၂၀၂၄ ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ သံအမတ်ကြီး ဦးကျော်မိုးထွန်း တာဝန်ဆက်လက် ထမ်းဆောင်ခွင့်ရသည့်အတွက် မြန်မာပြည်သူများကိုယ်စား အထူးပင် ဝမ်းမြောက်ဂုဏ်ယူကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
📌 ၂။ CRPH ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ
📌 ၃။ UWSA နဲ့ ဖြစ်ပွားနေတဲ့ နယ်စပ်ပြဿနာ ထိုင်းလွှတ်တော် အမျိုးသားလုံခြုံရေးကော်မတီက ကိုင်တွယ်ဆွေးနွေးမည်
📌 ၄။ ဟိုပန် ဖောင်ဆိပ်ဂိတ်မှာ 'ဝ'နဲ့ ကိုးကန့် ကုန်စည်တင်သွင်းခွင့် အပြန်အလှန်ပိတ်ဆို့
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရေစကြို ပ.က,ဖ က လင်းကတော နယ်မြေ ရဲစခန်းသိမ်း တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်များအတွက် တနှစ်ပြည့် အမှတ်ရဖွယ် အခမ်းအနားပြုလုပ်
🚩 ၂။ Special Operation Group (S.O.G) စစ်ကြောင်း ပထမအကြိမ် လက်နက်တပ်ဆင်ပွဲ အခမ်းအနား ကျင်းပ
🚩 ၃။ ဟားခါးရပ်ကွက်အနီးရှိ ခမရ ၂၆၆ ကာကင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရ ၊ သေနတ် ၃ လက် သိမ်းဆည်းရရှိ
🚩 ၄။ ရေလယ်ကျွန်းဒေသ မင်းရွာ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့
🚩 ၅။ ကြို့ပင်ကောက်တွင်ပြည်သူများနဲ့ တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေတဲ့ ရာအိမ်မှူးကို ပစ်ခတ်ရှင်းလင်း
🚩 ၆။ အုတ်ဖို၊ ချောင်းဂွရွာမှ ပြည်သူ ၄ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ညတွင်းချင်း သတ်ဖြတ်ကာ ရုပ်အလောင်းများကို ကျေးရွာအနီး စွန့်ပစ်
🚩 ၇။ ရေစကြိုတွင် တော်လှန်ရေး ရဲဘော် ၂ ဦး ခြုံခိုတိုက်ခိုက်ခံရပြီး တဦး ဒဏ်ရာရ
🚩 ၈။ ကိုယ်အင်္ဂါစွန့်လွှတ် ရဲဘော်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲ ကျင်းပ
🚩 ၉။ ထီးလင်း မြိုမရဲစခန်းမှ ရဲတပ်သား တဦး လက်နက်နဲ့ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ သံအမတ်ကြီး ဦးကျော်မိုးထွန်း တာဝန်ဆက်လက် ထမ်းဆောင်ခွင့်ရသည့်အတွက် မြန်မာပြည်သူများကိုယ်စား အထူးပင် ဝမ်းမြောက်ဂုဏ်ယူကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
ဒီဇင်ဘာ ၇
Radio NUG
ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တာဝန်ဆက်လက်ထမ်းဆောင်ခွင့်ရသည့်အတွက် မြန်မာပြည်သူများကိုယ်စား အထူးပင်ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် နိုင်ငံတကာစာမျက်နှာထက်တွင် မြန်မာပြည်သူတို့၏ အသံကို ထင်ဟပ်စေရန် စွမ်းစွမ်းတမံဆောင်ရွက်နေမှုသည် မြန်မာပြည်သူတို့၏ တော်လှန်စာမျက်နှာထက်တွင် အရေးပါသော အခန်းကဏ္ဍတခုပင်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
သံအမတ်ကြီးဦးကျော်မိုးထွန်းနှင့်တကွ ပြည်သူ့ဘက်မှ ရပ်တည်ခဲ့ကြသော CDM ဝန်ထမ်းများ အားလုံးကို သမိုင်းမှတ်ကျောက်တင် ဂုဏ်ပြုအပ်ကြောင်း ဖော်ပြထားပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း မြန်မာနိုင်ငံကိုယ်စားပြု တာဝန်ဆက်လက်ထမ်းဆောင်နိုင်ရန် ကုလသမဂ္ဂ နိုင်ငံကိုယ်စားပြုကိုယ်စားလှယ် စိစစ်ရေးကော်မတီ (Credential Committee) က ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။
========================
📌📌 ၂။ CRPH ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ
ဒီဇင်ဘာ ၆
Radio NUG
ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၅၀/၂၀၂၄) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိပါတယ်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီးနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက ဝန်ကြီးဌာနအနေဖြင့် လုပ်ဆောင်ပြီးစီးမှုများနှင့် ပတ်သက်၍ အသေးစား ချေးငွေများ လုပ်ငန်းများသို့ ထုတ်ချေးခြင်း၊ တိုင်းရင်းသားကောင်စီများနှင့် ပူးပေါင်းချိတ်ဆက်ခြင်းနှင့် မူအရ ပံ့ပိုးဆောင်ရွက်ခြင်း၊ CDMများ၊ ကျောင်းသားများနှင့် တော်လှန်ပြည်သူများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်မှုဆိုင်ရာ ပညာရပ်များ သင်ကြား ပို့ချပေးခြင်းတို့အား ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် World Trade Organization(WTO), United Nations Conference on Trade and Development (UNCTAD), United Nations Industrial Development Organization (UNIDO), Food and Agriculture Organization (FAO), United Nations Scientific Committee on the Effects of Atomic Radiation (UNESCAR), International Trade Center (ITC), The Organization for Economic Co-operation and Development (OECD) စသော အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်များ၏ ညီလာခံများသို့ တက်ရောက်ခြင်း၊ စီးပွားရေးမူဝါဒ မူကြမ်းများ ရေးဆွဲခြင်း၊ နယ်စပ်ကုန်သွယ်ရေး အခြေအနေများအား ကွင်းဆင်းလေ့လာ၍ ကြည့်ရှုဆောင်ရွက် ညှိနှိုင်းခြင်း၊ Economic Welfare Strategy ဖြင့် စစ်အုပ်စုအား ပြိုလဲစေရန် လုပ်ဆောင်ခြင်းနှင့် ဝန်ကြီးဌာန၏ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား တင်ပြဆွေးနွေးခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက မြေပြင်အခြေအနေများနှင့် ပတ်သက်၍ သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါတယ်။
ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် နိုင်ငံတကာရေးရာ၊ NUCC ရေးရာကိစ္စများနှင့် အထွေထွေကိစ္စများ တင်ပြဆွေးနွေးကြကာ အစည်းအဝေးအား (၂၂:၂၀) နာရီအချိန်တွင် ရပ်နားခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ UWSA နဲ့ ဖြစ်ပွားနေတဲ့ နယ်စပ်ပြဿနာ ထိုင်းလွှတ်တော် အမျိုးသားလုံခြုံရေးကော်မတီက ကိုင်တွယ်ဆွေးနွေးမည်
ဒီဇင်ဘာ ၇
Radio NUG
ထိုင်း-မြန်မာနယ်စပ်မှာ ဝပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) နဲ့ ဖြစ်ပွားနေတဲ့ တင်းမာမှုနဲ့ ပတ်သက်ပြီး ထိုင်းအမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားအဆင့်မဟာဗျူဟာနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မတီအနေနဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ကိုင်တွယ်ဆွေးနွေးဖို့ စီစဉ်နေကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။
ထိုင်းနယ်စပ်အနီး UWSA တည်ရှိနေခြင်းက စိုးရိမ်စရာဖြစ်လာတယ်လို့ ပြည်သူ့ပါတီ ဒုတိယခေါင်းဆောင်၊ ကော်မတီဥက္ကဋ္ဌ Rangsiman Rome က ပြောပါတယ်။
နယ်စပ်တလျှောက် ကာလရှည်ဖြစ်ပွားနေတဲ့ ပြဿနာတွေ အထူးသဖြင့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် အပြစ်မဲ့ပြည်သူတွေ မကြာခဏ ထိခိုက်နေရပြီး ထိုင်းမှာ ခိုလှုံတဲ့ ဒုက္ခသည် ၂ သန်းကျော်လာတယ်လို့ ဆိုထားပါတယ်။
ဒါပေမဲ့ ထိုင်းအနေနဲ့ ဒုက္ခသည် ၁သိန်းခန့်သာ လက်ခံနိုင်တာကြောင့် ဒုက္ခသည်ဝင်ရောက်မှု ကြီးမားလာရင် ကိုင်တွယ်နိုင်စွမ်းမရှိဘူးလို့ ဘန်ကောက်ပို့စ်မှာ ဖော်ပြပါတယ်။
မြန်မာ့ပြည်တွင်းပဋိပက္ခရဲ့ အကျိုးသက်ရောက်မှုတွေကို ထိုင်းအနေနဲ့ ရှောင်လွှဲမရကြောင်း၊ အကြမ်းဖက်မှုတွေ ပြင်းထန်လာရင် လူတွေအနေနဲ့ နယ်စပ်ဖြတ်ပြီး ထိုင်းကို မလွဲမသွေ ထွက်ပြေးလာမှာဖြစ်ကြောင်း၊ ဒုက္ခသည်တွေကို လက်မခံရင်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ် ထိုင်းအနေနဲ့ ဂုဏ်သိက္ခာ ထိခိုက်နိုင်ကြောင်း Mr Ransiman က အလေးပေးပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ ၁၃ ရက်နေ့မှာ UWSA နဲ့ ပတ်သက်လို့ ကော်မတီရဲ့ ဆွေးနွေးပွဲမှာ ယခင်သီတင်းပတ်က မြန်မာ့ရေပိုင်နက်အတွင်း ထိုင်းစက်လှေတွေကို စစ်ကောင်စီရေတပ်က ပစ်ခတ်ဖမ်းဆီးမှုကိုလည်း ဆွေးနွေးမယ်လို့ သူက ဆိုပါတယ်။
“ဝ ဟာ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေ အထူးသဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားလို့ နာမည်ဆိုးနဲ့ကျော်ကြားတယ်။ မူးယစ်ဆေးဝါး ထုတ်လုပ်မှုအပေါ် သူတို့ရဲ့လွှမ်းမိုးမှုကို ပြနေတဲ့ သက်သေတွေရှိနေပြီး နယ်စပ်ဖြတ်ကျော် ကျုးကျော်မှုတွေက လက်ခံနိုင်စရာမရှိဘူး” လို့ Mr Rangsiman က ဆိုပါတယ်။
“ဒီကျုးကျော်မှုတွေက မကြာသေးမီနှစ်တွေအတွင်း ထိုင်းရဲ့ ပြင်းထန်တဲ့ မူးယစ်ဆေးဝါးပြဿနာနဲ့ ဆက်စပ်မှုရှိနိုင်တယ်”လို့ သူက စွပ်စွဲထားပြီး အကျယ်တဝင့်တော့ မပြောထားပါဘူး။
တာချီလိတ်လို မြန်မာပြည်က ဝ ရဲ့ ထိန်းချုပ်နယ်မြေကို ထိုင်းကနေ လျှပ်စစ်ဓာတ်အားပေးနေတာက သွယ်ဝိုက်သောနည်းနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို ပံ့ပိုးပေးနေတာ ဖြစ်နေနိုင်တယ်လို့ အစီရင်ခံစာတွေကို ကိုးကားပြီး သူကဆိုပါတယ်။
မူးယစ်ဆေးထုတ်လုပ်ရာမှာ ထိုင်းရဲ့လျှပ်စစ်ကို သုံးမသုံး အတည်မပြုနိုင်ပေမဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်မှာ စွမ်းအင်လိုအပ်ချက်ကြီးတာကြောင့် အဲဒီစွမ်းအင်အရင်းအမြစ် အသုံးပြုမှုက မေးခွန်းထုတ်စရာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်မှာ ရေးသားထားပါတယ်။
========================
📌📌 ၄။ ဟိုပန် ဖောင်ဆိပ်ဂိတ်မှာ 'ဝ'နဲ့ ကိုးကန့် ကုန်စည်တင်သွင်းခွင့် အပြန်အလှန်ပိတ်ဆို့
ဒီဇင်ဘာ ၇
Radio NUG
ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် ဟိုပန် နဲ့ ကွမ်းလုံမြို့ကြားရှိ ဖောင်ဆိပ်ဂိတ်မှာ 'ဝ'တပ်- UWSA နဲ့ ကိုးကန့်တပ် MNDAA တို့က ကုန်စည်တင်သွင်းခွင့်ကို အပြန်အလှန်ပိတ်ဆို့ထားတယ်လို့ ရွှေဖီမြေသတင်းဌာနမှာ ဖော်ပြထားပါတယ်။
တရုတ်ဖိအားကြောင့် "ဝ"တပ်-UWSA ထိန်းချုပ်ထားတဲ့ ဟိုပန် ဖောင်ဆိပ်ဂိတ်ကနေ ကိုးကန့်ဒေသဘက်ကို ကုန်ပစ္စည်းသယ်ယူခွင့်ကို ပိတ်လိုက်တာဖြစ်သလို ကိုးကန့်တပ်ဘက်ကလည်း ကုန်ပစ္စည်းသယ်ယူခွင့်ကို ပြန်ပိတ်လိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ဟိုပန် ဖောင်ဆိပ်ဂိတ် ကုန်စည်တင်သွင်းခွင့်ကို 'ဝ'တပ်ဘက်က အသွားအလာ သိပ်မတင်းကြပ်ပေမယ့် ကုန်ပစ္စည်းသယ်ယူခွင့်ကိုတော့ အရမ်းတင်းကြပ်တယ်လို့ ဖော်ပြထားပါတယ်။
အစားအသောက်ဆိုလည်း စားလက်စတောင်မှ အကုန်စားပြီးမှ သွားရသလို ကုန်အောင်မစားရင် လွှင့်ပစ်ပြီးမှ သွားရတယ်လို့ သိရပါတယ်။
ကိုးကန့်တပ်ဘက်ကတော့ ကိုယ့်ဒေသအတွင်း အချင်းချင်းရောင်းချဖို့အတွက် ပိတ်လိုက်တယ်လို့ ဟိုပန် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရေစကြို ပ.က,ဖ က လင်းကတော နယ်မြေ ရဲစခန်းသိမ်း တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်များအတွက် တနှစ်ပြည့် အမှတ်ရဖွယ် အခမ်းအနားပြုလုပ်
ဒီဇင်ဘာ ၇
Radio NUG
ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှာ တာဝန် ထမ်းဆောင်ရင်း မြိုင်မြို့နယ်က လင်းကတော နယ်မြေ ရဲစခန်းသိမ်း တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်များအတွက် တနှစ်ပြည့် အမှတ်ရဖွယ် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၇ ရက်နေ့မှာ ရေစကြို ပ.က.ဖ က ဦးဆောင်ကျင်းပခဲ့တဲ့ အမှတ်ရဖွယ် အခမ်းအနားတွင် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ အလံတော်အား အလေးပြုခြင်း၊ ခေတ်အဆက် ဖက်ဒရယ် ဒီမိုကရေစီ တိုက်ပွဲမှာ မြင့်မြတ်စွာကျဆုံးခဲ့ရတဲ့ ရဲဘော်များအား အလေးပြုခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။
ထို့အပြင် ရေစကြို ပ.က.ဖ မှာ တာဝန် ထမ်းဆောင်ရင် မြင့်မြတ်စွာ ကျဆုံးခဲ့ရတဲ့ ရဲဘော် (၁၈) ဦးအား ဂုဏ်ပြု အလေးပြုခြင်းနဲ့ လင်းကတော နယ်မြေ ရဲစခန်းသိမ်း တိုက်ပွဲမှာ မြင့်မြတ်စွာ ကျဆုံးခဲ့ရတဲ့ ရဲဘော်များ တနှစ် ပြည့်ခြင်းအတွက် အလံတဝက် လွှင့်ထူပြီး တမိနစ် ငြိမ်သက်ခြင်းတို့အား အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ Special Operation Group (S.O.G) စစ်ကြောင်း ပထမအကြိမ် လက်နက်တပ်ဆင်ပွဲ အခမ်းအနား ကျင်းပ
ဒီဇင်ဘာ ၇
Radio NUG
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ စီစဉ်ညွန်ကြားမှုနဲ့ ကာကွယ်ရေး ဝန်ကြီးဌာန မှ Special Operation Group (S.O.G) စစ်ကြောင်းအား ပထမအကြိမ် လက်နက်တပ်ဆင်ခြင်း အခမ်းအနား ကျင်းပခဲ့ပါတယ်။
SOG စစ်ကြောင်းရှိ ရဲဘော်အင်အား ၅၀% ကို လက်နက်တပ်ဆင်ပေးရန် သဘောတူညီချက်အရ ဒီဇင်ဘာလ ၇ ရက် မနက် ၈ နာရီမှာ လက်နက် ၂၀% ကို ပထမ အသုတ်အနေနဲ့ လက်ခံရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ လက်နက်တပ်ဆင်ပွဲ အခမ်းအနားမှာ တောင်ပိုင်းတိုင်း စစ်ဒေသ၊ ဒုတိယ စစ်ဒေသမှူး (၂) ရဲဘော်စောရှား က တက်ရောက်မိန့်ခွန်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ကျန်ရှိနေသေးတဲ့ လက်နက် ၃၀% ကိုလည်း ဒုတိယအကြိမ် အနေဖြင့် အပ်နှင်းဖို့ကို ရဲဘော်စောရှားက ကတိပြုထားခဲ့တယ်လို့ ဆိုပါတယ်။
S.O.G စစ်ကြောင်း အနေဖြင့် နောင်လာမယ့် တော်လှန်ရေး နေ့ရက်များတွင် NUG ရဲ့ ညွန်ကြားချက်နှင့်အညီ စစ်အာဏာရှင် တော်လှန်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ကာ ဆက်လက်တိုက်ပွဲ ဝင်သွားမယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၃။ ဟားခါးရပ်ကွက်အနီးရှိ ခမရ ၂၆၆ ကာကင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရ ၊ သေနတ် ၃ လက် သိမ်းဆည်းရရှိ
ဒီဇင်ဘာ ၇
Radio NUG
ဒီဇင်ဘာလ ၆ ရက်နေ့ CNA ဦးဆောင်သော ချင်းပြည်အစိုးရတပ်ဖွဲ့များက ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟားခါးရပ်ကွက်အနီးရှိ ခမရ ၂၆၆ ကာကင်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ဦးအပါ ၁၁ ဦးဒဏ်ရာရကာ သေနတ် ၃ လက် သိမ်းဆည်းရရှိကြောင်း CNA သတင်းရင်းမြစ်ထံမှ သိရပါတယ်။
ဟားခါးနှင့် ထန်တလန်ရှိ စစ်တပ်စခန်း၅ ခုထက်မနည်းကို နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ လဆန်းပိုင်းအထိ ချင်းပြည်အစိုးရတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်အရာရှိများ အပါအဝင် ၃၀ ဦးကျော်သေ ဆုံးကာ သေနတ် ၆၀ ကျော်၊ ခဲယမ်းများနှင့် စစ်သုံ့ပန်း ၁၉ ဦး ဖမ်းဆီးရရှိထားပါတယ်။
========================
🚩🚩 ၄။ ရေလယ်ကျွန်းဒေသ မင်းရွာ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့
ဒီဇင်ဘာ ၇
Radio NUG
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မင်းရွာ စစ်ကောင်စီ တပ်စခန်းကို စစ်ကြောင်း ၅ ကြောင်းခွဲကာ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗိုလ် ၆၀ ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၇ ရက်နေ့ မနက် ၅ နာရီခန့်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန် ၄ နာရီလောက် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီက ဝေဟင်ကနေ ဂျက်ဖိုက်တာဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ ရဲဘော်နှစ်ဦး ဒဏ်ရာရခဲ့ပြီး ပြည်သူများနဲ့ ရဲဘော်တွေရဲ့ အသက်အန္တရာယ်ကို ငဲ့ကွက်ပြီး ပြန်ဆုတ်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ စစ်ဆင်ရေးကို ဗိုလ် ၆၀ ပြောက်ကျား တပ်ဖွဲ့၊ ရေလယ်ကျွန်း စစ်ကြောင်း၊ TLK တပ်ဖွဲ့၊ အမေ့လက်ရုံး ပြောက်ကျား တပ်ဖွဲ့၊ NY LPDF၊ YLK ပြောက်ကျားတပ်ဖွဲ့၊ ရဲဘော်ညီနောင် ဒရုန်းတပ်ဖွဲ့၊ NY ဒရုန်းတပ်ဖွဲ့ တို့နဲ့ အခြား မဟာမိတ်များက ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
========================
🚩🚩 ၅။ ကြို့ပင်ကောက်တွင်ပြည်သူများနဲ့ တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေတဲ့ ရာအိမ်မှူးကို ပစ်ခတ်ရှင်းလင်း
ဒီဇင်ဘာ ၇
Radio NUG
ပဲခူးတိုင်း၊ သာယာဝတီ ခရိုင်၊ ကြို့ပင်ကောက် မြို့နယ်၊ ဥယျဉ်ကြီးအုပ်စု၊ အေးရွာလေး ရွာမှ ရာအိမ်မှူး စိုးနိုင်ကို ပစ်ခတ်ရှင်းလင်း ခဲ့တယ်လို့ BTZM GBK PDF က သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၈ နာရီခန့်မှာ ၎င်းရာအိမ်မှူးကို BTZM GBK PDF ပဲခူးရိုးမအခြေပြု တပ်ခွဲ ရဲဘော်များက ပစ်ခတ်ရှင်းလင်း ခဲ့တာလို့ ဆိုပါတယ်။
၎င်းဟာ ဒေသခံ တော်လှန်ရေးသမားများရဲ့ လှုပ်ရှားမှုများကို ကွင်းချောင်းရွာ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင်နဲ့ စစ်ကောင်စီ အထိုင်ချစခန်းကို တက်တက်ကြွကြီ အမြဲသတင်း ပေးပို့နေသူ ဖြစ်တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၆။ အုတ်ဖို၊ ချောင်းဂွရွာမှ ပြည်သူ ၄ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ညတွင်းချင်း သတ်ဖြတ်ကာ ရုပ်အလောင်းများကို ကျေးရွာအနီး စွန့်ပစ်
ဒီဇင်ဘာ ၇
Radio NUG
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂွရွာမှ ပြည်သူ ၄ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးပြီးနောက် ညတွင်းချင်း သတ်ဖြတ်ပြီး ရုပ်အလောင်းများကို ကျေးရွာအနီး စွန့်ပစ်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂မှ သိရပါတယ်။
ဒီဇင်ဘာလ ၆ ရက်နေ့ ညပိုင်းတွင် အုတ်ဖိုမြို့နယ် ချောင်းဂွ(ဂျီ)ရွာ၌ နေထိုင်သော ဦးကုလား၊ ဦးခင်စိုး၊ ဦးမင်းလွင်နှင့် ဦးစိုးကြီး တို့၄ ဦးကို အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးခန့်က ကျေးရွာအတွင်းဝင်ရောက်စီးနင်းပြီး အုတ်ဖိုမြို့ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နံနက်အစောပိုင်း ၂ နာရီခန့်တွင် အုတ်ဖိုမြို့ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကားဖြင့် ပြန်လည် ခေါ်ဆောင်လာပြီး ချောင်းဂွ(ဂျီ)ကျေးရွာ အုပ်စု သဲကုန်းလေး ထန်းရည်ဆိုင် အနောက်ဘက်ကုန်းတွင် ပြည်သူ ၄ ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းများကို ကားလမ်းမတွင် စွန့်ပစ်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အကြမ်းဖက် စစ်တပ် လော်ဘီများက ၎င်းတို့ တယ်လီဂရမ်များတွင် PDF များက သတ်ဖြတ်ခြင်းဖြစ်ကြောင်း လိမ်လည် သတင်းထုတ်ပြန်နေကြောင်း သိရပါတယ်။
"ကျွန်တော်တို့ PDF တွေက ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှုရှိပါတယ်။ အပြစ်မဲ့ ပြည်သူတွေကို ဘယ်တော့သတ်ဖြတ်တာ မလုပ်ဘူး။ ကျွန်တော်တို့ စစ်ကောင်စီနဲ့ ပတ်သက်လို့ ပြည်သူလူထုကို ဒုက္ခပေးတဲ့သူတွေ ဆိုရင်တော့ ကျွန်တော်တို့ စစ်ကောင်စီ ယန္တရားမှာပါတယ်။ ပျူစောထီး လုပ်ပြီး သတင်းပေးတယ်။ ဒါမျိုးလူကို ကျွန်တော်တို့ ရှင်းရင်တောင် တာဝန်ယူမှု တာဝန်ခံမှုနဲ့ သတင်းထုတ်ပြန်ပါတယ်။ အခုလို စစ်ကောင်စီက ကိုယ်လုပ်တာကို တာဝန်မခံတဲ့ PDF လွှဲချတယ်ဆိုတာ သူတို့က ယုတ်မာရိုင်းဆိုင်းတဲ့ ကောင်တွေလို့ မှတ်ချက်ပေးချင်ပါတယ်" ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုထားပါတယ်။
ဒီဇင်ဘာလ ၄ ရက်နေ့တွင် ခမရ ၆ တပ်ရင်းမှ ကင်းလှည့်ရန် ထွက်လာသော ဗိုလ်ကြီးဝင်းသိန်းနှင့် တပ်ကြပ်တင်အောင်တို့ကို PDF တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာသည့် လမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ပြည်သူ ၄ ဦးက လယ်ထဲ၌ အလုပ်လုပ်ကိုင်နေခြင်းဖြစ်ပါတယ်။
========================
🚩🚩 ၇။ ရေစကြိုတွင် တော်လှန်ရေး ရဲဘော် ၂ ဦး ခြုံခိုတိုက်ခိုက်ခံရပြီး တဦး ဒဏ်ရာရ
ဒီဇင်ဘာ ၇
Radio NUG
မကွေးတိုင်း၊ ရေစကြို မြို့နယ်မှာ တော်လှန်ရေး ရဲဘော် ၂ ဦး စီးနင်းလာတဲ့ကား ခြုံခိုတိုက်ခိုက် ခံခဲ့ရပြီး ကားနှင့် လက်နက်ခဲယမ်းတချို့ ဆုံးရှုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၆ ရက် မနက် ၇ နာရီတွင် ကံသစ်ကျေးရွာမှတဆင့် တောင်အိုတာတိုင် စစ်ကောင်စီစစ်ဆေးရေးဂိတ် ပခန်းကြီးကို သွားခဲ့တဲ့ လမ်းခုလတ် တနေရာမှာ ရဲဘော် ၂ ဦး စီးနင်းလာတဲ့ကား တိုက်ခိုက်ခံခဲ့ရတာပါ။
ပစ်ခတ်တိုက်ခိုက် ခံရမှုကြောင့် ရဲဘော် တဦး ကျည်ထိမှန်ခဲ့ကာ (မစိုးရိမ်ရ) ဒဏ်ရာရခဲ့ပြီး ကားပေါ် ပါလာတဲ့ ကျန်ရဲဘော် တဦးရဲ့ ပြန်လည်ပစ်ခတ် နိုင်ခဲ့မှုကြောင့် စစ်ကောင်စီ တပ်သားတဦး နေရာမှာပဲ သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။
ရဲဘော်နှစ်ဦးလုံး ဒဏ်ရာကြီးကြီးမားမား မရဘဲ ထွက်ပြေး လွတ်မြောက်ခဲ့ပေမယ့် စီးနင်းလာတဲ့ ကားတစီး၊ Glock ပစ္စတို တလက်၊ အီနာဂါ ဗုံးသီး ၄၀ ခန့်နဲ့ ငွေသား သိန်း ၄၀ ကျော် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၈။ ကိုယ်အင်္ဂါစွန့်လွှတ် ရဲဘော်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲ ကျင်းပ
ဒီဇင်ဘာ ၇
Radio NUG
အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ ယင်းမာပင်ခရိုင်၊ အမှတ် (၁၁) တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်မှာ တာဝန် ထမ်းဆောင်နေတဲ့ ကိုယ်အင်္ဂါ စွန့်လွှတ် ရဲဘော်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၇ ရက်နေ့မှာ ယင်းမာပင်ခရိုင်၊ အမှတ် (၁၁) တပ်ရင်း ခန်းမမှာ ကျင်းပခဲ့တာ ဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ ဆေးဝန်ထမ်းဌာနမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းနဲ့ ထောက်ပံ့ငွေ ပေးအပ်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အခမ်းအနားကို နယ်မြေခံ ပကဖ၊ ပအဖ များနဲ့ တပ်ရင်း တာဝန်ရှိသူများ ရဲဘော်များ တက်ရောက်ခဲ့ကြပြီး ကိုယ်အင်္ဂါစွန့်လွှတ် ရဲဘော်များအား အားပေးစကားများ ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။
ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ထောက်ပံ့ငွေများကို ဆေးဝန်ထမ်းဌာန ကိုယ်စား တပ်ရင်းမှူးနဲ့ တပ်ရင်း တာဝန်ရှိသူများက ကာယကံရှင်များထံ ပေးအပ်ချီးမြှင့်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အခမ်းအနားကို မနက် ၉ နာရီမှာ စတင်ခဲ့ပြီး ၁၀ နာရီခွဲ အချိန်မှာ အောင်မြင်စွာ ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၉။ ထီးလင်း မြိုမရဲစခန်းမှ ရဲတပ်သား တဦး လက်နက်နဲ့ အလင်းဝင်
ဒီဇင်ဘာ ၇
Radio NUG
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့၊ မြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သားတဦး လက်နက်နဲ့တကွ CDM ပြုလုပ် အလင်းဝင် လာတယ်လို့ ဂန့်ဂေါခရိုင်၊ အမှတ် ၄ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၄ ရက်နေ့က အဆိုပါ ရဲတပ်သား ဖြစ်သူဟာ MA-13 သေနတ် ၁ လက်၊ ကျည် ၁၄၂ တောင့်နဲ့တကွ အလင်းဝင်လာတာလို့ ဆိုပါတယ်။
စစ်အာဏာရှင်ရဲ့ လူမဆန်တဲ့ လုပ်ရပ်များကို လက်မခံနိုင်တာကြောင့် အဆိုပါ ရဲတပ်သားဟာ ယခင်ကလည်း လက်နက်နဲ့ တကွ အလင်းဝင်ရောက်ရန် ကြိုးစားခဲ့ဖူးပြီး မအောင်မြင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင် ခိုလှုံဝင်ရောက်လာတဲ့ အဆိုပါ ရဲတပ်သားအတွက် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဂုဏ်ပြုဆုငွေ ပေးအပ်နိုင်ရန်လည်း ဆောင်ရွက်လျှက် ရှိတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment