၂၀၂၄ ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တော်လှန် ရေးအတွက် ထိထိရောက်ရောက် ဖြစ်စေနိုင်မယ်ဆိုရင် ပြုပြင်ပြောင်းလဲသင့်တာတွေ ပြုပြင် ပြောင်းလဲဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား
📌 ၂။ ခေတ်ပြောင်းစနစ်ပြောင်းတော်လှန်ရေးကိုသွားတဲ့အခါမှာ အာဏာရှင်တွေက အငမ်းမရဖက်တွယ်ထားတဲ့ ရေသောက်မြစ်အဓိကအကြောင်းတရားကိုဖြတ်တောက်ဖို့လိုတယ်"လို့ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်ဆို
📌 ၃။ အမေရိကန်နိုင်ငံ Philadelphiaမြို့မှာမြန်မာလူထုနဲ့ NUGဝန်ကြီးများတွေ့ဆုံမည်
📌 ၄။ မြန်မာနိုင်ငံမှ လူ့အခွင့်အရေးလှုပ်ရှားသူ ဆလိုင်းမန်ဟာလျန် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကာကွယ်သူဆုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ထံမှ ရရှိခဲ့
📌 ၅။ ၂၀၂၄ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ကို ဂုဏ်ပြုတဲ့အခမ်းအနားတခုမှာ နော်ဝေးနိုင်ငံသား မြန်မာလူငယ်တဦးက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံပါ တီရှပ်ဝတ်ဆင်ဖျော်ဖြေခဲ့
📌 ၆။ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုဗေးဧရီယာတွင်နေထိုင်ကြသော မြန်မာပြည်ဖွားတိုင်းရင်းသားတော်လှန်ရေးရဲဘော်များနှင့် မိသားစုများက သုံးရက်မြောက်အဖြစ် မြန်မာပြည်တွင်းရေး စွက်ဖက်သည့် တရုတ်ကိုဆန္ဒပြ
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မောင်တောဒေသတခုလုံးကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီလို့ AA ကြေညာ
🚩 ၂။ မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က ရာချီတဲ့စစ်သားတွေ အလံဖြူထောင် လက်နက်ချ
🚩 ၃။ မောင်တော နခခ၅ စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က သေဆုံးသူ ၄၅၀ အထက်ရှိပြီး ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် စစ်သုံ့ပန်းများစွာ ဖမ်းဆီးရမိ
🚩 ၄။ ဂွမြို့အနီးက တိုက်ပွဲမှာ ဗျူဟာမှူး စနိုက်ဘာထိမှန်သွားတယ်လို့သတင်းထွက်လာပြီးနောက် စစ်တပ်ဘက်က အလင်းဝင် လာမှုတွေရှိလာတယ်လို့ဆို
🚩 ၅။ တာမွေမြို့နယ်စည်ပင်ရုံးကို လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခဲ့ရာ ဝန်ထမ်း ၂ ဦးဒဏ်ရာရ
🚩 ၆။ ပုသိမ်မြို့ စစ်မှုထမ်းအပတ်စဉ် ၅ သင်တန်းဆင်း တပ်သားတွေ ရှမ်းပြည်ဘက်ပို့ချိန် မိုင်းဆွဲခံရပြီး ၈ ဦးသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တော်လှန် ရေးအတွက် ထိထိရောက်ရောက် ဖြစ်စေနိုင်မယ်ဆိုရင် ပြုပြင်ပြောင်းလဲသင့်တာတွေ ပြုပြင် ပြောင်းလဲဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား
ဒီဇင်ဘာ၁၁ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့၏ ဒီဇင်ဘာ ၁၀ရက်တွင် ကျင်းပတဲ့ အစည်းအဝေးအမှတ်စဉ်၊ (၃၀/၂၀၂၄) တွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလိုပြောကြားလိုက်ပါတယ်။
"ကျွန်တော်တို့အစိုးရအဖွဲ့ဝင်တွေအနေနဲ့ အာရုံစိုက် ရမယ့် ကိစ္စတွေတော့ အတော်များပါတယ်။ အချိန်ကလည်း အကန့်အသတ်ရှိတယ်ဆိုတော့ ၂၀၂၅ ရဲ့ ပထမ ၃ လ ဘာတွေလုပ်ဆောင်ကြမလဲ၊ ဒုတိယ ၃ လ ဘာတွေလုပ်ဆောင်ကြမလဲ စသဖြင့် ဝန်ကြီးဌာနတစ်ခုချင်းစီသော် လည်းကောင်း၊ အစိုးရတစ်ဖွဲ့လုံးအနေနဲ့သော် လည်းကောင်း ပြင်ဆင်ဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။ တော်လှန်ရေး အစိုးရအနေနဲ့ ၄ နှစ်နီးပါး တာဝန်ယူထားကြရတာဖြစ်လို့ တော်လှန်ရေး ရဲ့ အခြေအနေ၊ ပြောင်းလဲဖြစ်ပေါ်လာတဲ့ အနေအထားတွေအပေါ် သုံးသပ်ပြီး တော်လှန် ရေးအတွက် ထိထိရောက်ရောက် ဖြစ်စေနိုင်မယ်ဆိုရင် ပြုပြင်ပြောင်းလဲသင့်တာတွေ ပြုပြင် ပြောင်းလဲပြီး ရှေ့ဆက်ကြဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်"လို့ဝန်ကြီးချုပ်ကပြောပါတယ်။
ဒါ့အပြင် ပအဖတွေကို လိုအပ်သလို ထိန်းကျောင်းဆောင်ရွက်နေတယ်ဆိုတာတွေကို ပြည်သူတွေကျယ်ကျယ်ပြန့်ပြန့် သိအောင် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်။
========================
📌📌 ၂။ ခေတ်ပြောင်းစနစ်ပြောင်းတော်လှန်ရေးကိုသွားတဲ့အခါမှာ အာဏာရှင်တွေက အငမ်းမရဖက်တွယ်ထားတဲ့ ရေသောက်မြစ်အဓိကအကြောင်းတရားကိုဖြတ်တောက်ဖို့လိုတယ်"လို့ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်ဆို
ဒီဇင်ဘာ၁၁ရက်
အမျိုးသားညီညွတ်ရေးအစိုးရ ခရစ်တိုအိပ်ချိန်းဈေးကွက်မှ နွေဦးဖွံ့ဖြိုးရေးဘဏ်စာရင်းဝင်လာတော့မလား ခေါင်းစဉ်ဖြင့် ဆွေးနွေးခန်းမှာ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်က အခုလိုပြောဆိုထားပါတယ်။
"ခေတ်ပြောင်းစနစ်ပြောင်းတော်လှန်ရေးကိုသွားတဲ့အခါမှာ အာဏာရှင်တွေက အငမ်းမရဖက်တွယ်ထားတဲ့ ရေသောက်မြစ်အဓိကအကြောင်းတရားကိုဖြတ်တောက်ဖို့လိုတယ် ဒါမှသာနောက်လူတွေလည်း ရှေ့ကလူတွေတုန်းက ဒီလိုဖြတ်တောက်ခံလိုက်ရတယ် ဆိုတဲ့ သင်ခန်းစာယူပြီး ရှေ့လူနောက်ကို လိုက်မှာ မဟုတ်ပါဘူး၊ဒီအတွက်မလို့ အကြမ်းဖက်စစ်ခေါင်းဆောင်ပိုင်ဆိုင်မှုတွေကို စစ်တပ်ကမတရားပိုင်ဆိုင်ထားတဲ့ ကိစ္စရပ်တွေကိုရောင်းချဖို့စဉ်းစားခဲ့တာဖြစ်တယ်။ ပေးချင်တဲ့သတင်းစကားက နောက်ထပ်အာဏာရူးရဲရင်ရူးကြ၊ ဒီလိုအာဏာရူးလို့ ရှိရင် ရှေ့မှာနမူနာကြည့်ထားကြ အာဏာမရူးခင်တုန်းကရှိနေတဲ့ စည်းစိမ်ဉစ္စာတောင်မှ ပြောင်သွားစေရမယ် မကျန်စေရဘူး ဆိုတဲ့ သတင်းစကားကိုပေးတာဖြစ်တယ်။"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ စကစဟာဘဏ္ဍာရေးစစ်မျက်နှာ၊စစ်ရေး၊သံတမာန်ရေးမျက်နှာစာများမှာလည်းကျရှုံးလျက်ရှိနေပါတယ်။
========================
📌📌 ၃။ အမေရိကန်နိုင်ငံ Philadelphiaမြို့မှာမြန်မာလူထုနဲ့ NUGဝန်ကြီးများတွေ့ဆုံမည်
ဒီဇင်ဘာ၁၁ရက်
အမေရိကန်နိုင်ငံ Philadelphiaမြို့မှာမြန်မာလူထုနဲ့ NUGဝန်ကြီးများတွေ့ဆုံမယ်လို့ လူ့အခွင့်ရေးဒုဝန်ကြီးဦးအောင်ကျော်မိုးက ဒီဇင်ဘာ၁၁ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် အသိပေးဆိုထားပါတယ်။
"Philadelphia, PA ရှိ မြန်မာအသိုင်းအဝိုင်းနှင့် တွေ့ဆုံရန် မျှော်လင့်နေတယ်"လို့ဆိုပါတယ်။တွေ့ဆုံပွဲကို ဒီဇင်ဘာ၁၄ရက်တွင် ကျင်းပသွားမှာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာ၊ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်၊ဒုဝန်ကြီး ဦးမိုးဇော်ဦးနှင့်ဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့တက်ရောက်မှာဖြစ်ပါတယ်။
========================
📌📌 ၄။ မြန်မာနိုင်ငံမှ လူ့အခွင့်အရေးလှုပ်ရှားသူ ဆလိုင်းမန်ဟာလျန် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကာကွယ်သူဆုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ထံမှ ရရှိခဲ့
မြန်မာနိုင်ငံမှ လူ့အခွင့်အရေးလှုပ်ရှားသူ ဆလိုင်းမန်ဟာလျန်သည် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကာကွယ်သူဆုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ထံမှ ရရှိခဲ့ပါတယ်။
ဒီဇင်ဘာ၁၀ရက်တွင် မေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။မြန်မာနိုင်ငံမှ လူ့အခွင့်အရေးလှုပ်ရှားသူ ဆလိုင်းမန်ဟာလျန်သည် နိုင်ငံခြားရေးဌာန၏ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကာကွယ်သူဆုများထဲမှတစ်ခုကို နိုင်ငံခြားရေးဝန်ကြီး Antony Blinken ထံမှ ရရှိခဲ့ပါတယ်လို့ဖော်ပြပါတယ်။
၂၀၂၄ ခုနှစ် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ဆုပေးပွဲ အခမ်းအနားတွင် လူ့အခွင့်အရေး ကာကွယ်သူ ရှစ်ဦးကိုအမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinkenကပေးအပ်ခဲ့ပါတယ်။
စုစုပေါင်းရှစ်ဦးကိုပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံမှ လူ့အခွင့်အရေးလှုပ်ရှားသူ ဆလိုင်းမန်ဟာလျန်ဟာ ချင်းလူ့အခွင့်အရေးအဖွဲ့၏ ပရိုဂရမ်မန်နေဂျာဖြစ်ပြီး မြန်မာနိုင်ငံရှိ အခြားအဖိနှိပ်ခံများနှင့် ဘေးဖယ်ခံထားရသော လူ့အဖွဲ့အစည်းများကိုယ်စား စောင့်ကြည့်၊ သုတေသနပြုခြင်း၊ မှတ်တမ်းပြုစုခြင်း၊ ပညာရေးနှင့် စည်းရုံးလှုံ့ဆော်ခြင်းများကိုလုပ်ဆောင်ခဲ့ပါတယ်။
========================
📌📌 ၅။ ၂၀၂၄ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ကို ဂုဏ်ပြုတဲ့အခမ်းအနားတခုမှာ နော်ဝေးနိုင်ငံသား မြန်မာလူငယ်တဦးက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံပါ တီရှပ်ဝတ်ဆင်ဖျော်ဖြေခဲ့
ဒီဇင်ဘာ၁၁ရက်
၂၀၂၄ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ကို ဂုဏ်ပြုတဲ့အခမ်းအနားတခုမှာ နော်ဝေးနိုင်ငံသား မြန်မာလူငယ် မောင်တေဇက လူငယ်ငြိမ်းချမ်းရေးသီချင်းတပုဒ်ကို ၁၉၉၁ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံပါ တီရှပ်ဝတ်ဆင် ဖြေဖြော်သွားခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်း အဆိုပါပွဲအခမ်းအနားကို ကျင်းပခဲ့တယ်လို့သိရပါတယ်။
နိုင်ငံတကာ မှကလေးသူငယ်များနဲ့ လူငယ်များစစ်မက်ကြောင့်ဒုက္ခခံစား၊ အနာဂတ်ပျောက်နေရပုံကို ဖော်ကျူးထားတဲ့သီချင်းဖြစ်ပြီးမောင်တေဇနဲ့အတူ နော်ဝေးကလေးသူငယ်၊ လူငယ်လေးများက အတူတကွသီဆိုသွားခဲ့တယ်လို့သိရပါတယ်။ဒီနှစ်၂၀၂၄ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ကတော့ ဂျပန်နိုင်ငံက Hibakusha လို့လူသိများတဲ့ Nihon Hidankyo ကရရှိခဲ့တာဖြစ်ပြီး နျူကလီးယားလက်နက်ကင်းစင်သောကမ္ဘာကိုရရှိဘို့ သူ့ရဲ့ကြိုးပမ်းအားထုတ်မှုနဲ့ နျူကလီးယားလက်နက်ကို နောက်တဖန်အသုံးမပြုရဘူးဆိုတဲ့လှုပ်ရှားမှုများကြောင့် ထင်ရှားလူသိများသူဖြစ်ပါတယ်။
========================
📌📌 ၆။ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုဗေးဧရီယာတွင်နေထိုင်ကြသော မြန်မာပြည်ဖွားတိုင်းရင်းသားတော်လှန်ရေးရဲဘော်များနှင့် မိသားစုများက သုံးရက်မြောက်အဖြစ် မြန်မာပြည်တွင်းရေး စွက်ဖက်သည့် တရုတ်ကိုဆန္ဒပြ
ဒီဇင်ဘာ၁၁ရက်
အမေရိကန်ပြည်ထောင်စုဆန်ဖရန်စစ္စကိုဗေးဧရီယာတွင်နေထိုင်ကြသောမြန်မာပြည်ဖွားတိုင်းရင်းသားတော်လှန်ရေးရဲဘော်များနှင့်မိသားစုများက သုံးရက်မြောက်အဖြစ် မြန်မာပြည်တွင်းရေး စွက်ဖက်သည့် တရုတ်ကိုဆန္ဒပြခဲ့ကြပါတယ်။အမေရိကန်စံတော်ချိန်ဒီဇင်ဘာ၁၀ရက် လူ့အခွင့်အရေးနေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။အဆိုပါဆန္ဒဖော်ထုတ်ရာမှာ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ဖို့ကြွေးကြော်သံများနဲ့အတူ ကန့်ကွက်သည့်ဗီနိုင်းများလည်းကိုင်စွဲခဲ့ကြပါတယ်။
GAACMM Campaign, ကမ္ဘာလုံးဆိုင်ရာ ဆန္ဒဖော်ထုတ်ပွဲလှုပ်ရှားမှုကြီးတွင် အမေရိကန်ပြည်ထောင်စုမြောက်ပိုင်းကယ်လီဖိုးနီးယားနှင့် ဆန်ဖရန်စစ္စကိုဗေးဧရီယာတွင်နေထိုင်ကြသောမြန်မာပြည်ဖွားတိုင်းရင်းသားတော်လှန်ရေးရဲဘော်များနှင့်မိသားစု, ညီအကိုမောင်နှမများအားလုံးပူးပေါင်းသပိတ်တိုက်ပွဲမှာဆင်နွှဲခဲ့ကြပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မောင်တောဒေသတခုလုံးကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီလို့ AA ကြေညာ
ဒီဇင်ဘာ၁၁ရက်
ရခိုင်ပြည်နယ် မောင်တောမြို့က နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်တဲ့ အမှတ်-၅ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) ကို ဒီဇင်ဘာ ၈ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တာကြောင့် မောင်တောဒေသတခုလုံးကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီလို့ ရခိုင့်တပ် တော် AA က ဒီနေ့မနက်အစောပိုင်းမှ အသိပေးကြေညာလိုက်ပါတယ်။
မောင်တောမြို့က နောက်ဆုံးလက်ကျန်စခန်းတခုဖြစ်တဲ့ အမှတ်-၅ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို ဒီဇင်ဘာ ၈ ရက် မနက် ၉ နာရီ ခွဲမှာ အာရက္ခတပ်တော်က အပြီးသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တာကြောင့် မောင်တောဒေသတခုလုံးကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
အာရက္ခဒေသအတွင်းက အကြမ်းဖက်စစ်ကောင်စီ စခန်းတွေနဲ့ ဘင်္ဂလာဒေ့ရှ်-အာရက္ခနယ်စပ်မှာရှိတဲ့ စခန်းတွေအားလုံး တခုမကျန် သိမ်းပိုက်ရယူနိုင်ဖို့ အာရက္ခတပ်တော်ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မောင်တောမြို့မှာ အင်အား ၇၀၀ ကျော်နဲ့ စခန်းချတပ်စွဲထားတဲ့ နခခ -၅ စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင် အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲတွေဖြစ်တဲ့ RSO၊ ARSA၊ ARA နဲ့ မောင်တောဒေသနဲ့ ကပ်နေ တဲ့ မြို့တွေမှာရှိတဲ့ စစ်စခန်းတွေက ထွက်ပြေးလွတ်မြောက်လာသူတွေပါဝင်ပြီး သူတို့ဟာ နခခ-၅ ထဲကနေ မြေပြင်ခုခံစစ်၊ လေကြောင်းပစ်ကူတွေနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
ရခိုင့်တပ်တော်အနေနဲ့ ဒီစခန်းကိုရဖို့ လွန်ခဲ့တဲ့ နှစ်လခန့်ကတည်းက ဝိုင်းရံပိတ်ဆိုထားပြီး အောက်တိုဘာ ၁၄ ရက်ကမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် ထိုးစစ်ကာလ ၅၅ ရက် ခန့်ကြာမြင့်ခဲ့တယ်လို့ အသိပေးထားပါတယ်။
ထိုးစစ်ကာလအတွင်း အာရက္ခစစ်သည်တော်တွေအနေနဲ့ နည်းဗျူဟာမြောက်စွာ ထိုးစစ်ဆင်နိုင်ခဲ့တဲ့အပြင် တပ်မဟာ အချင်းချင်း ဟန်ချက်ညီ ပူးပေါင်းထိုးစစ်ဆင်နိုင်ခဲ့တယ်လို့ AA က ဆိုပါတယ်။
ဒီစစ်ဆင်ရေးမှာ စစ်တပ်ဘက်က ၄၅၀ အထက် သေဆုံးနိုင်ခဲ့ပြီး ဘူးသီးတောင်မြို့က အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ စကခမှူးရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင် အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားနဲ့ RSO၊ ARSA၊ ARA နဲ့ စစ်တပ်က သင်တန်းပေးထားတဲ့ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို သုံပန်းအဖြစ် ဖမ်းဆီးရမိခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
နခခ ၅ စခန်းကို အပြီးသတ်သိမ်းပိုက်ရရှိနိုင်ရေး ပြင်းထန်တဲ့ထိုးစစ်တွေမှာ သတ္တိပြောင်မြောက်တဲ့ အာရက္ခစစ်သည်တော် များ၊ အသက်၊ ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့ကြတဲ့ အာရက္ခစစ်သည်တော်တွေကို AA က လေးလေးနက်နက် မှတ်တမ်းတင် ဂုဏ်ပြုထားပါတယ်။
လက်ရှိမှာ နခခ -၅ စခန်းကနေ ထွက်ပြေးလွတ်မြောက်နေတဲ့ ရန်သူစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရှိနေသေးတာကြောင့် သူတို့ကို ရခိုင့်တပ်တော်က လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က ရာချီတဲ့စစ်သားတွေ အလံဖြူထောင် လက်နက်ချ
ဒီဇင်ဘာ၁၁ရက်
ရခိုင်ပြည် မောင်တောမြို့က နခခ ၅ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ရာနဲ့ချီတဲ့စစ်သားတွေ အလံဖြူထောင် ပြီး လက်နက်ချအလင်းဝင်ခဲ့တယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်တဲ့ ရုပ်သံမှတ်တမ်းအရ သိရပါတယ်။
မောင်တောမြို့က နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ အမှတ် ၅ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို ရခိုင့်တပ်တော် ဒီဇင်ဘာ ၈ ရက် မနက် ၉ နာရီခွဲအချိန်မှာ အပြီးသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တာနဲ့ပတ်သက်တဲ့ ရုပ်သံမှတ်တမ်းကို ဒီဇင်ဘာ ၁၁ ရက် မနက်အစောပိုင်းမှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
နခခ ၅ စခန်းဟာ မောင်တောမြို့ မြို့သူကြီးရပ်ကွက်မှာရှိပြီး စစ်အင်အား ၇၀၀ ကျော် စခန်းချတပ်စွဲထားတဲ့ စခန်းကြီး တခုလို့ဆိုပါတယ်။
စခန်းပတ်ပတ်လည်ကို သံဆူးကြိုး ၂ ထပ်ဖြင့် ကာရံထားတဲ့အပြင် တခုနဲ့တခုကြားမှာသတ်ကွင်းတွေ ပြင်ဆင်ထားရာ အချို့နေရာတွေမှာဆိုရင် ပေ ၂၀ ခန့်ကျယ်တဲ့ ရေမြောင်းတွေ ဖောက်လုပ်ထားပြီး ဆူးချွန်တွေ ထောင်ထားတယ်လို့ သိရပါတယ်။
ဒီရုပ်သံမှာ အခိုင်အမာတည်ဆောက်ထားတဲ့ ဘန်ကာတွေနဲ့ ဘန်ကာအသေး၊ Overhead စုစုပေါင်း ၁၀၀ ကျော်ရှိတဲ့အပြင် စခန်းအတွင်းမှာ ခိုင်ခံ့ထူထပ်တဲ့ အဆောက်အအုံကြီး ၃၀ ကျော်ကို ရခိုင့်တပ်တော်က စစ်သည်တွေဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကိုတွေ့ရပြီး တိုက်ပွဲဖြစ်နေချိန်မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင်လက်နက်ချလာတာကိုတွေ့ ရပါတယ်။
ဒါ့အပြင် စခန်းကနေစွန့်ခွာထွက်ပြေးသွားတဲ့ ဘူးသီးတောင် အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) က စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း (ကြည်း/၂၆၈၉ရ)၊ စကခမှူးရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်နဲ့ အရာရှိ၊ အကြပ်၊ စစ်သည်တွေကို လက်ရဖမ်းဆီးရမိထားတာကိုလည်း အသိပေးဖော်ပြထားပါတယ်။
ထိုးစစ်ရက်ပေါင်း ၅၅ ရက်ခန့်အတွင်း ရာချီတဲ့ စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိ ခဲ့သလို လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရခိုင့်တပ်တော်AA က ထုတ်ပြန် ထားပါတယ်။
========================
🚩🚩 ၃။ မောင်တော နခခ၅ စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က သေဆုံးသူ ၄၅၀ အထက်ရှိပြီး ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် စစ်သုံ့ပန်းများစွာ ဖမ်းဆီးရမိ
ဒီဇင်ဘာ၁၁ရက်
ရခိုင်ပြည် မောင်တောမြို့က အမှတ် - ၅ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ နခခ-၅ စခန်းသိမ်းတိုက်ပွဲမှာ အမှတ် ၁၅ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအပါအဝင် စစ်သုံ့ပန်းများစွာ ဖမ်းဆီးရမိခဲ့တယ်လို့ ရခိုင့်တပ်တော် AA က ဒီနေ့ မနက်အစောပိုင်းမှာ ထုတ်ပြန်ပါတယ်။
နခခ ၅ စခန်းဟာ မောင်တော မြို့သူကြီးရပ်ကွက်မှာရှိပြီး အင်အား ၇၀၀ ကျော်နဲ့ စခန်းချတပ်စွဲခဲ့တဲ့ စခန်းကြီးတခုလို့ ဆိုပါတယ်။
စခန်းပတ်ပတ်လည်မှာ သံဆူးကြိုး ၂ ထပ် ကာရံထားပြီး တခုနဲ့တခုကြားမှာ သတ်ကွင်းတွေ ပေ ၂၀ ခန့်ကျယ်တဲ့ ရေမြောင်း တွေ ဖောက်လုပ်ထားကာ စူးချွန်တွေ ထောင်ထားတယ်လို့ သိရပါတယ်။
ထောင့်မှန်စတုဂံ ပတ်လည်ပုံစံရှိပြီး လေးဖက်လေးတန်မှာ အခိုင်အမာတည်ဆောက်ထားတဲ့ ဘန်ကာ ၂၀ ကျော်အပါအဝင် ဘန်ကာအသေးနဲ့ Overhead စုစုပေါင်း ၁၀၀ ကျော်ရှိတဲ့ စခန်းအတွင်းမှာ ခိုင်ခံ့ထူထပ်တဲ့ အဆောက်အအုံကြီး ၃၀ ကျော် လည်း ပါဝင်တယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် သဘာဝတရားကပေးတဲ့ အကာအရံအဖြစ် စခန်းရှေ့ပတ်လည်နီးပါး ချောင်းတခုကာဆီးနေပြီး အလွယ်တကူ ဖြတ်သန်းဖို့မလွယ်ကူတဲ့ အနေအထားမျိုးဖြစ်တာကြောင့် အာရက္ခစစ်သည်တော်တော်တွေဟာ တလက်မချင်းတိုးပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတဲ့ စခန်းကြီးဖြစ်တယ်လို့ ရခိုင့်တပ်တော်ထုတ်ပြန်ချက်မှ ဖော်ပြထားပါတယ်။
မြို့စောင့်တပ်လို့ခေါ်တဲ့ နခခ ၅ စခန်းမကျရေးအတွက် အကြမ်းဖက်စစ်ကောင်စီဟာ စခန်းပတ်လည်မှာ နင်းမိုင်းတွေ ထောင်ချီအသုံးပြုခဲ့တဲ့အတွက် စခန်းသိမ်းတိုက်ပွဲအတွင်းမှာတင် စစ်တပ်ကထောင်ထားတဲ့ M14 မိုင်းပေါင်း ၁၀၀၀ ကျော် ရှင်းလင်းခဲ့ရတာကြောင့် အာရက္ခ မိုင်းရှင်းလင်းရေးစစ်သည်တော်အချို့ အသက်နဲ့ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပေးဆပ်ခဲ့ရ တယ်လို့ ထပ်ပြီးအသိပေးပါတယ်။
ဗိုလ်မှူးချုပ် သူရိန်ထွန်းဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စု မောင်တောမြို့ မကျရေး မြေပြင်ခုခံစစ်နဲ့ လေကြောင်းပစ်ကူ တွေနဲ့ ကြိုးစားခဲ့ပေမယ့် ရခိုင့်တပ်တော်က ထိုးစစ်ကာလ ၅၅ ရက်အတွင်း နခခ ၅ စခန်းကို သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါ တယ်။
ဒီစခန်းသိမ်းတိုက်ပွဲမှာ အမှတ်-၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ သူ့ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားနဲ့ RSO၊ ARSA၊ ARA အဖွဲ့ဝင်များ၊ စစ်တပ် က သင်တန်းပေးထားတဲ့ မွတ်စလင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခဲ့သလို တိုက်ပွဲကာလ မှာ စစ်အုပ်စာဘက်က ၄၅ဝ ကျော် သေဆုံးနိုင်ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ ဂွမြို့အနီးက တိုက်ပွဲမှာ ဗျူဟာမှူး စနိုက်ဘာထိမှန်သွားတယ်လို့သတင်းထွက်လာပြီးနောက် စစ်တပ်ဘက်က အလင်းဝင် လာမှုတွေရှိလာတယ်လို့ဆို
ဒီဇင်ဘာ၁၁ရက်
ရခိုင်ပြည် ဂွမြို့အနီးက တိုက်ပွဲတွေမှာ စစ်ဗျူဟာမှူး စနိုက်ဘာထိမှန်သွားတယ်လို့သတင်းတွေထွက်လာပြီးတဲ့နောက် စစ်တပ်ဘက်က အလင်းဝင်လာမှုတွေရှိနေတယ်လို့ ဒေသတွင်းသတင်းတွေကဆိုပါတယ်။
ဂွမြို့အနီး ၄ မိုင်ခန့်အကွာ စည်ပင်ရွာနဲ့ ကျောက်ကြီးရွာမှာ ဒီဇင်ဘာ ၁ဝ ရက်နေ့ ညနေပိုင်းက ရခိုင့်တပ်တော် AA နဲ့ ဖြစ်တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဗျူဟာမှူး စနိုက်ပါထိမှန်ပြီး သေဆုံးသွားတယ်လို့ တပ်တွင်းကလာတဲ့ သတင်းတွေကို ကိုးကားပြီး ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ နိရဉ္စရာက ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်က ဗျူဟာမှူး စနိုက်ပါထိမှန်ပြီး သေဆုံးသွားတယ်လို့သတင်းတွေထွက်လာပြီးတဲ့နောက် စည်ပင်မှာ အထိုင် ချနေတဲ့ စစကောင်စီတပ်ဖွဲ့ဟာ ခမရ ၅၆၂ ဘက်ကို ဆုတ်ခွာသွားတယ်လို့လည်း သိရပါတယ်။
အောက်တိုဘာလဆန်းပိုင်းကစပြီး ဂွမြို့အနီးကို ရခိုင့်တပ်တော် AA တပ်တွေ ထိုးစစ်ဆင်လာခဲ့တဲ့အတွက် တိုက်ပွဲတွေ နေ့စဉ်လို ပြင်းထန်နေရာ တိုက်ပွဲကာလ ၂ လနီးပါး ကြာမြင့်လာတာနဲ့အမျှ တိုက်ပွဲတွေဟာ ဂွမြို့နဲ့အနီးဆုံးနေရာကို ရောက်ရှိနေပြီဖြစ်တာကြောင့် စစ်ကောင်စီတပ်ဘက်က တပ်သားသစ်တွေနဲ့တပ်ဖွဲ့ဝင်တွေ ဆက်တိုက် လက်နက်ချ အလင်းဝင်လာတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။
ဂွမြို့နဲ့အနီးဆုံးနေရာမှာတိုက်ပွဲဖြစ်လာတဲ့အတွက် ခမရ ၅၆၂ နဲ့ ရေတပ်က လက်နက်ကြီးပစ်ကူပေးနေပြီး စစ်တပ်ဘက်က အကျအဆုံးတွေနဲ့ တပ်ဆုတ်နေတာလို့ ဒေသသတင်းရင်းမြစ်တွေက ဆိုပါတယ်။
နောက်ဆုံးရရှိထားတဲ့သတင်းတွေအရ ခမရ ၅၆၂ မှာ ရှိနေတဲ့ လူနာတွေထဲက အချို့ကို ငသိုင်းချောင်းဘက် ကားတွေနဲ့ ရွှေ့နေပြီး ဂွမြို့နယ်အတွင်းက လမ်းဆုံလမ်းခွတွေနဲ့ အရေးပါတဲ့နေရာတွေမှာ စစ်တပ်က တင့်ကားတွေ ချထားတယ်လို့ ပြောပါတယ်။
ရခိုင့်တပ်တော် AA ဟာ ရခိုင်ပြည်က မြို့ ၄ မြို့ကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေရာ မောင်တောမြို့က နခခ-၅ ဌာနချုပ်ကို ဒီလ ၈ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီး အမ်း၊ တောင်ကုတ်နဲ့ ဂွကိုလည်း မကြာမီ သိမ်းပိုက်နိုင်တော့မယ့် အနေအထားလို့ ဒေသအတွင်း စစ်ရေးသတင်းတွေအရ သိရပါတယ်။
========================
🚩🚩 ၅။ တာမွေမြို့နယ်စည်ပင်ရုံးကို လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခဲ့ရာ ဝန်ထမ်း ၂ ဦးဒဏ်ရာရ
ဒီဇင်ဘာ၁၁ရက်
ရန်ကုန်တိုင်း တာမွေမြို့နယ်အတွင်းက ဈေးသည်တွေကို ခြိမ်းခြောက်ပြီး အနိုင်ကျင့်နေတဲ့ မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံးကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့ရာ Non CDM ဝန်ထမ်း၂ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ Freeland Attack Force-FLA အဖွဲ့က ထုတ်ပြန်ထားပါတယ်။
မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံးကဝန်ထမ်းတွေဟာ ထွေအုပ်ဝန်ထမ်းတွေနဲ့အတူ ဧည့်စာရင်းစစ်တာတွေမှာ လိုက် ပါလေ့ရှိပြီး စျေးသည်တွေအပေါ်မှာလည်း အာဏာသုံးပြီး ခြိမ်းခြောက်ငွေညှစ်တာတွေလုပ်နေတဲ့အတွက် အကြိမ်ကြိမ် သတိပေးထားပေမယ့် သတိပေးလို့မရတဲ့အဆုံး အရေးယူရတာလို့ အသိပေးထားပါတယ်။
ဒီတိုက်ခိုက်မှုကို မနေ့ ဒီဇင်ဘာ ၁၀ ရက် ည ၇ နာရီ ဝန်းကျင်မှာ FLA အဖွဲ့နဲ့ Anonymous Fighters Force-AFF အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ရုံးအတွင်းမှာ Non CDM ဝန်ထမ်းသုံးဦးရှိနေချိန်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် ၂ ဦးဒဏ်ရာရသွားတယ်လို့ သိရ ပါတယ်။
တိုက်ခိုက်မှုဖြစ်ပြီးချိန်မှာ စစ်ကားနဲ့ရဲကားတွေအပြင် လူနာတင်ယာဉ်တွေရောက်ရှိလာခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် တွေဟာ တာမွေလမ်းဆုံနဲ့ ကျောက်မြောင်းရပ်ကွက်မှာ လမ်းတွေပိတ်ပြီး စစ်ဆေးတာတွေလုပ်ခဲ့တာရှိတယ်လို့လည်း သိရပါတယ်။
========================
🚩🚩 ၆။ ပုသိမ်မြို့ စစ်မှုထမ်းအပတ်စဉ် ၅ သင်တန်းဆင်း တပ်သားတွေ ရှမ်းပြည်ဘက်ပို့ချိန် မိုင်းဆွဲခံရပြီး ၈ ဦးသေဆုံး
ဒီဇင်ဘာ၁၁ရက်
ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ် ၆ စစ် အခြေခံလေ့ကျင့်ရေးကောင်းကနေသင်တန်းဆင်းသွားတဲ့ စစ်မှုထမ်း အပတ်စဉ် ၅ က သင်တန်းဆင်းတပ်သားသစ်တွေကို ရှမ်းပြည်ဘက်ပို့ရာမှာ မိုင်းဆွဲခံရပြီး တပ်သားသစ် ၈ ဦးသေဆုံးသွားတယ်လို့ ပုသိမ် သတင်းအထူးတပ်ဖွဲ့က ပြောပါတယ်။
ပုသိမ်မြို့က ရွှေမြင်တင်တပ်လို့ လူသိများတဲ့ အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ်က ဗိုလ်ကြီး ကျော်ငွေနဲ့ ဗိုလ်ကြီး ဇော်ဇော် တို့ ဦးဆောင် သင်ကြားပေးတဲ့ စစ်မှုထမ်း အပတ်စဉ် ၅ မှ သင်တန်းဆင်းတပ်သားတွေကို ဒီဇင်ဘာ ၇ ရက်နေ့က ရှမ်းပြည်နယ်သို့ပို့ချိန် လမ်းမှာ မိုင်းဆွဲခံရပြီး ၈ ဦးသေဆုံးသွားတာလို့ ဆိုပါတယ်။
သေဆုံးသူတွေဟာ ကန်ကြီးထောင့်မြို့နယ် စစ်မှုထမ်းတပ်သားသစ် ၃ ဦး၊ မြောင်းမြမြို့နယ်ကတဦး၊ ဝါးခယ်မမြို့နယ်နဲ့ ရေကြည်မြို့နယ်တို့က ၂ ဦးစီတို့ဖြစ်တယ်လို့ အသိပေးထားပါတယ်။
အပတ်စဉ် ၅ သင်တန်းဆင်း တပ်သားသစ်တွေကို နိုဝင်ဘာ ၂၉ နဲ့ ၃၀ တို့မှာ ခမရ-၁၀၄ (ကျိုက်မရော) ၊ ခမရ-၂၀၈ (မော်လမြိုင်) ၊ခမရ-၅၅၅ (ကရသူရိ) ၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့ကို ခွဲဝေပို့ဆောင်ခဲ့ပြီး တပ်သားသစ်တွေကို မိခင်တပ်ရင်းကတပ်သားတွေအဖြစ် ခံယူစေကာ ရှေ့တန်းပို့ကာ ကျန်တဲ့သူတွေကိုတော့ တပ်ရင်းမှာ ကင်းစောင့်ခိုင်း တယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး မောင်ဌေး စာရင်းပေးထားတဲ့ သူတွေကိုလာခေါ်တဲ့ အကြမ်းဖက်စစ်သား ၅ ယောက်ခန့်ဟာ နိုဝင်ဘာ ၉ရက်နေ့ မနက်ကတည်းက ကြက်ပေါင် ကျေးရွာကို ရောက်ရှိနေပြီး လက်ရှိအချိန်ထိ မပြန်ကြသေးဘူးလို့ ပုသိမ် သတင်းအထူးတပ်ဖွဲ့က သတိပေးထားပါတယ်။
ထို့ပြင် ပုသိမ်မြို့ အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ရပ်ကွက်နေပြည်သူများကို မနေ့က အစည်းအဝေးခေါ်ယူကာ စစ်မှုထမ်းအတွက် တပ်သားသစ် ၂ ဦး ပေးရမှာဖြစ်ကြောင်းနဲ့ လူအစားထိုးမယ်ဆို ကျပ်သိန်း ၇၀ ကျပ် ပေးရမှာဖြစ်တဲ့ အတွက် ငွေကြေးကောက်ခံသွားမယ်လို့ ပြောထားတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက်ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment