၂၀၂၅ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြန်မာ အပါအဝင် ဒေသတွင်း နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ကျားဖြန့် နှိမ်နှင်းရေး ဒုတိယလှိုင်း စတင်မယ်လို့ တရုတ်ထုတ်ပြန်
📌 ၂။ MOCIT ပြည်ထောင်စုဝန်ကြီးနှင့် CDM မိသားစုများ ပဉ္စမအကြိမ်မြောက် စိတ်ခွန်အားဖြည့် အခမ်းအနားကျင်းပ
📌 ၃။ ရွှေသောင်ယံမြို့တွင် တပ်အထိုင်ချကာ စကစက ခံစစ် သေချာပြင်ထားသော်လည်း ပြည်သူများသည် ယုံကြည်မှု မရှိသည့်အတွက် ပုသိမ်မြို့သို့အများစု ပြောင်းရွှေ့
📌 ၄။ မီးပျက်နေခြင်းက PDF တွေကြောင့်လို့ လော်ဘီတွေ ပုံဖော်ဝါဒဖြန့်နေ
📌 ၅။ စလင်းမြို့နယ် ပိတ်ဆည်ကျေးရွာမှ စစ်ဘေး မီးဘေးဖြင့် ရွာကို စွန့်ကာ တောတွင်းသို့ ထွက်ပြေးသိမ်းရှောင်နေရသော ပြည်သူများအား PDF ပူးပေါင်းတပ်များမှ ဘေးကင်းစွာ ခေါ်ယူကယ်တင်နိုင်ခဲ့
📌 ၆။ ၂၀၂၄ ခုနစ် ဒီဇင်ဘာလအတွင်း ရန်ပုံငွေ အများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့ (၂၀) ကို PRF ဖော်ပြ
========================
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရှမ်းကယား နယ်စပ်တစ်နေရာတွင် အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်နေ
🚩 ၂။ ခလယ်လွီထူခရိုင်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရက်များကြောင့် သံဃာတပါး ပျံလွန်တော်မူ
🚩 ၃။ မုံရွာမြို့နယ် တော်ပုပျူရွာမှ ညောင်ဖြူပင််ရဲစခန်း စကစ အထိုင်အား ရိက္ခာပို့ရန်လာတဲ့ စကစအဖွဲ့များကို ပဒေသာမိုင်းများနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ပျူစောထီး ၂ဦး သေဆုံး
🚩 ၄။ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေ
🚩 ၅။ PNLA က Federal Wings ၏ Anti-drone Jammer (Federal Shield) အား စစ်မြေပြင်၌ ပထမဆုံးလက်တွေ့စမ်းသပ် အသုံးပြုနိုင်ခဲ့
🚩 ၆။ ရန်ကုန်တိုင်းစစ်ဌာန အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်
🚩 ၇။ တပ်မ ၃၃ မှ မုံရွာဘက်ကို ကြေးနီသယ်ရန် ထွက်လာတဲ့ စစ်ကောင်စီ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်
🚩 ၉။ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၈)ဦး သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြန်မာ အပါအဝင် ဒေသတွင်း နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ကျားဖြန့် နှိမ်နှင်းရေး ဒုတိယလှိုင်း စတင်မယ်လို့ တရုတ်ထုတ်ပြန်
ဇန်နဝါရီလ ၂၂ ရက်၊ Radio NUG
မြန်မာ၊ ထိုင်း၊ အပါအဝင် မဲခေါင်ဒေသတွင်းက နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ကျားဖြန့်နှိမ်နင်းရေးနဲ့ လက်နက် ခဲယမ်း မှောင်ခို တိုက်ဖျက်ရေး “ဇင်ယော်” လှုပ်ရှားမှုကို ဒီနှစ်ထဲ ထပ်မံ လုပ်ဆောင်ဖို့ ရှိတယ်လို့ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်လာပါတယ်။
လန်ချန်း - မဲခေါင် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုစင်တာ (LMLECC) ဟာ အရင်တကြိမ် လုပ်ဆောင်ခဲ့တဲ့ တရားဥပဒေ စိုးမိုးရေး ပူးပေါင်းလှုပ်ရှားမှုကို ပြန်လည်သုံးသပ်တဲ့ အစည်းအဝေးအား ဇန်နဝါရီလ ၂၁ ရက်နေ့က တရုတ်နိုင်ငံ ကူးမင်းမြို့မှာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဇင်ယော်လို့ အမည်ပေးထားတဲ့ အဆိုပါ လှုပ်ရှားမှုဟာ အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ တရားမဝင် လက်နက်ခဲယမ်း မှောင်ခိုတွေကို အဓိကထားတဲ့ စစ်ဆင်ရေးတခုဖြစ်ပြီး တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် နိုင်ငံတွေ ပါဝင်တယ်လို့ သိရပါတယ်။
အဆိုပါ နိုင်ငံတွေက ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နဲ့ ၁၆ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပထမ အကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ကျားဖြန့် နှိမ်နင်းရေး အတွက် အထူးစစ်ဆင်ရေးတခု စတင်ပြီလို့ အဲ့ဒီအချိန်က ထုတ်ပြန်ခဲ့ကြပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နဲ့ မဟာမိတ် တော်လှန်ရေး အင်အားစုတွေ အနေနဲ့ မြန်မာနိုင်ငံ အတွင်းက အွန်းလိုင်းငွေလိမ် လုပ်ငန်းတွေကို နှိမ်နင်းနိုင်ဖို့ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ပါ ပူပေါင်းဆောင်ရွက်ဖို့ လိုကြောင်း ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ MOCIT ပြည်ထောင်စုဝန်ကြီးနှင့် CDM မိသားစုများ ပဉ္စမအကြိမ်မြောက် စိတ်ခွန်အားဖြည့် အခမ်းအနားကျင်းပ
ဇန်နဝါရီ ၂၂ RadioNUG
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန (MOCIT) ပြည်ထောင်စုဝန်ကြီးနှင့် CDM မိသားစုများ ပဉ္စမအကြိမ်မြောက် စိတ်ခွန်အားဖြည့် အခမ်းအနားကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါတွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်၊ MOCIT မှ တာဝန်ရှိသူများ၊ CDM Focal Team၊ တော်လှန်အနုပညာရှင်များနှင့် MOCIT လက်အောက်ရှိ CDM ဝန်ထမ်းများ တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ NUG အစိုးရ၏ လုပ်ငန်းစဉ်များတွင် CDM ဝန်ထမ်းများ ပါဝင်ဆောင်ရွက်နေဆဲဖြစ်ခြင်းကြောင့် ယနေ့အချိန်ထိ ထိထိရောက်ရောက်အောင်မြင်အောင်လုပ်ဆောင်နိုင်ခြင်းဖြစ်ကြောင်း၊ ဖက်ဒရယ်ယူနစ် ဒေသပေါင်းစုံရှိ လက်နက်ကိုင်အင်အားစုများအတွင်း CDM များပါဝင်နေသကဲ့သို့ ကျန်းမာရေးနှင့် အခြားကဏ္ဍပေါင်းစုံတွင်လည်း ပါဝင်ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ လက်ရှိတွင် စစ်ရေးအရှိန်မြင့်တက်အားကောင်းလာပြီဖြစ်ပြီး ကချင်၊ ရခိုင်၊ ကရင်၊ ကရင်နီ၊ တနင်္သာရီမှစကာ ဧရာဝတီတိုင်းအထိ စစ်မျက်နှာဖွင့် ဆောင်ရွက်နိုင်တော့မည့် အခြေအနေများ ရှိလာပြီဖြစ်သောကြောင့် မလျှော့သောဇွဲလုံလတို့ဖြင့် ဆက်လက်ကြိုးစားသွားရန်လိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
အလားတူ ပြန်ကြားရေးကဏ္ဍ တယ်လီကွန်းနှင့် ပတ်သတ်ပြီး စစ်ကိုင်းတိုင်းသာမက အခြားဒေသများတွင်ပါ အားကောင်းအောင်လုပ်ဆောင်နေဆဲဖြစ်ပြီး ရုံးလုပ်ငန်းနှင့် နည်းပညာပိုင်း ၊ အတတ်ပညာပိုင်းများတွင်ပါ CDM ဝန်ထမ်းများ ပါဝင်ဆောင်ရွက်လျက်ရှိသည်ကိုလည်း အသိပေးပြောကြားခဲ့ပါတယ်။
"ဒီလိုမျိုးလက်တွဲလာခဲ့လို့ (၄) နှစ်ကြာကာလမှာ ဇွဲလုံ့လတွေမလျော့တမ်း ဝရီယကတော့ပြောစရာမလိုအောင် မနက်မိုးလင်းကနေ ညမအိပ်ခင်ထိကို ဒီအလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်နေကြတယ်။ အားလုံးဝိုင်းဝန်းကြိုးစားပေးနေတဲ့အတွက် အခက်အခဲတွေရှိနေပေမယ့် အောင်မြင်မယ်လို့ ယုံကြည်တယ်။ အားမလျှော့ပါနဲ့ အောင်ပွဲကတော့နီးလာပြီမို့ လက်ရှိအခြေနေကို (၄) နှစ်တောင် လျှောက်ခဲ့ပြီးမှ လျှော့လိုက်လို့မရဘူး။ အခက်ခဲတွေရှိရင်လဲတင်ပြပေးပါ။ သတ္တိရှိရှိနဲ့လုပ်စရာရှိတာကို ဆက်လုပ်သွားကြပါလို့ကျနော်ပြောချင်ပါတယ်။" ဟု ပြည်ထောင်စုဝန်ကြီးက စိတ်ခွန်အားဖြည့် အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး CDM Focal Team တာဝန်ရှိသူတစ်ဦးမှ CDM ဝန်ထမ်းများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း၊ သင်တန်းများဖွင့်လှစ်ခြင်း၊ ချိတ်ဆက်ဆောင်ရွက်နိုင်မှုလုပ်ငန်းစဉ်များနှင့် လုပ်ငန်းနှစ်ပတ်လည်အစီအရင်ခံစာကို တင်ပြခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် တော်လှန်အနုပညာရှင်များဖြစ်ကြသည့် ဦးစိန်သီး၊ မထားထက်ထက်တို့မှ စိတ်ခွန်အားဖြည့်စကားများပြောကြားခဲ့ပြီး ကိုဘုန်းဆက်သွင်၊ ကိုယွန်းမောင်တို့မှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့နောက် CDM ဝန်ထမ်းများမှ ကဗျာများ ရွတ်ဆိုခဲ့ကြပြီး အချင်းချင်းစိတ်ခွန်အားပေးခဲ့ကြကာ အလှူရှင်များထံက ရရှိလာသည့် ချီးမြှင့်ငွေများကို ခွဲဝေပေးခဲ့ကြပြီးနောက် အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ ရွှေသောင်ယံမြို့တွင် တပ်အထိုင်ချကာ စကစက ခံစစ် သေချာပြင်ထားသော်လည်း ပြည်သူများသည် ယုံကြည်မှု မရှိသည့်အတွက် ပုသိမ်မြို့သို့အများစု ပြောင်းရွှေ့
ဇန်နဝါရီ၂၂ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့တွင် တပ်အထိုင်ချကာ စကစက ခံစစ်သေချာ ပြင်ထားသော်လည်း ပြည်သူများသည် ယုံကြည်မှုမရှိသည့်အတွက် ပုသိမ်မြို့သို့ အများစု ပြောင်းရွှေ့သွားတယ်လို့ ဇန်နဝါရီ ၂၂ရက် ပုသိမ်မြို့နယ် ပကဖသတင်းပြန်ကြားရေးက အသိပေးဖော်ပြပါတယ်။
စစ်တပ်အမာခံတချို့နှင့် ငွေကြေးချို့တဲ့ကာ မပြောင်းရွေ့နိုင်သူ ပြည်သူတစ်ချို့သာ ကျန်တော့ကြောင်း သိရတယ်လို့ဆိုပါတယ်။
" သူတို့ တောင်တိုက်ပွဲဖြစ်မှာ သိလို့ ခံစစ်အသေအချာပြင်ထားတာ မနိုင်ရင် လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီးမှာဗျ။ ယုံကြည်စရာမရှိဘူး လွတ်ရာတော့ပြောင်းရမှာပဲ သူတို့လည်း ရှုံးရင် ပြေးမှာပဲ သူတို့ရှိတဲ့နေရာက စစ်မြေပြင်ပဲ ဘောမိက သာဓကပဲဗျ မျက်စေ့ရှေ့တွင် လုပ်သွားတာ ကုန်တာပဲ " ဟု ဒေသခံပြည်သူတစ်ဦးက ဆိုထာပါတယ်။
ထို့အပြင် ဇန်နဝါရီ ၂၂ရက် မနက် (၀၇၄၀)အချိန် ပုသိမ်မြို့ပေါ်နှင့် အနီးတစ်ဝိုက် ထိစပ်မြို့နယ်အချို့သို့ စစ်ရဟတ်ယာဉ် (၁)စီး ကင်းပတ်ပျံဝဲခဲ့ကြောင်း သိရှိရပါတယ်။
========================
📌📌 ၄။ မီးပျက်နေခြင်းက PDF တွေကြောင့်လို့ လော်ဘီတွေ ပုံဖော်ဝါဒဖြန့်နေ
ဇန်နဝါရီ ၂၂ RadioNUG
ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေက လျှပ်စစ်တာဝါတိုင်တွေကို ဖျက်ဆီးပြီး လျှပ်စစ်ဝန်ထမ်းတွေကို သတ်ဖြတ်နေတာကြောင့် စစ်ကောင်စီက နိုင်ငံတဝန်း ဓာတ်အားဖြန့်ဝေမှု မလုံလောက်တော့တာလို့ စစ်တပ်လော်ဘီတွေက ဝါဒဖြန့်နေကြောင်း Burma Affairs Conflict Studyမှ သတင်းထုတ်ပြန်ထားပါတယ်။
၂၀၂၅ ဇန်နဝါရီ ၁ ကနေ ၁၇ အထိ စစ်ကောင်စီချန်နယ် ၁၃ ခုမှာ လျှပ်စစ်မီး မလုံလောက်တော့တာ တော်လှန်ရေးလက်နက်ကိုင်တပ်တွေကြောင့်လို့ ပုံဖော်ဝါဒဖြန့်တဲ့ ပို့စ် ၅၀ ကျော်ရှိကာ PDF တွေကို ဦးတည်ပြီး တာဝါတိုင်တွေဖျက်ဆီးနေတယ်၊ လျှပ်စစ်ဝန်ထမ်းတွေကို သတ်ဖြတ်နေတယ်လို့ ပုံဖော်မှုကို အများဆုံးတွေ့ရပြီး စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီရဲ့ တာဝါတိုင်တွေ ဖျက်ဆီးခံရတဲ့ ရုပ်သံဖိုင်တွေ အသုံးပြုပြီးတော့လည်း လျှပ်စစ်တာဝါတိုင်တွေကို PDF တွေဖျက်ဆီးနေတယ်လို့ ပုံဖော်နေပါတယ်လို့ ဖော်ပြထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင်ကလည်း လျှပ်စစ်ဓာတ်အား မလုံလောက်တော့တာဟာ ၂၀၀၅ ခုနှစ်လောက်က စတင်ခဲ့တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောင်ခြင်းလုပ်ငန်းတွေကို ပြည်သူတွေ ကန့်ကွက်ခဲ့တာကြောင့်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက တွေ့ဆုံပွဲတစ်ခုမှာ ထည့်ပြောခဲ့ပါသေးတယ်။
စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေ၊ သဘာဝဘေး၊ ငွေတန်ဖိုးကျဆင်းခြင်းနဲ့ စီးပွားရေးကျဆင်းမှုတွေကြောင့် စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ဖြန့်ဖြူးရာမှာ အကန့်အသက်ဖြစ်လာကာ စစ်ကောင်စီအပေါ် မယုံကြည်တော့တာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာသွားတာတွေ၊ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာ၊ လူ့စွမ်းအားအရင်းအမြစ် နည်းလာတာတွေကို ဖုံးကွယ်နေတယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၅။ စလင်းမြို့နယ် ပိတ်ဆည်ကျေးရွာမှ စစ်ဘေး မီးဘေးဖြင့် ရွာကို စွန့်ကာ တောတွင်းသို့ ထွက်ပြေးသိမ်းရှောင်နေရသော ပြည်သူများအား PDF ပူးပေါင်းတပ်များမှ ဘေးကင်းစွာ ခေါ်ယူကယ်တင်နိုင်ခဲ့
ဇန်နဝါရီ ၂၂ RadioNUG
ဇန်နဝါရီလ ၂၁ရက်နေ့က စလင်းမြို့နယ် သစ်ခေါက်တောင် ကင်းစခန်းအနီးရှိ ပိတ်ဆည်ကျေးရွာမှ စစ်ဘေး မီးဘေးဖြင့် ရွာကို စွန့်ကာ တောတွင်းသို့ ထွက်ပြေးသိမ်းရှောင်နေရသော ပြည်သူများအား ဇန်နဝါရီလ ၂၂ရက်နေ့တွင် ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းတို့မှ ပူးပေါင်းကာ ပိတ်ဆည်ကျေးရွာမှ ပြည်သူအားလုံးကို ဘေးကင်းစွာဖြင့် ခေါ်ယူကယ်တင်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ပြည်သူများကို ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့မှ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဖော်ပြထားပါတယ်။
စစ်ဘေးရှောင် ပြည်သူများအတွက် အကူအညီပေးရန် တောင်းဆိုထားပြီး ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့မှ စစ်ရေး အရှိန်မြင့်လုပ်ဆောင်တော့မှာ ဖြစ်သဖြင့် ပြည်သူများအနေဖြင့် ပုသိမ် မုံရွာ ကားလမ်းပိုင်းတွေကို အသွားအလာ သိပ်မလုပ်ကြရန် ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၆။ ၂၀၂၄ ခုနစ် ဒီဇင်ဘာလအတွင်း ရန်ပုံငွေ အများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့ (၂၀) ကို PRF ဖော်ပြ
ဇန်နဝါရီ၂၂ရက်
၂၀၂၄ ခုနစ် ဒီဇင်ဘာလအတွင်း ရန်ပုံငွေ အများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့ (၂၀) ကို ဇန်နဝါရီ ၂၂ ရက်မှာ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF က ထုတ်ပြန်ပါတယ်။
ပြည်တွင်းက ဖြစ်စေ၊ ပြည်ပက ဖြစ်စေ ပြည်သူ့ကာကွယ်ရေးတပ်သား PDF တွေနဲ့ ကျောချင်းကပ် ခွန်အားဖြည့်ရင်း ဒီတော်လှန်ရေးမှာ ထောက်ပို့တပ်သားအနေနဲ့ ပါဝင်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်လို့ဆိုပါတယ်။
၂၀၂၄ ခုနစ် ဒီဇင်ဘာလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှ ရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့ ၅ဖွဲ့တွင် Citizen Support Center-CSC၊ We are one ၊ နွေဦးရောင်ခြည်အဖွဲ့၊ OFP FR၊ Spring Myanmar Society-SMS စတဲ့ အဖွဲ့များ ပါဝင်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရှမ်းကယား နယ်စပ်တစ်နေရာတွင် အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်နေ
ဇန်နဝါရီ၂၂ရက်
ရှမ်းကယား နယ်စပ်တစ်နေရာတွင် အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဇန်နဝါရီ၂၂ရက် MOBYE PDF Rescue Team-MPRTက အသိပေးဆိုပါတယ်။
MOBYE PDF Rescue Team-MPRT ကယ်ဆယ်ရေးတပ်ဖွဲ့အနေနှင့် ပတ်တီးဆေးဝါးနှင့်လောင်စာဆီများ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် ၂နာရီကျော်အချိန်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးဗြဲမြို့ ၊ လွယ်ဝိုင်းကျေးရွာ အနီးအနားကို စစ်ကောင်စီက ပေါင်၅၀၀ ဗုံးနဲ့ ၄လုံးခန့် လာရောက်ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
မိုးဗြဲအခြေစိုက် ခမရ ( ၄၂၂)တပ်ရင်းကနေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေတာဖြစ်ပါတယ်။
========================
🚩🚩 ၂။ ခလယ်လွီထူခရိုင်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရက်များကြောင့် သံဃာတပါး ပျံလွန်တော်မူ
ဇန်နဝါရီလ ၂၂ ရက်၊ Radio NUG
ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ ခရိုင်၊ ဆောထိ မြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် သံဃာတော် တပါး ပျံလွန်တော်မူခဲ့ပြီး သံဃာ တပါးနဲ့ ပြည်သူ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေ ၃ နာရီ အချိန်တွင် ရေကြည်ချောင်း ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲ ထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်ခဲ့ကာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် မှော်ဖျား ကျေးရွာနဲ့ ကွင်းဒလကြီးရွာ တောရကျောင်း ကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
ပထမ တကြိမ် ဒရုန်းတိုက်ခိုက်မှုအတွင်း မှော်ဖျားကျေးရွာက အသက် ၃၅ နှစ်အရွယ် အရပ်သား တဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နောက်တကြိမ်မှာ ကွင်းဒလကြီးတောရကျောင်းမှ သက်တော် ၅၀ အရွယ် သံဃာ တပါး ပျံလွန်တော်မူခဲ့ကာ သက်တော် ၄၉ နှစ်အရွယ် သံဃာတပါး ဒဏ်ရာရခဲ့ပါတယ်။
မနက် ၁၀ နာရီခန့်ကလည်း ပိန်းဇလုပ် အခြေစိုက် (၂၆၄) တပ်ကနေ လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ပျဉ်ရေ အနောက်ဘက်ကမ်း ကျေးရွာထဲကို ကျရောက် ပေါက်ကွဲခဲ့ကာ အရပ်သား နေအိမ်တချို့ ပျက်စီးခဲ့ရ တယ်လို့ ဆိုပါတယ်။
ထို့အပြင် မူး မြို့နယ်မှာလည်း ဇန်နဝါရီလ ၁၈ ရက်နေ့ မနက် ၆ နာရီ ခန့်တွင် ခိုဖလလေးခို တပ်စခန်းမှ စစကောင်စီ တပ်သားများဟာ တရေခို ကျေရွာအတွင်း ဝင်ရောက်ခဲ့ကာ အသက် ၁၈ နှစ်၊ ၂၃ နှစ်နဲ့ ၂၅ နှစ်အရွယ် အရပ်သား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ မုံရွာမြို့နယ် တော်ပုပျူရွာမှ ညောင်ဖြူပင််ရဲစခန်း စကစ အထိုင်အား ရိက္ခာပို့ရန်လာတဲ့ စကစအဖွဲ့များကို ပဒေသာမိုင်းများနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ပျူစောထီး ၂ဦး သေဆုံး
ဇန်နဝါရီ၂၂ရက်
ဇန်နဝါရီလ ၂၂ မနက် ၈နာရီခွဲခန့်တွင် မုံရွာမြို့နယ် တော်ပုပျူရွာမှ ညောင်ဖြူပင််ရဲစခန်း စကစ အထိုင်အား ရိက္ခာပို့ရန် တောပုဘက်မှ အင်အား ၂၅ ဦး ခန့် ညောင်ဖြူပင်ဘက်မှ ၂၅ခန့် အသီးသီးထွက်လာရာ ၂လုံးပဒေသာမိုင်း ၂ပွိုင့်ဖြင့်တိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦး PDFက အသိပေးဆိုပါတယ်။
စစ်ဆင်ရေးတွင်ပျူစောထီး ၂ဦးသေဆုံးကာ ၅ဦးဒဏ်ရာရသည့်အနက် ၂ဦး ခြေထောက်ပြတ်ပြီး ရိက္ခာထုပ်များ ချထားခဲ့ကာ ပြန်လည်ဆုတ်ခွာသွားကြပါတယ်။
ဖြစ်ပွားသည့်နေရာတွင် ခုအချိန်ထိ ရိက္ခာထုပ်များ ကျန်ရှိနေပါသေးကာ၎င်းတိုက်ခိုက်မှု့ကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ ၂ နှင့်အတူ မုံရွာခရိုင် တပ်ရင်း၂၃၊ မုံရွာခရိုင် တပ်ရင်း ၂၅ ၊မုံရွာခရိုင် တပ်ရင်း ၂၈၊ BLDF, Special Force 11, Importal Gurella force တို့ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။
========================
🚩🚩 ၄။ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေ
ဇန်နဝါရီလ ၂၂ ရက်၊ Radio NUG
ဇန်နဝါရီလ ၂၁ ရက်နေ့မှ စတင်ပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) နှင့် စစ်ကောင်စီတပ် တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေတယ်လို့ MDY PDF က သတင်းထုတ်ပြန် ထားပါတယ်။
စစ်ကောင်စီတပ်က မတ္တရာမြို့နယ် အတွင်းကို လက်နက်ကြီးများ ပစ်ခတ်ကာ မြေပြင် စစ်ကြောင်းများ ဖြင့်ပါ အင်အားဖြည့်တင်း လာတာကြောင့် ဖယောင်းတောင်၊ ထန်းပင်ကုန်း ကျေးရွာနဲ့ မြို့ကုန်းကျေးရွာ တဝိုက်မှာ တိုက်ပွဲများ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
ထို့အပြင် နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာ အနီးနဲ့ သပိတ်ကျင်းမြို့နယ်၊ ၇ မိုင်ကျေးရွာတို့မှာ စစ်ကောင်စီ တပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) တို့ကြား တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နဲ့ ၂၂ ရက်တို့မှာ နောင်ချိုမြို့နယ်က လူနေ ရပ်ကွက်များကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အရပ်သား အများအပြား ထိခိုက်သေဆုံး ခဲ့ရပါသေးတယ်။
========================
🚩🚩 ၅။ PNLA က Federal Wings ၏ Anti-drone Jammer (Federal Shield) အား စစ်မြေပြင်၌ ပထမဆုံးလက်တွေ့စမ်းသပ် အသုံးပြုနိုင်ခဲ့
ဇန်နဝါရီ၂၂ရက်
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) သည် Federal Wings ၏ Anti-drone Jammer (Federal Shield) အား စစ်မြေပြင်၌ ပထမဆုံးလက်တွေ့စမ်းသပ်အသုံးပြုနိုင်ခဲ့ပြီး ရန်သူ့ဒရုန်းတိုက်ခိုက်မှုများမှ အောင်မြင်စွာကာကွယ်နိုင်ခဲ့ကြောင်း ဇန်နဝါရီ ၂၂ရက် Federal Wings က အသိပေးဖော်ပြပါတယ်။
Federal Wings Research & Development (R&D) တပ်ဖွဲ့၏ ကြိုးစားအားထုတ်မှုအသီးအပွင့်များဖြစ်ပြီး Federal Shield အား အခြားလိုအပ်သည့်တော်လှန်ရေးတပ်ဖွဲ့များထံသို့ ပေးပို့အားဖြည့်ပေးနိုင်ရန် Federal Wings မှ ကြိုးစားအားထုတ်လျက်ရှိတယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ ရန်ကုန်တိုင်းစစ်ဌာန အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်
ဇန်နဝါရီ ၂၂ RadioNUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာနမှ ပြုလုပ်သည့် အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲအား ရှေ့တန်းတနေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။
သင်တန်းဆင်းပွဲအား ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာနမှ စစ်ဦးစီးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး သင်တန်းဆင်းမိန့်ခွန်းပြောကြားခြင်း၊ စစ်သည်တော်ကျင့်ဝတ်များအား လိုက်နာပြီး တိုက်ရည်ခိုက်ရည် ကောင်းမွန်ကာ အမိန့်နာခံမှုအားကောင်းသော ပြည်သူဂုဏ်ယူရမည့် စစ်သည်ကောင်းများအဖြစ် ကြိုးစားကြရန် အားပေးစကားပြောကြားခြင်း၊ သစ္စာရေတိုက်ကျွေးခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သင်တန်းကာလတလျှောက် စည်းကမ်းလိုက်နာပြီး ထူးချွန်သော စစ်သည်များအား ဆုပေးအပ်ခြင်းများကိုပါ တပါတည်း ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၇။ တပ်မ ၃၃ မှ မုံရွာဘက်ကို ကြေးနီသယ်ရန် ထွက်လာတဲ့ စစ်ကောင်စီ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်
ဇန်နဝါရီလ ၂၂ ရက်၊ Radio NUG
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ တပ်မ ၃၃ ကနေ မုံရွာဘက်ကို ကြေးနီသယ်ရန် ထွက်လာတဲ့ စစ်ကောင်စီ ကားတန်းကို ချောင်းဦး - မြင်းမူ လမ်းပိုင်း တနေရာမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ က ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၂၂ ရက် မနက် ၁၀ နာရီ ၅၀ မိနစ်မှာ တွဲကား အစီး ၅၀ နဲ့ လုံခြုံရေး လိုက်ပါလာတဲ့ စစ်ကား ၈ စီးပါတဲ့ အဆိုပါ ကားတန်းကို ကြိုတင် ပြင်ဆင်ထားတဲ့ မိုင်းကွင်းကနေ အသင့် စောင့်ဆိုင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ တပ်ဘက်ကလည်း ဒရုန်း တစီးဖြင့် ကင်းထောက်ပြီး လက်နက်ကြီး လက်နက်ငယ်များနဲ့ ပြန်လည်ပစ်ခတ် ခဲ့ပေမယ့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ၊ Eleven People Defense Force, ဗိုလ်နိုင် လေပွေ မုန်တိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့၊ Royal Tiger Force ( ဆားလင်းကြီး)၊ Nway Oo Brothers Column တို့ က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၈။ စလင်းကြီး မြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာနှစ်ခုကို ၂ ရက်ဆက် ဗုံးချတိုက်ခိုက်
ဇန်နဝါရီလ ၂၂ ရက်၊ Radio NUG
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ စလင်းကြီး မြို့နယ်က စစ်ကောင်စီ တပ်စခန်းနဲ့ ၎င်းတို့ တပ်စွဲထားတဲ့ ထွေအုပ်ရုံးကို ၂ ရက် ဆက်တိုက် ဗုံးချ တိုက်ခိုက်ခဲ့ တယ်လို့ ချင်းတွင်း ဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၃၅ မိနစ်ခန့်မှာ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ၊ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၃၅၊ တပ်ခွဲ ၃၊ တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ (Salingyi) ၊ SOLO AUNG GYI (Salingyi) တို့ ပူးပေါင်းပြီး Fixed Wings Drone များဖြင့် ဗုံးချတိုက်ခိုက်ခဲ့တာ လို့ ဆိုပါတယ်။
အလားတူ ဇန်နဝါရီ ၂၂ ရက် မနက် ၇ နာရီ ၁၀ မိနစ်ခန့်မှာလဲ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (Salingyi) ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ တပ်ခွဲ ၃ တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ (Salingyi) ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ တပ်ခွဲ ၃ တပ်စိတ် ၁ 5/Fighter Group (Monywa) နဲ့ SOLO AUNG GYI (Salingyi) တို့ ပူးပေါင်းပြီး Fixed Wings Drone များဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဘက်က ထိခိုက်ကျဆုံးမှု ရှိနိုင်ပြီး အသေးစိတ်ကို စုံစမ်း နေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၉။ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၈)ဦး သေဆုံး
ဇန်နဝါရီ ၂၂ RadioNUG
ဇန်နဝါရီလ ၂၂ရက်နေ့ နံနက် (၁၁း၂၄)နာရီအချိန်တွင် တအာင်းပြည် တပ်မဟာ(၂)နယ်မြေ၊ နောင်ချိုမြို့နယ် ရဲစခန်းနှင့် ပါရမီလက်ဖက်ရည်ဆိုင်အနီးကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး ထပ်မံလာရောက်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း TNLAမှ သတင်းထုတ်ပြန်ပါတယ်။
ထိုကဲ့သို့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ အမျိုးသမီး (၃)ဦးနှင့် အမျိုးသား (၅)ဦး သေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၂)လုံး နှင့် ရဲစခန်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်မှ ဗုံးကြဲမှုကြောင့် ဗုံးစထိမှန်သော ဒေသခံပြည်သူများကို PSLF/TNLA မီးသတ်ဌာန၊ ရဲဌာနနှင့် ပြည်သူများမှ ဝိုင်း၀န် ဆေးကုသမှုနှင့် ကယ်ဆယ်ရေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၁ ရက်နေ့တွင်လည်း နောင်ချိုမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိနှင့် ဂျက်ဖိုက်တာဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment