၂၀၂၅ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဒီနှစ်မှာ ဧရာ၀တီတိုင်းဟာ အရေးကြီးတဲ့ စစ်မျက်နှာဖြစ်လာမယ်လို့ NUG ဝန်ကြီးချုပ် ပြောကြား
📌 ၂။ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ဟာ သဘာဝဘေးဒဏ် ရန်ပုံငွေတွေကို အကြောင်းပြပြီး စစ်ရေးအတွက် တဖက်လှည့်နဲ့ သုံးဦးမှာဖြစ်တယ်လို့ဆို
📌 ၃။ ဝက်လက်မြို့နယ်အတွင်းရှိလူငယ်များအနေဖြင့် နွေဦးတော်လှန်ရေးကာလအတွင်း ကြုံတွေ့နေရသော အခက်အခဲများ၊ ခံစားချက်များကို မျှဝေဆွေးနွေး
📌 ၄။ အဆိုတော်ဆောင်းဦးလှိုင်ဂျပန်ခရီးစဉ်ပွဲ ၃ ပွဲမှ ရရှိတဲစုစုပေါင်းရံပုံငွေအမေရိကန်ဒေါ်လာ တစ်သိန်းကျော်ကိုတိုင်းရင်းသားလူမျိုးများရဲ့ စစ်ဘေးသင့်ပြည်သူများအတွက် ပို့ဆောင်ပေးမည်
========================
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ "ကိုယ့်အုပ်စု အာဏာမြဲပြီးရော ဘယ်သူ့ကျွန် ခံရခံရ ခံမယ်ဆိုတာ စစ်အုပ်စုရဲ့သဘောထားပဲ ဖြစ်တယ်"လို့ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ပြောကြား
🚩 ၂။ နတ်တလင်းနယ်မှာ ပြည်သူလူထုကိုဖမ်းဆီးသတ်ဖြတ်ပြီး ရွာတွေကိုမီးရှို့နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ၄ ရက်ကြာ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၁၃ ဦး သေဆုံး
🚩 ၃။ ရေဖြူမြို့နယ် နဘုလယ်ဆိပ်ကမ်းမှာရှိတဲ့ စစ်တပ်လက်နက်ခဲယမ်းတွေကို ဒရုန်းနဲ့ဗုံးကြဲခဲ့ရာ ဒရုန်း ၂ စင်းနဲ့ လက်နက်ခဲယမ်း တွေ မီးလောင်ပျက်စီး
🚩 ၄။ ထီးလင်းမြို့မှ စကစ တပ်သားများ တပ်စွဲထားရာ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဒ ရုန်း ဖြင့် တိုက်ခိုက်ခဲ့
🚩 ၅။ KNU ထိန်းချုပ်ထားတဲ့ ကျိုက်ဒုံမြို့ မီးသတ်စခန်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှု အမျိုးသမီးတဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရ
🚩 ၆။ လွိုင်ကော်မြို့ ခလရ ၂၆၁ တပ်ရင်းမှာ စစ်မှုထမ်းအဖြစ် စုဆောင်းခံရတဲ့ တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့အတူ KNDF မှာ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဒီနှစ်မှာ ဧရာ၀တီတိုင်းဟာ အရေးကြီးတဲ့ စစ်မျက်နှာဖြစ်လာမယ်လို့ NUG ဝန်ကြီးချုပ် ပြောကြား
ဇန်နဝါရီ၂၂ရက်
မြန်မာတနိုင်ငံလုံး စစ်မျက်နှာစုံဖွင့် တိုက်ပွဲဝင်ကြမယ့် အခု ၂၀၂၅ ခုနှစ်မှာ ဧရာ၀တီတိုင်းဟာ အရေးကြီးတဲ့ စစ်မျက်နှာ ဖြစ်လာမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။
မနေ့ ဇန်နဝါရီလ ၂၁ ရက်ကကျင်းပတဲ့ အိမ်ပြန်မယ့်လှိုင်း ဧရာတိုင်း Campaign ဖွင့်ပွဲမှာ NUG ဝန်ကြီးချုပ်က အခုလို အသိပေး ပြောဆိုလိုက်တာဖြစ်ပါတယ်။
တော်လှန်ရေးကာလ ၄ နှစ်ပြည့်လာချိန်မှာ ဘယ်သူကမှ တားဆီးလို့မရတော့သလို တိုင်းရင်းသားတော်လှန်ရေး အင်အားစု တွေရဲ့ မြဲမြံတဲ့အုတ်မြစ်နဲ့ မျိုးဆက်သစ်တွေရဲ့ စိတ်ပိုင်းဆုံးဖြတ်မှုအရှိန်အဟုန်ကို ဘယ်သူမှ ဖြိုဖျက် ရပ်တန့်လို့ မရတော့ တဲ့အတွက် ၂၀၂၅ ခုနှစ်မှာ ဧရာ၀တီတိုင်းဟာ အရေးကြီးတဲ့ စစ်မျက်နှာဖြစ်လာတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံဆိုတဲ့ ကျနော်တို့အားလုံးရဲ့ အိမ်ပေါ်ကိုတက်ပြီး လက်နက်အာကိုးနဲ့အုပ်စိုးနေတဲ့ သူခိုးဓားပြလက်ကနေ ပြန်ယူ ကြတဲ့နေရာမှာ ဧရာ၀တီတိုင်းသူ တိုင်းသားတွေဟာ ဝေဖန်တိုက်ခိုက်မှုဒဏ်တွေကို အံကြိတ်ခံပြီး တော်လှန်ရေးကာလ တလျှောက် ခြေသံမကျယ် နှုတ်မကြွယ်ဘဲ ကျရာတာဝန်ကို ထမ်းရွက်ခဲ့ကြတယ်ဆိုတာ ငြင်းမရဘူးလို့ အသိပေးပါတယ်။
ဒါ့ကြောင့် အိမ်ပြန်လှိုင်း ဧရာတိုင်း ကန်ပိမ်းမှာ ပူးပေါင်းပါဝင်ကြဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြည်သူလူထုကို တိုက်တွန်း ပြောဆိုထားပါတယ်။
လက်ရှိမှာလည်း ရခိုင့်တပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေဟာ ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းတို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေရာ ဧရာ၀တီတိုင်းမှာဖြစ်တဲ့တိုက်ပွဲတွေမှာ ချောင်းသာကမ်းခြေအနီး ရွှေသောင်ယံမြို့အနီးထိ ရောက်ရှိနေတဲ့အပြင် ရေကြည်မြို့နယ်အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ် လို့ သိရပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ဟာ သဘာဝဘေးဒဏ် ရန်ပုံငွေတွေကို အကြောင်းပြပြီး စစ်ရေးအတွက် တဖက်လှည့်နဲ့ သုံးဦးမှာဖြစ်တယ်လို့ဆို
ဇန်နဝါရီ၂၂ရက်
အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ဟာ သဘာဝဘေးဒဏ် ရန်ပုံငွေတွေကို အကြောင်းပြပြီး စစ်ရေးအတွက် တဖက်လှည့်နဲ့ သုံးဦးမှာဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။ဇန်နဝါရီ၂၁ရက် ဆိုရှယ်မီဒီယာမှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုပါတယ်။
"အကြမ်းဖက်စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် နေရပ်ကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေကို သဘာဝဘေးဒဏ်ဥပဒေအရ ကူညီမှုတွေပေးမယ်လို့ပြောတဲ့ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ရဲ့အပြောက ရယ်စရာတော့ကောင်းသား။တဖက်မှာလည်း သဘာဝဘေးဒဏ် ရန်ပုံငွေတွေကို အကြောင်းပြပြီး စစ်ရေးအတွက် တဖက်လှည့်နဲ့ သုံးအုန်းမှာကိုလည်း မြင်ယောင်မိသေးတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာအကြမ်းဖက်စစ်တပ်ကြောင့် ၂၀၂၄ ခုနှစ်အကုန်၌ ပြည်တွင်း နေရပ်စွန့်ခွာသူ ဦးရေ ၃ ဒသမ ၅ သန်းကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၃။ ဝက်လက်မြို့နယ်အတွင်းရှိလူငယ်များအနေဖြင့် နွေဦးတော်လှန်ရေးကာလအတွင်း ကြုံတွေ့နေရသော အခက်အခဲများ၊ ခံစားချက်များကို မျှဝေဆွေးနွေး
ဇန်နဝါရီ၂၂ရက်
ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ဝက်လက်မြို့နယ်အတွင်းရှိ လူငယ်များနှင့် တွေ့ဆုံ၍ နွေဦးတော်လှန်ရေးကာလအတွင်း လူငယ်များကြုံတွေ့နေရသော အခက်အခဲများ၊ ခံစားချက်များကို မျှဝေဆွေးနွေးခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဇန်နဝါရီ၂၂ရက်မှာ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက အသိပေးဆိုပါတယ်။
အမျိုးသမီးမဟာမိတ်အင်အားစုမှလည်း နေရပ်စွန့်ခွါအမျိုးသမီးများအတွက် လစဉ်သုံး Pad များ မျှဝေပေးခဲ့ပါတယ်။
========================
📌📌 ၄။ အဆိုတော်ဆောင်းဦးလှိုင်ဂျပန်ခရီးစဉ်ပွဲ ၃ ပွဲမှ ရရှိတဲစုစုပေါင်းရံပုံငွေအမေရိကန်ဒေါ်လာ တစ်သိန်းကျော်ကိုတိုင်းရင်းသားလူမျိုးများရဲ့ စစ်ဘေးသင့်ပြည်သူများအတွက် ပို့ဆောင်ပေးမည်
ဇန်နဝါရီ၂၂ရက်
အဆိုတော်ဆောင်းဦးလှိုင်ဂျပန်ခရီးစဉ်ပွဲ ၃ ပွဲမှ ရရှိတဲစုစုပေါင်းရံပုံငွေအမေရိကန်ဒေါ်လာ တစ်သိန်းကျော်ကိုတိုင်းရင်းသားလူမျိုးများရဲ့ စစ်ဘေးသင့်ပြည်သူများအတွက် ပို့ဆောင်ပေးမယ်လို့ ဇန်နဝါရီ၂၂ရက်မှာ အဆိုတော်ဆောင်းဦးလှိုင်က အသိပေးဆိုပါတယ်။
"စာနာစိတ်နဲ့ ကူညီရန် အသင့်ဖြစ်ပါပြီ ။Humanitarian Aids များ စတင်ပါတော့မည်။ဂျပန်ခရီးစဉ်ပွဲ ၃ ပွဲမှ စုစုပေါင်းရံပုံငွေအမေရိကန်ဒေါ်လာ တစ်သိန်းကျော်ကို ရာခိုင်နှုန်းများအတိုင်းရခိုင်၊ကချင်၊ချင်း၊ကရင်နီ၊ကရင်၊ဗမာ နှင့်အခြားသောတိုင်းရင်းသားလူမျိုးများရဲ့ စစ်ဘေးသင့်ပြည်သူများအတွက် ခွဲဝေပြီး ပေးပို့သွားမယ်လို့သိရပါတယ်"လို့ဆိုပါတယ်။
မြေပြင်ကို တိုက်ရိုက်စီးဆင်းသွားဖို့စီစဉ်နေကြပြီဖြစ်ပြီးတစ်ကျပ်တစ်ပြားမခံစားဘဲအိတ်စိုက်ကူညီနိုင်ခဲ့အတွက်ပီတီဖြစ်ရကြောင်း အဆိုတော်ဆောင်းဦးလှိုင်ကဆိုထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ "ကိုယ့်အုပ်စု အာဏာမြဲပြီးရော ဘယ်သူ့ကျွန် ခံရခံရ ခံမယ်ဆိုတာ စစ်အုပ်စုရဲ့သဘောထားပဲ ဖြစ်တယ်"လို့ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ပြောကြား
ဇန်နဝါရီ၂၂ရက်
"ကိုယ့်အုပ်စု အာဏာမြဲပြီးရော ဘယ်သူ့ကျွန် ခံရခံရ ခံမယ်ဆိုတာ စစ်အုပ်စုရဲ့သဘောထားပဲ ဖြစ်တယ်"လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန် ဇန်နဝါရီ၂၂ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့်ပြောကြားလိုက်ပါတယ်။
"ကိုယ့်ပြည်ထောင်စုရဲ့ ပြည်တွင်းရေးကို တိုင်းတပါးက ချယ်လှယ် သြဇာပေးတယ်ဆိုတာ တွေးကြည့်ရင် အင်မတန် နှလုံးနာဖို့ ကောင်းပါတယ်။ကိုယ့်အုပ်စု အာဏာမြဲ ပြီးရောဘယ်သူ့ကျွန်ခံရ ခံရ ခံမယ်ဆိုတာစစ်အုပ်စုရဲ့ သဘောထားပါပဲ။ကျွန်တော်တို့ တိုင်းပြည်က စစ်အုပ်စု မရှိမှ အေးမယ်ဆိုတဲ့ တိုင်းပြည်ပါပဲ"လို့ဝန်ကြီးကပြောဆိုရေးသားထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ရုရှားနိုင်ငံရဲ့စစ်လက်နက်ပစ္စည်းများဝယ်ယူအသုံးပြုရုံသာမက တရုတ်နိုင်ငံကိုလည်း ကိုယ်ကျိုးစီးပွားအရဆက်ဆံလျက်ရှိပါတယ်။
========================
🚩🚩 ၂။ နတ်တလင်းနယ်မှာ ပြည်သူလူထုကိုဖမ်းဆီးသတ်ဖြတ်ပြီး ရွာတွေကိုမီးရှို့နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ၄ ရက်ကြာ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၁၃ ဦး သေဆုံး
ဇန်နဝါရီ၂၂ရက်
ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ်အတွင်းက ပြည်သူလူထုကိုဖမ်းဆီးသတ်ဖြတ်ပြီး ရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ၄ ရက်ကြာ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၁၃ ဦး သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်းက ဒီနေ့ ဇန်နဝါရီ ၂၂ မှာ ထုတ်ပြန်ပါတယ်။
နတ်တလင်းမြို့နယ် အရှေ့ဘက် ဒမငယ်ရွာဘက်ကနေ အင်အား ၇ဝ ခန့်နဲ့ ထွက်လာတဲ့ စစ်တပ်စစ်ကောင်းဟာ ဇန်နဝါရီလ ၁၆ ရက်နေ့ မနက်က ဆီစုံကုန်းရွာကိုဝင်ရောက်လာခဲ့ပြီး ဒေသနေပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၇ ရက်နေ့မှာလည်း ဆီဆုံကုန်းရွာက စစ်သား ၃ ဦးပါတဲ့ ကားတစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးသွား သလို ဆီဆုံကုန်းရွာစာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်သားတွေကို အဲဒီနေ့ မနက် ၇ နာရီခွဲနဲ့ ၉ နာရီကျော်အချိန်မှာ စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့ရာ ၂ဦး ထပ်မံသေဆုံးသွားတယ်လို့ အသိပေးထားပါတယ်။
အဲဒီနေ့ ညနေ ၄ နာရီခန့်အချိန်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ဘန့်ဘွေးကုန်းရွာက နေအိမ် ၅ လုံးကို မီးရှို့ ဖျက်ဆီးခဲ့တဲ့အတွက် ရွာလုံးကျွတ်ထွက်ပြေးခဲ့ရတယ်လို့ ဒေသနေပြည်သူတွေ ကဆိုပါတယ်။
အခုလို ဒေသနေပြည်သူတွေရဲ့အိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ဘန့်ဘွေးကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို ည ၁၀ နာရီ ၂၀ မိနစ်ခန့်အချိန်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ လက်အောက်ခံ တပ်ခွဲ၂ Phoenix D F နဲ့ တပ်ခွဲ ၆ ဧရာညီနောင် စစ်ကြောင်းတို့က တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာမြင့်ချိန် နာရီဝက်အတွင်း စစ်တပ်ဘက်က ၄ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရသွားသလို PDF ရဲဘော်တဦး မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၂၁ ရက်နေ့ မနက် ၆ နာရီခန့်အချိန်မှာတော့ ဘန့်ဘွေးကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး တွေကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ လက်အောက်ခံ တပ်ခွဲ၁ Yoma GBK-PDF၊ တပ်ခွဲ ၂ Phoenix D F၊ တပ်ခွဲ ၃ နတ်စစ်သည်၊ တပ်ခွဲ ၄ BRA၊ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့၊ တပ်ခွဲ ၆ ဧရာညီနောင်စစ်ကြောင်း၊ UAV Drone Team နဲ့အတူ နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဟာ မခုခံဘဲ ပျဥ်ပုံရွာဘက်ကို ဆုတ်ခွာထွက်ပြေးသွားတဲ့အတွက် ပူးပေါင်းတပ်ဖွဲ့ကရဲဘော်တွေ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပါ တယ်။
PDFတပ်ပေါင်းစုအနေနဲ့ စစ်ကောင်စီနဲ့ စစ်တပ်ထောက်တိုင်တွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူ လူထုအနေနဲ့ သူတို့အနီး သွားလာနေထိုင်တာမျိုး မလုပ်ဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ ရေဖြူမြို့နယ် နဘုလယ်ဆိပ်ကမ်းမှာရှိတဲ့ စစ်တပ်လက်နက်ခဲယမ်းတွေကို ဒရုန်းနဲ့ဗုံးကြဲခဲ့ရာ ဒရုန်း ၂ စင်းနဲ့ လက်နက်ခဲယမ်း တွေ မီးလောင်ပျက်စီး
ဇန်နဝါရီ၂၂ရက်
တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဘုလယ်ဆိပ်ကမ်းမှာ အကြမ်းဖက်စစ်တပ်က လက်နက်ခဲယမ်းတွေ စုပုံထားချိန်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒရုန်း ၂ စင်းအပါအဝင် လက်နက်ခဲယမ်းတွေ မီးလောင်ပေါက်ကွဲပြီး ပျက်စီးသွားတယ်လို့ ဗထူး တပ်မတော် -BHA တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ရေဖြူမြို့နယ် နဘုလယ်ရေနက်ဆိပ်ကမ်းအနီး ပင်လယ်ပြင်မှာရှိတဲ့ စစ်သင်္ဘောဟာ နဘုယ်လယ်ရေနက်ဆိပ်ကမ်းမှာရှိတဲ့ အကြမ်းဖက်အခြေစိုက်တပ်စခန်းကို လက်နက်ခဲယမ်းတွေ ဖြည့်တင်းဖို့ မနေ့ ဇန်နဝါရီ ၂၁ ရက် နေ့လယ် ၂ နာရီခန့်မှာ ရေလမ်းကနေ ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ခဲယမ်းတွေ သယ်ဆောင်လာခဲ့တယ် လို့ သိရပါတယ်။
အဲဒီလို သယ်ဆောင်လာပြီး နဘုလယ်ဆိပ်ကမ်းမှာ စုပုံထားပြီး အခြေစိုက်စခန်းကိုသယ်ဖို့ ကားစောင့်နေချိန်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စုပုံထားတဲ့ လက်နက်ခဲယမ်းပုံပေါ်ကို ကျရောက်ပေါက်ကွဲတာကြောင့် အားလုံးနီးပါး မီးလောင်ပေါက်ကွဲပြီး ပျက်စီးသွားတာကို ရုပ်သံမှတ်တမ်းမှာ တွေ့ရပါတယ်။
ဒီတိုက်ခိုက်မှုကို KNLA တပ်မဟာ ၆ တပ်ရင်း ၂၇ နဲ့ ဗထူးတပ်မတော် -BHA တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခံရချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတာကိုလည်း တွေ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တနိုင်ငံလုံးအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် ပြည်သူလူထုအနေနဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ ကြိုတင်ပြင်မှုတွေ လုပ်ဆောင်ထားကြဖို့ ဗထူးတပ်မတော် -BHA က အသိပေးနှိုးဆော်ထားပါတယ်။
တဖက်မှာလည်း အကြမ်းဖက်စစ်ကောင်စီ လက်ကိုင်တုတ်တွေဖြစ်တဲ့ ပျူစောထီးတွေ ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ စစ်တပ် လက်အောက်ခံတပ်ဖွဲ့ဝင်တွေအနေနဲ့ တနိုင်ငံလုံးအတိုင်းအတာအရ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင်ကို အမြန်ဆုံး ခိုလှုံကြဖို့ တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၄။ ထီးလင်းမြို့မှ စကစ တပ်သားများ တပ်စွဲထားရာ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဒ ရုန်း ဖြင့် တိုက်ခိုက်ခဲ့
ဇန်နဝါရီလ ၂၂ရက်
မကွေးတိုင်း၊ထီးလင်းမြို့မှ စကစ တပ်သားများ တပ်စွဲထားရာ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဒ ရုန်း ဖြင့် တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့၊ နေ့လည် ၁ နာရီခွဲအချိန်ခန့်တွင် ထီးလင်းမြို့မှ စကစ တပ်သားများ တပ်စွဲထားရာ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းတို့ကို မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဒ ရုန်း ဖြင့် တိုက်ခိုက်ခဲ့ကြပါတယ်။
ထို့အပြင် ထီးလင်းမြို့အောင်တော်မူဘုရားဖက်သို့ ကင်းပုန်းဝပ်ရန်ထွက်လာကြသော စကစတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား မိနစ် (၃၀) ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ကြတယ်လို့သိရပါတယ်။
တိုက်ပွဲဖြစ်ပွါးနေစဥ်အတွင်း စကစ ဘက်မှ ထီးလင်းမြို့ဘောလုံးကွင်းထဲသို့ လူနဲ့ လက်နက်ခဲယမ်းများ ဖြည့်တင်းမှုများ ရှိခဲ့ပြီးဗျူဟာ (၈၁) ယောဗျူဟာအနေဖြင့် ဂန့်ဂေါခရိုင်အမှတ် (၂၊၄၊၁၀) တပ်ရင်းများနှင့်အတူ ထီးလင်းမြို့အား ထိန်းချုပ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။
========================
🚩🚩 ၅။ KNU ထိန်းချုပ်ထားတဲ့ ကျိုက်ဒုံမြို့ မီးသတ်စခန်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှု အမျိုးသမီးတဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရ
ဇန်နဝါရီ၂၂ရက်
ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ထားတဲ့ ကျိုက်ဒုံမြို့ပေါ်က မီးသတ်စခန်းကို စစ်ကောင်စီက ဒီနေ့ ဇန်နဝါရီ ၂၂ မနက် ၇ နာရီခွဲဝန်းကျင်အချိန် လေကြောင်းကနေ ဖျက်အားပြင်းဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံး ပြီး ၇ ဦး ဒဏ်ရာရသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
အခုလို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကျိုက်ဒုံမြို့ အမှတ် ၅ ရပ်ကွက်မှာရှိတဲ့ မီးသတ်စခန်း အဆောက်အအုံ တခုလုံးနီးပါး ပျက်စီးသွားသလို အနီးမှာရှိတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတဦး ဗုံးစထိမှန် သေဆုံးသွားတယ်လို့ မြို့ခံတွေရဲ့အဆိုကို ကိုးကားပြီး ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ KIC က ဖော်ပြပါတယ်။
ကျိုက်ဒုံမြို့ပေါ်မှာရှိတဲ့ မီးသတ်စခန်းမှာ KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ခတ္တခဏ တည်းခိုဖူးတယ်ဆိုတဲ့ သတင်း ကို စစ်ကောင်စီဘက်က ရရှိသွားတာကြောင့် အခုလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာဖြစ်နိုင်တယ်လို့ မြို့နေပြည်သူတွေက ပြောဆိုနေကြပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ရေးသတင်းတွေကိုရေးသားဖော်ပြနေတဲ့ CDM ဗိုလ်ကြီး ဇင်ယော်ကလည်း သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ အသိပေးထားပါတယ်။
ဒီနေ့မနက်စောစောမှာ ကျိုက်ဒုံ မြို့မ မီးသတ်စခန်းကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ထားပြန်ပါတယ်။ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရထားပါတယ်။ ကျိုက်ဒုံဟာ ဖထီးတို့ အိတ်ကပ်ထဲထည့်ထားတဲ့ မြို့တခု ဖြစ်ပြီး မြောက်ပိုင်းကို no fly zone ဖြစ်ခဲ့ရင် တောင်ပိုင်းကို လှည့်လာမယ့် အနေအထားလား စဉ်းစားစရာဖြစ်ပါတယ်။ ဒုချုပ်စိုးဝင်းနဲ့ ထိုင်းစစ်တပ် အကြီးပိုင်းတွေ တွေ့ဆုံမှုအပြီးမှာ စတင်လာတာဖြစ်တဲ့အတွက် သတိထားစရာဖြစ်ပါတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
ကျိုက်ဒုံမြို့ဟာ စစ်ကောင်စီကင်းစင်တဲ့ နယ်မြေဖြစ်ပြီးနောက် တည်ငြိမ်အေးချမ်းနေပေမယ့် စစ်ကောင်စီဘက်က သူတို့ လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေကို ဗုံးကြဲဖျက်စီးလေ့ရှိတဲ့အတွက် လေကြောင်းရန်ကို ဒေသနေပြည်သူတွေဟာ စိုးရိမ် စိတ်နဲ့ သတိထားနေထိုင်ရတယ်လို့ သိရပါတယ်။
ကော့ကရိတ်မြို့နယ်မှာပါတဲ့ ကျိုက်ဒုံမြို့က စစ်ကောင်စီအခြေချဗျူဟာစခန်းကုန်းကို ၂၀၂၄ ခုနှစ် မတ်လအတွင်းမှာ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အလုံးစုံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ရာ ဒီစခန်းသိမ်းတိုက်ပွဲမှာ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၆ ဦး လက်နက်ချခဲ့တဲ့အတွက် ကျိုက်ဒုံမြို့ဟာ စစ်တပ် ကင်းစင်တဲ့မြို့ဖြစ်လာတာကြောင့် KNU က လက်ရှိအချိန်ထိ ထိန်းချုပ်ထားတာဖြစ်ပါတယ်။
========================
🚩🚩 ၆။ လွိုင်ကော်မြို့ ခလရ ၂၆၁ တပ်ရင်းမှာ စစ်မှုထမ်းအဖြစ် စုဆောင်းခံရတဲ့ တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့အတူ KNDF မှာ အလင်းဝင်
ဇန်နဝါရီ၂၂ရက်
ကရင်နီပြည် လွိုင်ကော်မြို့အခြေစိုက်၊ ခလရ ၂၆၁ တပ်ရင်းမှာ စစ်မှုထမ်းအဖြစ်စုဆောင်းခံရတဲ့ စစ်သားတဦး လက်နက် ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ KNDF ဗဟိုက ဒီနေ့ ဇန်နဝါရီ ၂၂ မှာ ထုတ်ပြန်ပါတယ်။
လွိုင်ကော်မြို့ အခြေစိုက် ခလရ ၂၆၁ တပ်ရင်းက စစ်သားတဦးဟာ ဇန်နဝါရီ ၂၀ ရက်နေ့က ရှေ့ တန်းစစ်ဆင်ရေးကာလမှာ လက်နက်ခဲယမ်းတွေနဲ့အတူ ထွက်ပြေးလာခဲ့တာလို့ ဆိုပါတယ်။
အခု အလင်းဝင်လာသူဟာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခံရပြီး စစ်မှုထမ်းနေရတဲ့ စစ်ကောင်စီ တပ်သားတဦးဖြစ်တယ်လို့ အသိပေးထားပါတယ်။
အလင်းဝင်စစ်သားဟာ MA-11 အမျိုးအစား သေနတ်တလက် ကျည်ဘောက် ၃ ခု၊ လက်ပစ်ဗုံး ၂ လုံးနဲ့ ခဲယမ်းမီးကျောက် အချို့ ယူဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်သားတွေအနေနဲ့ အာဏာရှင်စစ်ခေါင်းဆောင်တွေနဲ့ လူတစုအကျိုးအတွက် အကြမ်းဖက်ဖိနှိပ်တဲ့ လုပ်ရပ် တွေမှာ ထောက်တိုင်အဖြစ်ရပ်တည်နေတာကြောင့် ချေမှုန်းခံမယ့်အစား အချိန်မီ လက်နက်အပ်ပြီး ပြည်သူလူထုထံ ခိုလှုံ ပြီး ဘဝသစ်မှာ ဂုဏ်သိက္ခာရှိစွာရှင်သန်ကြဖို့ KNDF ဗဟိုက တိုက်တွန်းထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက်ကိုခန့်နှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment