၂၀၂၄ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အာဏာပါဝါလုပ်ပိုင်ခွင့်တွေ ရရှိလာတဲ့အပေါ်မှာ တော်လှန်ရေးကို လျစ်လျူရှုသူများအားအရေးယူဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ ဘင်္ဂလားဒေ့ရှ်ကရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မီးလောင်မှုလူသားချင်းစာနာမှုအကူအညီများအမြန်ဆုံးကူညီထောက်ပံ့ပေးရန်လူ့အခွင့်ရေးဒုဝန်ကြီးတိုက်တွန်း
📌 ၃။ ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးဖို့ သားငယ်ကိုထိန်လင်း ဆက်တိုက်လှုပ်ရှား
📌 ၄။ ခရစ်စ္စမတ်လက်ဆောင် ငွေငါးထောင် ထောက်ပံ့ကူညီ နိုင်ကျဉ်းများဆီ " အစီအစဥ်မှရရှိငွေအား နိုင်ငံရေး အကျဉ်းသား၊အကျဉ်းသူ (၂၀)ဦးကို ပေးပို့သွားမယ်
📌 ၅။ NUGအလုပ်သမားဝန်ကြီးဌာနက ရွှေ့ပြောင်းလုပ်သားများအရေးဆက်တိုက်ကူညီဆောင်ရွက်ပေးနေ
📌 ၆။ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ ပြည်သူလူထုကို ခြိမ်းခြောက်ငွေကြေးတောင်းခံတာမျိုးမရှိဘူးလို့ အသိပေး
📌 ၇။ ထိုင်း-မြန်မာနယ်စပ်မှာ ထိုင်းအာဏာပိုင်များက မြန်မာပြည်သူများကို ဝမ်းရောဂါနဲ့ပတ်သက်တဲ့ဆေးဝါးများထောက်ပံ့ကူညီ
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ၂၀၂၁ ခုနှစ်က စစ်အာဏာရှင်ကို ဆန္ဒပြနေမှုနဲ့ မင်းတပ်မြို့သိမ်းပြီး စစ်သုံ့ပမ်းတွေဖမ်းဆီးရရှိမှုအခြေအနေကို CDF မင်းတပ် နှိုင်းယှဉ်ပြသ
🚩 ၂။ သာယာဝတီခရိုင်မှာ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့အတွက် ကြိုပြင်ထားကြဖို့ ပြည်သူလူထုကို PDF တပ်ဖွဲ့သတိပေး
🚩 ၃။ ချောင်းဦးနယ်မှာ ဆက်ကြေးကောက်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ၆ ဦးသေဆုံး
🚩 ၄။ ကြို့ပင်ကောက်မြို့နယ်မှာ တာဝန်ကျနေတဲ့ စစ်သား ၅ ဦး ထွက်ပြေးလွတ်မြောက်
🚩 ၅။ မုံရွာမြို့လယ်မှာ ဓားပြတိုက်လူသတ်ပြီး ကားလုယက်မှုဖြစ်
🚩 ၆။ မန္တလေးမြို့တော်က ရွှေဆိုင် ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ ရွှေထည်များပါသွား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အာဏာပါဝါလုပ်ပိုင်ခွင့်တွေ ရရှိလာတဲ့အပေါ်မှာ တော်လှန်ရေးကို လျစ်လျူရှုသူများအားအရေးယူဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
ဒီဇင်ဘာ၂၆ရက်
အာဏာပါဝါလုပ်ပိုင်ခွင့်တွေ ရရှိလာတဲ့အပေါ်မှာ တော်လှန်ရေးကို လျစ်လျူရှုသူများအား အရေးယူဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၃၁/၂၀၂၄) တွင် ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားလိုက်တာဖြစ်ပါတယ်။
"ဒီအချိန်မှာ အားလုံးက တော်လှန်ရေးမျက်နှာကိုပဲ ကြည့်ကြဖို့ လိုပါတယ်။ တချို့က တော်လှန်ရေးမှာတော့ အတူပါလာကြတယ်ဆိုပေမယ့် အာဏာပါဝါလုပ်ပိုင်ခွင့်တွေ ရရှိလာတဲ့အပေါ်မှာ တော်လှန်ရေးကို လျစ်လျူရှုပြီး ကိုယ်မကြိုက်လို့ တော်လှန်ခဲ့တဲ့ အာဏာရှင်တွေပုံစံ ပြန်ဖြစ်လာတာမျိုးတွေ ကြားရတာ လည်း ရှိပါတယ်။ ဒါတွေကို တိတိကျကျ ကိုင်တွယ်ဆောင်ရွက်သွားဖို့ သက်ဆိုင်ရာဌာန တွေကို ထပ်မံ တိုက်တွန်းလို ပါတယ်"လို့ဝန်ကြီးချုပ်ကပြောပါတယ်။
ဒါ့အပြင် ၂၀၂၅ ဟာအကောင်းဆုံးပြင်ဆင်ပြီး ရင်ဆိုင်တိုက်ပွဲ ဝင်ကြရမယ့်နှစ်ဖြစ်ပြီးတော့ အချိန်တွေ၊ လူတွေ၊ ငွေတွေအားလုံးကို တန်ဖိုးရှိရှိ အသုံးချကြရမယ့် အချိန်ဖြစ်တယ်လို့ဝန်ကြီးချုပ်ကထပ်လောင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၂။ ဘင်္ဂလားဒေ့ရှ်ကရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မီးလောင်မှုလူသားချင်းစာနာမှုအကူအညီများအမြန်ဆုံးကူညီထောက်ပံ့ပေးရန်လူ့အခွင့်ရေးဒုဝန်ကြီးတိုက်တွန်း
ဒီဇင်ဘာ၂၆ရက်
ဘင်္ဂလားဒေ့ရှ်ကရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မီးလောင်မှုလူသားချင်းစာနာမှုအကူအညီများအမြန်ဆုံးကူညီထောက်ပံ့ပေးရန် လူ့အခွင့်ရေးဒုဝန်ကြီးဦးအောင်ကျော်မိုးက ဒီဇင်ဘာလအတွင်း ဆိုရှယ်မီဒီယာမှာ တိုက်တွန်းဆိုလိုက်ပါတယ်။။
"ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မီးလောင်မှုကြောင့် မိသားစုပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်သွားကြောင့် သိရပြီးများစွာ စိတ်မကောင်းဖြစ်ရပါတယ်။ မီးလောင်ပြင်ထဲက အမျိုးသမီးများ၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများရဲ့ ငိုကြွေးသံတွေက ကျနော်တို့ကို အခုလုပ်နေတာတွေထက် အဆများစွာ အလုပ်တိုးလုပ်ဖို့ စေ့ဆော် ပေးလိုက်တယ်။ လူသားချင်းစာနာမှုကူညီပေးရေးအဖွဲ့အစည်းတွေအနေနဲ့ အရေးပေါ် အကူအညီများ အမြန်ဆုံးထောက်ပံ့ကူညီပေးဖို့တိုက်တွန်းအပ်ပါတယ်"လို့ဆိုပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်၊ တက္ကနာ့ဖ်မြို့နယ်က ကုတုပါလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာဒီဇင်ဘာလ (၂၄) ရက်နေ့ မွန်းလွဲ ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။ရိုဟင်ဂျာဒုက္ခသည်စခန်းက စခန်းအမှတ် (၁) အနောက်ကွက် ဘလော့ C2၊ C3၊ C4၊ C5 မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာဒုက္ခသည်တွေနေထိုင်တဲ့ အိမ်အလုံး (၃၆၉ )အိမ်နဲ့ ဘလော့ C1 မှာ အိမ်ခြေ (၁၀၀) ခန့် မီးလောင် ပျက်ဆီးခဲ့ပါတယ်။
========================
📌📌 ၃။ ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးဖို့ သားငယ်ကိုထိန်လင်း ဆက်တိုက်လှုပ်ရှား
ဒီဇင်ဘာ၂၆ရက်
ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးဖို့ သားငယ်ကိုထိန်လင်းမှ ဆက်တိုက်လှုပ်ရှားနေကြောင်းသိရပါတယ်။ဒီဇင်ဘာ၂၅ရက်ခရစ္စမတ်နေ့မှာလည်း မိခင်ဒေါ်အောင်ဆန်းစုကြည်ကို သတိရလွမ်းဆွတ်မိကြောင်းသားငယ်ကိုထိန်လင်းကရုပ်သံနှင့်တကွပြောကြားခဲ့ပါတယ်။"မေမေ့ရဲ့ခရစ္စမတ်အချိန်ကာလကလည်း တည်ငြိမ်အေးချမ်းမှုတွေနဲ့ပြည့်နှက်နေမယ်လို့သားမျှော်လင့်ပါတယ်။မေမေ့အကြောင်းကိုသားတို့အမြဲတမ်းတွေးနေသလို အဝေးကနေလည်းအမြဲဆုတောင်းမေတ္တာပို့သလိုက်ပါတယ်"လို့ကိုထိန်လင်းကပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်ကနိုင်ငံတော်အာဏာကိုလုယူပြီးနောက် နိုင်ငံခေါင်းဆောင်များဖြစ်သော သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်းမတရားဖမ်းဆီးအကျဥ်းချထားခဲ့ပါတယ်။
========================
📌📌 ၄။ ခရစ်စ္စမတ်လက်ဆောင် ငွေငါးထောင် ထောက်ပံ့ကူညီ နိုင်ကျဉ်းများဆီ " အစီအစဥ်မှရရှိငွေအား နိုင်ငံရေး အကျဉ်းသား၊အကျဉ်းသူ (၂၀)ဦးကို ပေးပို့သွားမယ်
ဒီဇင်ဘာ၂၆ရက်
"ခရစ်စ္စမတ်လက်ဆောင် ငွေငါးထောင် ထောက်ပံ့ကူညီ နိုင်ကျဉ်းများဆီ " အစီအစဥ်မှရရှိငွေအား နိုင်ငံရေး အကျဉ်းသား၊အကျဉ်းသူ (၂၀)ဦးကို ပေးပို့သွားမယ်လို့သိရပါတယ်။ဒီဇင်ဘာ၂၆ရက် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကအသိပေးဆိုပါတယ်။ခရစ်စ္စမတ်လက်ဆောင် ငွေငါးထောင် ထောက်ပံ့ကူညီ နိုင်ကျဉ်းများဆီ "ခေါင်းစဉ်ဖြင့် ရရှိခဲ့သည့် ကူညီထောက်ပံ့မှု လှူဒါန်းငွေ ထိုင်းဘတ် ၅၃၀၀ဘတ်(ငါးထောင့်သုံးရာဘတ်)နှင့် မြန်မာကျပ်ငွေ ၃၁၁၈၀၀ ကျပ်(သုံးသိန်းတစ်သောင်းတစ်ထောင့်ရှစ်ရာကျပ်) ရရှိခဲ့ပါတယ်လို့ဖော်ပြပါတယ်။
အဆိုပါရရှိငွေများအား ပါဆယ်အခက်အခဲဖြစ်နေသူ နိုင်ငံရေး အကျဉ်းသား၊အကျဉ်းသူ (၂၀)ဦးအား မြန်မာငွေ ၅၀၀၀၀ကျပ်( ငွေငါးသောင်းကျပ်) နှုန်းဖြင့် ထောက်ပံ့ကူညီပံ့ပိုးပေးသွားမယ်လို့သိရပါတယ်။
ခရစ်စမတ်လက်ဆောင် ငွေငါးထောင်မှစ၍ ကူညီထောက်ပံ့ခဲ့သူ တစ်ဦးတစ်ယောက်ချင်းစီအား အကျဉ်းထောင်တွင်းရှိနိုင်ငံရေးအကျဉ်းသားအကျဉ်းသူများကိုယ်စား PPNMမှ ကျေးဇူးအထူးတင်ရှိကြောင်းဆိုထားပါတယ်။
========================
📌📌 ၅။ NUGအလုပ်သမားဝန်ကြီးဌာနက ရွှေ့ပြောင်းလုပ်သားများအရေးဆက်တိုက်ကူညီဆောင်ရွက်ပေးနေ
ဒီဇင်ဘာ၂၆ရက်
NUGအလုပ်သမားဝန်ကြီးဌာနက ရွှေ့ပြောင်းလုပ်သားများအရေးဆက်တိုက်ကူညီဆောင်ရွက်ပေးနေတယ်လို့သတင်းရရှိပါတယ်။ဒီဇင်ဘာလတတိပတ်အတွင်း အလုပ်သမားဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်ပါတယ်။"ထိုင်းနိုင်ငံ ဘန်ကောက်နယ်မြေ ဖိကစင်၊ ဆွယ်(63)ရှိ LPN Engineer Co.Ltd မှ အလုပ်သမား (၅)ဦး လုပ်အားခ မရသည်မှာ(၈)လကျော်နေ၍ တိုင်ကြားလာသဖြင့် လိုအပ်သည့်အချက်အလက်များစစ်ဆေးပြင်ဆင်ပေးပြီ ဆဝါဒီကန်ရုံးတွင် အမှုဖွင့်တိုင်ကြားပေးခဲ့တယ်"လို့ဆိုပါတယ်။
ထို့အပြင်ထိုင်းနိုင်ငံ၊ ပါချင်ပူရီမြို့နယ်ရှိ KC ဆိုလာစက်ရုံသို့ အလုပ်ဝင်ရောက်မည့် MOU အလုပ်သမား (၆၈)ဦး သည် ယနေ့အချိန်ထိ အလုပ်မဝင်ရသေးပဲ အဆောင်တစ်ခုတွင် နေထိုင်နေရကာ သူဌေးဖြစ်သူမှ ဘဏ်စာအုပ်များကိုလည်းသိမ်းထားကြောင်း တိုင်ကြားလာသဖြင့်ပါချင်ပူရီခရိုင် DOE ရုံးသို့သွားရောက်၍ ကူညီတိုင်ကြားပေးခဲ့ပြီး သက်ဆိုင်ရာအေဂျင်စီ၊ စက်ရုံပိုင်ရှင်သူဌေးတို့အား DOE မှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ်။
အဆိုပါကူညီပေးမှုကြောင့် တစ်ပတ်အတွင်း အလုပ်သစ်ရှာပေးရန်၊ ဘိုင်ကျန့်အော်ထုတ်ပေးရန်နှင့် ဘဏ်စာအုပ်များအလုပ်သမားများလက်ဝယ်ပြန်ပေးရန် အစရှိသည့်အချက်များ သဘောတူညီမူရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရခြင်းများအား တိုင်ကြားရေးယန္တရား - အလုပ်သမားဝန်ကြီးဌာန page တွင်လည်း လာရောက်တိုင်ကြားနိုင်တယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ ပြည်သူလူထုကို ခြိမ်းခြောက်ငွေကြေးတောင်းခံတာမျိုးမရှိဘူးလို့ အသိပေး
ဒီဇင်ဘာ၂၆ရက်
တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ ပြည်သူလူထုကို ခြိမ်းခြောက်ငွေကြေးတောင်းခံတာမျိုးမရှိဘူးလို့ အသိပေး ပြောဆိုလိုက်ပါတယ်။
TTA တောင်သာပြောက်ကျားတပ်အမည်ရှိတဲ့အဖွဲ့က ဒီဇင်ဘာ ၂၅ ရက်စွဲနဲ့ တောင်သာမြို့ပေါ်က စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုပစ္စည်းဆိုင်ကို ကျပ် ၁ဝသိန်း တောင်းခံတဲ့စာ လူမှုကွန်ယက်စာမျက်နှာပေါ် ပျံ့နှံ့လာတဲ့အတွက် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အခုလို အသိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။
အခုလို ငွေကြေးခြိမ်းခြောက်တောင်းခံမှုမျိုးကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မလုပ်ဘူးဆိုတာ အပြည့်အဝတာဝန်ယူဖြေရှင်းနိုင်တယ်လို့လည်း အသိပေးထားပါတယ်။
ဒီလို ခြိမ်းခြောက်ငွေကြေးတောင်းခံတာကို စစ်ကောင်စီဘက်က အသွင်ယူပြုလုပ်တာပဲဖြစ်ဖြစ် လူပုဂ္ဂိုလ်တဦးဦးက ပြုလုပ်တာပဲဖြစ်ဖြစ် ဒီလုပ်ရပ်ဟာ အောက်တန်းကျတဲ့လုပ်ရပ်ဖြစ်တဲ့အတွက် ပြင်းထန်စွာရှုတ်ချတယ်လို့လည်း တောင်သာ ပကဖ က ထုတ်ပြန်ထားပါတယ်။
နွေဦးတော်လှန်ရေးဟာ ပြည်သူလူထု ထောက်ခံမှု၊ထောက်ပံ့မှုနဲ့ ဖက်ဆစ်ဝါဒီအကြမ်းဖက်စစ်တပ် မြန်မာ့မြေပေါ်ကနေ ပပျောက်ရေး ပေါ်ပေါက်လာတဲ့ လူထုတော်လှန်ရေးတရပ်ဖြစ်ပြီး တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာလည်း ပြည်သူကိုကိုယ်စားပြုတဲ့ မြို့နယ်ကိုယ်စားပြု တော်လှန်ရေးအဖွဲ့အစည်းတခုဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။
ပြည်သူလူထုကို အနှောက်အယှက်ဖြစ်စေတဲ့ အထိတ်တလန့်ဖြစ်စေတဲ့ ငွေကြေးတောင်းခံမှုမျိုးကို အရင်ကမလုပ်ခဲ့ ဘူးသလို ဘယ်အခါမှလုပ်မှာတဲ့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြည်သူ့ကာကွယ်ရေးရဲဘော်အနေနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ အဖွဲ့အစည်းအဖြစ် ရပ်တည်သွားမယ်လို့ ပြည်သူလူထုကို ကတိသစ္စာပြု ကြောင်း တောင်သာ ပကဖ က ထုတ်ဖော်ပြောဆိုထားပါတယ်။
========================
📌📌 ၇။ ထိုင်း-မြန်မာနယ်စပ်မှာ ထိုင်းအာဏာပိုင်များက မြန်မာပြည်သူများကို ဝမ်းရောဂါနဲ့ပတ်သက်တဲ့ဆေးဝါးများထောက်ပံ့ကူညီ
ဒီဇင်ဘာ၂၆ရက်
ထိုင်း-မြန်မာနယ်စပ်မှာ ထိုင်းအာဏာပိုင်များက မြန်မာပြည်သူများကို ဝမ်းရောဂါနဲ့ပတ်သက်တဲ့ဆေးဝါးများ ထောက်ပံ့ကူညီလျက်ရှိတယ်လို့ သိရပါတယ်။ဒီဇင်ဘာလအတွင်းမှာအသိပညာပေးမှုနဲ့ဆေးဝါးများဖြန့်ဝေခဲ့တယ်လို့ Bangkok postကကိုးကားဖော်ပြပါတယ်။မြဝတီ မြို့နယ်ရွှေကုက္ကိုမြို့မှာ ကာလဝမ်းရောဂါ ဖြစ်ပွားသူ ၃၀၀ ကျော်သတင်းရရှိပြီးနောက် ထိုင်းမြန်မာနယ်စပ်ဂိတ်အချို့ကို ထိုင်းဘက်က ယာယီပိတ်ခဲ့ပါတယ်။
အဆိုပါဖြစ်ပွားနေတဲ့ဝမ်းရောဂါဟာမြန်မာဘက်မှာသေဆုံးသူအချို့ရှိလာပြီးနောက်ထိုင်းနိုင်ငံနယ်စပ်မဲဆောက်မြို့နဲ့ မယ်လမယ့်နေရာဘက်များမှာစစ်ဆေးရေးများတင်းကြပ်စွာထားရှိခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ၂၀၂၁ ခုနှစ်က စစ်အာဏာရှင်ကို ဆန္ဒပြနေမှုနဲ့ မင်းတပ်မြို့သိမ်းပြီး စစ်သုံ့ပမ်းတွေဖမ်းဆီးရရှိမှုအခြေအနေကို CDF မင်းတပ် နှိုင်းယှဉ်ပြသ
ဒီဇင်ဘာ၂၆ရက်။
ချင်းပြည်နယ် မင်းတပ်မြို့ကို ချင်းညီနောင်နဲ့မဟာမိတ်တပ်တွေသိမ်းပိုက်ပြီးနောက် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစက စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်နေတဲ့နေရာမှာ မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိတဲ့ စစ်သုံ့ပမ်းတွေ ထားရှိပြီး နှိုင်းယှဉ်ပြသတဲ့ ဓာတ်ပုံအချို့ကို CDF မင်းတပ်က ထုတ်ပြန်ပြသခဲ့ပါတယ်။
ချင်းဒေသကာကွယ်ရေးတပ်-CDF မင်းတပ်ပါဝင်တဲ့ ချင်းညီနောင်နဲ့မဟာမိတ်တပ်တွေက မင်းတပ်မြို့ကို ဒီဇင်ဘာ ၂၁ ရက် မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်သုံ့ပမ်းတွေ ရာချီဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
CDF မင်းတပ်ကဖော်ပြတဲ့ဓာတ်ပုံမှာ မင်းတပ်မြို့ စီးပွားရေးဘဏ်အောက် မင်းတပ် - မတူပီလမ်းမကြီးပေါ်မှာ ၂၀၂၁ ခုနှစ်က ပြည်သူတွေ ဆန္ဒထုတ်ဖော်ချီတက်နေတာတွေ့ရှိပြီး ဖမ်းဆီးရမိထားတဲ့စစ်သုံ့ပမ်းတွေ တန်းစီထားရှိတဲ့အခြေအနေကို မှတ်တမ်းတင်ထားတာကိုတွေ့ရပါတယ်။
ဒါ့အပြင် မင်းတပ်မြို့ မြို့မစျေးအနီးမှာ ၂၀၂၁ နှစ်က ပြည်သူလူထုက ထိုင်ပြီးဆန္ဒထုတ်ဖော်နေတဲ့မြင်ကွင်းနဲ့ စစ်ကောင်စီ တပ်သားအချို့ကို မြို့မစျေးအနီးမှာ ဖမ်းဆီးရရှိခဲ့တဲ့မြင်ကွင်းကိုလည်း နှိုင်းယှဉ်ဖော်ပြထားပါတယ်။
မင်းတပ်မြို့ခံတွေက စစ်အာဏာရှင်ကို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြပေမယ့် အာဏာသိမ်းစစ်တပ်က ရက်စက်စွာ ဖြိုခွင်းခဲ့တာကြောင့် လက်နက်ကိုင်တော်လှန်မှုကို အစောဆုံးစတင်ဖော်ဆောင်ခဲ့ကြတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံအပါအဝင် ခေတ်မီလက်နက်တွေတပ်ဆင်ထားတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းကို ၂၀၂၁ ခုနှစ် ဧပြီလမှာ တူမီးသေနတ်နဲ့တိုက်ခိုက်ချေမှုန်းပြသခဲ့တဲ့ မင်းတပ်မြို့ခံတွေဟာ တော်လှန်ရေးကာလ ၄ နှစ်နီးပါးအကြာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှာ မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။
========================
🚩🚩 ၂။ သာယာဝတီခရိုင်မှာ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့အတွက် ကြိုပြင်ထားကြဖို့ ပြည်သူလူထုကို PDF တပ်ဖွဲ့သတိပေး
ဒီဇင်ဘာ၂၆ရက်။
ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်ထဲက ပဲခူးရိုးမအတွင်းကို စစ်တပ်က စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတဲ့အတွက် မြို့သိမ်းတိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့် ဒေသနေပြည်သူများအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ သာယာဝတီခရိုင် PDF တာဝန်ရှိသူတွေက သတိပေးပြောဆိုထားပါတယ်။
သာယာဝတီခရိုင်ထဲမှာပါတဲ့ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်းနဲ့ နတ်တလင်း မြို့နယ်တို့နဲ့ ထိစပ်နေတဲ့ ပဲခူးရိုးအတွင်း အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေ တယ်လို့ ဆိုပါတယ်။
ပဲခူးရိုးမအတွင်းကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးခဲ့မယ်ဆိုရင် တိုက်ပွဲတွေပြင်းထန်လာနိုင်ပြီး မြို့သိမ်းတိုက်ပွဲ တွေပါ ဖြစ်လာနိုင်တဲ့အတွက် ဒေသနေပြည်သူတွေ ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးလိုက် တာလည်းဖြစ်ပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်တပ်က ပဲခူးရိုးမအတွင်း လေယာဉ်နဲ့ကင်းထောက်တာ တိုက်ခိုက်ရေးဂျက်လေယာဉ်တေါ ဆက်တိုက်ပျံဝဲတာတွေ လုပ်ဆောင်နေတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေကလည်း စောင့်ကြည့်မှုတွေလုပ်နေတယ်လို့ သိရပါတယ်။
ရိုးမမှာရော မြို့ပေါ်မှာပါ အချိန်မရွေး တိုက်ပွဲတွေဖြစ်လာနိုင်တဲ့အတွက် ပြည်သူလူထုအနေနဲ့လည်း စစ်ရေးအခြေအနေ တွေ မျက်ခြေမပြတ်နားစွင့်ထားဖို့နဲ့ မြို့သိမ်းတိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ သာယာဝတီခရိုင် PDF က တိုက်တွန်းထားပါတယ်။
သာယာဝတီခရိုင်အတွင်းက မြို့နယ် ၈ ခုကို နယ်မြေစိုးမိုးနိုင်ရေးအတွက် အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၇၇ နဲ့ ၁၀၁ တို့ကို စစ်ခေါင်းဆောင်ပိုင်းက ညွှန်ကြားထားပြီး ကက ကြည်းနဲ့ စစ်ဆင်ရေးအထူးအဖွဲ့တို့က စစ်ကြောင်း ၄ ကြောင်းဖွဲ့စည်းကာ ကွပ်ကဲနေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ချောင်းဦးနယ်မှာ ဆက်ကြေးကောက်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ၆ ဦးသေဆုံး
ဒီဇင်ဘာ၂၆ရက်။
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးသွားတယ်လို့ မုံရွာခရိုင် တပ်ရင်း ၈ က ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ မနေ့ ဒီဇင်ဘာ ၂၅ ရက် မနက် ၇ နာရီခန့်မှာ ချောင်းဦးမြို့နဲ့ ငါးယှန်ရွာကြားမှာရှိတဲ့ သံလွင်မြန်မာ ဆီဆိုင်အနီးကနေပြီး ခရီးသွားပြည်သူတွေကို ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့အဖွဲ့လို့ သိရပါတယ်။
ချောင်းဦးမြို့ မိုးကောင်းကျောင်းအတွင်းကနေ ပြည်သူပိုင်ကားတွေကိုတားပြီး ထွက်လာတဲ့ အဲဒီစစ်ကောင်စီအဖွဲ့ကို တိုက်ခိုက်ခဲ့ရာမှာ ၃၅ မိနစ်ကြာတိုက်ပွဲဖြစ်ခဲ့ပြီး တောပုပျူစောထီးရွာက ရဲတဦးအပါအဝင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ ဘက်က ၆ ဦးသေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်တွေဘက်က လက်နက်ကောက်ယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ကျန်စစ်သားတွေက ပြန်လည်ပစ်ခတ်နေတဲ့ အတွက် မကောက်နိုင်ခဲ့ဘူးလို့ အသိပေးထားပါတယ်။
အခုလိုစစ်ရေးဖော်ဆောင်နေချိန်မှာ ချောင်းဦးမြို့ ပေါက်အင်းစိုက်ကွင်းရုံးမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးပစ်ကူ ပေးတာရယ် ချောင်းဦးမြို့ ခရေဖြူဂိတ်ကနေ စစ်ကူလာတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ အထိခိုက်မရှိအောင် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း ၈ Farmers Revolution Force အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ခရီးသွားပြည်သူတွေနဲ့ ယာဉ်မောင်းတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို အတတ်နိုင်ဆုံးရှောင်ပြီး မောင်းနှင့်ကြဖို့နဲ့ ပစ်ခတ်သံတွေ လက်နက်ကြီးအသံတွေကြားရင် အကာကွယ်ရှိတဲ့နေရာမှာနေကြဖို့ Farmers Revolution Force အဖွဲ့က မေတ္တာရပ်ခံထားပါတယ်။
ဒီတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၈၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေး CDSOM ဗိုလ်စင်္ကြာစစ်ကြောင်း တို့ ပူပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၄။ ကြို့ပင်ကောက်မြို့နယ်မှာ တာဝန်ကျနေတဲ့ စစ်သား ၅ ဦး ထွက်ပြေးလွတ်မြောက်
ဒီဇင်ဘာ၂၆ရက်။
ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် ကွင်းချောင်းရွာစစ်စခန်းမှာ တာဝန်ကျနေတဲ့ စစ်သား ၅ ဦး ထွက်ပြေးသွားတာကြောင့် စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေ လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ပေမယ့် လွတ်မြောက်သွားတယ်လို့ ဒေသတွင်းသတင်းတွေ က ဆိုပါတယ်။
စစ်တပ်အရာရှိတွေက တပ်သားသစ်တွေရရှိဖို့ လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဖို့ အမိန့်ပေးစေခိုင်းတာကို ဆန့်ကျင်ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့ညက ထွက်ပြေးသွားကြတာလို့ သိရပါတယ်။
ကြို့ပင်ကောက်မြို့နယ် ကွင်းချောင်းရွာမှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းက စစ်သား ၅ ဦးဟာ စစ်အရာရှိတွေရဲ့ အမိန့်ကိုဖီဆန်ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့ည ၈ နာရီခန့်အချိန်မှာ ထွက်ပြေးသွားတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီး တွေ လိုက်လံပစ်ခတ်ဖမ်းဆီးတာတွေရှိတယ်လို့ ဒေသနေပြည်သူတွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး Tharyarwaddy 8 City က ဖော်ပြထားပါတယ်။
အခုလို စစ်အရာရှိတွေရဲ့အမိန့်ကိုဆန့်ကျင်ပြီး ထွက်ပြေးသွားတဲ့ စစ်သား ၅ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေ လက်ရှိအချိန်ထိ တောနင်းရှာဖွေနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း အုတ်ဖိုမြို့နယ် တိမ်မြုပ်ရွာအခြေစိုက် ခမရ ၆ တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ၇ ဦးဟာ လက်နက်တွေ ယူဆောင်သွားပြီး ထွက်ပြေးသွားခဲ့ရာ လက်ရှိချိန်အထိ ပြန်လည်ဖမ်းဆီးရမိတာမရှိသေးတဲ့အတွက် စစ်အရာရှိတွေ အရေးယူခံရဖို့ သေချာနေပြီလို့ တပ်သတင်းရင်းမြစ်တွေက ပြောဆိုနေကြပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်ထဲမှာပါတဲ့ မြို့နယ် ၈ ခုမှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ စစ်ကောင်စီလက်အောက် ခံပျူစောထီတွေဟာ ဒေသခံလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာနဲ စစ်မှုထမ်းအတွက် ခြိမ်းခြောက်ငွေတောင်းတာတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ မုံရွာမြို့လယ်မှာ ဓားပြတိုက်လူသတ်ပြီး ကားလုယက်မှုဖြစ်
ဒီဇင်ဘာ၂၆ရက်။
စစ်ကိုင်းတိုင်း မုံရွာမြို့လယ်မှာ ဓားပြတိုက် လူသတ်ပြီး ကားတစီးလုယက်ယူဆောင်မှု ဒီနေ့မနက်ပိုင်းမှာ ဖြစ်ခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့-ပလဖ တာဝန်ခံ ကိုအာကူးက ပြောပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၂၆ရက် မနက်ပိုင်းက မုံရွာမြို့ပေါ်တနေရာမှာ ဓားပြတိုက် လူသတ်ပြီး ကားတစီးလုယက်ယူဆောင်မှုဖြစ်ခဲ့ တာလို့ ဆိုပါတယ်။
မုံရွာမြို့ပေါ်တနေရာက အိမ်တအိမ်ကို လူတစုဝင်ရောက်လာပြီး အိမ်ရှင်အားသတ်ဖြတ်ကာ ကားတစ်စီးယူဆောင်သွားတဲ့ အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ကျူးလွန်သူတွေကို မိမိတို့နယ်မြေအတွင်းမှာတွေ့ရှိပါက ဖမ်းဆီးထိန်းသိမ်းပြီး မုံရွာမြို့နယ် ပလဖ ထံအကြောင်းကြားဖို့ အသိပေးထားပါတယ်။
တိုယိုတာ Wish အဖြူရောင်ကားတစီးကို ဓားပြတိုက်သူတွေက ယူဆောင်သွားတာဖြစ်ပြီး လက်ရှိမှာ ပစ်ခတ်မှုတွေ ဖြစ်နေတဲ့အတွက် ဒီလုယက်မှုနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ ဒီနေ့မနက် ၁၁ နာရီကျော်တဲ့အထိ မသိရသေးပါဘူး။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဝါဒါဖြန့်ချန်နယ်တွေကတော့ မုံရွာမြို့ ဗိုလ်တေဇလမ်းမြောက်ပိုင်း မန်ကျည်းပင်စျေး အနီးမှာ လုယူခံရတာဖြစ်ပြီး ကားပိုင်ရှင်အမျိုးသမီးဟာ သေနတ်နဲ့ ၄ ချက်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းနဲ့ လုယက်သူတွေဟာ လူငယ်အမျိုးသား၂ဦးနဲ့ အမျိုးသမီးတဦးပါဝင်တယ်လို့ ရေးသားဖော်ပြနေကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့ပေါ်မှာရှိတဲ့ ရွှေဆိုင်တွေနဲ့ အခြားစီးပွားရေးလုပ်ငန်းတွေ မကြာခဏ ဓားပြတိုက်ခံနေရပြီး လူသေဆုံးတဲ့ဓားပြမှုတွေအထိ ရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ မန္တလေးမြို့တော်က ရွှေဆိုင် ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ ရွှေထည်များပါသွား
ဒီဇင်ဘာ၂၆ရက်။
မန္တလေးမြို့တော်စည်ပင်နယ်နမိတ်ထဲမှာပါတဲ့ ချမ်းအေးသာဇံမြို့နယ်က နဂါးနန်းတော်ရွှေဆိုင် ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ ရွှေထည်တွေလုယူခံခဲ့ရတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
ချမ်းအေးသာဇံမြို့နယ် ၇၇ လမ်း၊ ၃၁ လမ်းနဲ့ ၃၂လမ်းကြားမှာရှိတဲ့ နဂါးနန်းတော်ရွှေဆိုင်ကို ဒီနေ့ ဒီဇင်ဘာ ၂၆ ရက် မနက် ၈ နာရီ ၄၇ မိနစ်ဝန်းကျင်အချိန်က လက်နက်ကိုင်ထားသူ ၂ ဦးက ဆိုင်ကယ်နဲ့ရောက်လာပြီး ဓားပြတိုက်သွားတာလို့ ဆိုပါတယ်။
ဆိုင်ဖွင့်စအချိန်မှာ ဓားပြတိုက်ခံရတာလို့ ဒေသနေသူတွေနဲ့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောကြားချက်ကို ကိုးကားပြီး ဒေသတွင်းသတင်းဌာနတွေကလည်း ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ လမ်းတွေပိတ်ပြီး တပ်နဲ့ရဲက လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ဆိုပါတယ်။
ရဲသတင်းရင်းမြစ်တွေကတော့ ဓားပြတိုက်သူတွေအသုံးပြုခဲ့တဲ့ ဆိုင်ကယ်နဲ့ ဝတ်ဆင်တဲ့အဝတ်အစားတွေကို CCTV မှတ်တမ်းရရှိထားပြီး လိုက်လံဖမ်းဆီးနေကြောင်နေဲ့ ခန့်မှန်းခြေ သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ ရွှေထည်တွေပါသွားတယ်ဆို တာ ကနဦးသိရှိထားပြီး အတိအကျသိရအောင် ဆက်လက်စိစစ်နေတယ်လို့ ပြောပါတယ်။
အခုဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းတုန်းကလည်း မဟာအောင်မြေမြို့နယ် ဟေမမာလာမြောက်ရပ်ကွက် ၇၇ လမ်း ၃၆ လမ်းနဲ့ ၃၇လမ်းကြားမှာရှိတဲ့ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံခဲ့ရပြီး ရွှေ ၄ ပိဿာဝန်းကျင်ပါသွားပေမယ့် ကျူးလွန် သူတွေကိုတော့ လက်ရှိအချိန်ထိ ဖမ်းဆီးရမိတာမရှိသေးဘူးလို့ သိရပါတယ်။
မန္တလေးမြို့တော်မှာ ၂ဝ၂၃ ခုနှစ်ကစပြီး ရွှေဆိုင်ဓားပြတိုက်မှုတွေ မကြာခဏဖြစ်ခဲ့ရာ အဲဒီနှစ်အတွင်း ရွှေဆိုင်ဓားပြတိုက် ခံရမှု ၃ ကြိမ်ရှိခဲ့ပြီး အခု ၂ဝ၂၄ ခုနှစ်မှာဆိုရင် ၄ ကြိမ်ရှိသွားပြီးလို့ သတင်းဌာနတွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment