၂၀၂၄ ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တနှစ်အတွင်း စစ်တိုင်းဌာနချုပ် ၂ ခုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဟာ စစ်အာရှင်စနစ် နေဝင်ချိန် ရောက်တော့မယ်ဆိုတာကို ပြသရာရောက်တယ်လို့ NUG ယာယီသမ္မတ ပြော
📌 ၂။ ဂွမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့ ထိုးစစ်အရှိန်မြှင့်နေတယ်လို့ ရခိုင့်တပ်တော် ပြော
📌 ၃။ စစ်ရှုံးစစ်ကောင်စီရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုများကို မှတ်တမ်းတင်ထားပြီး ကျူးလွန်သူများကို ထိုက်တန်တဲ့ ပြစ်ဒဏ် ချမှတ်မယ်လို့ ရခိုင့်တပ်တော် သတိပေး
📌 ၄။ စစ်ရေးအခြေအနေကြောင့် စလင်းမြို့နယ်အတွင်းက လမ်းပိုင်း ၂ ခုကို သွားလာခွင့်တားမြစ်
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အမ်းမြို့နယ်ဘက် စစ်ကူသွားမယ့် စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၁၄ ဦး သေဆုံး
🚩 ၂။ တော်လှန်ရေးအဖွဲ့များကို ပစ်မှတ်ထားသတ်ဖြတ်ခဲ့သော အနီရောင်စစ်ဆင်ရေးအဖွဲ့တွင်ပါဝင်ခဲ့သူ စစ်တပ်ထောက်တိုင်ကို ပစ်ခတ်ရှင်းလင်း
🚩 ၃။ မြင်းခြံနဲ့ရေလည်ကျွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ သီတာယုမွန်ဦးဆောင်တဲ့ပျူအဖွဲ့ကို တိုက်ခိုက်မှု စစ်အုပ်စုဘက်က အထိနာ
🚩 ၄။ တောင်ငူမြို့က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှု ၅ လုံး ထိမှန်ပေါက်ကွဲ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တနှစ်အတွင်း စစ်တိုင်းဌာနချုပ် ၂ ခုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဟာ စစ်အာရှင်စနစ် နေဝင်ချိန် ရောက်တော့မယ်ဆိုတာကို ပြသရာရောက်တယ်လို့ NUG ယာယီသမ္မတ ပြော
ဒီဇင်ဘာလ ၂၂ရက်။
တနှစ်တာအတွင်း မြန်မာစစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ်ကြီး ၂ ခုကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်ခြေမှုန်းနိုင်လိုက်တဲ့ ဖြစ်ရပ်ဟာ သမိုင်းဝင်အောင်ပွဲများဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ အဆုံးသတ်နေဝင်ချိန် မကြာခင်ရောက်ရှိလာတော့ မယ်ဆိုတာကို ပြသလိုက်ခြင်းဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားလိုက်ပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် - နပခ ကို အပြီးသတ်သိမ်းပိုက်နိုင်ခြင်းအောင်ပွဲအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူးဝါလရှီးလက ရခိုင့်တပ်တော် AA ထံ သဝဏ်လွှာပေးပို့ရာမှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၁ နေ့စွဲနဲ့ ပေးပို့တဲ့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာမှာ ယခုအောင်ပွဲဟာ အရက္ခပြည်သူများရဲ့ အောင်ပွဲ တင် မဟုတ်ဘဲ စစ်အာဏာရှင် စစ်ကောင်စီဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တော်လှန်တိုက်ပွဲဝင်နေကြတဲ့ မြန်မာ ပြည်သူတရပ်လုံးနဲ့ နိုင်ငံတဝန်းရှိ တော်လှန်ရေးအင်အားစုများအားလုံး၏ အောင်ပွဲဖြစ်တယ်လို့လည်း ယာယီ သမ္မတ က ပြောပါတယ်။
ဒါ့အပြင် ဒီအောင်ပွဲဟာ တော်လှန်ရေးစိတ်ဓာတ်ခွန်အားကို အမြင့်ဆုံးရောက်ရှိစေတဲ့ အောင်ပွဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
အာရက္ခတပ်တော်ခေါင်းဆောင်များရဲ့ ဦးဆောင်မှုနဲ့အတူ ရဲဘော်ရဲဘက်များက ရဲစွမ်းသတ္တိအပြည့်နဲ့ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တာကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်-နပခ ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
အခုလို ကြီးမားတဲ့ အောင်ပွဲရရှိဖို့အတွက် အာရက္ခတပ်တော်ခေါင်းဆောင်များရဲ့ ဦးဆောင်မှု၊ ရဲဘော်၊ရဲဘက်များရဲ့ အသက်နဲ့ကိုယ်လက်ခန္ဓာ ပေးဆပ်စွန့်လွှတ်အနစ်နာခံမှု၊ အာရက္ခပြည်သူများအနေနဲ့ ဆင်းရဲဒုက္ခအမျိုးမျိုးကို ကြံ့ကြံ့ ခံရင်ဆိုင်နိုင်မှု၊ စည်းလုံးညီညွတ်မှုများကို မှတ်တမ်းတင်ဂုဏ်ပြုပြီး အလေးအမြတ်ပြုတယ်လို့လည်း ပါရှိပါတယ်။
အာရက္ခတပ်တော်ခေါင်းဆောင်များရဲ့ဦးဆောင်မှုနဲ့အတူ ရခိုင်ပြည်နယ်တခုလုံး စစ်အာဏာရှင်လက်အောက်ကနေ မကြာမီ လွတ်မြောက်တော့မယ်ဆိုတာ အပြည့်အ၀ယုံကြည်တယ်လို့လည်း ယာယီ သမ္မတ က ဆိုပါတယ်။
ဒါကြောင့် မြန်မာတပြည်လုံးနဲ့ ပြည်သူတရပ်လုံး လွတ်မြောက်ရေးအတွက် စစ်အာဏာရှင်စနစ်နှင့် စစ်အုပ်စု အဆုံးသတ် ပြုတ်ကျရေး အတူတကွ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့ သန္နိဋ္ဌာန်ပြုရင်း ဝမ်းမြောက်ကြောင်း ရခိုင့်တပ်တော် AA ထံ ယာယီ သမ္မတ က သဝဏ်လွှာ ပေးပို့လိုက်တာဖြစ်ပါတယ်။
========================
📌📌 ၂။ ဂွမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့ ထိုးစစ်အရှိန်မြှင့်နေတယ်လို့ ရခိုင့်တပ်တော် ပြော
ဒီဇင်ဘာလ ၂၂ရက်။
ရခိုင့်တပ်တော် AA အနေနဲ့ တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ မြို့ ၄ မြို့အနက် လက်ရှိအချိန်မှာ ဂွမြို့သာ သိမ်းပိုက်ဖို့ ကျန်ရှိတော့တဲ့အတွက် ဂွမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့ ထိုးစစ်အရှိန်မြှင့်နေတယ်လို့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်-နပခ အခြေစိုက်ရာ အမ်းမြို့ကို ဒီဇင်ဘာ ၂၀ ရက်မှာ အပြီးသတ်သိမ်းပိုက်ပြီးတဲ့နောက် ဂွမြို့သိမ်းတိုက်ပွဲအခြေအနေကို အခုလိုအသိပေးလာတာဖြစ်ပါတယ်။
ဂွမြို့သိမ်းတိုက်ပွဲမှာလည်း စစ်ရှုံး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေ့စဉ်နဲ့အမျှ အကျအဆုံးများနေပြီး စခန်းတွေတခုပြီးတခု လက်လွှတ်ပေးနေရပြီလို့ ဆိုပါတယ်။
ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းအပါအဝင် နေရာစုံက စစ်ကူတပ်တွေ ဘယ်လိုပဲဖြည့်တင်းနေပါစေ အတင်းအဓမ္မစုဆောင်း ထားတဲ့ တပ်သားသစ်တွေနဲ့ဖွဲ့စည်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ စိတ်ဓာတ်ပျက်ပြားနေတယ်လို့လည်း ပြောပါတယ်။
ညွန့်ပေါင်းတပ်အစုအပေါင်းတခုလိုဖြစ်နေတဲ့ ကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ တိုက်တိုင်းရှုံးနေပြီး ကစဉ့်ကလျား ထွက်ပြေးနေမှုများနဲ့အတူ ဂွမြို့ကိုလည်း မကြာခင်ရက်ပိုင်းတွင်း ကျိန်းသေပေါက် လက်လွှတ်ဆုံးရှုံးရတော့မယ့် အာရက္ခ ဒေသရဲ့ တောင်ဖက်အကျဆုံးမြို့ဖြစ်တယ်လို့ AA က အသိပေးထားပါတယ်။
အာရက္ခဒေသမှာ စစ်ရှုံး စစ်ကောင်စီနဲ့ ရခိုင့်တပ်တော်တို့ တနှစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့အချိန်ထိ ဖြစ်ပွားနေ တဲ့ တိုက်ပွဲတွေမှာ အရှုံးတွေနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ စခန်းတွေတခုပြီးတခု၊ မြို့တွေ တမြို့ပြီးတမြို့ လက်လွှတ် ဆုံးရှုံးနေရပြီလို့ ရခိုင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။
တနှစ်ကျော်တိုက်ပွဲအတွင်းမှာ ရခိုင့်တပ်တော်အနေနဲ့ ရခိုင်ပြည်မှာရှိတဲ့ မြို့နယ် ၁၇ ခုအနက် ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲ၊ တောင်ကုတ်၊ မောင်တောနဲ့ အမ်းမြို့ စတဲ့မြို့နယ်တွေအပြင် ချင်းပြည်နယ်က ပလက်ဝမြို့ကိုလည်း သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။
========================
📌📌 ၃။ စစ်ရှုံးစစ်ကောင်စီရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုများကို မှတ်တမ်းတင်ထားပြီး ကျူးလွန်သူများကို ထိုက်တန်တဲ့ ပြစ်ဒဏ် ချမှတ်မယ်လို့ ရခိုင့်တပ်တော် သတိပေး
ဒီဇင်ဘာလ ၂၂ရက်။
စစ်ရှုံးနေတဲ့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတွေကို သေချာမှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့တဲ့ တပ်ရင်း၊ တပ်မ များနဲ့ အမိန့်ပေး၊ ညွှန်ကြားချက်ပေးသူများကို ဖမ်းဆီးရမိခဲ့ရင် ပြစ်မှုနဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်များ စီရင်ချမှတ်သွားမယ်လို့ ရခိုင့်တပ်တော်က သတိပေးပြောကြားလိုက်ပါတယ်။
အာရက္ခဒေသမှာ စစ်ရှုံး စစ်ကောင်စီနဲ့ ရခိုင့်တပ်တော်တို့ တနှစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့အချိန်ထိ ဖြစ်ပွားနေ တဲ့ တိုက်ပွဲတွေမှာ အရှုံးတွေနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ စခန်းတွေတခုပြီးတခု၊ မြို့တွေ တမြို့ပြီးတမြို့ လက်လွှတ် ဆုံးရှုံးနေရပြီလို့ ရခိုင့်တပ်တော်က ဆိုပါတယ်။
အခုလို စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ဖက်ဆစ်စစ်တပ်က လုပ်နေကျ ဝသီအကျင့်စရိုက်အတိုင်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ စစ်ရှောင်စခန်းများနဲ့ အပြစ်မဲ့ပြည်သူများ နေထိုင်ရာ ရပ်ရွာတွေကို လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာအပြင် ရပ်ရွာများကို မီးရှို့ခြင်း၊ တံတားများကို မိုင်းခွဲ ဖျက်ဆီးခြင်း စတာတွေ နေ့စဉ်နေ့တိုင်းပြုလုပ်ကာ မထူးဇာတ်ခင်းနေတယ်လို့လည်း အသိပေးပါတယ်။
စစ်ကောင်စီရဲ့ ဒီလုပ်ရပ်တွေဟာ အာရက္ခဒေသတခုအတွင်းမှာတင်မဟုတ်ဘဲ မြန်မာတနိုင်ငံလုံးအနှံ့ နေ့တိုင်းနီးပါး ပြုလုပ် နေတာပဲဖြစ်ပါတယ်။
စစ်ကောင်စီဟာ လက်ရှိမှာလည်း လက်လွတ်ဆုံးရှုံးရတော့မယ့် ဂွမြို့မှာရှိတဲ့ ကျေးရွာတွေနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီး တာ၊ တံတားတွေကို မိုင်းခွဲဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ဆောင်ပြီး ဆုတ်ခွာထွက်ပြေးနေတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၇ နဲ့ ၁၈ ရက်နေ့တွေမှာ ဂွမြို့နယ်မှာရှိတဲ့ အလယ်ရွာနဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ခမရ-၅၆၃ အနီးက လူနေအိမ် တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသနေပြည်သူလူထုနေထိုင်ရာ အိမ်များစွာ ပျက်စီးခဲ့တယ်လို့ ရခိုင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် စစ်ရှုံး စစ်ကောင်စီက ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ရခိုင့်တပ်တော်အနေနဲ့ သေချာမှတ်တမ်းတင်ထားပြီး ကျူးလွန်သူတွေကို ဖမ်းဆီးရမိရင် သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်တွေ စီရင်ချမှတ်သွားမယ်လို့ သတိပေးလိုက်တာဖြစ်ပါတယ်။
ဧရာဝတီတိုင်းအတွင်းကို တဆင့်ချင်းတဆင့်ချင်း ဆုတ်ခွာထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံတိုက်ခိုက် နေတဲ့အတွက် ဂွမြို့သိမ်းတိုက်ပွဲဟာ နေ့စဉ်ပြင်းထန်နေပြီး ရခိုင့်တပ်တော်အနေနဲ့ မကြာမီရက်ပိုင်းအတွင်း ဂွမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်တော့မယ်လို့ သိရပါတယ်။
========================
📌📌 ၄။ စစ်ရေးအခြေအနေကြောင့် စလင်းမြို့နယ်အတွင်းက လမ်းပိုင်း ၂ ခုကို သွားလာခွင့်တားမြစ်
ဒီဇင်ဘာလ ၂၂ရက်။
စစ်ရေးအခြေအနေတွေကြောင့် မကွေးတိုင်း စလင်းမြို့နယ်အတွင်းက လမ်းပိုင်း၂ ခုကို သွားလာခွင့် တားမြစ်ထားတယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းမှာရှိတဲ့ မြေနီကုန်း- ဆည်ကန် မြောင်းဘောင်လမ်းနဲ့ ဂွေးပင်စင်- အုန်းတော မြောင်းဘောင်လမ်းတို့ကို ဒီဇင်ဘာ ၂၁ ရက်နေ့ကစပြီး ဖြတ်သန်းသွားလာတာတွေမလုပ်ဖို့ ဒေသတွင်းပြည်သူလူထုကို အသိပေးထားပါတယ်။
အခုလိုကန့်သတ်ရတာဟာ စစ်ကောင်စီတပ်တွေဝင်လာနိုင်သလို တိုက်ပွဲဖြစ်နိုင်တဲ့အနေအထားတွေ တွေ့နေရတဲ့အတွက် ဒီဇင်ဘာ ၂၁ ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်းထားမယ်လို့ သိရပါတယ်။
အခုလို သတိပေးထုတ်ပြန်ထားချိန်ကစပြီး တားမြစ်ထားတဲ့လမ်းပိုင်းတွေကိုအသုံးပြုလို့ ထိခိုက်မှုတွေဖြစ်လာရင် တာဝန်ယူ မှာမဟုတ်ဘူးလို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက သတိပေးထားပါတယ်။
မင်းဘူးခရိုင်ထဲက စလင်းမြို့နယ်အတွင်းမှာရှိတဲ့ တညောင်တိုက်နယ်ဘက်ကရွာတွေကို အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးနေတာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေလုပ်နေတာကြောင့် တိုက်ပွဲတွေဖြစ်လာနိုင် တဲ့အတွက် ဆင်ဖြူကျွန်း- စလင်း- တညောင် လမ်းပိုင်းကို ယာယီပိတ်ထားမယ်လို့ ဒေသပြည်သူကာကွယ်ရေးအဖွဲ့တခု ဖြစ်တဲ့ ဒေါင်းစစ်အောင်အဖွဲ့ကလည်း ဒီဇင်ဘာ ၂ဝ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အမ်းမြို့နယ်ဘက် စစ်ကူသွားမယ့် စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၁၄ ဦး သေဆုံး
ဒီဇင်ဘာလ ၂၂ရက်။
အမ်းမြို့နယ်ဘက် စစ်ကူသွားမယ့် စစ်တပ်ယာဉ်တန်းကို ငဖဲမြို့နယ်အတွင်း ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၁၄ ဦး သေဆုံးသွားတယ်လို့ အရှိုချင်းကာကွယ်ရေးတပ်-ACDF က ထုတ်ပြန်ထားပါတယ်။
အမ်းမြို့ဘက် စစ်ကူသွားဖို့ ရှေ့ပြေးကင်းထောက်ထွက်လာတဲ့ စစ်ယာဉ်တန်းကို ဒီဇင်ဘာ ၂၀ ရက် မနက် ၈ နာရီ ၄၈မိနစ် အချိန်မှာ မကွေးတိုင်း ငဖဲမြို့နယ် စပ်စီကျေးရွာအနီး ဝက်စကျင်းလမ်းဆုံကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ရှေ့ပြေးကင်းထောက်အဖွဲ့မှာ ဗိုလ်ကြီးတဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦးပါဝင်ပြီး တိုက်ပွဲဖြစ်ချိန်မှာ ရန်အောင်မြေဘုရားကုန်းမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကနေ ၆၀ မမ လက်နက်ကြီးပစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စပ်စီဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့စစ်တပ်နဲ့ က.ပ.စ ၁၀ ကနေ စစ်ကား ၄ စီးနဲ့ နှစ်ဖက်ညှပ်ပြီး စစ်ကူလာတဲ့ အတွက် နယ်မြေရှင်းလင်းရေးမလုပ်နိုင်ခဲ့သလို လက်နက်နဲ့အလောင်းသိမ်းဆည်းတာတွေ မလုပ်ခဲ့ရဘူးလို့ အရှိုချင်း ကာကွယ်ရေးတပ်က အသိပေးပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၁၄ ဦးသေဆုံးပြီး ဗိုလ်ကြီးတဦး အပါအဝင် ထိခိုက်ဒဏ်ရာသူများစွာရှိခဲ့သလို အရှိုချင်းကာကွယ်ရေးတပ်-ACDF က ရဲဘော်တဦးလည်း မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ တော်လှန်ရေးအဖွဲ့များကို ပစ်မှတ်ထားသတ်ဖြတ်ခဲ့သော အနီရောင်စစ်ဆင်ရေးအဖွဲ့တွင်ပါဝင်ခဲ့သူ စစ်တပ်ထောက်တိုင်ကို ပစ်ခတ်ရှင်းလင်း
ဒီဇင်ဘာလ ၂၂ရက်။
မန္တလေးမြို့တော်မှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေကို ပစ်မှတ်ထားသတ်ဖြတ်ခဲ့တဲ့ အနီရောင်စစ်ဆင်ရေးအဖွဲ့မှာပါဝင်ခဲ့သူ စစ်တပ်ထောက်တိုင်တဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ အောင်စည်တော် AST-MDY က ထုတ်ပြန်လိုက်ပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်မှာနေတဲ့ စစ်တပ်ထောက်တိုင် ငမျိုးတယောက် စစ်ကိုင်းရွှေပုတီးဆရာတော်ထံရောက်နေတယ်လို့ သတင်းရတဲ့အတွက် ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေ ၅ နာရီအချိန်က ငမျိုးကို AST နဲ့ မိတ်ဖက်ဖြစ်တဲ့ အရှေ့တောကျား NDA-MDY တို့ ချိတ်ဆက်ကာ အနီးကပ်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။ ။
AST အဖွဲ့ရဲ့ အနီးကပ်စောင့်ကြည့်ခြင်းခံနေရတဲ့ ငမျိုးဟာ အကြမ်းဖက်စစ်ကောင်စီထောက်တိုင် သတင်းပေးတဦးလို့ ဆိုပါတယ်။
သူဟာ ၂၀၂၂ ခုနှစ်က မန္တလေးမြို့က တော်လှန်ရေးအဖွဲ့တွေကို ပစ်မှတ်ထားသတ်ဖြတ်ခဲ့တဲ့ အနီရောင်စစ်ဆင်ရေးအဖွဲ့မှာ ပါဝင်ခဲ့ပြီး မန္တလေးမြို့တော်က NLD နာယက ဦးကိုလေးရဲ့ ဇနီးကို ရက်စက်စွာသတ်ဖြတ်ခဲ့သူလို့ အသိပေးထားပါတယ်။
ဒါ့အပြင် သူဟာ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တခုဖြစ်တဲ့ UG နဂါးလေး-Dragon Worrier ကို ဖမ်းဆီးပေးခဲ့ပြီး မန္တလေး PDF ကိုတာယာနဲ့ PDF ရဲမေ ဝတ်ရည်ချိုတို့အကြောင်း သတင်းပေးတိုင်ကြားခဲ့သူလို့ သိရပါတယ်။
အခုစစ်ဆင်ရေးကိုဖော်ဆောင်ခဲ့တဲ့ အောင်စည်တော် AST-MDY နဲ့ အရှေ့တောကျား NDA-MDY တို့အနေနဲ့ ပြည်သူတွေ ပေးပို့လာတဲ့ စစ်ရေးပစ်မှတ်တွေကို အရှိန်အဟုန်မြှင့် ဆက်လက် တိုက်ခိုက်သွားမယ်လို့ ကြေညာထားပါတယ်။
========================
🚩🚩 ၃။ မြင်းခြံနဲ့ရေလည်ကျွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ သီတာယုမွန်ဦးဆောင်တဲ့ပျူအဖွဲ့ကို တိုက်ခိုက်မှု စစ်အုပ်စုဘက်က အထိနာ
ဒီဇင်ဘာလ ၂၂ရက်။
မန္တလေးတိုင်း မြင်းခြံမြို့နယ်နဲ့ မကွေးတိုင်း ရေစကြိုမြို့နယ် ရေလည်ကျွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့နဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ကို တိုက်ခိုက်မှုတွေမှာ စစ်အုပ်စုဘက်က ထိခိုက်ကျဆုံးမှုများစွာနဲ့ အထိနာသွားတယ်လို့ မြင်းခြံခရိုင်အမှတ်-၃ တပ်ရင်းက ထုတ်ပြန်ပါတယ်။
မန္တလေးတိုင်း မြင်းခြံမြို့နယ်က ကျောက်ကုန်း၊ ပြည်တော်သာ၊ တန်ဆောင်းနဲ့ ဒါးကျွန်းကျေးရွာက ကျေးလက်ဆေးပေးခန်း ကို မီးရှို့ပြီး နတ်ညွှန်းတောင်ရွာဘက်ထွက်လာတဲ့ သီတာယုမွန်ဦးဆောင်သော ပျူစောထီး ၂၅၀ ခန့်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းငယ်ပါတဲ့အဖွဲ့နဲ့ မြင်းခြံခရိုင် အမှတ်-၃ တပ်ရင်းက ရဲဘော်အင်းအား ၄၀ ခန့်တို့ ဒီဇင်ဘာ ၁၇ ရက် မနက် ၆ နာရီခန့် က နတ်ညွှန်းမြောက်ရွာအနီးမှာ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
ဒီတိုက်ပွဲမှာ သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့က ပျူအများအပြားနဲ့ စစ်ကောင်စီတပ်ဖွဲ့ ထိခိုက်သေဆုံးမှုများခဲ့ပြီး ကားတစီးတိုက်စာရှိတဲ့ အလောင်းတွေ ပြန်သယ်သွားတယ်လို့ ဒေသနေသူတွေဆီကသိရတယ်လို့ ပြောပါတယ်။
ထို့အတူ ဒီဇင်ဘာ ၁၉ ရက်နေ့ မနက် ၆ နာရီခန့်အချိန်မှာ မကွေးတိုင်း ရေကြိုမြို့နယ် ရေလည်ကျွန်းဒေသဘက် ထပ်မံ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့ မြင်းခြံခရိုင်အမှတ် -၃ တပ်ရင်းကရဲဘော်တွေ နွယ်နီရွာ အနောက်ဘက်မှာ မိနစ် ၄၀ ခန့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီ စစ်သင်္ဘောက လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တာကြောင့် တော်လှန်ရေးရဲဘော်တွေ ဆုတ်ခွာခဲ့ရပြီး မနက် ၁၁ နာရီဝန်းကျင်မှာ လှေခုတ်ရွာထဲဝင်လာတဲ့စစ်ကြောင်းကို မြင်းခြံခရိုင် အမှတ် -၃ တပ်ရင်းက ရဲဘော်တွေနဲ့ ညီနောင် မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် ၂နာရီခန့်ရှိခဲ့ပြီး ရန်သူစစ်ကောင်စီဘက်က အထိခိုက်အကျအဆုံးများနိုင်တယ်လို့ အသိပေးပါတယ်။
ရေလည်ကျွန်းဒေသကို စစ်ကြောင်းထိုးပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူကာ သင်္ဘောနဲ့တင်ပြီးပြန်လာချိန် ဒီဇင်ဘာ ၂ဝ ရက်နေ့ ည ၇ နာရီခန့်မှာ မြင်းခြံခရိုင် အမှတ် - ၃ တပ်ရင်းက ရဲဘော်တွေနဲ့ ညီနောင်မဟာမိတ်တို့ပူးပေါင်းပြီး ဧရာဝတီမြစ် တဖက်တချက်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ရေလည်ကျွန်းဒေသမှာဖြစ်တဲ့ ၂ရက်တာတိုက်ပွဲတွေမှာလည်း သီတာယုမွန်ဦးဆောင်တဲ့ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင် အများအပြားထိခိုက်ဒဏ်ရာရနိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ မြင်းခြံခရိုင်အမှတ် - ၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ပွဲတွေမှာ မြင်းခြံခရိုင် အမှတ် - ၃ တပ်ရင်းက ရဲဘော်တွေနဲ့ ရေလည်ကျွန်းဒေသက ညီနောင်မဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၄။ တောင်ငူမြို့က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှု ၅ လုံး ထိမှန်ပေါက်ကွဲ
ဒီဇင်ဘာလ ၂၂ရက်။
ပဲခူးတိုင်း တောင်ငူမြို့မှာအခြေစိုက်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် -တပခ ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ၅ လုံး ထိရောက်ပေါက်ကွဲတယ်လို့ Brave Warriors for Myanmar -BWM အဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၁ ရက် ညသန်းခေါင်အချိန် ဒီနေ့ ဒီဇင်ဘာ ၂၂ ရက် မနက်အစောပိုင်းမှာ အကြမ်းဖက် စစ်ရှုံးကောင်စီရဲ့ တောင်ပိုင်း တိုင်းစစ်ဌာနချုပ်အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ ၅ လုံးက စစ်ဌာနချုပ်အတွင်း ပေါက်ကွဲခဲ့တာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်မှု များတယ်လို့ ကနဦးသိထားပေမယ့် သေဆုံးမှုနဲ့ ပျက်စီးမှုကို စုံစမ်းနေဆဲလို့ မွန်းလဲပိုင်းမှာ အသိပေးပါတယ်။
အဲဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar-BWM အဖွဲ့ ဦးဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Forces-MKCDF အဖွဲ့၊ Anti-Coup People’s Liberation Force – ACPLF နဲ့ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ ပူးပေါင်းပြီး BWM ရဲ့ Mission 27 အဖြစ် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဒီမစ်ရှင်အောင်မြင်ရေးအတွက် ဗိဿနိုး - တောင်တွင်းကြီးအဖွဲ့ကလည်း တဖက်လမ်းကနေ ပါဝင်ကူညီအားဖြည့်ခဲ့တယ်လို့ သိရပါတယ်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ ပဲခူးတိုင်း၊ ကရင်ပြည်နယ် မြောက်ဘက်ခြမ်းဒေသတွေအပါအဝင် သူနဲ့ထိစပ်နေတဲ့ ဒေသတွေက တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖက်နှိမ်နင်းဖို့ ကြိုးကိုင်နေတဲ့ စစ်ဌာနချုပ်ဖြစ်တာကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
အခုလို လုပ်ဆောင်ရတာဟာ မြန်မာနိုင်ငံနေရာအနှံ့က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အစွမ်းကုန်ကြိုးစားတိုက်ခိုက်နေတဲ့ တော်လှန်ရေးအရွှေ့ဖြစ်စေဖို့နဲ့ အကူအညီဖြစ်စေဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာလို့ Brave Warriors for Myanmar-BWM အဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ရှုံးကောင်စီအနေနဲ့ အကြမ်းဖက်နှိပ်စက်တာ လူငယ်တွေကို အတင်းအဓမ္မပြန်ပေးဆွဲစေခိုင်းတာတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝန်းက ပြည်သူလူထု စိတ်မလုံခြုံမှုတွေ ခံစားရနေရသလို Christmas အခါသမယမျိုး မှာတောင် စစ်ရှုံးကောင်စီနဲ့ စစ်တပ်မိသားစုဝင်တွေအနေနဲ့ သူတို့ မှီခိုအားကိုးရာစစ်ဌာနချုပ်အတွင်းမှာတောင် မလုံခြုံ တော့ဘူးဆိုတာ လက်တွေ့ခံစားရစေဖို့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment