၂၀၂၅ ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ PSLF/TNLA အနေနဲ့ နိုင်ငံရေး စစ်ရေး ရည်မှန်းချက်တွေ အလုံးစုံထမြောက်တဲ့အထိ ကြိုးပမ်းအားထုတ်ဖို့ MNDAA နဲ့ AA တိုက်တွန်း
📌 ၂။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးက ဖော်ဆောင်မယ့် ပြည်သူ့အစိုးရကို ကြိုဆိုတယ်လို့ မန္တလေး PDF ပြော
📌 ၃။ ပဲခူးမှာ စစ်သား ၂ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်
📌 ၄။ ပေါက်မြို့နယ်မှာ ရဲတပ်သားတဦး လက်နက်နဲ့တကွ အလင်းဝင်
========================
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မင်းဘူး ရွှေစက်တော်အနီးက အိုးပြင်မဲရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးတာကြောင့် အိမ် ၃၆ လုံးပြာကျ
🚩 ၂။ သီပေါမြို့နယ် စံဖိတ်ကျေးရွာသားတဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ
🚩 ၃။ လောင်းရှည်မှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး ၂ ဦးဖမ်းမိ
🚩 ၄။ မံစီမြို့သိမ်းတိုက်ပွဲကနေထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KIA ပူးပေါင်းတပ်တွေ လိုက်လံတိုက်ခိုက်ခဲ့ရာ များစွာသေဆုံး
🚩 ၅။ ပေါက်မြို့မှာရှိတဲ့ ကပစ ၂၄ ကို ဒရုံးနဲ့ဗုံးကြဲတိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ PSLF/TNLA အနေနဲ့ နိုင်ငံရေး စစ်ရေး ရည်မှန်းချက်တွေ အလုံးစုံထမြောက်တဲ့အထိ ကြိုးပမ်းအားထုတ်ဖို့ MNDAA နဲ့ AA တိုက်တွန်း
ဇန်နဝါရီလ ၁၂ရက်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားတပ်မတော် PSLF/TNLA အနေနဲ့ စစ်ရေး နိုင်ငံရေး ရည်မှန်းချက်တွေ အလုံးစုံထမြောက်တဲ့အထိ ကြိုးပမ်းအားထုတ်ဖို့ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ ကိုးကန့်တပ် MNDAA နဲ့ ရခိုင့်တပ်တော် AA က တိုက်တွန်းလိုက်ပါတယ်။
၆၂ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့အခမ်းအနားကို ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ MNDAA နဲ့ AA က ဂုဏ်ပြုသဝဏ်လွှာပေးပို့ရာမှာ အခုလို တိုက်တွန်းပြောကြားလိုက်တာဖြစ်ပါတယ်။
PSLF/TNLA ဟာ တအာင်းပြည်သူတရပ်လုံးအပြင် ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ AA တို့နဲ့လက်တွဲ ပြီး စစ်ရေးနိုင်ငံရေး ရည်မှန်းချက်တွေကို တစိုက်မတ်မတ် ကြိုးပမ်းအကောင်အထည်ဖော်ခဲ့တာကြောင့် လက်ရှိ အချိန်မှာ တအာင်းအမျိုးသားတရပ်လုံးနဲ့ PSLF/TNLA အဖွဲ့အစည်းရဲ့ စစ်ရေး နိုင်ငံရေးရည်မှန်းချက်တွေ အတိုင်းအတာတခုထိ ပြည့်မြောက်ခဲ့ပြီလို့ ဆိုပါတယ်။
ဒါကြောင့် PSLF/TNLA အဖွဲ့အစည်းအနေနဲ့ စစ်ရေး နိုင်ငံရေး ရည်မှန်းချက်တွေ အလုံးစုံထမြောက်တဲ့အထိ ဆက်ပြီး ကြိုး ပမ်းအားထုတ်ဖို့ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ ကိုးကန့်တပ် MNDAA နဲ့ ရခိုင့်တပ်တော် AA က ညီနောင်မဟာမိတ် စိတ်ဓာတ်အပြည့်နဲ့ တိုက်တွန်းလိုက်တာလည်းဖြစ်ပါတယ်။
ဒါ့အပြင် PSLF/TNLA အဖွဲ့အစည်းက ဇန်နဝါရီလ ၁ဝ ရက်နေ့က ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစည်းအဝေးထုတ်ပြန်ချက်နဲ့ ဇန်နဝါရီ ၁၂ ရက်နေ့က ထုတ်ပြန်ချက်တွေမှာပါတဲ့ သုံးသပ်ချက် ပြည်ဆင်အားဖြည့်ချက်နဲ့ သဘောထားတွေကိုလည်း အပြုသဘောရှုမြင်တယ်လို့ ကိုးကန့်တပ် MNDAA နဲ့ ရခိုင့်တပ်တော် AA က ပေးပို့တဲ့သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
တော်လှန်ရေးကာလအတွင်း အသက်၊ခန္ဓာ၊ ဘဝ ၊သွေး ချွေး မြောက်များစွာပေးဆပ်ခဲ့ကြသူတိုင်းကို တန်ဖိုးထား ဦးညွတ် ကြောင်းလည်း MNDAA နဲ့ AA က အသိပေးထားပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA နဲ့ AA တို့ဟာ ဘုံရန်သူဖြစ်တဲ့ အာဏာရှင်စစ်ကောင်စီကို သက်ဆိုင်ရာ ဒေသအလိုက် တိုက်ခိုက်ခဲ့ရာမှာ တဖွဲ့ရဲ့လိုအပ်ချက်ကို တဖွဲ့က မဟာမိတ်စိတ်ဓာတ်အပြည့်နဲ့ ကူညီပံ့ပိုးခဲ့သလို တိုက်ပွဲတွေ မှာ ဟန်ချက်ညီညီနဲ့ ခက်ခဲပင်ပန်းဆင်းရဲစွာ ကာလရှည် လက်တွဲတိုက်ပွဲဝင်ခဲ့တဲ့အတွက် အောင်မြင်မှုအသီးအပွင့်တွေ ရရှိခဲ့ တာလို့ ဆိုပါတယ်။
အောင်ပွဲနဲ့အတူပါရှိလာတဲ့ အခက်အခဲတွေနဲ့အတားအဆီးတွေကို ကောင်းတူဆိုးဖက်စိတ်ဓာတ်၊ ညီနောင်မဟာမိတ် စိတ်ဓာတ်အပြည်နဲ့ ဝိုင်းဝန်းဖြေရှင်းဖို့ အမြဲတမ်းအသင့်ရှိနေမယ်လို့ MNDAA နဲ့ AA က ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
========================
📌📌 ၂။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးက ဖော်ဆောင်မယ့် ပြည်သူ့အစိုးရကို ကြိုဆိုတယ်လို့ မန္တလေး PDF ပြော
ဇန်နဝါရီလ ၁၂ရက်
တအာင်နိုင်ငံရေးအတိုင်ပင်ခံကောင်စီ ရဲ ဦးဆောင်မှုနဲ့ ရေးဆွဲထားတဲ့ တော်လှန်ရေးကာလအစီအမံတွေကို ပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦးက အတည်ပြု ဖော်ဆောင်မယ့် ပြည်သူ့အစိုးရကို ထောက်ခံကြိုဆိုတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး PDF က ထုတ်ဖော်ပြာဆိုလိုက်ပါတယ်။
၆၂ နှစ်မြောက် တအာင်းအမျိုသားတော်လှန်ရေးနေ့အထိမ်းအမှတ်ပေးပို့တဲ့ သဝဏ်လွှာကနေ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
တအာင်းအမျိုသားတို့ရဲ့ ၆၂ နှစ်မြောက် တအာင်းအမျိုသားတော်လှန်ရေးနေ့အခမ်းအနားကို သဝဏ်လွှာပေးပို့ခွင့်ရတဲ့ အတွက်လည်း ဂုဏ်ယူတယ်လို့ မန္တလေး PDF က ဆိုပါတယ်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ဦးဆောင်မှုနဲ့ တအာင်းလူထုကို နှစ်ပေါင်းများစွာ အနိုင်ကျင့်ဗိုလ်ကျနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို တအာင်းမြေကနေ အပြီးတိုင် ဖယ်ရှားနိုင်ခဲ့တာဟာ တအာင်းပြည်သူလူထုအတွက် သမိုင်းဝင်အောင်ပွဲဖြစ်တယ်လို့လည်း မန္တလေး PDF က အသိပေးထားပါတယ်။
မန္တလေး PDF ဟာ တအာင်းဒေသမှာ မွေးဖွားပြီး အရွယ်ရောက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့အတွက် တအာင်း အမျိုသားတို့ရဲ့ ကျေးဇူးတွေကို အစဉ်အောက်မေ့နေမှာဖြစ်ပြီး ဂုဏ်ယူနေမှာဖြစ်တယ်လို့ တအာင်းအမျိုသား တော်လှန်ရေးနေ့အထိမ်းအမှတ်ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
မန္တလေး PDFအနေနဲ့ တအာင်းအမျိုသားတွေနဲ့လက်တွဲပြီး တနိုင်ငံလုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ဟန်ချက်ညီစစ်ဆင်ရေးတွေ ဖော်ဆောင်ဖို့ အသင့်ရှိနေမယ်လို့လည်း မန္တလေး PDF က ကတိပြုထားပါတယ်။
မြန်မာနိုင်ငံတဝန်း တော်လှန်ရေးအင်အားစုတေနဲ့ ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ စစ်ကောင်စီကို အပြီးတိုင်ချေမှုန်း တော်လှန်သွားမယ်လို့ TNLA က ကြေညာထားပါတယ်။
========================
📌📌 ၃။ ပဲခူးမှာ စစ်သား ၂ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်
ဇန်နဝါရီလ ၁၂ရက်
ပဲခူးတိုင်းမှာ စစ်ကောင်စီတပ်က စစ်သား ၂ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အအတူ အလင်းဝင်လာတယ်လို့ ပဲခူးခရိုင် အမှတ် - ၂ တပ်ရင်း ၊ P2-3702 က ထုတ်ပြန်ထားပါတယ်။
အဲဒီစစ်သား ၂ ဦးဟာ ဇန်နဝါရီ ၅ ရက်နေ့ကတည်းကအလင်းဝင်တာဖြစ်ပြီး ဒေသနေပြည်သူတဦးကနေဆက်သွယ်ပြီး ပဲခူးခရိုင်အမှတ် ၂ တပ်ရင်းထံ အလင်းဝင်လာတဲ့ဖြစ်တဲ့အတွက် တပ်ရင်းမှူးကိုယ်တိုင်ဦးဆောင်ပြီး နွေးထွေးစွာ လက်ခံ ကြိုဆိုခဲ့တယ်လို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ စစ်သား ၂ ဦးဟာ MA-1 သေနတ်တလက်၊ MA-3 သေနတ်တလက်၊ ကျည်ဘောက် ၈ ခု၊၅ပွိုင့်၅၆ ကျည် ၂၀၀ တောင့် ယူဆောင်လာခဲ့တဲ့အတွက် ဂုဏ်ပြုဆုငွေချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ အလင်းဝင်လာတဲ့ စစ်သား ၂ ဦးကို ဘေးကင်းလုံခြုံတဲ့နေရာ စီစဉ်ပေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုပေး တာ လိုအပ်တဲ့ မှတ်တမ်းကောက်ယူခြင်းနဲ့ သူတို့ ဆက်လက်လုပ်ဆောင်လိုတာတွေကို တပ်ရင်း တာဝန်ရှိသူတွေက ညွှန်ကြားချက်တွေနဲ့အညီ ပံပိုးကူညီဆောင်ရွက်ပေးထားတယ်လို့ ပဲခူးခရိုင် အမှတ် - ၂ တပ်ရင်း ၊ P2-3702 က ပြောပါတယ်။
ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့လည်း ပြည်သူ့ဘက်ကရပ်တည်ပြီး အလင်းဝင်ကြဖို့ ပဲခူးခရိုင် အမှတ် - ၂ တပ်ရင်း ၊ P2-3702 က တိုက်တွန်းထားပါတယ်။
========================
📌📌 ၄။ ပေါက်မြို့နယ်မှာ ရဲတပ်သားတဦး လက်နက်နဲ့တကွ အလင်းဝင်
ဇန်နဝါရီလ ၁၂ရက်
မကွေးတိုင်း ပခုက္ကခရိုင် ပေါက်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတဦး ဇန်နဝါရီ ၁၀ ရက်နေ့မှာ လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပကဖ က ထုတ်ပြန်လိုက်ပါတယ်။
ပေါက်မြို့နယ် မြိုမရဲစခန်းက အသက် ၂၇ နှစ်အရွယ် ရဲတပ်သား အေးချမ်းအောင်ဟာ G3 သေနတ်တလက် G3 ကျည် ၉၀ တောင့်နဲ့အတူ အလင်းဝင်လာတာလို့ဆိုပါတယ်။
အလင်းဝင်လာတဲ့ ရဲတပ်သားကို ဆုငွေ ကျပ်သိန်း ၃၀ ဆုချီးမြင့်ခဲ့ပြီး လုံခြုံတဲ့နေရာမှာ ကျန်းမာစွာရှိနေတယ်လို့လည်း အသိပေးပါတယ်။
အဲဒီရဲတပ်သားဟာ လုပ်သက် ၁ဝ နှစ်ဝန်းကျင်ရှိပြီဖြစ်ကာ စခန်းမှာ တာဝန်ကျနေချိန် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆက်သွယ်ပြီး အလင်းယင်လာတာလို့ သိရပါတယ်။
အလင်းဝင်ရဲတပ်သားကို ဘေးကင်းစွာခေါ်ဆောင်ပေးခဲ့တဲ့ နယ်မြေခံတပ်ဖွဲ့ ဂန့်ဂေါခရိုင် တပ်ရင်း-၄ က တာဝန်ရှိသူတွေကို ကျေးဇူးတင်ကြောင်းနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံကြမယ့် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေအနေနဲ့ ယုံကြည်စိတ်ချစွာ ဆက်သွယ်အလင်းဝင်နိုင်တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပကဖ က အသိပေးထုတ်ပြန်ထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မင်းဘူး ရွှေစက်တော်အနီးက အိုးပြင်မဲရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးတာကြောင့် အိမ် ၃၆ လုံးပြာကျ
ဇန်နဝါရီလ ၁၂ရက်
မကွေးတိုင်း မင်းဘူးမြို့နယ် ရွှေစက်တော်အနီးမှာရှိတဲ့ အိုးပြင်မဲရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ မီးရှို့ ဖျက်ဆီးတာကြောင့် နေအိမ် ၃၆ လုံး မီးလောင်ပြာကျခဲ့ရတယ်လို့ ဒေသပြည်သူတွေနဲ့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
အင်အား ၁၅ဝ ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ မနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့က တိုက်ပွဲဖြစ်တာမရှိဘဲ အိုးပြင်မဲရွာကို လက်နက်ကြီးတွေပစ်ခတ်ပြီး စစ်ကြောင်းထိုးလာခဲ့ပြီး ရွာထဲက နေအိမ် ၃၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ သိရပါတယ်။
ဆည်တော်လို့ လူသိများတဲ့ အိုးပြင်မဲရွာကို စီးနင်းခဲ့စစ်ကောင်စီစစ်ကြောင်းဟာ ရွာတောင်ပိုင်းက နေအိမ်ကွက်သစ်တွေကို မီးရှို့သွားတာ ဒေသပြည်သူတဦးက ပြောပါတယ်။
မီးရှို့ဖျက်ဆီးခံရတဲ့အိမ်တွေဟာ ၂၀၂၀ ပြည့်နှစ်ကဖြစ်ခဲ့တဲ့ မီးလောင်မှုကြောင့် အသစ်ပြန်ဆောက်ထားတဲ့ အိမ်တွေဖြစ်ပြီး မင်းဘူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ပထမဆုံးအကြိမ် ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသပြည်သူ တွေက အသိပေးပါတယ်။
မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မင်းဘူးမှာရှိတဲ့ ၈၈ တပ်နဲ့ ခလရ ၁ဝ က စစ်သားတွေဖြစ်ပြီး အိုးပြင်မဲရွာက ဒေသနေပြည်သူ ၅ဝဝ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မန်းရွှေစက်တော်ဘုရားအနီးမှာအင်အားတိုချဲ့လာပြီး ခရီးသွားပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီး ကာ တပ်သားသစ်စုဆောင်းနေတဲ့အပြင် ပြည်သူပိုင်ပစ္စည်းတွေ လုယက်နေတာကြောင့် ရွှေစက်တော်ဘုရားအနီးတဝိုက်ကို မသွားကြဖို့ မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းက အခုဖြစ်စဉ်မတိုင်မီ ဒီဇင်ဘာ ၇ ရက်နေ့ကပဲ သတိပေးထုတ်ပြန်ခဲ့ပါတယ်။
========================
🚩🚩 ၂။ သီပေါမြို့နယ် စံဖိတ်ကျေးရွာသားတဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ
ဇန်နဝါရီလ ၁၂ရက်
တအာင်းပြည် တပ်မဟာ -၂ နယ်မြေထဲမှာပါတဲ့ သီပေါမြို့နယ် စံဖိတ်ကျေးရွာက အမျိုးသားတဦး မိုင်းနင်းမိပြီး ပြင်ထန်ဒဏ်ရာရရှိသွားတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောပါတယ်။
အသက် ၃၃ နှစ်အရွယ် စိုင်းအိုက်ဆိုင်ဆိုသူဟာ သူ့ခြံအတွင်း မြက်ရှင်းနေချိန် ဇန်နဝါရီ ၇ ရက် မနက် ၈ နာရီခန့်မှာ မိုင်း နင်း မိခဲ့တာလို့ ဆိုပါတယ်။
မိုင်းနင်းမိပြီး ပေါက်ကွဲတာကြောင့် သူ့ရဲ့ ဘယ်ခြေထောက်ပြတ်ထွက်သွားပြီး ခန္ဓာကိုယ်မှာလည်း ပြင်းထန်ဒဏ်ရာရ သွား တယ်လို့ အသိပေးပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့တုန်းလည်း သီပေါမြို့က စစ်ကောင်စီတပ် ခလရ -၂၃ တပ်စခန်းအနီးမှာ သံတိုသံစကောက် နေတဲ့ အမျိုးသားတဦး မိုင်းနင်းမိတာကြောင့် ခြေတစ်ဖက်ပြတ်ထွက်ဒဏ်ရာရရှိခဲ့သေးတယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၃။ လောင်းရှည်မှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး ၂ ဦးဖမ်းမိ
ဇန်နဝါရီလ ၁၂ရက်
မကွေးတိုင်း လောင်းရှည်မြို့မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ၂ရက်ဆက် တိုက် ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၃ ဦးသေပြီး ၂ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ဂန့်ဂေါခရိုင် PDF အမှတ်-၃ တပ်ရင်းက မနေ့ ဇန်နဝါရီ ၁၁ ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။
ဆောမြို့မရဲစခန်းကနေ ကပစ ၊ ခလရ၊ ရဲ ထုတ်နုတ်အင်အား ၅၄ ဦးပါ စစ်ကြောင်းဟာ ဒီဇင်ဘာ ၂၈ ရက်နေ့က လောင်းရှည် မြို့ဘက် ထွက်လာခဲ့ရာ လောင်းရှည်တိုက်နယ်အတွင်း ဂန့်ဂေါခရိုင် အမှတ် ၃၊ အမှတ် ၅၊ အမှတ် ၆ တပ်ရင်း၊ မကွေးတိုင်း Drone တပ်ဖွဲ့နဲ့ မင်းဘူးခရိုင် တိုက်ခိုက်ရေးအဖွဲ့တို့ပါတဲ့ ပူးပေါင်းအဖွဲ့နဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တယ် လို့ သိရပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က တဦးသေဆုံးပြီး တဦးအရှင်ဖမ်းမိကာ ၃ ဦး ပြင်းထန်ဒဏ်ရာရပြီး MA-2 ခေါ် စက်ကလေး တလက်နဲ့ ခဲယမ်းများသိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ ကစဥ့်ကလျားထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံတိုက်ခိုက်တဲ့အတွက် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ တိုက်ပွဲထပ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး တဦးအရှင်ဖမ်းဆီးရမိကာ MA-2 ခေါ် စက်ကလေး တလက်၊ MA-3 တလက်၊ G-3 တလက်နဲ့ ခဲယမ်းများ ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ်-၃ တပ်ရင်းက အသိပေးပါတယ်။
အဲဒီလိုပဲ ကန်ပက်လက်မြို့မှာရှိတဲ့ တပ်စခန်းတွေကနေ စွန့်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ သူတို့မိသားစုတွေ ပါတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲများက လိုက်လံတိုက်ခိုက်ရာ ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းမှာ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပြီး ရဲတဦးသေဆုံးကာ ဗိုလ်ကြီးတဦး အပါအဝင် ၄ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး အခုမှထုတ်ပြန်ရတာဟာ ပြည်သူလူထုထိခိုက်နစ်နာမှာ စိုးရိမ်တဲ့အတွက်ဖြစ်ပြီး နောက်ဆက်တွဲ သတင်းတွေကို ဆက်လက်ထုတ်ပြန်ပေးမယ်လို့လည်း သိရပါတယ်။
========================
🚩🚩 ၄။ မံစီမြို့သိမ်းတိုက်ပွဲကနေထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KIA ပူးပေါင်းတပ်တွေ လိုက်လံတိုက်ခိုက်ခဲ့ရာ များစွာသေဆုံး
ဇန်နဝါရီလ ၁၂ရက်
ကချင်ပြည်နယ် မံစီမြို့မှာရှိတဲ့ စစ်ကောင်စီ တပ်ရင်းဌာနချုပ်တွေကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA နဲ့ ပူးပေါင်းတပ်တွေ လိုက်လံတိုက်ခိုက်ရာ အများအပြားသေဆုံးသွားတယ်လို့ ဒေသ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
မံစီမြို့မှာရှိတဲ့ ခမရ-၆၀၁၊ ခမရ-၃၁၉ နဲ့ အမြောက်တပ် -၃၅၂ တို့ကို KIA၊ KPDF နဲ့ ကျောင်းသားတပ် ABSDF တို့ပါတဲ့ ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၈ ရက်မှာ အပြီးသတ် သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
စခန်းသိမ်းတိုက်ပွဲတွေဖြစ်နေချိန်မှာ အဲဒီတပ်စခန်းတွေကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀၀ ကျော် အနက် ဇန်နဝါရီ ၁၁ ရက်မှာဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝဝ ကျော် သေဆုံးသွားတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာ သေဆုံးနေတဲ့ ရုပ်သံမှတ်တမ်းကို ဒီနေ့ ဇန်နဝါရီလ ၁၂ ရက် မနက်ပိုင်းမှာ စစ်ရေးသတင်းရင်း မြစ်က လူမှုကွန်ရက်ကနေ အသိပေးရာမှာ တောတွင်းတနေရာမှာ တိုက်ခိုက်ခံရပြီး သေဆုံးနေတဲ့ ရုပ်အလောင်းတွေနဲ့ လက်နက်များအပြင် ဒဏ်ရာရသူအချို့ကို တွေ့ရပါတယ်။
မံစီက ထွက်ပြေးသွားတဲ့ စစ်သားတွေရဲ့ လမ်းဆုံးလို့ အမည်ပေးတဲ့ထားတဲ့ရုပ်သံမှတ်တမ်းမှာ ရုပ်သံရိုက်ကူးသူက ပြေးလည်းလွတ်မယ်ထင်လို့လား ဒီကောင်တွေ၊ ဒါကတော့ မံစီတပ်က ၃၁၉ နဲ့ ၆၀၁ က ပြေးတဲ့သူတွေ ကျနော်တို့ လိုက်သမလာတာလို့ အသိပေးထားပါတယ်။
KIA နဲ့ မဟာမိတ်ပူးပေါင်းတပတွေဟာ ၂၀၂၄ ဒီဇင်ဘာ ၄ ရက်ကစပြီး မံစီနဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့ရာ တလကျော်အကြာမှာ မံစီမြို့နယ်တခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ဗန်းမော်မြို့က လက်ကျန် စစ်ကောင်စီပင်မစခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ပါတယ်။
========================
🚩🚩 ၅။ ပေါက်မြို့မှာရှိတဲ့ ကပစ ၂၄ ကို ဒရုံးနဲ့ဗုံးကြဲတိုက်ခိုက်
ဇန်နဝါရီလ ၁၂ရက်
မကွေးတိုင်း ပေါက်မြိုနယ်မှာရှိတဲ့ ကပစ ၂၄ ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ပစ်မှတ်နေရာတွေကို ထိမှန်တာကြောင့် ထိခိုက်ပျက်စီးမှုတွေရှိနိုင်တယ်လို့ ပုံတောင် Tiger PDF တပ်ဖွဲ့က ပြောပါတယ်။
ပေါက်မြိုနယ်အခြေစိုက် ကပစ ၂၄ တပ်ထဲကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီ ၉ ရက် ညနေ ၃ နာရီခွဲခန့် မှာ ဒရုန်းနဲ့ ဗုံးသီး ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတပ်မှာရှိတဲ့ ဝန်ထမ်းယာတွေထဲက အရာရှိဆောင်တွေပေါ်အဓိကထား တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် ပျက်စီးဆုံးရှုံးမှု တွေရှိနိုင်ပြီး ထိခိုက်သေဆုံးမှု နောက်ဆက်တွဲအခြေအနေကို စုံစမ်းနေဆဲပဲလို့ အသိပေးပါတယ်။
စစ်ကောင်စီတပ်ဘက်က ဂျန်ဘာတွေနဲ့ပြန်လည်တိုက်ခိုက်လာတာကြောင့် ဒရုန်း ၅ စင်းနဲ့ တကြိမ်တည်းသာတိုက်ခိုက်နိုင်ခဲ့ ပြီး တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိအောင် ပြန်လည်ဆုတ်ခွာခဲ့တယ်။
အဲဒီတိုက်ခိုက်မှုကို ပေါက်မြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ (ပ.က.ဖ) ၊ ပုံတောင် TIGER PDF နဲ့ EAGLE WINGS Drone Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့် မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment