၂၀၂၄ ဒီဇင်ဘာလ ၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။လူ့အခွင့်အရေးကို စိတ်ခံစားမှုထဲမှာ ရှိပြီးသားတန်ဖိုးစံတွေနဲ့လက်တွေ့ တန်ဖိုးထားကျင့်သုံးနိုင်ခြင်းက စတင်ကြရမယ်လို့ ပြည်ထဲရေးဝန်ကြီးဆို
📌 ၂။ တော်လှန်ရေးအောင်မြင်ဖို့ မဟာဗျူဟာထဲ ဘဏ္ဏာရေးအရင်းအမြစ်ပါဝင်၍ SDBဘဏ်ရှယ်ယာများ ဆက်လက်ဝယ်ယူအားပေးကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတိုက်တွန်း
📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရဟာ၂၀၂၄ကိုပြန်လည်သုံးသပ်ပြီး ၂၀၂၅အတွက် မဟာဗျူဟာရေးဆွဲချမှတ်ဆောင်ရွက်နေတဲ့အချိန် ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအသိပေးဆို
📌 ၄။ လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား ဦးတည်ထား လုပ်ဆောင်မှုတွေလည်းပါဝင်တယ်လို့ လူ့အခွင့်ရေးဝန်ကြီးအသိပေး
📌 ၅။ စစ်ဆေးဆရာဝန်တွေ ထွက်ပြေးမှုများနေတာကြောင့် ဘွဲ့လွန်သင်တန်းသား အရာရှိဆရာဝန်တွေကို စစ်ဆေးရုံတွေကို အတင်းအကျပ် စေလွှတ်
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဗန်းမော်မြို့က စစ်ကောင်စီဌာနဆိုင်ရာရုံံးတွေကို KIA ထိန်းချုပ်
🚩 ၂။ ကျောက်ထု အမြောက်တပ်က ၁၂၀ မမ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကလေးငယ် ၃ ဦး ဒဏ်ရာရ
🚩 ၃။ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်တွေပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်သား ၂၄ ဦးသေဆုံး
🚩 ၄။ ဘယ် PDF မှ ဂရုမစိုက်ဘူးလို့ ကြွေးကြော်ထားတဲ့ ပေါင်းတည်နယ်က ဆင်လူးကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို ပစ်ခတ်ရှင်းလင်း
🚩 ၅။ KNU တပ်မဟာ ၅ နယ်မြေမှာ နိုဝင်ဘာလအတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်တပ်ဘက်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၈၈ ဦးသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။လူ့အခွင့်အရေးကို စိတ်ခံစားမှုထဲမှာ ရှိပြီးသားတန်ဖိုးစံတွေနဲ့လက်တွေ့ တန်ဖိုးထားကျင့်သုံးနိုင်ခြင်းက စတင်ကြရမယ်လို့ ပြည်ထဲရေးဝန်ကြီးဆို
ဒီဇင်ဘာ၆ရက်
လူ့အခွင့်အရေးကို စိတ်ခံစားမှုထဲမှာ ရှိပြီးသားတန်ဖိုးစံ တွေနဲ့ လက်တွေ့ တန်ဖိုးထားကျင့်သုံးနိုင်ခြင်းကစတင်ကြရမယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ဒီဇင်ဘာလအတွင်းမှာ ဆိုလိုက်ပါတယ်။
"လူ့အခွင့်အရေး လို့ပြောကြရင်သမိုင်းကြောင်းတွေနောက်ခံ အတွေးအခေါ်တွေကနေဒုတိယကမ္ဘာစစ်ပြီး UDHR ကိုUNက အတည်ပြုခဲ့တာတွေ အသိအမြင်မြှင့်တင်မှုတွေ၊ကာကွယ်မှုတွေ၊
မူဝါဒတိုင်းရဲ့အခြေခံအုတ်မြစ်အဖြစ်အလေးထားရမှုတွေ၊အဲဒါတွေကို ကျတော်တို့အကုန်မလေ့လာနိုင်သေးခင် အကောင်အထည်မဖော်နိုင်သေးခင်မှာ ကျတော်တို့အားလုံးရဲ့ မွေးရာပါစိတ်ခံစားမှုထဲမှာ ရှိပြီးသားတန်ဖိုးစံတွေကို လက်တွေ့ တန်ဖိုးထားကျင့်သုံးနိုင်ခြင်းက စကြရမှာပါ။တန်းတူညီမျှမှုနှင့် ကိုယ်ချင်းစာတရားဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာလူ့အခွင့်အရေးလှုပ်ရှားမှုများကိုစစ်ကိုင်းတိုင်းတွင်းကျယ်ပြန့်စွာလုပ်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၂။ တော်လှန်ရေးအောင်မြင်ဖို့ မဟာဗျူဟာထဲ ဘဏ္ဏာရေးအရင်းအမြစ်ပါဝင်၍ SDBဘဏ်ရှယ်ယာများ ဆက်လက်ဝယ်ယူအားပေးကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတိုက်တွန်း
ဒီဇင်ဘာ၆ရက်
တော်လှန်ရေးအောင်မြင်ဖို့ မဟာဗျူဟာထဲဘဏ္ဏာရေးအရင်းအမြစ်ပါဝင်၍ SDBဘဏ်ရှယ်ယာများဆက်လက်ဝယ်ယူအားပေးကြရန်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒီဇင်ဘာ၆ရက် ဆိုရှယ်မီဒီယာမှာ တိုက်တွန်းဆိုလိုက်ပါတယ်။
"အမှန်တရားဆိုတာကိုအမှန်အတိုင်းရှုမြင်နိုင်ခွင့်ရကြပြီး တရားမျှတမှုကိုလည်း အမှန်တကယ်ခံစားရရှိရေး ကြိုးပမ်းနေတဲ့တော်လှန်ရေးဖြစ်လို့ အမြန်အောင်မြင်နိုင်ပါစေ။ တော်လှန်ရေးအောင်မြင်ဖို့ မဟာဗျူဟာတွေထဲမှာ ဘဏ္ဏာရေးအရင်းအမြစ်ကလည်း အလွန်အရေးပါတော့ SDB ရဲ့ လူထုကိုဆက်ရောင်းပေးမယ့်အစီအစဉ် နဲ့ RM ( agents) တွေကတဆင့် ဆက်လက်ဝယ်ယူနိုင်မယ့်အခွင့်အရေးပေးတဲ့ အစီအစဉ်တွေမှာ ဆက်လက်ပါဝင်နိုင်ကြတယ်ဆိုတာမပါလိုက်ရသူတွေအတွက် တရားမျှတမှုရအောင် သတင်းကောင်းပါးလိုက်ရပါတယ်"လို့ဆိုထားပါတယ်။
လက်ရှိမှာ တော်လှန်ရေးအတွက် လိုအပ်တဲ့ ဒေါ်လာ ၂ သန်းကိုSDB ICO-2 ကနေ.. ထုတ်နုတ်သုံးစွဲလျက်ရှိကြောင်းသတင်းရရှိထားပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရဟာ၂၀၂၄ကိုပြန်လည်သုံးသပ်ပြီး ၂၀၂၅အတွက် မဟာဗျူဟာရေးဆွဲချမှတ်ဆောင်ရွက်နေတဲ့အချိန် ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအသိပေးဆို
ဒီဇင်ဘာ၆ရက်
ဒီဇင်ဘာ၆ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံမှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက အခုလိုဆိုထားပါတယ်။
"တော်လှန်ရေးဟာအခုဆိုရင် သုံးနှစ်နဲ့ဆယ်လရှိပါပြီ။ဒီကာလအတွင်းမှာ တော်လှန်ရေးရဲ့အရှိန်အဟုန်နဲ့အောင်မြင်မှုတွေနဲ့အညီ တော်လှန်ရေးရဲ့အစနဲ့အခုတော်လှန်ရေးရဲ့ရောက်နေတဲ့နေရာကို သုံးသပ်ဖို့လိုပါတယ်။အခုအချိန်မှာအမျိုးသားညီညွတ်ရေးအစိုးရဟာ၂၀၂၄ကိုပြန်လည်သုံးသပ်ပြီး ၂၀၂၅အတွက် မဟာဗျူဟာရေးဆွဲချမှတ်ဆောင်ရွက်နေတဲ့အချိန် ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
တစ်ဆက်ထဲမှာပဲ သံအမတ်ကြီးဦးကျော်မိုးထွန်းအက “စစ်ကောင်စီလက်အောက်မှာတာဝန်ထမ်းဆောင်နေကြတဲ့Non CDM တွေကိုသတိပေးဆိုချင်ပါတယ်။အဓမ္မဘက်မှာရပ်တည်တာကိုရပ်တန်းကရပ်ပြီးတော့ဓမ္မဘက် ကနေရပ်တည်ဖို့ပြောကြားလိုပါတယ်"လို့ဆိုပါတယ်။ဒါ့အပြင် စကစကိုထောက်ပံ့ကူညီနေတဲ့အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအနေနဲ့ရပ်တန်းကရပ်ကြဖို့လည်းသံအမတ်ကြီးကထပ်လောင်းဆိုပါတယ်။
၂၀၂၃ခု နှစ်တွင် အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးအတွက်မဟာဗျူဟာ၆ရပ်ရေးဆွဲကာ အကောင်အထည်ဖော်ခဲ့ပြီး၂၀၂၄ ခု နှစ်မှာအောင်မြင်တဲ့နှစ်တနှစ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
========================
📌📌 ၄။ လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား ဦးတည်ထား လုပ်ဆောင်မှုတွေလည်းပါဝင်တယ်လို့ လူ့အခွင့်ရေးဝန်ကြီးအသိပေး
ဒီဇင်ဘာ၆ရက်
လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား ဦးတည်ထား လုပ်ဆောင်မှုတွေလည်း ပါဝင်တယ်လို့ လူ့အခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်းက ဒီဇင်ဘာ၆ရက် ဆိုရှယ်မီဒီယာမှာ အသိပေးဆိုထားပါတယ်။
"၇၆ ကြိမ်မြောက် လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်လှုပ်ရှားမှုတွေကို ပြည်သူလူထုကြားထဲမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်လျက်ရှိပါတယ်။ လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတါလပ်မြေဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား ဦးတည်ထား လုပ်ဆောင်မှုတွေလည်းပါဝင်ပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်ရင်း တပ်ဖွဲ့တွေနဲ့ စစ်သည်တွေကြား အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းနဲ့ စစ်သည်တော်ကျင့်ဝတ်ဆိုင်ရာ အသိပညာပေး စာရွက်စာတမ်းတွေကို ဖြန့်ဝေနေပါတယ် ။ လူ့အခွင့်အရေးကိုလေးစားပြီး စစ်သည်တော်ကျင့်ဝတ်တွေကိုလိုက်နာတဲ့ ပြည်သူ့ကာကွယ်ရေးစစ်သည်များ အဖြစ် ပြည်သူလူထုအကျိုးကို လေးစားကာကွယ်စောင့်ရှောက်နိုင်ကြဖို့အတွက်ရည်ရွယ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
၂၀၂၄ ဒီဇင်ဘာလ (၁၀)ရက်နေ့ဟာ (၇၆)ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့လည်းဖြစ်ပါတယ်။
========================
📌📌 ၅။ စစ်ဆေးဆရာဝန်တွေ ထွက်ပြေးမှုများနေတာကြောင့် ဘွဲ့လွန်သင်တန်းသား အရာရှိဆရာဝန်တွေကို စစ်ဆေးရုံတွေကို အတင်းအကျပ် စေလွှတ်
ဒီဇင်ဘာ၆ရက်
စစ်ဆေးဆရာဝန်တွေ ရှေ့တန်းစေလွှတ်ခံရတာကြောင့် ထွက်ပြေးမှုများလာတဲ့အတွက် လူအင်အားမလုံလောက်တော့တဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ဘွဲ့လွန်သင်တန်းတက်နေတဲ့ အရာရှိစစ်ဆေးဆရာဝန်တွေကို စစ်ဆေးရုံတွေကို အတင်းအကျပ်စေလွှတ်ပြီး နေရာချထားရတယ်လို့ ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။
စစ်ဆေးဆရာဝန်တွေနဲ့ ဆေးတပ်က အရာရှိနဲ့သူနာပြုတွေ ထွက်ပြေးမှုများလာတာတွေကြောင့် စစ်ကောင်စီဟာ စစ်ဆေး တက္ကသိုလ်မှာ ဘွဲ့လွန်သင်တန်းတက်နေတဲ့ သင်တန်းအပတ်စဉ် ၅ ခုက စစ်ဆေး အရာရှိများကို နေပြည်တော်၊ ပြင်ဦးလွင်၊ မိတ္တီလာ၊ အောင်ပန်း စတဲ့မြို့တွေက စစ်ဆေးရုံတွေကို ဒီနှစ် ဩဂုတ်နဲ့စက်တင်ဘာလအတွင်း အတင်းအကျပ်စေလွှတ်ပြီး နေရာချထားခဲ့တယ်လို့ စစ်ဆေးအသိုင်းအ၀ိုင်းက ဆိုပါတယ်။
တပ်မတော် ဆေးတက္ကသိုလ်မှာ ဘွဲ့လွန်သင်တန်းတက်နေတဲ့ အပတ်စဉ် ၂၈၊ ၂၉ ၊ ၃၀ ၊ ၃၁၊ ၃၂ က စစ်ဆေးဆရာဝန်တွေ အားလုံး စစ်ဆေးရုံတွေကို စေလွှတ်ခဲ့တာလို့သိရပါတယ်။
လူအင်အားမလောက်ဘူးဆိုတဲ့ အကြောင်းပြချနဲ့ စေလွှတ်ခံရသူတွေဟာ သူတို့တက်နေတဲ့ ဘွဲ့လွန်သင်တန်းတွေကိုရပ်ပြီး တာဝန်ချထားတဲ့နေရာတွေကို အပို့ခံရတာလို့ ဆိုပါတယ်။
အခုလို့ ဆေးတပ်က အရာရှိဆရာဝန်တွေနဲ့စစ်သားတွေကို ရှေ့တန်းပို့နေတဲ့အတွက် ဆေးတပ်အသိုင်းမှာ စစ်ကောင်စီအပေါ် မကျေနပ်မှုတွေ ကြီးထွားလာနေပြီး လက်ရှိအချိန်အထိ စစ်ဆေးဆရာဝန်တွေနဲ့ စစ်သူနာပြုများထွက်ပြေးမှု ဆက်ရှိနေဆဲလို့ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့် ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဗန်းမော်မြို့က စစ်ကောင်စီဌာနဆိုင်ရာရုံံးတွေကို KIA ထိန်းချုပ်
ဒီဇင်ဘာ၆ရက်
ကချင်ပြည်နယ် ဗန်းမော်မြို့က စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA နဲ့ မဟာမိတ်တပ်တွေက မနေ့ ဒီဇင်ဘာ ၅ရက်မှာ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီလို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသ တွင်းသတင်းတွေက ဆိုပါတယ်။
မနေ့က ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KIA ဦးဆောင်တဲ့မဟာမိတ်တပ်တို့ကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေကို KIA နဲ့မဟာမိတ်တပ်တွေက ထိန်းချုပ်နိုင်ခဲ့တာလို့ နားလည်ရပါတယ်။
KIA နဲ့မဟာမိတ်တပ်တွေဟာ ဗန်းမော်နဲ့ မံစီမြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာ ၄ ရက်ကစတင်ခဲ့ရာ စစ်ဆင်ရေးပထမရက်မှာ စစ်ကောင်စီတပ်စွဲရာနေရာ ၁၀ ခု စစ်ဆင်ရေး ဒုတိယရက်ဖြစ်တဲ့ ဒီဇင်ဘာ ၅ ရက်မှာ စစ်ကောင်စီတပ်စွဲရာ နေရာ ၅ခု သိမ်းနိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီဇင်ဘာ ၅ ရက်က အမှတ်-၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) တပ်နေရာ၊ မင်းလှတပ်၊ ဗန်းမော်တက္ကသိုလ်၊ ခလရ-၄၇ တပ်ရင်းနဲ့ မံစီမြို့က လက်ကျန် စစ်ကောင်စီ စခန်းနေရာတွေမှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
ဗန်းမော်မြို့တွင်းက အစိုးရဌာနရုံးအားလုံးကို KIA ထိန်းချုပ်ထားလိုက်ပြီးနောက် အကြမ်းဖက်စစ်တပ်က မြို့တွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ၈ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၀ဦး ကျော်ဒဏ်ရာရသွားတယ် လို့လည်း ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီဟာ အရပ်သားပြည်သူလူထုကို အကာအကွယ်ယူတဲ့အနေနဲ့ မြို့အဝင်အထွက်တွေကို ပိတ်ထားတဲ့အတွက် တိုက်ပွဲရှောင်လိုတဲ့အရပ်သားပြည်သူတွေ မြို့ပြင်ထွက်လို့မရတဲ့အနေအထားလို့ စစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။
အရပ်သားပြည်သူတွေကိုအသုံးချပြီး အကာအကွယ်ယူတာ လူသားဒိုင်းအဖြစ်အသုံးပြုတာတွေက စစ်ရာဇဝတ်မှုမြောက် တယ်လို့ စစ်ရေးလေ့လာသူတွေက ထောက်ပြဝေဖန်နေကြပါတယ်။
========================
🚩🚩 ၂။ ကျောက်ထု အမြောက်တပ်က ၁၂၀ မမ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကလေးငယ် ၃ ဦး ဒဏ်ရာရ
ဒီဇင်ဘာ၆ရက်
မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုမြို့မှာရှိတဲ့ အမြောက်တပ်က ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၁ဝ နှစ်အရွယ် မိန်းကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၆ ရက် မနက် ၈ နာရီခွဲအချိန်မှာ ကျောက်ထုမြို့အမြောက်တပ်က ပစ်ခတ်တဲ့ ၁၂၀ မမ လက်နက်ကြီးကျည် တလုံးဟာ ကျောက်ထုမြို့မြောက်ဘက်မှာရှိတဲ့ တေးရွာအတွင်း ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၀ နှစ်အရွယ် မိန်းကလေး ၃ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တာလို့ ဒေသတွင်းသတင်းတွေကိုအသိပေးနေတဲ့ ယောအလင်းတန်းမှာ ဖော်ပြထား ပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာရသွားတဲ့ ကလေးငယ်တွေကို အချိန်မီဆေးကုသမှုပေးနိုင်တာကြောင့် စိုးရိမ်စရာမရှိတော့ဘူးလို့ ဆိုပါတယ်။
ကျောက်ထုမြို့မှာရှိတဲ့ အမြောက်တပ်ဟာ ဒီနေ့မနက် ၅ နာရီဝန်းကျင်ကစပြီး မနက် ၈ နာရီခွဲအထိ လက်နက်ကြီးတွေနဲ့ ပတ်ဝန်းကျင်ရွာတွေကို ပစ်ခတ်ခဲ့တာဖြစ်ပြီး အနီးဝန်ကျင်ကတောတောင်တွေအပြင် ကျေးရွာအတွင်း လက်နက်ကြီးကျည် တလုံး ကျရောက်ပေါက်ကွဲတာကြောင့် ကျောင်းနေအရွယ်ကလေးငယ် ၃ ဦးနဲ့ ခိုင်းနွားတကောင် ဒဏ်ရာရသွားတဲ့အပြင် နေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုရှိတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်တွေပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်သား ၂၄ ဦးသေဆုံး
ဒီဇင်ဘာ၆ရက်
ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အနောက်ဘက်ကမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲ၂ ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၂၄ ဦးသေဆုံးပြီး ၂၆ ဦးဒဏ်ရာရသွားတယ်လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ တော်ဝင်လျှပ်စီး-RTC စစ်ကြောင်းက ဒီနေ့ ဒီဇင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီဇင်ဘာ ၅ရက် မနက် ၇ နာရီခွဲမှာ စစ်တောင်းမြစ်အနောက်ဘက် ကျွန်းတော ကုန်းကျေးရွာကနေ နှောပင်ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့အတွက် တော်ဝင်လျှပ်စီးစစ်ကြောင်းက စောင့်ကြိုပစ်ခတ် တိုက်ခိုက်တယ်လို့ ဆိုပါတယ်။
အနီးကပ်တိုက်ခိုက်ခံရလိုက်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ထိခိုက်ကျဆုံးမှုများခဲ့တာကြောင့် မနက် ၉ နာရီခန့်မှာ ကျွန်းတောကုန်းကျေးရွာဘက် ပြန်ဆုတ်သွားပြီး နှောပင်ကျေးရွာဘက်ကို ၆၀ မမ လက်နက်ကြီး၊ ၁၂၀မမ လက်နက်ကြီး တွေနဲ့ ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တယ်တယ်လို့ အသိပေးထားပါတယ်။
တိုက်ပွဲဖြစ်နေချိန်မှာ နေပြည်တော် PDF တပ်ရင်းတွေဖြစ်တဲ့ ၈၀၄ တပ်ရင်းနဲ့ ၉၀၁ တပ်ရင်းက စစ်ကူလာပေးခဲ့သလို ပုဝါနီစစ်ကြောင်းကလည်း စစ်တောင်းမြစ်အရှေ့ဘက်ကနေ အနောက်ဘက်ကမ်းကို လက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲပြီးချိန် နယ်မြေရှင်းလင်းရာမှာ စစ်ကောင်စီတပ်ဖွဲ့တွေကျန်ခဲ့တဲ့ ကျည်များစွာ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါ တယ်။
အဲဒီနောက် ရေတာရှည်နဲ့ဆွာမြို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေက စက်သေနတ်တွေနဲ့ တင်သံချပ်ကာကားတွေပါတဲ့ စစ်ကူ စစ်ကြောင်းတွေ ကျွန်းတောကုန်းကျေးရွာကို စစ်ကူပို့ပြီး အင်အားဖြည့်တင်းကာ နေ့လည် ၁၂ နာရီကျော်မှာ ဒုတိယအကြိမ် စစ်ကြောင်းထိုးလာတဲ့အတွက် ၁နာရီခွဲကြာတဲ့တိုက်ပွဲ ထပ်ဖြစ်ခဲ့တယ်လို့ တော်ဝင်လျှပ်စီး-RTC စစ်ကြောင်းက ဆိုပါတယ်။
ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၂၄ ဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရသွားသလို တော်လှန်ရေးတပ်တွေ ဘက်က ရဲဘော် ၄ ဦးလည်း မစိုးရိမ်ရတဲ့ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းကို ပြန်လည်ဆုတ်ခွာခဲ့ရပေမယ့် စစ်ရေးအခြေအနေဟာ တင်းမာဆဲဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ နီးစပ်ရာနေရာတွေမှာ မနေကြဖို့ အသွားအလာမလုပ်ကြဖို့ တော်ဝင်လျှပ်စီး-RTC စစ်ကြောင်းက ပန်ကြားထားပါတယ်။
========================
🚩🚩 ၄။ ဘယ် PDF မှ ဂရုမစိုက်ဘူးလို့ ကြွေးကြော်ထားတဲ့ ပေါင်းတည်နယ်က ဆင်လူးကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို ပစ်ခတ်ရှင်းလင်း
ဒီဇင်ဘာ၆ရက်
ပဲခူးတိုင်း ပေါင်းတည်မြို့နယ်မှာ ဘယ် PDF မှ ဂရုမစိုက်ဘူးလို့ ကြွေးကြော်ကာ ဆင်လူးကျေးရွာအုပ်ချုပ်ရေးမှူးတာဝန် ယူခဲ့သူ ခင်ထွဋ်နဲ့ သားဖြစ်သူတို့ ပစ်ခတ်ရှင်းလင်းခံလိုက်ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဆင်လူးကျေးရွာက အုပ်ချုပ်ရေးမှူး နုတ်ထွက်သွားတာကြောင့် အုပ်ချုပ်ရေးမှူးအသစ်ဖြစ်လာတဲ့ ခင်ထွဋ်နဲ့ သားဖြစ်သူ အောင်ဇော်ထွဋ္ဋ်တို့ ဒီဇင်ဘာ ၃ ရက် ည ၈ နာရီခွဲအချိန်မှာ ရှင်းလင်းခံလိုက်ရတာလို့ ဆိုပါတယ်။
ဆင်လူးကျေးရွာက မူလအုပ်ချုပ်ရေးမှူး နုတ်ထွက်စာတင်ချိန်မှာ ခင်ထွဋ်က ဘယ်သူမှမလုပ်ရဲရင် ငါလုပ်မယ်။ ဘယ် PDF မှ ဂရုမစိုက်ဘူးလို့ကြွေးကြော်ပြီး ဆင်လူးကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်လုပ်ကိုင်ရာမှာ သားဖြစ်သူပါ ပစ်ခတ်ရှင်းလင်းခံလိုက်ရတာလို့ သိရပါတယ်။
ဆင်လူးကျေးရွာအုပ်ချုပ်ရေးမှူး ခင်ထွဋ်နဲ့ သားအောင်ဇော်ထွဋ်တို့ကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၅ က ရှင်းလင်းခဲ့တာဖြစ်ပြီး ၂ ဦးစလုံး သေဆုံးသွားတယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁- PPDF တပ်ရင်းက ဒီနေ့ ဒီဇင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ဆင်းလူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတာဝန်ယူထားတဲ့ ခင်ထွဋ်ဟာ PDF တွေကို စိန်ခေါ်ထားတဲ့အပြင် အုပ်ချုပ်ရေးမှူး တာဝန်ယူထားစဉ်အတွင်း ဒေသနေပြည်သူတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးတာ၊ စစ်သားသစ်တွေ အဓမ္မ စုဆောင်းတာတွေကြောင့် ရွာသားအချို့ ရှောင်တိမ်းခဲ့ရတာတွေရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ခင်ထွဋ်နဲ့သူ့သား အောင်ဇော်ထွဋ်တို့ဟာ စစ်သားတွေနဲ့ပေါင်းပြီး ပေါ်တာဆွဲတာ ငွေကောက်တာတွေနဲ့ သန်းခေါင် စာရင်းကောက်တာတွေလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁- PPDF တပ်ရင်းက အသိပေးထားပါတယ်။
အခုဖြစ်စဉ်မှာ ဆင်လူးကျေးရွာ အုပ်ချုပ်ရေးမှူး ခင်ထွဋ်ကို အဓိကထားရှင်းလင်းတာဖြစ်ပေမယ့် ပစ်ခတ်ချိန်မှာ သားဖြစ်သူ က တော်လှန်ရေးရဲဘော်တွေရဲ့သေနတ်ကို အတင်းဝင်လုတဲ့အတွက် သားအဖ ၂ ယောက်စလုံးကို ပစ်ခတ်ရှင်းလင်းခဲ့ရတာလို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PPDF ၃၆၀၁ တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ KNU တပ်မဟာ ၅ နယ်မြေမှာ နိုဝင်ဘာလအတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်တပ်ဘက်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၈၈ ဦးသေဆုံး
ဒီဇင်ဘာ၆ရက်
ကရင်ပြည်နယ် KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်မှာ နိုဝင်ဘာလအတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ တပ်ရင်းမှူးတဦးနဲ့ ဒုတပ်ရင်းမှူးတဦးအပါအဝင် စစ်သား ၈၈ ဦးသေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဒီဇင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
မူတြော်ခရိုင်လို့ခေါ်တဲ့ ဖာပွန်ခရိုင် အမှတ် ၅ တပ်မဟာ ထိန်းချုပ်နယ်မြေမှာ နိုဝင်ဘာ ၁ ရက်ကနေ ၃၀ နေ့အထိ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပေါင်း ၄၃ ကြိမ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ရင်းမှူးတဦးနဲ့ ဒုတပ်ရင်းမှူးတဦးအပါအဝင် စစ်သား ၈၈ ဦး သေဆုံး ကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရသွားသွားတာလို့ နားလည်ရပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ကူးဆိပ်စခန်းနဲ့ မထောစခန်းတို့ကိုလည်း KNLA နဲ့မဟာမိတ်တပ် တွေက အလုံးစုံသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ နိုဝင်ဘာလအတွင်း လေယာဉ်အားကိုးနဲ့ အပြစ်မဲ့ပြည်သူတွေ နေထိုင်ရာနေရာနဲ့ လုပ်ကိုင် စားသောက်ရာနေရာတွေကို ဗုံးသီး ၁၆ လုံးကြဲချခဲ့တဲ့အတွက် အပြစ်မဲ့အရပ်သားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment