ်တွေ ပျက်စီးစေလိုတဲ့ရည်ရွယ်ချက်နဲ့ မူးယစ် ဆေးတွေ ဖြန့်ဖြူးရောင်းချတာမျို့ ဆက်လက်မလုပ်ဖို့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သတိပေးလိုက်တာ လည်း ဖြစ်ပါတယ်။
အခုလိုသတိပေးထုတ်ပြန်တာကို မလိုက်နာသူတွေကို စစ်ကောင်စီတပ်ဖွဲ့၊ ရဲတွေနဲ့တန်းတူလို့သတ်မှတ်ပြီး ထိရောက် ပြင်းထန်တဲ့ အပြစ်ပေးအရေးယူမှုတွေလုပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဖလမ်းမြို့နယ်ရှိ လုမ်သဲရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၆ ဦးထက်မနည်း သေဆုံး
နိုဝင်ဘာ၂၇ရက်
ချင်းပြည်နယ် ဖလမ်းမြို့နယ် လုမ်သဲကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အပါအဝင် ၆ ဦးထက်မနည်း သေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
မနေ့ နိုဝင်ဘာ ၂၆ရက် မနက် ၁၁ နာရီနဲ့ နေ့လယ် ၁ နာရီကြားမှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ လုမ်သဲရွာကို ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ဆေးရုံကို ဗုံးထိမှန်ပြီး ဆေးကုသမှုခံယူနေရတဲ့ ဒဏ်ရာရ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ သူနာပြုအချို့ ထိခိုက်သေဆုံးရတာလို့ ဆိုပါတယ်။
သေဆုံးသူတွေဟာ CNDF ဖလမ်းမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်ပြီး သူနာပြုတဦးလည်း သေဆုံးခဲ့သလို ဒဏ်ရာရသူတွေရှိတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ချင်းအမျိုးသားကာကွယ်ရေးတပ်-CNDF အပါအဝင် ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်တပ်တွေက ဖလမ်းမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၉ ရက်ကစပြီး ဆင်နွှဲနေတာရှိပေမယ့် တိုက်ပွဲငြိမ်နေတာ ၃ ရက်ခန့်ရှိပြီလို့ သိရပါတယ်။
အခုဖြစ်စဉ်ဟာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီဘက်က လာရောက်တိုက်ခိုက်ခဲ့တာလို့ ဒေသနေသူတွေရဲ့အဆိုကို ကိုးကားပြီး Chin World သတင်းဌာနက ဖော်ပြပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်ရေးသတင်းတွေကို CNDF နဲ့ ချင်းညီနောင်ဘက်က ထုတ်ပြန်တာတော့မရှိသေး ပါဘူး။
========================
🚩🚩 ၂။ ဟားခါး-ထန်တလန်အကြားက ပွိုင့် ၃ စခန်းကုန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်တွေ သိမ်းပိုက်
နိုဝင်ဘာ၂၇ရက်
ချင်းပြည်နယ်အတွင်းက ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားမှာရှိတဲ့ ပွိုင့် ၃ စခန်းကုန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့ တွေ မနေ့ နို၀င်ဘာ ၂၆ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်တွေက အောက်တိုဘာလအတွင်းက ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ဟားခါးမြို့နဲ့ ထန်တလန်မြို့ ကြားကစခန်းတွေကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက နို၀င်ဘာ ၂၂ ရက်ကစပြီး ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက် ခဲ့တာလို့ သိရပါတယ်။
ဟားခါး - ထန်တလန်ကြားမှာ တိုက်ပွဲတွေ ၃ ရက်ဆက်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သိမ်းထားတဲ့စခန်းကို နိုဝင်ဘာ ၂၅ ရက်ညနေပိုင်းမှာ ချင်းပြည်ကောင်စီပူးပေါင်းတပ်က ပြန်လည်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ချင်းပြည်ကောင်စီပေါင်းတပ်ဖွဲ့ သိမ်းပိုက်လိုက်တဲ့ စီသရီးတောင်စခန်းလို့ခေါ်တဲ့ ပွိုင့် ၃စခန်းကုန်းသိမ်းတိုက်ပွဲမှာ စက်သေနက်တလက်အပါအဝင် သေနတ် ၆ လက်နဲ့ ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့တယ်လို့ The Chin Journal က ဖော်ပြထားပါတယ်။
ဟားခါးမြို့အနီး Rual-U သုသာန်၀န်းကျင်နဲ့ ဟားခါး-ထန်တလန်ကြားမှာလည်း နို၀င်ဘာ ၂၂ ရက်ကစပြီး ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့တိုက်ခိုက်တာတွေ အပြင် ဟားခါးမြို့ မှာရှိတဲ့ အမှတ် ၂၆၆ တပ်စခန်းကလည်း လက်နက်ကြီးတွေနဲ့ အပြင်းအထန်ခုခံနေတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
========================
🚩🚩 ၃။ ဇီးကုန်းမြို့နယ်က စစ်တပ်လမ်းပြအဖြစ် လုပ်ဆောင်နေတဲ့ ပျူစောထီးကျော်လွင်ဦးကို ပစ်ခတ်ရှင်းလင်း
နိုဝင်ဘာ၂၇ရက်
ပဲခူးတိုင်း ဇီးကုန်းမြို့နယ် ဘော်ဘင်ရွာမှာနေထိုင်ပြီး အကြမ်းဖက်စစ်တပ်အတွက် လမ်းပြအဖြစ် လုပ်ဆောင်နေတဲ့ ပျူစောထီးအဖွဲ့ဝင် ကျော်လွင်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ BTZM GBK PDF က ပြောပါတယ်။
ဇီးကုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်အခြေချရာ ဘော်ဘင်ရွာမှာနေတဲ့ စစ်တပ်လမ်းပြ ပျူစောထီးအဖွဲ့ဝင် ကျော်လွင်ဦး ကို ပဲခူးရိုးမ အခြေပြုတပ်ဖွဲ့ BTZM GBK PDF က ရဲဘော်တွေက မနေ့ နိုဝင်ဘာ ၂၆ ရက် မနက် ၆ နာရီခန့်အချိန်မှာ ပစ်ခတ် ရှင်းလင်းခဲ့တာလို့ သိရပါတယ်။
သေဆုံးသွားတဲ့ ပျူစောထီးအဖွဲ့ဝင် ကျော်လွင်ဦးဟာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ပေါင်းပြီး အရပ်သားပြည်သူတွေကို PDF နဲ့ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးခိုင်းတာ ငွေညှစ်တောင်းခံတာနဲ့ စစ်တပ်အတွက်လမ်းပြအဖြစ်ပါ လုပ်ကိုင်နေတာ ကြောင့် ပစ်ခတ်ရှင်းလင်းရတာလို့ အသိပေးထားပါတယ်။
ဘော်ဘင်ရွာဟာ ပျူစောထီးအားကောင်းတဲ့ရွာတရွာဖြစ်ပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ တယ်လို့ သိရပါတယ်။
ဇီးကုန်းမြို့နယ်အပါအဝင် ပဲခူးတိုင်းအတွင်းမှာရှိတဲ့မြို့နယ်တွေက စစ်တပ်ထောက်တိုင် အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများ အနေနဲ့ ပြည်သူလူထုကို ဖိနှိပ်တာတွေမလုပ်ဖို့ စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းတာတွေမလုပ်ဖို့ စစ်တပ်သတင်း ပေးမလုပ်ဖို့ ဒေသတွင်းတော်လှန်တပ်ဖွဲ့တွေကသတိပေးထားပြီး မလိုက်နာသူတွေကို ထိရောက်တဲ့အရေးယူမှုတွေလုပ်မယ် လို့ အသိပေထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ ရေစကြိုနယ် သဲတောကျေးကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က အရပ်သားတဦးကိုသတ်ဖြတ်ကာ ရွာထဲကတန်ဖိုးရှိ ပစ္စည်းများ ခိုးယူသွား
နိုဝင်ဘာ၂၇ရက်
မကွေးတိုင်း ရေစကြိုမြို့နယ် သဲတောကျေးရွာဘက်ကို လေကြောင်းကနေ ဗုံးကြဲပြီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်က အရပ်သားတဦးကိုသတ်ဖြတ်ကာ ရွာထဲကတန်ဖိုးရှိပစ္စည်းတွေ ခိုးယူသွားတယ်လို့ Southern YSO PDF တပ်ဖွဲ့ က ဒီနေ့ နိုဝင်ဘာ ၂၇ မနက်မှာ ထုတ်ပြန်ပါတယ်။
အင်အား ၂၅ဝ ရှိတဲ့ အဲဒီအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ စစ်ကြောင်း ၃ ခုခွဲပြီး ဝင်ရောက်လာတဲ့အတွက် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။
သဲတောကျေးရွာဘက်က စစ်ကြောင်းထိုးဖို့အတွက် အကြမ်းဖက်စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၁ ရက် မနက် ၅ နာရီခန့် အချိန်မှာ လေကြောင်းကနေ ဗုံး ၄ လုံးကြဲချခဲ့ပြီး ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ က စစ်ကြောင်း ၂ ကြောင်း၊ ရေစကြိုမြို့ အခြေစိုက် ခလရ ၂၅၇ နဲ့ ၂၅၈ တို့ပါတဲ့ ပူးပေါင်းအဖွဲ့က စစ်ကြောင်းတကြောင်းနဲ့ ဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။
အခုလို စစ်ကြောင်းထိုးလာတဲ့အတွက် နိုဝင်ဘာ ၂၁ ရက်မနက်မှာ Southern YSO PDF တပ်ဖွဲ့ရဲ့ နတ်မိချောင်း စစ်ဆင်ရေး စစ်ကြောင်း၊ BNRA စစ်ကြောင်းနဲ့ ပူးပေါင်းအဖွဲ့တွေပါတဲ့ မဟာမိတ်တပ်တွေနဲ့ ထိတွေမှုတကြိမ်ဖြစ်ခဲ့ပြီး နိုဝင်ဘာ ၂၂ ရက် နေ့ ညနေ ၅ နာရီခွဲမှာလည်း ဇီးတောနဲ့ကျောက်ထပ်ရွာဘက်မှာ ထိတွေ့တိုက်ပွဲတကြိမ် ထပ်ဖြစ်ခဲ့တယ်လို့ အသိပေးပါတယ် ။
အခုလို စစ်တပ်ဘက်က စစ်ကြောင်းထိုးရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သဲတောရွာ က ပြည်သူပိုင်အိမ် အလုံး ၄၀ ကျော် ပျက်စီးခဲ့ပြီး စစ်တပ်စစ်ကြောင်းဝင်ရောက်မှုစီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်ကြ တဲ့ အရပ်သားတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တာကြောင့် ရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို အပြစ်မဲ့ အမျိုးသားတဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ Southern YSO PDF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ ပြည်သူပိုင်အိမ်တွေက တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူတာတွေနဲ့ အိမ်တွေ ကို ဖျက်ဆီးတာတွေ လုပ်ဆောင်သွားတယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ဒဏ်ရာရသွားသူတွေကို ထမ်းစဉ်တွေနဲ့သယ်ထုတ်သွားတယ်လို့သိရပေမယ့် ထိခိုက်သေဆုံးမငအခြေအနေကိုမသိရသေးဘဲ ဆက်လက်စုံစမ်းနေတယ်လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို Southern YSO PDF၊ BNRA၊ ပြည်သူ့အားမာန် PDF၊ ဒေါင်းသွေးနီ၊ ဒေါင်းစစ်သည်၊ ဒေါင်းညီနောင်၊ King Cobra နဲ့ Yesagyo Revolution Group-YRG တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၅။ ညောင်ဦးခရိုင်အမှတ်(၅) တပ်ရင်းက ဦးဆောင်ကာစစ်ကောင်စီ ထောက်တိုင် ဖြစ်တဲ့ စည်ပင်ရုံး၊ လျှပ်စစ်ရုံး၊ ဆောက်လုပ် ရေးရုံးနှင့် ပြန်ကြား ရေးရုံးတို့အား ဖျက်ဆီးခဲ့
နိုဝင်ဘာ၂၇ရက်
ညောင်ဦးခရိုင်အမှတ်(၅) တပ်ရင်းက ဦးဆောင်ကာစစ်ကောင်စီ ထောက်တိုင် ဖြစ်တဲ့ စည်ပင်ရုံး၊ လျှပ်စစ်ရုံး၊ ဆောက်လုပ် ရေးရုံးနှင့် ပြန်ကြား ရေးရုံးတို့အား ဖျက်ဆီးခဲ့တယ်လို့ နိုဝင်ဘာ၂၇ရက်မှာ
ညောင်ဦးခရိုင်အမှတ်(၅)တပ်ရင်းကအသိပေးဆိုပါတယ်။
ညောင်ဦးခရိုင်အမှတ်(၅) တပ်ရင်းက ဦးဆောင်ပြီးစစ်ကောင်စီ ထောက်တိုင် ဖြစ်တဲ့ စည်ပင်ရုံး၊ လျှပ်စစ်ရုံး၊ ဆောက်လုပ် ရေးရုံးနှင့် ပြန်ကြား ရေးရုံးတို့အား ဖျက်ဆီးခဲ့ပါတယ်။ကျွန် တော်တို့အနေနဲ့ စစ်ကောင်စီထောက်တိုင်နဲ့ စစ်ကောင်စီနဲ့ပတ်သတ်ဆက်နွှယ်နေတဲ့ အပေါင်းအပါးတွေကို ကျွန်တော်တို့နဲ့အမြန်ဆုံး ပူး ပေါင်းပါဝင်ဖို့ တိုက်တွန်းပါတယ်။ ကျွန်တော်တို့အနေနဲ့ ယခုအချိန်မှာ အချိန်မရွေး စစ်ဆင်ရေး လိုအပ်လျှင် လိုအပ်သလို ပြုလုပ်နိုင်တဲ့ အချိန်ဖြစ်တဲ့အတွက် ကျွန်တော်တို့နဲ့အမြန်ဆုံးပူးပေါင်းပါဝင်နိုင်ဖို့ အခွင့်အရေးပေးတာဖြစ်ပါတယ်"လို့ဆိုပါတယ်။
စစ်ကောင်စီနှင့်ပတ်သတ်ဆက်နွယ် နေတဲ့ မည်သည့်လုပ်ရက်မဆို ခွင့်ပြုမှာမဟုတ်တဲ့အတွက် အမြန်ဆုံးပူးပေါင်းပါဝင်ဖို့ တိုက်တွန်းထားပါတယ်။
ယခုစစ်ဆင် ရေးအား ညောင်ဦးခရိုင်အမှတ်(၅)တပ်ရင်း ၊ညောင်ဦးမြို့နယ်ပကဖ၊ တောင်သာမြို့နယ်ပကဖ ၊ 21 Bagan ၊မြင်းခြံခရိုင်တပ်ရင်း(၃)၊ Popa Guerrilla Force တို့ပူးပေါင်းပါဝင်ဆင်နွဲခဲ့ပါတယ်။
========================
🚩🚩 ၆။ စစ်ရေးအခြေနေတင်းမာနေမှုကြောင့် ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်း၊ စံပြ - ဆည်တော်လမ်းပိုင်း(တောင်ဘက်မြောင်းဘောင်လမ်းပိုင်း) ၊ နှင့် မဲဇလီအနီးရေလမ်းကြောင်းအားလုံးသွားလာမှုကန့်သတ်
နိုဝင်ဘာ၂၇ရက်
စစ်ရေးအခြေနေတင်းမာနေမှုကြောင့် ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်း၊ စံပြ - ဆည်တော်လမ်းပိုင်း(တောင်ဘက်မြောင်းဘောင်လမ်းပိုင်း) ၊ နှင့် မဲဇလီအနီးရေလမ်းကြောင်းအားလုံးသွားလာမှု
ကန့်သတ်လိုက်တယ်လို့ နိုဝင်ဘာ၂၇ရက်မှာ မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းကအသိပေးထုတ်ပြန်ပါတယ်။
စစ်ရေးအခြေနေတင်းမာနေမှုကြောင့် ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်း၊ စံပြ - ဆည်တော်လမ်းပိုင်း(တောင်ဘက်မြောင်းဘောင်လမ်းပိုင်း) ၊ နှင့် မဲဇလီအနီးရေလမ်းကြောင်းအားလုံး လုံးဝ(လုံးဝ)ဖြတ်သန်းသွားလာခြင်းမပြုကြပါရန် အသိပေးအပ်ပါတယ်လို့ဖော်ပြပါတယ်။
အကြမ်းဖက်စကစတပ်များဟာ အရပ်သားများဖြတ်သန်းသွားလာမှုအပေါ်အခွင့်ကောင်းယူ၍ နယ်မြေထိုးဖောက်ဝင်ရောက်မှုများရှိကြောင်းသိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက်ကိုခန့်နှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment