📌 (ချင်း တိုင်းရင်းသား - Daai ဒိုင်ရ် ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၅ ဇန်နဝါရီလ ( ၁၁ ) ရက်နေ့နောက်ဆုံးရပြည်တွင်းသတင်းများ
📌📌 ၁။ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ အောင်ပွဲအတွက် ပေးဆပ်မှုရှိသလို စစ်ရေးအတွေ့အကြုံကောင်း ရယူခဲ့တယ်လို့ မုံရွာခရိုင် PDF တပ်ရင်း ၃ ပြော။
‘ချင်းညီနောင်’ စစ်ဆင်ရေး မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ အောင်ပွဲအတွက် ပေးဆပ်မှုရှိသလို ဗျူဟာမြောက်အတွေ့အကြုံကောင်းတွေ ရရှိခဲ့တယ်လို့ မုံရွာခရိုင် PDF တပ်ရင်း ၃ ရဲဘော်သစ်တောက ပြောပါတယ်။
Myanmar Nowသတင်းဌာနရဲ့ ဇန်နဝါရီ ၈ရက်နေ့ ရုပ်သံမှာ အခုလိုပြောတာပါ။
“မိုးတွင်း ချင်းတောင်တန်း မင်းတပ်အထိရောက်ဖို့ကို ကျနော်တို့ ၁၀ ရက်လောက်သွားရပါတယ်။ ကျနော်တို့လိုချင်တဲ့ အောင်မြင်မှုအတွက် ပေးဆပ်ရတာရှိသလို ဗျူဟာမြောက် အတွေ့အကြုံကောင်းတွေလည်း ရခဲ့ပါတယ်။”လို့ သူက ဆိုပါတယ်။
‘ချင်းညီနောင်’ စစ်ဆင်ရေး မင်းတပ်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ နိုဝင်ဘာ ၉ ရက်နေ့ စတင်ခဲ့တာဖြစ်ပြီး အဲဒီစစ်ဆင်ရေးမတိုင်မီ မဟာမိတ်အနေဖြင့် သွားရောက်ခဲ့တာလို့ ဆိုပါတယ်။
‘ချင်းညီနောင်’ စစ်ဆင်ရေး မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ ရရှိလာတဲ့ ဗျူဟာမြောက်အတွေ့အကြုံတွေကတစ်ဆင့် အညာဒေသမှာ တပ်ရင်းတပ်ဖွဲ့တွေ စုစည်းပြီး စစ်ဆင်ရေးတွေအတွက် ကျနော်တို့ရဲဘော်တွေအားလုံး အကောင်းမွန်ဆုံး အခြေအနေရောက်နေပြီလို့လည်း ဆိုပါတယ်။
ဒီစစ်ဆင်ရေးအတွက် NUGရဲ့ လမ်းညွှန်မှုအဆင့်ဆင့်နဲ့ အခုလို ပူးပေါင်းဆောင်ရွက်ရတာဖြစ်ပြီး မင်းတပ်မြို့သိမ်း စစ်ဆင်ရေးမှာ မုံရွာခရိုင် PDF တပ်ရင်း ၃ ရဲဘော် ၇ ဦး အသက်ပေး၊ ကျဆုံးခဲ့တယ်လို့ ရဲဘော်သစ်တောက ရှင်းပြထားပါတယ်။
မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ ‘ချင်းညီနောင်’ နဲ့အတူ အာရက္ခတပ်တော် - AA၊ ယောကာကွယ်ရေးတပ် - YDF၊ ယောတပ်တော် - YA၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃ အပါအဝင် မဟာမိတ်အင်အားစုတချို့ပူးပေါင်း တိုက်ပွဲဝင်ခဲ့ပြီး ခလရ ၂၇၄ အပါအဝင် မြို့တခုလုံးကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပါတယ်။
========================
📌📌 ၂။ ၂၀၂၅မှာ အရင်နှစ်ထက် သာလွန်တဲ့ စွမ်းဆောင်ရည်တွေဖြစ်အောင် ကြိုးစားကြဖို့ NUG တာဝန်ရှိသူတွေကို ယာယီသမ္မတပြော။
၂၀၂၅ မှာ အရင်နှစ်ထက် သာလွန်တဲ့ စွမ်းဆောင်ရည်တွေဖြစ်အောင် ကြိုးစားကြဖို့ NUG တာဝန်ရှိသူတွေကို ယာယီသမ္မတ ပြောကြားလိုက်ပါတယ်။
၂၀၂၅ ဇန်နဝါရီ ၇ ရက်နေ့ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလို တိုက်တွန်း ပြောတာပါ။
“ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက ကျွန်တော်တို့ရဲ့ ခြေလှမ်းတွေကို ကျွန်တော်တို့ လေးလေးနက်နက် ပြန်လည် သုံးသပ်ပြီး၊ ဒီနှစ် ၂၀၂၅ မှာ ယခင်နှစ်ထက် သာလွန်တဲ့ စွမ်းဆောင် ရည်တွေဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်။” လို့ NUG ယာယီသမ္မတ ဒူဝါလရှီလက ပြောပါတယ်။
နောက်ဆုံး အရေးအကြီးဆုံး အချက်အနေနဲ့ ၂၀၂၅ ခုနှစ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရအတွက် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရေးတွေ စတင်ရမယ့် နှစ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
တဖက်မှာ အဝေးရောက်အစိုးရ မဖြစ်စေဖို့ ပြည်ပရောက်ရှိနေကြတဲ့ NUG အစိုးရအဖွဲ့ဝင်တွေ ပြည်တွင်း ပြန်ဖို့ဆိုတဲ့ တိုက်တွန်းချက်မျိုးကိုလည်း NUG ယာယီသမ္မတက ၂၀၂၄ နှောင်းပိုင်းကစလို့ ဆက်တိုက် ပြောထားပါတယ်။
========================
📌📌 ၃။ ဟားခါးရှိ ပြည်သူ့စစ် ၃ ဦး CDF-Hakha ထံလက်နက်ခဲယမ်းများနဲ့အတူ အလင်းဝင်။
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်(ခေါ်)ပျူစောထီး ၃ ဦးဟာ အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်ချင်တော့လို့ CDF-Hakha ဆီမှာ လက်နက်ခဲယမ်းများနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ CDF-Hakhaက သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါပြည်သူ့စစ်များဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့၊ ၆ ရက်နေ့ နဲ့ ၇ ရက်နေ့တို့မှာ အသီးသီး အလင်းဝင်လာခဲ့ကြတာလို့ဆိုပါတယ်။
ယခုလို အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်လိုဘဲ အလင်းဝင်ခြင်းဖြင့် နွေဦးတော်လှန်ရေးမှာပါဝင်လာသူများကို ဝမ်းသာစွာကြိုဆိုပြီး ဆုငွေများချီးမြှင့်သလို လုံခြုံတဲ့နေရာရောက်တဲ့အထိတာဝန်ယူတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
နောက်နောင်မှာလည်း အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတော့တဲ့သူများက CDF- Hakha ကိုအချိန်မရွေးဆက်သွယ်နိုင်ကြောင်း နဲ့ အလင်းဝင်လာသူများရဲ့ လုံခြုံရေးကိုတာဝန်ယူကြောင်း ဖော်ပြထားပါတယ်။
CDF-Hakha ဟာ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း အခြေစိုက်တဲ့တော်လှန်ရေးတပ်ဖွဲ့ဖြစ်ကာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာလည်း ဟားခါးမြို့နယ်ရဲမှူး လိုက်ပါလာတဲ့ ကားကိုတိုက်ခိုက်ခဲ့ကာ ရဲမှူးအပါအဝင် ၃ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
No comments:
Post a Comment