(Photo - ပင်လုံမြိုနယ် တောင်ကြားလွင်ပြင်မှာမျက်စိတစ်ဆုံးမြင်ရတဲ့ ဆောင်းသီးနှံဘိန်းခင်းကြီးအား ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် တွင်တွေ့ရစဥ်)
ဘိန်းစိုက်ဧက ၄၅၀၀ ကျော် လျော့ကျသွားပေမယ့် မြန်မာက ထိပ်တန်းဘိန်းစိုက်ပျိုးသူနိုင်ငံအဖြစ် ရှိနေကြောင်း UNODC ထုတ်ပြန်
ကိုမြင့်သူ (Radio NUG) ဒီဇင်ဘာ ၂၂၊ ၂၀၂၄
အာဖဂန်နစ္စတန်နိုင်ငံကို ကျော်လွန်ပြီး ထိပ်တန်းဘိန်းစိုက်ပျိုးသူ နိုင်ငံအဖြစ် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ရောက်ရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ ဒီနှစ်မှာလည်း တနိုင်ငံလုံး အတိုင်းအတာအရ စိုက်ဧက ၄ ရာခိုင်နှုန်း လျော့ကျသွားပေမယ့်လည်း ထိပ်တန်းဘိန်းစိုက်ပျိုးသူနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ ဒီထုတ်ပြန်ချက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ UNODC က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
“မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးတဲ့ လယ်သမားတွေဟာ မချမ်းသာပေမယ့် ခက်ခဲတဲ့ အခြေအနေတွေကြားမှာ မိသားစုရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ရိုးရှင်းစွာနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြပါတယ်” လို့ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ပတ်သက်ပြီး UNODC ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် ယတ်တာဒါကိုဝါက အစီရင်ခံစာမှာ မှတ်ချက်ပြုဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို မျက်နှာလွှဲထားသလို ဘိန်းစိုက်ခင်းတွေဆီက ဆက်ကြေးတောင်းခံပြီး တရားဝင် စိုက်ပျိုးခွင့်ကို မကြေညာတာကလွဲလို့ လွတ်လပ်စွာ စိုက်ပျိုးခွင့်ပြုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာလည်း ဘိန်းနဲ့ဆက်စပ်ပြီး မူးယစ်ဆေးဝါး သုံးစွဲမှုကလည်း မြင့်တက်လာပြီး ကုန်ချောထုတ်လုပ်သူ အမြတ်ရှိနေသ၍ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကလည်း မြင့်တက်နေဦးမှာ ဖြစ်တယ်လို့ ရှမ်းပြည်နယ်အခြေစိုက် မူးယစ်ဆေးသုံးစွဲမှု အမြစ်ဖြတ်ရေး စောင့်ရှောက်ပေး နေသူတစ်ဦးက သုံးသပ်ပါတယ်။
“ဒီမူးယစ်ဆေးဝါးပေါ့နော်၊ အမယ်တွေ တအားတိုးလာတယ်။ ပိုဆိုးတာက သူ့ကို Supporting လုပ်နေတာက ဒီဘက်ခေတ်မှာ ဘာလုပ်နေလဲဆိုတော့ နိုက်ကလပ်၊ ဟိုင်းခန်း၊ KTV အဲဒါတွေ ထွန်းကားနေသရွှေ့က ပြည်တွင်းမှာ ပေါများနေမှာပေါ့။ ထုတ်တဲ့သူတွေလည်း အမြတ်ရနေမှာပေါ့။ လိုအပ်ချက်က အမြဲတမ်းရှိနေတာပဲ။ လူတွေကလည်း ခက်တာကလည်း မူးယစ်ဆေးဝါးက လူတိုင်းနဲ့ နွယ်နေတာလေ။ အသစ် အသစ်တွေကလည်း ထပ်ပြီးတိုးလာတာကိုး။ ကလိုင်းရင့်တွေပေါ့။ သုံးစွဲသူတွေကလည်း အသစ် အသစ်တွေ ထပ်တိုးလာတယ်။ ရပ်မသွားဘူး။ နောက် အစိုးရရဲ့ ယန္တရားနဲ့ တိုင်းပြည်ကို မောင်းနှင်နေတဲ့ပုံစံကိုက မှားနေတယ်”
ထိပ်တန်းဘိန်းစိုက်ပျိုးသူနိုင်ငံ ဖြစ်လာတဲ့ မြန်မာနိုင်ငံရဲ့ မနှစ်က အခြေအနေမှာတော့ အခုလို ဆောင်းရာသီမှာ ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့နယ်တကြောက တောင်ကြားလွင်ပြင်တွေမှာ ဘိန်းခင်းတွေကို မျက်စိတဆုံး မြင်တွေ့ခဲ့ရပါတယ်။ ဘိန်းတောင်သူတွေဟာ အခုလို ဆောင်းရာသီမှာ တောင်ကြားလွင်ပြင်ထဲက လယ်မြေတွေပေါ်မှာ စပါးအပြီး သီးထပ်အဖြစ် ဘိန်းကို စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ ဘိန်းခင်းထဲမှာပဲ ဝမ်းစာအတွက် မုန်ညှင်းတွေကို ရောနှောစိုက်ပျိုးထားပြီး ဘိန်းကိုတော့ ဝင်ငွေရသီးနှံအဖြစ် စိုက်ပျိုးကြတာြ ဖစ်ပါတယ်။
ဘိန်းစိုက်တောင်သူတွေမှာ ဘိန်းစိုက်ပျိုးတာ ချမ်းသာလို့မဟုတ်ဘဲ အခြားသီးနှံတွေထက်စာရင် ဈေးကွက် သေချာပြီး ပြန်လည်ရောင်းချရတာ လွယ်ကူတဲ့အတွက် လွန်ခဲ့တဲ့မျိုးဆက် ၃ ဆက်လောက်ကတည်းက ဘိန်းကို စိုက်ပျိုးလာကြတာ ဖြစ်ပါတယ်။ ဘိန်းကလွဲလို့ ဝင်ငွေရသီးနှံရွေးစရာမရှိတဲ့ တောင်သူတွေမှာ ဘိန်းကို ဆက်လက်စိုက်ပျိုးနေကြရဦးမှာ ဖြစ်သလို ဘိန်းနဲ့ဆက်စပ်တဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုကလည်း မြင့်တက်လာတဲ့အတွက် ဘိန်းစိမ်း လိုအပ်ချက်ကြောင့် ဈေးကွက်ကလည်း ဆက်လက်ခိုင်မာနေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်တပ်က ပေးတဲ့စစ်ရေး ဒုက္ခတွေအပြင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုသံသရာကလည်း မြန်မာပြည်သူတွေအတွက် ဗူးလေးရာဖရုံဆင့်သလို ဖြစ်လာစေမယ်လို့ အဆိုပါ မူးယစ်ဆေးစွဲခြင်းမှ ကာကွယ်စောင့်ရှောက်ရေး ကျွမ်းကျင်သူက ဖြည့်စွက်ပြောပါတယ်။
“ပြည်သူလူထုတွေမှာ ကျန်းမာရေးအဓိကပေါ့။ ကျန်းမာမှ ကုန်ထုတ်စွမ်းအားနဲ့ အခြားသော စီးပွားရေး လုပ်ငန်းတွေ၊ ပညာရေးတွေ ဖွံ့ဖြိုးမှာလေ။ အဲဒါတွေ အကုန်လုံးက နိမ့်ကျနေမှာလေ။ အိမ်တစ်အိမ်မှာ ဒီကောင် ဝင်မွှေလိုက်ပြီဆိုရင် အဲဒီအိမ်ရဲ့ ပျော်ရွှင်ခြင်းက ပျောက်သွားတယ်။ အဆင်မပြေမှု တွေ ဆက်တိုက် ဝင်လာတယ်။ ဒီကောင် ဝင်မွှေနေပြီကိုး။ နောက်တစ်ခါ သူတို့ရဲ့ ကျန်းမာတဲ့ မိသားစုတွေက ဒုက္ခရောက်လာတယ်။ အဲဒီတော့ သူတို့မိသားစုတစ်စုက ဘိန်းစားတစ်ယောက်အတွက် ဝိုင်းပြီးတောင့်ခံနေရတဲ့ အနေထားကနေပြီးတော့မှ သူတို့ပါ ပြိုလဲပြီးတော့ စိတ်ဆင်းရဲမှုတွေ ပွားလာတာပေါ့နော်။ အဲဒီလိုတွေ ဖြစ်ကုန်တာပေါ့”
၂၀၂၄ ခုနှစ်အတွက် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ပတ်သက်ပြီး UNODC ရဲ့ ထုတ်ပြန်ချက်မှာ မနှစ်က ဘိန်း စိုက်ပျိုးဧက ၁၁၇၇၅၀ ဧကရှိရာကနေ အခုနှစ်မှာ ၁၁၃၀၀၀ အထိ ၄ ရာခိုင်နှုန်း လျော့ကျသွားပါတယ်။ တနိုင်ငံလုံး အတိုင်းအတာအရ ဘိန်းစိုက်ဧက ၄၅၂၀ ဧကလျော့ကျသွားပေမယ့် စိုက်ဧကအများဆုံး တည်ရှိရာ ရှမ်းပြည်နယ်မှာတော့ မနှစ်က ဧက ၂၁၀၀၀ ကနေ ၂၃၁၀၀ အထိ စုစုပေါင်း စိုက်ဧကရဲ့ ၁၀ ရာခိုင်နှုန်း တိုးတက်လာပြီး ချင်းမှာ ၁၈ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ချင်းပြည်နယ်က ၂၀၂၃ ခုနှစ်မှာ မူလစိုက်ဧကထက် ၁၀ ရာခိုင်နှုန်းတိုးလာရာမှာ အခုနှစ်မှာ ၁၈ ရာခိုင်နှုန်း ထပ်မံမြင့်တက်လာတာ ဖြစ်ပါတယ်။ ကယားပြည်နယ်မှာ ၈ ရာခိုင်နှုန်းတိုးတက်လာတယ်လို့ ဖော်ပြထားပြီး ကချင်ပြည်နယ်ကတော့ မနှစ်က မူလစိုက်ဧကထက် ၆ ရာခိုင်နှုန်း တိုးတက်လာပြီး အခုနှစ်မှာ ၁၀ ရာခိုင်နှုန်း ပြန်လည်ကျဆင်းသွားတာ ဖြစ်ပါတယ်။ မြန်မာပြည်က ထွက်ရှိတဲ့ ဘိန်းစိမ်းတွေကို အများစုက ထိုင်းနိုင်ငံမှာ ကုန်ချောထုတ်လုပ်တာ ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောဆိုကြပြီး အခြားဒေသတွေမှာ စိုက်ဧကလျော့ကျပေမယ့် စုစုပေါင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှုရဲ့ ၈၈ ရာခိုင်နှုန်းရှိပြီး ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရှမ်းပြည်နယ်မှာ စိုက်ဧက တိုးလာတာက ကုန်ချောထုတ်လုပ်မှုအတွက် ပိုပြီး အားသာချက် ဖြစ်လာစေတာ ဖြစ်ပါတယ်။
No comments:
Post a Comment