၂၀၂၅ ဇန်နဝါရီလ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပသုံးလုံး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရာမှာ လက်လည်း မနှေးသင့်သလို၊ အလုပ်ဖြစ်ရုံမျှ ပြုပြင်ပြောင်းလဲရေး ဆိုတာထက်လည်း ပိုသင့်တယ်လို့ ယာယီသမ္မတပြော
📌 ၂။ တော်လှန်ရေးလမ်းကြောင်းကို သွေဖယ်နေတဲ့ မြို့နယ်တာဝန်ရှိသူတွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မှာကြား
📌 ၃။ စစ်ကိုင်းတိုင်းမှာ ဝန်ကြီးတွေ ရုံးထိုင်ပြီး ပြည်သူလူထုနဲ့ ထိတွေ့မှုစတင်မယ်လို့ ပြည်ထဲရေးဝန်ကြီး ဆို
📌 ၄။ အမေရိကန်အထက်လွှတ်တော်အမတ် Dan Sullivan နှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတွေ့ဆုံ
📌 ၅။ ပြည်သူ့အသံကို အသေအချာ နားထောင်နာယူရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး မှတ်ချက်ပြု
📌 ၆။ NUGအစိုးရဟာ စစ်အာဏာရှင်စနစ် မြန်မာမြေပေါ်မှာ ချုပ်ငြိမ်းပြီး ပြန်မလာတော့အောင်လုပ်ဆောင်နေတာဖြစ်တယ်လို့ ချက်နိုင်ငံNUGကိုယ်စားလှယ်အသိပေး
📌 ၇။ Social Media ပေါ်မှာ ရှိနေမှ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အလုပ်တွေကို ပိုထိထိရောက်ရောက်လုပ်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် အသိပေးဆို
📌 ၈။ ချင်းမိုင်ရုပ်ရှင်ပြပွဲသို့ လာရောက်ကြရန်သရုပ်ဆောင်မင်းမော်ကွန်း ဖိတ်ခေါ်
📌 ၉။ အကြမ်းဖက်စစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဝရမ်းထုတ်ဖမ်းဆီးအရေးယူပေးရန် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)အား ကိုရီးယားမှာ တောင်းဆိုဆန္ဒပြမယ်
========================
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်စခန်း ၄ ခုအား သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲ (၆၂)ကြိမ် ဖြစ်ပွားကာ စစ်ကောင်စီတပ်သား (၁၅၁)ဦး သေဆုံး
🚩 ၂။ ညောင်လေးပင်တွင် ခမရ ၂၀ လက်အောက်ခံ ပျူခေါင်းဆောင် မင်းမင်းဦးနှင့် အဖွဲ့ကို ပစ်ခတ်ရှင်းလင်း
🚩 ၃။ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ် အဖွဲ့က PNLA ရဲဘော် ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့
🚩 ၄။ ၂၀၂၄ ဒီဇင်ဘာလအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ကရင်နီ ဒေသခံ ၆ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရ
🚩 ၅။ ချောက်မြို့နယ်၊ လင်းတကိုင်း တိုက်နယ် ဆေးရုံမှ စစ်တပ်က စစ်ကား ၆ စီးဖြင့် ဆေးဝါးများ ယူဆောင်သွားကာ နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီး
🚩 ၆။ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (၉၄၂၀) တပ်ရင်း အစည်းအဝေး ပြုလုပ်
🚩 ၇။ ပြည်သူ့ဒီမိုကရက်တစ် တပ်တော်၊ အမှတ်(၂၁၉)စစ်ဒေသခွဲရှိ ရဲဘော်များမှ ရပ်ရွာလူထု၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေး
🚩 ၈။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ကို ပြည်သူများက အနွေးထည်များ လှူဒါန်းထောက်ပံ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပသုံးလုံး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရာမှာ လက်လည်း မနှေးသင့်သလို၊ အလုပ်ဖြစ်ရုံမျှ ပြုပြင်ပြောင်းလဲရေး ဆိုတာထက်လည်း ပိုသင့်တယ်လို့ ယာယီသမ္မတပြော
ဇန်နဝါရီ၁၄ရက်
Radio NUG
ပသုံးလုံး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရာမှာ လက်လည်း မနှေးသင့်သလို၊ အလုပ်ဖြစ်ရုံမျှ ပြုပြင်ပြောင်းလဲရေး ဆိုတာထက်လည်း ပိုသင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတကပြောပါတယ်။
"တော်လှန်ရေးရဲ့ အုတ်မြစ်ဟာ လူထုဖြစ်ပါတယ်။ အဲသည့် လူထုဟာ ကျွန်တော်တို့ရဲ့ ပသုံးလုံး ယန္တရားနဲ့ နေ့စဉ် ထိတွေ့နေကြရတာဖြစ်ပါတယ်။ လူထုထောက်ခံမှု ရရှိရေးနဲ့ လူထုယုံကြည်မှုကို ခိုင်ခိုင်မာမာ ရရှိရေးအတွက် လူထုနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ ပသုံးလုံးအဖွဲ့တွေရဲ့ စွမ်းရည်နဲ့ ကျင့်ဝတ်ဟာ အထူးအရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပသုံးလုံး ယန္တရားဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ တော်တည့်ဖြောင့်မတ်ရေးဟာ အင်မတန် အရေးကြီးတယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ပသုံးလုံး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရာမှာ လက်လည်း မနှေးသင့်သလို၊ အလုပ်ဖြစ်ရုံမျှ ပြုပြင်ပြောင်းလဲရေး ဆိုတာထက်လည်း ပိုသင့်တယ်လို့ ထင်ပါတယ်" လို့ ယာယီသမ္မတက ပြောကြားပါတယ်။
ဆက်လက်ပြီးတော့လည်း တိုင်းရင်းသားမဟာမိတ် အဖွဲ့တွေနဲ့ မဟာမိတ်ဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက်တဲ့နေရာမှာ လက်တွေ့ကျတဲ့ တပ်ပေါင်းစု ဖြစ်ဖို့ လိုတယ်လို့ ယာယီသမ္မတက ထပ်လောင်းပြောပါတယ်။
အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ တော်လှန်ရေးလမ်းကြောင်းကို သွေဖယ်နေတဲ့ မြို့နယ်တာဝန်ရှိသူတွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မှာကြား
ဇန်နဝါရီ၁၄ရက်
Radio NUG
တော်လှန်ရေးလမ်းကြောင်းကို သွေဖယ်နေတဲ့ မြို့နယ်တာဝန်ရှိသူတွေကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဖို့ ဇန်နဝါရီ၁၄ရက် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက မှာကြားခဲ့ပါတယ်။
အခုဆိုရင် အုပ်ချုပ်ရေးကဏ္ဍဘက်နဲ့ အခွန် ဘဏ္ဍာဆိုင်ရာကဏ္ဍတွေဘက်မှာ အသံတွေ အတော်ထွက်ပြီး တချို့မြို့နယ်တာဝန်ရှိသူတွေအနေနဲ့ တော်လှန်ရေးလမ်းကြောင်းကို သွေဖယ်လာတာမျိုးတွေလည်းရှိတာမို့ တင်းတင်း ကြပ်ကြပ် စီမံဆောင်ရွက်သွားကြဖို့လည်း မှာကြားလိုတယ်လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရကို အားကောင်းကောင်းနဲ့ မောင်းနှင်ဖို့ဆိုတာ တော်လှန်ရေးကို မီးကုန်ယမ်းကုန် အားဖြည့်လုပ်ဆောင်နိုင်ဖို့ပဲ ဖြစ်တယ်လို့ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၃။ စစ်ကိုင်းတိုင်းမှာ ဝန်ကြီးတွေ ရုံးထိုင်ပြီး ပြည်သူလူထုနဲ့ ထိတွေ့မှုစတင်မယ်လို့ ပြည်ထဲရေးဝန်ကြီး ဆို
ဇန်နဝါရီ၁၄ရက်
Radio NUG
စစ်ကိုင်းတိုင်းမှာ ဝန်ကြီးတွေ ရုံးထိုင်ပြီး ပြည်သူလူထုနဲ့ ထိတွေ့မှုစတင်မယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ဇန်နဝါရီလအတွင်း Myanmar nowသတင်းဌာနနဲ့ မေးမြန်းခန်းမှာ ဆိုပါတယ်။
"စစ်ကိုင်းတိုင်းအတွင်းမှာ အစိုးရအဖွဲ့ဝင်တွေ၊ ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ၊ နောက်ပြီးတော့ တိုင်းဦးစီးတွေ စုစည်းပြီးတော့ အလုပ်လုပ်မယ့်ကိစ္စတစ်ခု ဒီဇန်နဝါရီလထဲ အကောင်အထည်ဖော်မယ်။ ပြည်သူလူထုထဲ ထိတွေ့မှုစမယ်"လို့ဆိုပါတယ်။
လက်ရှိမှာ စစ်ကိုင်းတိုင်းဟာ စကစတပ်နဲ့ ပျူစောထီးများ၊ ပြည်သူ့စစ်များနဲ့ တော်လှန်ရေးတပ်ဖွဲ့များ မကြာခဏထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိပြီးတော့ နေရာအများစုကို တော်လှန်ရေးအင်အားစုများဘက်က ထိန်းချုပ်ထားနိုင်သော်လည်း လေကြောင်းရန်တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။
========================
📌📌 ၄။ အမေရိကန်အထက်လွှတ်တော်အမတ် Dan Sullivan နှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတွေ့ဆုံ
ဇန်နဝါရီ၁၄ရက်
Radio NUG
အမေရိကန်အထက်လွှတ်တော်အမတ် Dan Sullivan နှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတို့ ဇန်နဝါရီလ ၁၄ရက်မှာ တွေ့ဆုံခဲ့ပါတယ်။
International Republican Institute (IRI) ၏ ဥက္ကဋ္ဌ United States Senator Dan Sullivan နှင့် တွေ့ဆုံပြီး သူ၏ စိတ်အားထက်သန်သော မိန့်ခွန်းကို နားထောင်ရခြင်းအတွက် အလွန်ဂုဏ်ယူဝမ်းမြောက်မိပါတယ်လို့ ဆိုထားပါတယ်။
၂၀၂၅ မှာ အမေရိကန်နဲ့ မြန်မာနိုင်ငံကြား ပိုမိုခိုင်မာပြီး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုရဲ့ အစပြုမှုကို လေးနက်စွာ မျှော်လင့်ပြီး ဆုတောင်းတယ်လို့ ပြည်ထောင်စုဝန်ကြီးကဆိုပါတယ်။
========================
📌📌 ၅။ ပြည်သူ့အသံကို အသေအချာ နားထောင်နာယူရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး မှတ်ချက်ပြု
ဇန်နဝါရီ၁၄ရက်
Radio NUG
ပြည်သူ့အသံကို အသေအချာနားထောင် နာယူရမယ်လို့ ဇန်နဝါရီ ၁၄ရက် ဆိုရှယ်မီဒီယာမှာ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မှတ်ချက်ပြုဆိုလိုက်ပါတယ်။
"ပြည်သူ့အသံကို အသေအချာနားထောင် နာယူရမယ်။ ဝေဖန်တာတွေကို အသေအချာလေ့လာမှတ်ယူရမယ်။ ဒါပေမဲ့ လုပ်သင့်လုပ်ထိုက်တာကို ရဲရဲဝံ့ဝံ့ လုပ်ကြရမယ်။ လုံ့လ ဝီရိယနဲ့ ဥာဏ်ကို အကောင်းဆုံး အစွမ်းကုန် သုံးပြီး အလုပ်လုပ်ကြရမယ်"လို့ဝန်ကြီးက ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးအောင်မြင်ရေးအတွက် လုပ်သင့်လုပ်ထိုက်သည့်များကို လုပ်သင့်လုပ်ထိုက်သည့်အချိန်တွင် ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှ လုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးက ကတိပြုဆိုပါတယ်။
========================
📌📌 ၆။ NUGအစိုးရဟာ စစ်အာဏာရှင်စနစ် မြန်မာမြေပေါ်မှာ ချုပ်ငြိမ်းပြီး ပြန်မလာတော့အောင်လုပ်ဆောင်နေတာဖြစ်တယ်လို့ ချက်နိုင်ငံNUGကိုယ်စားလှယ်အသိပေး
ဇန်နဝါရီ၁၄ရက်
Radio NUG
NUGအစိုးရဟာ စစ်အာဏာရှင်စနစ် မြန်မာမြေပေါ်မှာ ချုပ်ငြိမ်းပြီး ပြန်မလာတော့အောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ ဇန်နဝါရီလအတွင်း ချက်သမ္မတနိုင်ငံဆိုင်ရာNUGကိုယ်စားလှယ် ဦးလင်းသန့်က ဆိုထားပါတယ်။
"တချို့ကလည်း NUG ဆိုတာနဲ့ တော်လှန်မယ်ဆိုတာချည်းပဲ။ NUG ဘာလုပ်နေလဲလည်း သေချာ မသိ၊ တချို့ တချို့ အားနည်းချက်လေးတွေအပေါ် ပုံကြီးချဲ့ အပြစ်တင်၊ အားအားရှိ စစ်အာဏာရှင် ပြုတ်ကျရေးထက် NUG ကို အပြစ်တင်ရေးက ပိုအားသန်လာနေ၊ ရန်သူ စစ်အာဏာရှင် အကြိုက်ပေါ့။ တခုပြောချင်တာက NUG အခုလုပ်နေတာတွေ က အစိုးရတရပ် အင်္ဂါနဲ့ ကိုက်ညီအောင် လုပ်ဆောင်နေကြပြီး စစ်အာဏာရှင်စနစ် မြန်မာမြေပေါ်မှာ ချုပ်ငြိမ်းပြီး ပြန်မလာတော့စေရေး၊ တောင်လှန်ရေး အမြန်အောင်မြင်စွာနဲ့ အဆုံးသတ်စေရေးပဲ၊ ဒီအကျိုးတွေက အခု NUG နဲ့ နွေဦး တော်လှန်ရေးကို ထောက်ခံသူတွေရော မထောက်ခံသူတွေရော မြန်မာနိုင်ငံသား အားလုံး အကျိုးခံစားကြရမှာပဲ"လို့ဆိုပါတယ်။
NUGအစိုးရဟာ နှစ်အလိုက် မဟာဗျူဟာများ ရေးဆွဲချမှတ်အကောင်အထည်ဖော်ခဲ့ပြီး ဝန်ကြီးဌာနအလိုက် အစိုးရမဟာဗျူဟာများကို အကောင်အထည်ဖော်ဆောင်ခဲ့ကြပါတယ်။
========================
📌📌 ၇။ Social Media ပေါ်မှာ ရှိနေမှ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အလုပ်တွေကို ပိုထိထိရောက်ရောက်လုပ်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် အသိပေးဆို
ဇန်နဝါရီ၁၄ရက်
Radio NUG
Social Media ပေါ်မှာ ရှိနေမှ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အလုပ်တွေကို ပိုထိထိရောက်ရောက်လုပ်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း ဇန်နဝါရီ၁၄ရက် ရုပ်သံနဲ့တကွ ဆိုထားပါတယ်။
"ကျွန်တော် social media ပေါ်မှာ ရှိနေမှ ကျွန်တော်လုပ်ချင်တဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အလုပ်တွေကို ပိုထိထိရောက်ရောက်လုပ်နိုင်မှာပါ။ ဒါကြောင့် ကျွန်တော် ချက်စားဖြစ်တဲ့ ဟင်းတွေချက်ပြီး မကြာမကြာ post တင်သွားမယ်။ကျွန်တော်တို့လုပ်နေတဲ့ မေမေ့ အသက် ၈၀ မွေးနေ့ အထိမ်းအမှတ် campaign ကို လူပိုသိအောင် ကူညီဖို့အတွက်လည်း ရည်ရွယ်ပါတယ်။ကျွန်တော်က social media သုံးနေကြ မဟုတ်တဲ့အတွက် အဆင်မပြေတာရှိခဲ့ရင်လည်း အမှားထောက်ပြ အသိပေးကြပါခင်ဗျာ"လို့ ဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးကို သားငယ် ကိုထိန်လင်းက ဆက်တိုက်တောင်းဆိုလှုပ်ရှားနေသလို အမေဖြစ်သူရဲ့အသက် ၈၀ပြည့်မွေးနေ့ကို မှတ်မှတ်ရရ ဖြစ်အောင်လုပ်ပေးချင်တယ်လို့ ကိုထိန်လင်းက ဆိုထားပါတယ်။
========================
📌📌 ၈။ ချင်းမိုင်ရုပ်ရှင်ပြပွဲသို့ လာရောက်ကြရန်သရုပ်ဆောင်မင်းမော်ကွန်း ဖိတ်ခေါ်
ဇန်နဝါရီ၁၄ရက်
Radio NUG
တော်လှန်ရေးကာလအတွင်း မင်းမော်ကွန်း ပထမဆုံးပြန်လည် ပါဝင်သရုပ်ဆောင်ထားသော ဖြတ်ရုပ်ရှင်ဇာတ်လမ်းတိုနှင့် အတူတကွ ရုပ်ရှင်ဇာတ်လမ်းတိုအား ပူးတွဲပြသသွားမည့် ချင်းမိုင်မြို့မှ စစ်ဘေးရှောင်ရံပုံငွေရုပ်ရှင်ပြပွဲသို့ လာရောက်အားပေးကြည့်ရှုကြရန် မင်းမော်ကွန်းမှ တော်လှန်ပြည်သူများအား ဖိတ်ခေါ်ထားပါတယ်။
ရုပ်ရှင်ပြပွဲမှ ရရှိလာသော လက်မှတ် ရောင်းရငွေနှင့် အလှူခံရရှိသည့်ရံပုံငွေ 100%အား စစ်ကိုင်း၊ မကွေး၊ မန္တလေး ဒေသများမှ စစ်ဘေးရှောင်များအတွက် ရည်ရွယ် ကူညီသွားမှာဖြစ်တယ်လို့သိရပါတယ်။
ပွဲအခမ်းအနားကို ဇန်နဝါရီ၂၀ရက်Communication Innovation Center, Chiang Mai University (CMU)ကျင်းပမည်ဖြစ်ကာ ချင်းမိုင် ရောက် တော်လှန်ပြည်သူများ လာရောက်ကြည့်ရှု အားပေးကြဖို့ ဖိတ်ခေါ်ကြေညာထားပါတယ်။
========================
📌📌 ၉။ အကြမ်းဖက်စစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဝရမ်းထုတ်ဖမ်းဆီးအရေးယူပေးရန် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)အား ကိုရီးယားမှာ တောင်းဆိုဆန္ဒပြမယ်
ဇန်နဝါရီ၁၄ရက်
Radio NUG
အကြမ်းဖက်စစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဝရမ်းထုတ်ဖမ်းဆီးအရေးယူပေးရန် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)အား ကိုရီးယားမှာ တောင်းဆိုဆန္ဒပြမယ်လို့သိရပါတယ်။
အခမ်းအနားတွင် တော်လှန်ရေးအမှတ်တရပစ္စည်းများ၊ မြန်မာ အစားအသောက်များနှင့် ရန်ပုံငွေစျေးရောင်းပွဲတော် အစီအစဥ်လည်း ပါ၀င်မည်ဖြစ်ကာ MFDMC ထောက်ပို့တပ်သား ၆လအထက် တာ၀န်ထမ်းဆောင်နေသူများကို ထောက်ပို့တပ်သား IDကဒ် ထုတ်ပေးမည့် အစီအစဥ်လည်း ပါ၀င်မယ်လို့ သိရပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရာဇဝတ်မှုများကို အပြစ်ပေးနိုင်ဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) သို့ ဝရမ်းထုတ်ဖမ်းဆီးအရေးယူပေးရန် တောင်းဆိုသည့် ဆန္ဒပြပွဲကို ဇန်နဝါရီ ၂၈ရက်ဘူဖျောင်းဘူတာအဝိုင်းမှာကျင်းပသွားမှာဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်စခန်း ၄ ခုအား သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲ (၆၂)ကြိမ် ဖြစ်ပွားကာ စစ်ကောင်စီတပ်သား (၁၅၁)ဦး သေဆုံး
ဇန်နဝါရီ ၁၄
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်၏ အထိုင်ချစခန်း ၄ ခုအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်နှင့် အပြန်အလှန် ထိတွေ့တိုက်ပွဲပေါင်း (၆၂)ကြိမ်၊ စစ်ကောင်စီတပ်စခန်းများ စစ်ကြောင်းများကို ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် (၈၂) ကြိမ် နှင့်အထက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသမှ သတင်းထုတ်ပြန်ပါတယ်။
စခန်းသိမ်းတိုက်ပွဲအနေဖြင့် ရေးမြို့မြောက်ပိုင်း အမှတ်(၈)ပြည်ထောင်စုလမ်းမပေါ်ရှိ လမိုင်းမှ ကမော့ကနင် လမ်းပိုင်း ကွမ်ကျိုက်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်း၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ ရေကန်တောင် မိုက်ကရိုဝေး တာဝါတိုင်တပ်စခန်း၊ ဖာပွန်မြို့နယ် ဆင်စွယ်စခန်းနှင့် တောင်သုံးလုံးစခန်းတို့အား တော်လှန်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်၍ နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ပြီး စခန်းသိမ်းစဉ်နှင့် အခြားတိုက်ပွဲများမှ ၁၂၀မမ ၊ ၈၁မမ ၊ ၆၀ မမ စိန်ပြောင်းများ အပါအဝင် အခြားလက်နက်ငယ်အချို့ နှင့် ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်သား (၁၅၁)ဦး သေဆုံးပြီး (၈၉)ဦး ဒဏ်ရာရခဲ့သည်ဟု အတည်ပြုရကာ ပူးပေါင်းတပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်လာသူ (၅) ဦးရှိသဖြင့် ကောင်းမွန်စွာကြိုဆို၍ စောင့်ရှောက်ထားလျက်ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်လအတွင်း ပြည်သူ (၂၄)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ (၄၈)ဦးနှင့် မတရားဖမ်းဆီးခံရသူ (၃၄၉) ဦးရှိရာ စစ်ကောင်စီတပ်နှင့် လက်ဝေခံတို့၏ အကြမ်းဖက်လုပ်ဆောင်မှုများမှာ လျော့နည်းသွားခြင်းမရှိဘဲ ယခင်လများထက်ပင် များပြားလျက်ရှိပါတယ်။
တိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ LDF များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်-BPLA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး -ABSDF၊ မွန်ပြည်တော်လှန်ရေးတပ်-MSRF၊ မွန်ပြည်သစ်ပါတီ အာဏာရှင်တိုက်ဖျက်ရေး-NMSP AD၊ ထားဝယ်ပြည်သူ လွတ်မြောက်ရေးတပ် TPLF၊ အခြား ပူးပေါင်းတပ်ဖွဲ့များနှင့် ဒရုန်းပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်း၍ စစ်ဆင်ရေးများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြေပြင်အခြေအနေအရ တိကျသေချာမှုမရှိသော အချက်အလက်များကို ချန်လှပ်ထားသောကြောင့် စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးဦးရေမှာ အထက်ပါအချက်အလက်ထက် များပြားနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ ညောင်လေးပင်တွင် ခမရ ၂၀ လက်အောက်ခံ ပျူခေါင်းဆောင် မင်းမင်းဦးနှင့် အဖွဲ့ကို ပစ်ခတ်ရှင်းလင်း
ဇန်နဝါရီ ၁၄၊
Radio NUG
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ခမရ ၂၀ လက်အောက်ခံ၊ စည်ပင်နှင့် ကျေးရွာအုပ်ကြီး ဖြစ်သူ ပျူစောထီး ခေါင်းဆောင် မင်းမင်းဦးနှင့် အဖွဲ့ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ 9 stars UG Bago Region က ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၁၄ ရက် မနက် ၈ နာရီဝန်းကျင်မှာ ပဲခူးအရှေ့ခြမ်း ညောင်လေးပင်၊ ပြွန်တန်ဆာ၊ ဒိုက်ဦး၊ အရှေ့ခြမ်း တစ်ကြောနဲ့ စစ်တောင်းမြစ် အနောက်ဖက်ကမ်း တစ်လျှောက် နာမည်ဆိုးနဲ့ သတင်းကြီးနေတဲ့ ပျူခေါင်းဆောင် မင်းမင်းဦး အဖွဲ့ကို အင်းတဲမှ အပြန်တွင် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်ရှင်းလင်းမှုအတွင်း မင်းမင်းဦး နဲ့ သူ့လက်ထောက် ငဇော်တို့ နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး တောင်ငူ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရင်း သေဆုံးခဲ့ကာ လွင်ဦး၊ မောင်စံတို့နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်နှစ်ဦးမှာ အသေးစား ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မင်းမင်းဦး ဆိုသူဟာ ပြည်သူကို အနိုင်ကျင့်ကာ စီးပွားရှာနေပြီး ခမရ ၂၀ နဲ့ ခမရ ၄၄၀ တပ်တွေကို စစ်မှုထမ်း အင်အားဖြည့်ဖို့ လူဆွဲပေးရာမှာ အားကိုးရသူ တစ်ဦးဖြစ်ကာ ၎င်းတပ်နှစ်ခုက စစ်သားတွေကိုတောင် သူလိုအပ်ရင် ခေါ်သုံးနိုင်တဲ့ထိ တန်ခိုးထွားသူ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူကို အနိုင်ကျင့် ရမ်းကားနေတဲ့ အုပ်ကြီး အုပ်ကလေး၊ ပျူစောထီးနဲ့ စစ်သား၊ ရဲ မှန်သမျှ ဘယ်လောက်ပဲ ပါးနပ်နေပါစေ ပြည်သူ့အတွက် ပစ်ဒဏ်ပေးဖို့ အသင့်ရှိတယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၃။ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ် အဖွဲ့က PNLA ရဲဘော် ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့
ဇန်နဝါရီ ၁၃၊
Radio NUG
စစ်ကောင်စီ လက်အောက်ခံ PNO (ပြည်သူ့စစ်) အဖွဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) ရဲဘော် ၅ ဦး ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။
ပအိုဝ်းလူမျိုး အချင်းချင်း ဖြစ်သော်လည်း စစ်အာဏာရှင်ရဲ့ အလိုကျ PNO ပြည်သူ့စစ် အဖွဲ့ဟာ ပအိုဝ်းလူမျိုးကို ပြန်လည်သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ PNLA က ပြောပါတယ်။
ဇန်နဝါရီလ ၁၂ ရက်နေ့မှာ စစ်ကောင်စီနဲ့ PNO ပူးပေါင်းစစ်ကြောင်းက ဆီဆိုင်မြို့နယ်ကို စစ်ကြောင်းထိုးလာပြီး PNLA တပ်ဖွဲ့နဲ့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာမှာ ဖမ်းဆီးခံခဲ့ရတဲ့ PNLA ရဲဘော် ၂ ဦးကို သတ်ဖြတ်ခဲ့တာပါ။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ PNO ပူးပေါင်းစစ်ကြောင်းမှာ စစ်ကြောင်းမှူး အပါအဝင် ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး PNLA တပ်ဖွဲ့မှ ၁ ဦး သေဆုံးကာ ၅ ဦး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ ရဲဘော် ၅ ဦးကို နောက်တနေ့ (ဇန်နဝါရီ ၁၃ ရက်နေ့) မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်မှာ နှိပ်စက်ကာ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
၎င်းတို့ကို မသတ်ဖြတ်မှီ မနက် ၈ နာရီခန့်မှာ အသက်ရှင်လျက် ရှိနေတာကို PNO ရဲ့ ထုတ်ပြန်ချက်အရ သိရပြီး ထိုနေ့ညမှာပဲ အဆိုပါ ရဲဘော် ၅ ဦးကို နှိပ်စက်သတ်ဖြတ်ထားတဲ့ ဓါတ်ပုံကို PNO က ထုတ်ပြန်ခဲ့တာပါ။
PNLA အနေနဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်နေတဲ့ တိုက်ပွဲများအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းများ၊ PNO အဖွဲ့ဝင်များကို နှိပ်စက်သတ်ဖြတ်ခြင်းများ မပြုလုပ်ခဲ့ဘဲ စစ်သုံပန်း ဥပဒေနှင့်အညီ ထိန်းသိမ်းထားခဲ့သော်လည်း PNO အဖွဲ့က မိမိတို့ ရဲဘော်များကို ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂၊ စက်တင်ဘာလ၊ ၁၄ ရက်ကလည်း PNO ပြည်သူ့စစ်အဖွဲ့က ရွာ အလည်ပြန်တဲ့ PNLA ရဲဘော် ၅ ဦးကို ဖမ်းဆီးသတ်ဖြတ် ခဲ့ဖူးတယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ၂၀၂၄ ဒီဇင်ဘာလအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ကရင်နီ ဒေသခံ ၆ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရ
ဇန်နဝါရီ ၁၄၊
Radio NUG
၂၀၂၄ ဒီဇင်ဘာလအတွင်း စစ်ကောင်စီက ကရင်နီဒေသ အရပ်သား ပြည်သူများ နေထိုင်ရာကို လေကြောင်းမှ ၃ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၃ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ Karenin Human Right Group က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့ မနက် ၃ နာရီတွင် ဖယ်ခုံ အနောက်ခြမ်းက ရွာတစ်ရွာကို ဗုံးအလုံးပေါင်း မြောက်များစွာ ကြဲချခဲ့ရာ အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၂၇ ရက်နေ့ ညနေ ၃ နာရီခွဲ မှာလည်း ပေါင် ၅၀၀ ဗုံး ကြဲချခဲ့ရာ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
၃၁ ရက်နေ့ ညနေ ၄ နာရီမှာ လွိုင်ကော်မြို့ အရှေ့ခြမ်းက စစ်ရှောင်စခန်း တစ်နေရာကို လေယာဉ်ဖြင့် ၃ ကြိမ်ခန့် ဗုံးကြဲခဲ့ရာ အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။
ထို့အပြင် ဒီဇင်ဘာလအတွင်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့တာကြောင့် ကရင်နီဒေသမှာ အရပ်သား ၃ ဦးသေဆုံးပြီး ၄ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ KnHRG က ဆိုပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့ မနက် ၈ နာရီမှာ ဖယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာ၊ ၄ ရက်နေ့ ၁ နာရီမှာလည်း ဖယ်ခုံ မြို့နယ်က ရွာတစ်ရွာနဲ့ ၆ ရက်နေ့ နေ့လည် ၁၂ ခွဲမှာလည်း ဖယ်ခုံ မြို့နယ်က ကျေးရွာတစ်ရွာကို လက်နက်ကြီးများနဲ့ ပစ်ခတ်ခဲ့ရာ အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး နေအိမ် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရပါတယ်။
အလားတူ ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၇ နာရီမှာ ဒီမောဆို အရှေ့ခြမ်းက ရွာတစ်ရွာ၊ ၁၂ ရက်နေ့ ညနေ ၃ နာရီခွဲမှာ မိုးဗြဲမြို့ပေါ်က ရပ်ကွက်တစ်ခုနဲ့ ၁၆ ရက်နေ့ မနက် ၇ နာရီမှာ ဖယ်ခုံမြို့နယ်က ရွာတစ်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သား ပြည်သူ ၂ ဦး ဒဏ်ရာရပြီး လူနေအိမ်နဲ့ ဆိုင်ကယ်များ ပျက်စီးခဲ့ပါတယ်။
ထို့အပြင် ဒီဇင်ဘာ ၁၈ ရက် နေ့လည် ၁၂ နာရီ ၅၀ မိနစ်မှာ ဖယ်ခုံမြို့နယ်၊ မိုးဗြဲအုပ်စုက ရွာတစ်ရွာနဲ့ ၁၉ ရက်နေ့ ညနေ ၃ နာရီမှာ ခမရ ၃၃၆ တပ်မှ အနီးနား ကျေးရွာများကို လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ရာ အရပ်သား ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၅။ ချောက်မြို့နယ်၊ လင်းတကိုင်း တိုက်နယ် ဆေးရုံမှ စစ်တပ်က စစ်ကား ၆ စီးဖြင့် ဆေးဝါးများ ယူဆောင်သွားကာ နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီး
ဇန်နဝါရီလ ၁၄
Radio NUG
ဇန်နဝါရီလ ၁၄ ရက်နံနက် ၄ နာရီခန့်တွင် အင်အား ၉၀ ခန့်ပါ အကြမ်းဖက် စစ်ကြောင်းသည် စစ်ကြောင်း ၂ ကြောင်းခွဲ၍ ချောက်မြို့နယ်၊ လင်းတကိုင်းတိုက်နယ် အတွင်းရှိ ဆည်ကန်နှင့် သစ်လှကျေးရွာတို့ကို ဝင်ရောက် စီးနင်းခဲ့ပြီး အဆိုပါစစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ချောက်ပြောက်ကျားတပ်ဖွဲ့ (C.G.F)မှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လင်းတကိုင်း တိုက်နယ်အတွင်းရှိ တိုက်နယ်ဆေးရုံကို ဝင်ရောက် စီးနင်းပြီး ဆေးရုံ အတွင်းရှိ ဆေးဝါးများကို စစ်ကား ၆ စီးဖြင့် သယ်ယူသွားသည့်အပြင် ဆည်ကန်ကျေးရွာအတွင်းရှိ ပြည်သူ့ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူပိုင် အိမ်စီးကား ၂ စီးနှင့် ငွေကြေးများ အပါအဝင် ကာလတန်ဖိုး ကျပ် သိန်း ၇၀၀ ခန့်ရှိ ပစ္စည်းများကို လုယက်ယူဆောင်ကြောင်း သိရပါတယ်။
မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ပူးပေါင်း၍ ၆ဝ မမ လက်နက်ကြီး (၈) လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စကစ ရန်သူ့စစ်ကြောင်းသည် မနက် ၁၁ နာရီ ၃၀ မိနစ်တွင် ပြန်လည်ဆုတ်ခွါသွားတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကိူ Chauk Guerrilla Force ( C.G.F ) ၊ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ချောက် ပကဖ ) ၊ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ ချောက်မြိုနယ် တော်လှန်ရေး တပ်ပေါင်းစုများ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၆။ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (၉၄၂၀) တပ်ရင်း အစည်းအဝေး ပြုလုပ်
ဇန်နဝါရီ ၁၄၊
Radio NUG
ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး - ကလလတ၊ အမှတ် (၉၄၂၀) တပ်ရင်းမှ (၂) လ တကြိမ် ပြုလုပ်နေတဲ့ တပ်ရင်းအစည်းအဝေးကို ဇန်နဝါရီလ ၁၃ ရက်နေ့ တနင်္လာနေ့မှာ ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တပ်ရင်းအစည်းအဝေးကို တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူး၊ တပ်စု၊ တပ်ခွဲ အသီးသီးမှ ကေဒါများ စုံညီစွာ တက်ရောက်ခဲ့ကြပြီး ၂၀၂၅ ခုနှစ်မှာ ကရင်နီ ဒေသတွင် ဖော်ဆောင်မယ့် စစ်ဆင်ရေးများအတွက် ပြင်ဆင်ဆောင်ရွက်မှုများကို အပြန်အလှန် ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အစည်းအဝေးတွင် ၂၀၂၄ ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေး လိုအပ်ချက်များ အားနည်းချက်များကို ပြန်လည် ပြင်ဆင်ပြီး အရှိန်ဟုန် မြင့်လာမယ့် တိုက်ပွဲများတွင် ပိုမိုအားစိုက်ကြရန်၊ ယခု ဖြစ်ပေါ်တိုးတက်လာတဲ့ နိုင်ငံရေး စစ်ရေး အခြေအနေများအပေါ်တွင် မှန်ကန်သောအသိဖြင့် ပိုမိုကောင်းမွန် ကျစ်လျစ်ခိုင်မာသော တပ်ရင်းတပ်ဖွဲ့ အဖြစ် ဆက်လည်တည်ဆောက်သွားဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ထို့အပြင် တပ်ရင်းရှိ ရဲဘော် မိသားစုများအတွက် ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေး ကဏ္ဍများ စီစဉ်ဆောင်ရွက်ပေးနိုင်ရန်၊ ကျဆုံးရဲဘော် မိသားစုများနဲ့ ဒဏ်ရာရ ရဲဘော်များရဲ့ စားဝတ်နေရေး အခက်အခဲများ စီစဉ်ဆောင်ရွက် ပေးနိုင်ရန် ကိစ္စများကို (၇၈၂၆) တပ်မဟာ စစ်နည်းဗျူဟာ (၁) ဗျူဟာမှူး မှလည်း တက်ရောက် ဆွေးနွေး ညွန်ကြားခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ ပြည်သူ့ဒီမိုကရက်တစ် တပ်တော်၊ အမှတ်(၂၁၉)စစ်ဒေသခွဲရှိ ရဲဘော်များမှ ရပ်ရွာလူထု၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေး
ဇန်နဝါရီ၁၄ရက်
Radio NUG
ပြည်သူ့ဒီမိုကရက်တစ်တပ်တော်၊အမှတ်(၂၁၉)စစ်ဒေသခွဲရှိ ရဲဘော်များမှ ရပ်ရွာလူထု၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။
"တော်လှန်ရေးကနေ မွေးဖွားပေးခဲ့တဲ့ လက်အစုံဟာ ပြည်သူလူထုကို အစွမ်းကုန် အလုပ်အကျွေးပြုဖို့ ရည်ရွယ်တယ်။ စစ်ပွဲကိုလည်း နိုင်အောင်တိုက်ရင်း၊ လူထုကိုလည်း စည်းရုံးရင်း တော်လှန်ရေး ၄ နှစ်တာ ခရီးကို အခက်အခဲများကြားမှာ ရုံးကန်ခဲ့ရတဲ့အတွက် ရဲဘော်များရဲ့ အတွေးအခေါ်များဟာ မှန်ကန်စွာရင့်သန်လာတယ်။ တော်လှန်ရေးနှင့် လူထုအတွက် အားမာန်အပြည့်ဖြင့် ကြိုးစားနေမည်။
ပြည်သူ့ဒီမိုကရက်တစ်တပ်တော်၊ အမှတ်(၂၁၉)စစ်ဒေသခွဲရှိ ရဲဘော်များမှ ရပ်ရွာလူထု၏ ပဲစင်းငုံခင်းများတွင် ကူညီပြီး ချွေလှေ့ရင်း လူထုနဲ့တသားတည်း ဖြစ်လာစေရန် တော်လှန်စိတ်ဓါတ်ဖြင့် ကြိုးစားနေကြခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
========================
🚩🚩 ၈။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ကို ပြည်သူများက အနွေးထည်များ လှူဒါန်းထောက်ပံ့
ဇန်နဝါရီ ၁၄
Radio NUG
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ကို တော်လှန်ပြည်သူများက အနွေးထည်တွေ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။
"အမေ့အိမ်နဲ့ဝေးနေတဲ့ သားတွေအတွက် မိဘပြည်သူတွေ ပို့သတဲ့ ချစ်ခြင်းမေတ္တာတွေ လက်ခံရရှိလို့ ကြည်နူးကျေးဇူးတင်ရပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး မေတ္တာခြုံလို့ လုံပါစေ၊ နွေးထွေးပါစေ၊ ပူပန်သောကကင်းဝေးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။" လို့ ကျေးဇူးတင် ဆုတောင်းစကား ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment