၂၀၂၄ ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တရားဥပဒေစိုးမိုးရေး အမှုစစ်ရဲအရာရှိသင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲကျင်းပ
📌 ၂။ နမ့်ခမ်းမြို့နယ်မှာ PSLF/TNLA မီးသတ်တပ်ဖွဲ့က မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်များဆောင်ရွက်
📌 ၃။ ကိုင်းလယ်နယ်မြေရဲစခန်းက ရဲတပ်သား၂ ဦး လက်နက်နဲ့အတူ အလင်းဝင်
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဧရာဝတီ PDF အမှတ် ၂၉ ဗျူဟာ ဖွဲ့စည်း
🚩 ၂။ မံစီမြို့မှာ တိုက်ပွဲတွေေပြင်းထန်နေပြီး အလံဖြူထောင်ကာ လက်နက်ချသူတွေရှိနေ
🚩 ၃။ စစ်တွေမှာ AA နဲ့ စစ်ကောင်စီတိုက်ပွဲဖြစ်
🚩 ၄။ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ မုံရွာခရိုင် တပ်ရင်း-၃က ရဲဘော် ၇ ဦး ကျဆုံး
🚩 ၅။ ဆိပ်ဖြူနယ်က စစ်တပ် အထိုင်စခန်း ၂ ခုနဲ့ ရဲစခန်းကို ဒရုန်းနဲ့ဗုံးကြဲပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တရားဥပဒေစိုးမိုးရေး အမှုစစ်ရဲအရာရှိသင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲကျင်းပ
ဒီဇင်ဘာလ ၂၈ရက်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ တအာင်းပြည်တနေရာမှာ တရားဥပဒေစိုးမိုးရေး အမှုစစ် ရဲအရာရှိသင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲကျင်းပခဲ့ပါတယ်။
အဲဒီ အမှုစစ် ရဲအရာရှိသင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက်နေ့မနက်ပိုင်းမှာ ကျင်းပခဲ့ တာဖြစ်ပြီး ဗိုလ်မှူးကြီး တားကုင်ခြိုရ်၊ ဗိုလ်မှူး တားရူစီင်၊ ဗိုလ်မှူး တားလှာညိူဝ်း စတဲ့ အရာရှိအရာခံများ၊ ဒေသခံပြည်သူ လူထုနဲ့ ကျောင်းသားများအပါအဝင် စုစုပေါင်းလူဦးရေ ၁၀၀ ကျော်တတ်ရောက်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
တအာင်းပြည်မှာ အမှုစစ်ဆေးတဲ့ ရဲအရာရှိတွေ နည်းပါးတာကြောင့် အမှုစစ်ဆေးရာမှာကြံ့ကြာတာ သက်သေပျောက်ဆုံး တာတွေများနေရာ သင်တန်းဆင်းရဲအရာရှိများအနေနဲ့ အမှုတွေကို ကောင်းမွန်စွာတည်ဆောက်ပြီး တရားစီရင်ရေးဌာနသို့ ပို့ဆောင်ကာ အမှုတွေကိုစစ်ဆေးနိုင်ရမယ်လို့ PSLF/TNLA ရဲချုပ် ဗိုလ်မှူးကြီး တားကုင်ခြိုရ်းက ပြောပါတယ်။
ဒါ့အပြင် ရဲအရာတွေလိုက်နာရမယ့် ဆောင်ရန်၊ ရှောင်ရန်အချက်တွေသိရှိလိုက်နာပြီး သေမှုသေခင်းဖြစ်စဉ်တွေမှာလည်း အချက်အလက်မှတ်တမ်းတွေကို ကြည့်ရှုစစ်ဆေးနိုင်ရမယ်လို့ PSLF/TNLA ရဲချုပ်က ဆက်ပြောပါတယ်။
ဒီသင်တန်းမှာ ရာဇသတ်ကြီးဥပဒေ၊ ယာဉ်ထိန်း၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ ရဲကျင့်ဝတ်၊ သက်သေခံဥပဒေ၊ ရဲစခန်းမှတ်ပုံ တင်ခြင်းနဲ့ ပုံစံများရေးသွင်းခြင်း၊ အမှုစစ်လက်စွဲ၊ အများအပေါ်သုံးသပ်ဖော်ထုတ်ခြင်း၊ နယ်ထိန်း၊ မှုခင်းဆိုင်ရာဆေးပညာ စတဲ့ဘာသာရပ်တွေကို ကျွမ်းကျင်တဲ့ ဆရာတွေက သင်ကြားပို့ချပေးခဲ့တယ်လို့ သိရပါတယ်။
သင်တန်းကာလ ၂ လကျော် ကြာမြင့်ခဲ့ပြီး သင်တန်းသား ၃၀ ဦး တတ်ရောက်ခဲ့ပေမယ့် အကြောင်းမျိုးမျိုးကြောင့် သင်တန်း သား ၂၅ ဦးသာ သင်တန်းပြီးမြောက်တဲ့အထိ တတ်ရောက်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
========================
📌📌 ၂။ နမ့်ခမ်းမြို့နယ်မှာ PSLF/TNLA မီးသတ်တပ်ဖွဲ့က မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်များဆောင်ရွက်
ဒီဇင်ဘာလ ၂၈ရက်။
တအာင်းပြည် တပ်မဟာ -၁ နယ်မြေ နမ့်ခမ်းမြို့နယ်မှာ PSLF/TNLA မီးသတ်တပ်ဖွဲ့က မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်တွေ လုပ်ဆောင်နေတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၁ ရက်နေ့က နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စု တွန်ဟုန်းကျေးရွာ၊ ဒီဇင်ဘာ ၂၄ရက်နေ့က ပန်ဟန်ကျေးရွာ တို့မှာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးတရပ်အနေနဲ့ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
မကြာခင်ရောက်ရှိလာမယ့် နွေရာသီကာလမှာ မီးလောင်မှုတွေမဖြစ်စေဖို့ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဥ်များနဲ့ ပတ်သက်ပြီး PSLF/TNLA မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတွေက ပြည်သူလုထုကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
မီးဘေးကြိုတင်ကာကွယ်ရေးအနေနဲ့ မီးချိတ် မီးကပ်နဲ့ ရေပုံးများ အိမ်တိုင်းထားရှိရန်လိုအပ်ပြီး ကျေးရွာအလိုက် ရေကန် တကန်နဲ့ ရေစုပ်စက်တွေထားရှိဖို့ PSLF/TNLA မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဒါ့အပြင် ဆိုင်ကယ်စီးသူတွေ လိုက်နာရမယ့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ ချမှတ်ထားပြိးဖြစ်တာကြောင့် လိုက်နာမှု မရှိသူတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးထားပါတယ်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဟာ သူတို့သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တအာင်းပြည်မှာ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေလုပ်ဆောင်နေပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေအပါအဝင် ဒေသအုပ်ချုပ်ရေးယန္တယား လည်ပတ်နိုင်အောင် လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။
========================
📌📌 ၃။ ကိုင်းလယ်နယ်မြေရဲစခန်းက ရဲတပ်သား၂ ဦး လက်နက်နဲ့အတူ အလင်းဝင်
ဒီဇင်ဘာလ ၂၈ရက်။
မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ ကိုင်းလယ်နယ်မြေရဲစခန်းက ရဲတပ်သား၂ဦး လက်နက် ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Y.R.F.ပကဖ က ထုတ်ပြန်ပါတယ်။
ကိုင်လယ်နယ်မြေရဲစခန်းက ရဲတပ်သားတဦးဟာ ဒီဇင်ဘာ ၂၆ G3 သေနတ်နဲ့အတူအလင်းဝင်လာတာဖြစ်ပြီး အခြားတဦး က ဇွန်လ ၉ရက်မှာ G3 သေနတ်နဲ့ G3 ကျည်အတောင့် တရာနဲ့အတူ အလင်းဝင်လာတာလို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလာတဲ့ ဒီရဲတပ်သား ၂ ဦးကို လုံခြုံတဲ့နေရာပို့ဆောင်ပေးထားပြီး စားဝတ်နေရေး နဲ့ အခြားလိုအပ်နေတာတွေကိုလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ အသိပေးထားပါတယ်။
ပေါက်နယ်အတွင်းမှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်တွေရဲ့ လက်အောက်ခံဘဝကနေ ရုန်းထွက်ခဲ့ကြဖို့ Y.R.F က တိုက်တွန်းထားပြီး အလင်းဝင်လာသူတွေကို ပြည်သူများနဲ့အတူ နွေးထွေးစွာကြိုဆိုနေမှာဖြစ်တဲ့အတွက် ပေါက် တောင်ပိုင်း၊ Y.R.Fထံ ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပေါက်မြို့ဟာ စစ်ကောင်စီလက်အောက်ခံ အမှတ်-၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံအခြေစိုက်တဲ့မြို့ဖြစ်ပြီး တပ်ကုန်းနဲ့ရွာသစ် ပျူစောထီးရွာက ဒေသခံပြည်သူ ၁၇၀ ကျော်လည်း YRF ထံ ဆက်သွယ်ပြီး ဘက်ပြောင်းလာတာတွေရှိတယ်လို့ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဧရာဝတီ PDF အမှတ် ၂၉ ဗျူဟာ ဖွဲ့စည်း
ဒီဇင်ဘာလ ၂၈ရက်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဧရာဝတီတိုင်းစစ်ဌာနအောက်မှာ အမှတ် ၂၉ ဗျူဟာ ဖွဲ့စည်းပြီး မြန်မာပြည်သူ တရပ်လုံး ယုံကြည် အားကိုးရတဲ့ တပ်တခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဧရာဝတီ PDF အမှတ် -၂၉ ဗျူဟာက ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲ ဧရာဝတီတိုင်း စစ်ဌာနအောက်မှာရှိတဲ့ အမှတ် -၂၉ ဗျူဟာကို AYA PDF (ဧရာဝတီ PDF) အဖြစ် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ဧရာဝတီ PDF လို့ခေါ်ဆိုနိုင်တဲ့ အမှတ် -၂၉ ဗျူဟာကို အမိန့်နာခံမှုကောင်းပြီး စစ်စည်းကမ်းကောင်းမွန်တဲ့ တိုက်ခိုက်ရေး စွမ်းရည်မြင့်မားတဲ့ တပ်မှူးတွေ ရဲဘော်တွေနဲ့ စနစ်တကျဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် တိုက်ရည်ခိုက်ရည် အတွေ့အကြုံအတန်အသင့်ရရှိထားပြီးဖြစ်တာကြောင့် မြန်မာပြည်သူတရပ်လုံး ယုံကြည် အားကိုးရတဲ့ တပ်တခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း အသိပေးထားပါတယ်။
AYA PDF အမှတ် -၂၉ ဗျူဟာအနေနဲ့ စစ်ရေးလှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းအချို့နဲ့ အလှူရှင်တွေရဲ့ချွေးနဲစာနဲ့ ထောက်ပံ့ ပေးတာတွေကို ထုတ်ပြန်ပေးမှာဖြစ်ပြီး ထောက်ပို့အလှူရှင်တွေကို မှတ်တမ်းဂုဏ်ပြုလွှာတွေ ပြန်လည်ပေးပို့တာ၊ စစ်ရေး သတင်းတွေနဲ့ ထုတ်ပြန်သင့်တဲ့သတင်းတွေကို လူမှုကွန်ယက်စာမျက်နှာကနေတဆင့် အချိန်နဲ့တပြေးညီ အသိပေး ထုတ်ပြန်ပေးသွားမယ်လို့ ဒီဇင်ဘာ ၂၇ ရက် နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
စစ်ရေးအရှိန်မြင့်တက်လာနိုင်တဲ့ ဧရာဝတီတိုင်းမှာ ဒီဇင်ဘာအစောပိုင်းက တိုင်းစစ်ဌာန ဖွဲ့စည်းကြောင်းကြေညာခဲ့ပြီးနောက် အခု ဗျူဟာ-၂၉ ဧရာဝတီ PDF တပ်ရင်းအဖြစ် ပြည်သူလူထုကို အသိပေးထုတ်ပြန်ကြေညာခဲ့တာပဲဖြစ်ပါတယ်။
========================
🚩🚩 ၂။ မံစီမြို့မှာ တိုက်ပွဲတွေေပြင်းထန်နေပြီး အလံဖြူထောင်ကာ လက်နက်ချသူတွေရှိနေ
ဒီဇင်ဘာလ ၂၈ရက်။
ကချင်ပြည်နယ် မံစီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေး တပ်မတော်-KIA က ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်းနေဆဲဖြစ်ပြီး စစ်တပ်ဘက်က အလံဖြူထောင်ကာ လက်နက်ချသူတွေလည်းရှိနေတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
မံစီမြို့က စစ်ကောင်စီတပ်စွဲရာနေရာအချို့ကို KIA က သိမ်းပိုက်ထားသော်လည်း လုံခြုံရေးအခြေအနေအရ အသေးစိတ် အချက်အလက်တွေ မပြောပေမယ့် တိုက်ပွဲဖြစ်နေတာကိုပဲ အသိပေးလာတာဖြစ်ပါတယ်။
KIA သိမ်းပိုက်ထားတဲ့ ၆၀၁ အမြောက်တပ်ရင်းရဲ့ စခန်းကုန်းတခုကို စစ်ကောင်စီဘက်က တန်ပြန်ထိုးစစ်ဆင်ခဲ့ပေမယ့် ထိုးစစ်လှန်ကျခဲ့တယ်လို့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်-KIA အနေနဲ့ ဒီဇင်ဘာ ၂၅ ခရစ်စမတ်နေ့မှာ မံစီမြို့က အရေးပါတဲ့ စစ်ကောင်စီစစ်စခန်း ကုန်းကို သိမ်းပိုက်နိုင်ခဲ့ရာမှာ ဒီစခန်းကုန်းကိုပြန်ရဖို့ စစ်ကောင်စီဘက်က ပြန်လည်ထိုးစစ်ဆင်ခဲ့ပေမယ့် လန်ကျသွားတာလို့ နားလည်းရပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အလံဖြူထောင်ပြီး လက်နက်ချလာသူတွေလည်း ဆက်တိုက်ရှိနေတယ်လို့ ဆိုပါတယ်။
မံစီမြို့သိမ်းတိုက်ပွဲနဲ့အတူ တပြိုင်တည်း တိုက်ခိုက်နေတဲ့ ဗန်းမော်မြို့မှာလည်း မနေ့ ဒီဇင်ဘာ ၂၇ ရက်ထိ တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တွေက အသိပေးပါတယ်။
KIA ဟာ ဗန်းမော်နဲ့ မံစီမြို့ကို အပြီးသတ်သိမ်းနိုင်ရေး အခု ဒီဇင်ဘာ ၄ရက်ကစပြီး ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ဗန်မော်မြို့က စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ထားက မြို့တွင်းထိ ဝင်ရောက်ရှင်းလင်းနေနိုင်တဲ့အနေအထားလို့ သိရပါတယ်။
အခြားသတင်းတရပ်အနေနဲ့ ရန်ကုန်မြို့က တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တဲ့ ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်း ဒီဇင်ဘာ ၂၂ ရက်နေ့က မံစီမြို့သိမ်းတိုက်ပွဲမှာ သေဆုံးသွားတယ်ဆိုတဲ့ သတင်းလည်းထွက်ပေါ်နေပါတယ်။
========================
🚩🚩 ၃။ စစ်တွေမှာ AA နဲ့ စစ်ကောင်စီတိုက်ပွဲဖြစ်
ဒီဇင်ဘာလ ၂၈ရက်။
ရခိုင်ပြည် စစ်တွေမြို့မှာရှိတဲ့ ဒေသစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် -ဒကစ -စစ်တွေ လက်အောက်မှာရှိတဲ့ စစ်ကောင်စီတပ် တွေကို ရခိုင်တပ်တော်က တိုက်ခိုက်တာကြောင့် စစ်တွေမြို့တဝိုက်မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသတွင်းသတင်းတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
စစ်တွေမြို့အနီးက ဒကစ -စစ်တွေ တပ်နယ်မှာရှိတဲ့ ကျားမသောက် စစ်ဆေးရေးဂိတ်ကို ရခိုင့်တပ်တော်- AA က ဒီဇင်ဘာ ၂၇ ရက်မနက်ပိုင်းမှာ စတင်တိုက်ခိုက်ပြီးတဲ့နောက် တိုက်ပွဲတွေဆက်ဖြစ်နေတာလို့ သိရပါတယ်။
စစ်တွေမြို့က ဒေသစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် လက်အောက်က တပ်နယ်ကျေးရွာတွေဖြစ်တဲ့ ကျောက်တန်းကြီး၊ ကျားမသောက် ၊ ကျောက်တန်းချေကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်နေတာလို့ ဒေသသတင်းရင်းမြစ်တွေရဲ့ ပြောဆိုမှုကို ကိုးကားပြီး ဒေသသတင်းဌာနတခုဖြစ်တဲ့ လေးဝတီ FM က ဖော်ပြပါတယ်။
ရန်ကုန်-စစ်တွေကားလမ်းပိုင်းမှာရှိတဲ့ ကျားမသောက် စစ်တပ်စစ်ဆေးရေးဂိတ်ကို ရခိုင့်တပ်တော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရာကနေ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီး နှစ်ဘက်တပ်တွေ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်နေကြတယ်လို့ ဆိုပါတယ်။
စစ်တွေမြို့အဝင်မှာရှိတဲ့ ကျားမသောက် စစ်တပ်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်၊ ရဲနဲ့ လဝက စတဲ့အဖွဲ့ပေါင်းစုံရှိပြီး လက်နက်ကြီးတွေနဲ့ အထိုင်ချထားတဲ့ စစ်ဆေးရေးဂိတ်လို့ သိရပါတယ်။
အခုလို နှစ်ဘက်တပ်တွေပစ်ခတ်မှုကြောင့် ကျောက်တန်းကြီး၊ ကျားမသောက် ၊ ကျောက်တန်းချေကျေးရွာတွေက နေအိမ် အချို့ ထိခိုက်ပျက်စီးတာတွေရှိနေတယ်လို့လည်း သိရပါတယ်။
စစ်တွေမြို့ပတ်ဝန်းကျင်မှာရှိတဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်မြို့တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အတွက် စစ်တွေမြို့ဟာ ရခိုင့်တပ်တော်ရဲ့ ဝန်းရံပိတ်ဆိုမှုခံနေရပြီး မြို့တွင်းကနေ ခံစစ်အနေနဲ့ပြင်ဆင်ထားရတဲ့ အနေ အထားဖြစ်ပါတယ်။
ရခိုင့်တပ်တော် AA ဟာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မာန်အောင်၊ ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်တို့ကိုသာ သိမ်းပိုက်ဖို့ ကျန်တော့ပြီး ဂွမြို့ကို မကြာခင်ကာလမှာ သိမ်းယူနိုင်တော့မယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ မုံရွာခရိုင် တပ်ရင်း-၃က ရဲဘော် ၇ ဦး ကျဆုံး
ဒီဇင်ဘာလ ၂၈ရက်။
ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF မုံရွာခရိုင် အမှတ် ၃ တပ်ရင်းက ရဲဘော် ၇ ဦး ကျဆုံးခဲ့တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
ချင်းညီနောင်အဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ ယောဒေသတော်လှန်ရေးတပ် Yaw Defence Force YDF ၊ Yaw Army - YA) နဲ့ မုံရွာခရိုင် အမှတ်- ၃ တပ်ရင်းတို့ ပူးပေါင်းကာ ချင်းညီနောင်စစ်ဆင်ရေးကို နိုဝင်ဘာ ၉ ရက်ကစတင်ခဲ့ရာ ဒီဇင်ဘာ ၂၁ရက်နေ့မှာ မင်းတပ်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ရာမှာ မုံရွာခရိုင် အမှတ် ၃ တပ်ရင်းက ရဲဘော် ၇ ဦး ကျဆုံးခဲ့ တာဖြစ်ပါတယ်။
မင်းတပ်မြို့က နောက်ဆုံးလက်ကျန် ခလရ -၂၇၄ တပ်ရင်းကို အပြီးသတ်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး မြို့လုံးကျွတ်သိမ်းပိုက် နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၀ ဦးခန့်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့လည်း အသိပေးပါတယ်။
ဒီစစ်ဆင်ရေးမှာ ရခိုင့်တပ်တော် AA ကလည်း စစ်ကူတွေအပါအဝင် စစ်လက်နက်တွေနဲ့ခဲယမ်းတွေအပြင် စစ်ရေးဆိုင်ရာ အကြံဉာဏ်တွေ ပံ့ပိုးပေးခဲ့တယ်လို့လည်း သိရပါတယ်။
မြို့သိမ်းတိုက်ပွဲမှာ စစ်တပ်က အသုံးပြုတဲ့ ၁၂၂ မမ ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆညးရရှိခဲ့ပြီး စစ်ကောင်စီကဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေးအတွင်း မုံရွာခရိုင်အမှတ်-၃ တပ်ရင်းက ပြင်းထန်ဒဏ်ရာရသူ ၃ဦး ၊ ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့ရသူ ၂ဦးနဲ့ ဒဏ်ရာရသူ ၉ ဦးရှိခဲ့ပြီး ရဲဘော် ၇ ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ကိုယ်လက်အင်္ဂါနဲ့ အသက်ကိုပဓာနမထားဘဲ တိုက်ပွဲဝင်ခဲ့ကြတဲ့ YDF ရဲဘော်များအပါအဝင် မဟာမိတ်ရဲဘော်များကို အာဇာနည်သူရဲကောင်းများအဖြစ် မှတ်တမ်းတင်ထားပြီး မပြီးဆုံးသေးတဲ့ တာဝန်တွေအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ယောကာကွယ်ရေးတပ်- YDF ကလည်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ ဆိပ်ဖြူနယ်က စစ်တပ် အထိုင်စခန်း ၂ ခုနဲ့ ရဲစခန်းကို ဒရုန်းနဲ့ဗုံးကြဲပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်
ဒီဇင်ဘာလ ၂၈ရက်။
မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်တပ် အထိုင်စခန်း ၂ ခုနဲ့ရဲစခန်းကို ဒရုန်းနဲ့ဗုံးကြဲပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ဆိပ်ဖြူမြို့နယ် ထမ္မကောက်ရွာက စစ်တပ်အထိုင်တပ်စခန်း၊ တပေါင်းရွာက စစ်တပ်အထိုင်တပ်စခန်းနဲ့ လက်ဆည်ရွာ ရဲစခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက မနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ၊ ရော့ကတ်များအပါအဝင် ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေမှာ အကြမ်းဖက်စစ်တပ် အထိုင်စခန်းတွေမှာရှိတဲ့ အဆောက်အအုံတွေနဲ့ ဂျမ်ဘာတွေ ထိမှန်ပျက်စီးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားထိခိုက်သေဆုံးမှုရှိတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေက ပြောတာရှိ ပေမယ့် ထိခိုက်သေဆုံးမှုအရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ အသိပေးထားပါတယ်။
အဆိုပါတိုက်ခိုက်မှုများကို ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP ပကဖ၊ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း တပ်ခွဲ ၃ ၊ မကွေးတိုင်း ပကဖ ဒရုန်းလက်ရုံးတပ်ဖွဲ့နဲ့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment