၂၀၂၅ ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံသော လွှတ်တော်အမတ်များသမဂ္ဂနှင့် NUG ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးတို့မှ ပူးတွဲကျင်းပမယ့် မြန်မာ့အရေးကြားနာပွဲ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုး တက်ရောက်မယ်
📌 ၂။ ချင်းအမျိုးသမီးဖိုရမ် ဒုတိယအကြိမ်မြောက် အစီအစဉ် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့
📌 ၃။ BRAC တက္ကသိုလ်မှာကျင်းပတဲ့ "လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှုများ- IIMM အတွက် စိန်ခေါ်မှုများနှင့် ရှေ့ခရီးလမ်း" ဆွေးနွေးပွဲ (IIMM) ၏ အကြီးအကဲ Mr. Nicholas Koumjian တက်ရောက်
📌 ၄။ မြန်မာနိုင်ငံသားများ အင်တာဗျူးမလိုဘဲ အမေရိကန်ဗီဇာ သက်တမ်းတိုးနိုင်
📌 ၅။ တရုတ်နိုင်ငံသား ၇ ဦးကို ပြန်ပေးဆွဲမှု သံသယရှိသူ ၈ဦးတွင် ထိုင်းရဲများနှင့် မြန်မာ ၁ဦးပါဝင်
📌 ၆။ ရေဦးမြို့တွင် အကြမ်းဖက်စစ်အုပ်စုမှ မြို့ပေါ်နေ လူငယ်များသာမက ခရီးသည်တင်ကားများကိုပါ တားဆီးစစ်ဆေး ပေါ်တာဆွဲနေ
📌 ၇။ စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အဦများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများကို ပစ်မှတ်ထား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၃၀ ဦးကျော်အထိ သေဆုံးမှု ရှိလာ
========================
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပဲခူးတိုင်းဒေသကြီးမှ ကြိုဆိုပါ၏ ဆိုင်းဘုတ်အောက်တွင် တိုက်ပွဲအတွင်း သိမ်းယူထားတဲ့ လက်နက်ခဲယမ်းများနှင့် ရိုက်ကူးထားသည့် ဓာတ်ပုံကို ဗိုလ်ချုပ်ထွန်းမြတ်နိုင် ထုတ်ပြ
🚩 ၂။ ဖောင်းပြင်မြို့နယ်က နယ်မြေအများစုကို PDF ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားနိုင်
🚩 ၃။ ကိုးရက်အတွင်း အမ်း - ပဒါန်းလမ်းရှိ စစ်ကောင်စီ ဆုတ်ခွာရာလမ်းနှင့် စစ်ကြောင်းများကို ပိတ်ဆို့တားဆီးတိုက်ခိုက်ရာ စစ်သုံ့ပန်း ၁၇ဦး ဖမ်းမိ
🚩 ၄။ မတ္တရာမှ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ နဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး
🚩 ၅။ ဆိပ်ဖြူမြို့နယ် ကပစ-၂၂မှ အနီးနားကျေးရွာတွေကို ဟောင်ဝစ်ဇာ၊ ဒရုန်းများနဲ့ တိုက်ခိုက်လို့ အရပ်သား ၅ ဦးသေပြီး ၅ ဦးဒဏ်ရာရ
🚩 ၆။ ကျောက်မဲမြို့ကို စစ်ကောင်စီက ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ
🚩 ၇။ စစ်မှုထမ်း ဥပဒေနဲ့ အဓမ္မ စုဆောင်းထားတဲ့ တပ်စိတ်မှူး အပါအဝင် တပ်သား ၇ ဦး လက်နက်နဲ့တကွ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံသော လွှတ်တော်အမတ်များသမဂ္ဂနှင့် NUG ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးတို့မှ ပူးတွဲကျင်းပမယ့် မြန်မာ့အရေးကြားနာပွဲ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုး တက်ရောက်မယ်
ဇန်နဝါရီ၂၇
Radio NUG
မအောင်မြင်သော စစ်အာဏာသိမ်းမှု (၄)နှစ် အလွန် လက်ရှိမြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များ၊ စစ်တပ်မှ အာဏာလုယူမှု နောက်ဆက်တွဲ ပဋိပက္ခများနှင့် ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများအား ဂျပန်အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်အမတ်များ၊ နိုင်ငံတကာ သံတမန်များနှင့် သတင်းမီဒီယာများထံ ရှင်းလင်းတင်ပြနိုင်ရန်အတွက် မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံသော လွှတ်တော်အမတ်များသမဂ္ဂနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးတို့မှ ပူးတွဲကာ လွှတ်တော်အမတ်များရုံး၌ ကျင်းပသွားမယ်လို့ သိရပါတယ်။
အဆိုပါကြားနာပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့် ဝန်ကြီးဌာနအကြံပေးဖြစ်သူတို့မှလည်း တက်ရောက်ရှင်းလင်းဆွေးနွေးမည်ဖြစ်ပြီး ကြားနာပွဲသို့ တက်ရောက် ဝန်းရံလိုသူများလည်း စာရင်းသွင်း တက်ရောက်နိုင်တယ်လို့ သိရပါတယ်။
အခန်းနေရာအနေအထားအရ လူဦးရေ ၂၀၀ ဦးခန့်သာ တက်ရောက်နိုင်မည်ဖြစ်ပြီး ဖေဖော်ဝါရီ၃ရက်နေ့ ကျင်းပသွားမယ်လို့သိရပါတယ်။
========================
📌📌 ၂။ ချင်းအမျိုးသမီးဖိုရမ် ဒုတိယအကြိမ်မြောက် အစီအစဉ် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့
ဇန်နဝါရီ ၂၇ ရက်
Radio NUG
ချင်းအမျိုးသမီးဖိုရမ် ဒုတိယအကြိမ်မြောက် အစီအစဉ်အား ယခုလအတွင်း ချင်းလဲန်တစ်နေရာ၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရပါတယ်။
အဆိုပါဖိုရမ်တွင် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးနှင့် ခေါင်းဆောင်မှု၊ ချင်းအမျိုးသားတည်ဆောက်ရေးတွင် ချင်းအမျိုးသမီးများ၏ အခန်းကဏ္ဍ၊ စိတ်ပိုင်းဆိုင်ရာ ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ စသည့်ဘာသာရပ်များအား နှစ်ရက်တိတိကြာ လေ့လာဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၃။ BRAC တက္ကသိုလ်မှာကျင်းပတဲ့ "လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှုများ- IIMM အတွက် စိန်ခေါ်မှုများနှင့် ရှေ့ခရီးလမ်း" ဆွေးနွေးပွဲ (IIMM) ၏ အကြီးအကဲ Mr. Nicholas Koumjian တက်ရောက်
ဇန်နဝါရီ၂၇ရက်
Radio NUG
မြန်မာနိုင်ငံလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ အကြီးအကဲ Mr. Nicholas Koumjian မှ ဂုဏ်ယူစွာဖြင့် "လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှုများ- IIMM အတွက် စိန်ခေါ်မှုများနှင့် ရှေ့ခရီးလမ်း" ဟူသော အတွေးအမြင်ကို လှုံ့ဆော်ပေးသည့် ဟောပြောပွဲတစ်ခုကို ဇန်နဝါရီလ ၂၄ရက်နေ့က တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် ကျူးလွန်သူများအား တာဝန်ခံနိုင်မှုဆိုင်ရာ အစွမ်းထက်သော ထိုးထွင်းသိမြင်မှုဖြင့် မစ္စတာ Koumjian သည် ရိုဟင်ဂျာအကျပ်အတည်းကို အာရုံစိုက်ကာ IIMMs သမိုင်း၊ လက်ရှိအလုပ်နှင့် ၎င်း၏ အနာဂတ်တို့ကို မီးမောင်းထိုးပြခဲ့တယ်လို့ ဆိုပါတယ်။
========================
📌📌 ၄။ မြန်မာနိုင်ငံသားများ အင်တာဗျူးမလိုဘဲ အမေရိကန်ဗီဇာ သက်တမ်းတိုးနိုင်
ဇန်နဝါရီ ၂၇
Radio NUG
အမေရိကန်နိုင်ငံတွင် ဗီဇာသက်တမ်းထပ်တိုးမည့် မြန်မာနိုင်ငံသားများ အင်တာဗျူးမလိုဘဲ သက်တမ်းတိုးနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဇန်နဝါရီလ (၂၇)ရက်နေ့တွင် ထုတ်ပြန်ကြေညာထားပါတယ်။
(၄၈)လအတွင်း သက်တမ်းကုန်ထားသည့် နိုင်ငံတကာလေကြောင်းလိုင်းများ၊ သင်္ဘောလိုင်းများတွင် လုပ်ကိုင်သူများကို ခွင့်ပြုပေးထားသည့် (C1/D) ဗီဇာ၊ ကျောင်းသားဗီဇာ (F1) ကိုင်ဆောင်ထားသူများ၊ တစ်နှစ်အတွင်း သက်တမ်းကုန်ထားသည့် အလည်အပတ်ဗီဇာများဖြစ်သည့် (B1၊ B2၊ B1/B2 )ဗီဇာကို မူလခွင့်ပြုချက်အတိုင်း သက်တမ်းတိုးလိုသူများ အင်တာဗျူးမလိုဘဲ သက်တမ်းတိုးခွင့်ရမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၅။ တရုတ်နိုင်ငံသား ၇ ဦးကို ပြန်ပေးဆွဲမှု သံသယရှိသူ ၈ဦးတွင် ထိုင်းရဲများနှင့် မြန်မာ ၁ဦးပါဝင်
ဇန်နဝါရီ ၂၇
Radio NUG
ထိုင်းနိုင်ငံUbon Ratchathani ပြည်နယ်၊ Phibun Mangsahan ခရိုင်အတွင်းက တရုတ်နိုင်ငံသား ၇ ဦးကို ပြန်ပေးဆွဲမှုမှာ ပါဝင်ပတ်သတ်နေတယ်လို့ သံသယရှိသူ ၈ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ The Nation သတင်းဌာနမှာ ဖော်ပြထားပါတယ်။
အဆိုပါ ဖမ်းဆီးခံရသူတွေထဲမှာ ထိုင်း ရဲအရာရှိ ၄ ဦး၊ စစ်သား ၁ ဦး၊ အရပ်သား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၁ ဦး ပါဝင်တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံသား ၇ ဦးကို ဇန်နဝါရီ ၂၃ ရက်က အပန်းဖြေစခန်းတစ်ခုကို ခေါ်ဆောင်ဖမ်းဆီးခဲ့ပြီး သူတို့ကို ဘေးကင်းကင်း ပြန်လွတ်စေချင်ရင် ငွေပေး ပြန်ရွေးဖို့ ညှိနှိုင်းလာကြောင်း လာအိုနိုင်ငံသား ၁ ဦးက ဖေ့စ်ဘွတ်ခ်ကတဆင့် တိုင်ကြားခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
အဆိုပါဂိုဏ်းဟာ ဓားစာခံတွေထဲက တစ်ဦးကို လာအိုက သူ့သူငယ်ချင်းတွေထံ ဆက်သွယ်စေခဲ့ပြီး ဘတ် ၅ သန်း ပို့ပေးဖို့ တောင်းဆိုခဲ့ကာ နောက်ပိုင်းမှာ ဘတ် ၃ သန်းအထိ ညှိနှိုင်းခဲ့ကြတယ်လို့ သိရပါတယ်။
ဓားစာခံထဲက တစ်ဦးဟာ လာအိုမှာရှိတဲ့ သူငယ်ချင်းတစ်ဦးထံ လက်ကိုင်ဖုန်းကတဆင့် တည်နေရာကို ပေးပို့ခဲ့ပြီး ထိုင်းရဲတွေကို အကူအညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။
အဲဒါကြောင့် ထိုင်းရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးရဲတွေက အဆိုပါ အပန်းဖြေစခန်းကို ဝင်ရောက်စီးနင်းပြီး တရုတ် ဓားစာခံ ၇ ဦးကို ကယ်တင်ကာ သံသယရှိသူ ၈ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၆။ ရေဦးမြို့တွင် အကြမ်းဖက်စစ်အုပ်စုမှ မြို့ပေါ်နေ လူငယ်များသာမက ခရီးသည်တင်ကားများကိုပါ တားဆီးစစ်ဆေး ပေါ်တာဆွဲနေ
ဇန်နဝါရီ ၂၇
Radio NUG
ဇန်နဝါရီလ (၂၆)ရက်နေ့တွင် ရေဦးမြို့ပေါ် အကြမ်းဖက်စစ်အုပ်စုမှ ရပ်ကွက်များအတွင်း ကျန်ရှိနေသေးသော လူငယ်လူရွယ်များကို ဆက်တိုက်ပေါ်တာဆွဲ ဖမ်းဆီးနေကြကြောင်း သတင်းရရှိထားပြီး တစ်ရက်ထဲ အောင်ဆန်းရပ်ကွက်မှ လူငယ် (၃)ဦး နှင့် မကျည်းတောမှ လူငယ် (၂)ဦး စုစုပေါင်း (၅)ဦးထက်မနည်း အဆွဲခံရကြောင်း 𝑷𝒆𝒐𝒑𝒍𝒆𝒔 𝑫𝒆𝒇𝒆𝒏𝒔𝒆 𝑪𝒐𝒎𝒓𝒂𝒅𝒆 (𝑷𝑫𝑪) မှ သတင်းထုတ်ပြန်ထားပါတယ်။
ထို့ပြင် မြစ်ကြီးနား၊ မန္တလေးတို့ဘက်မှ ပြန်လာသည့် ခရီးသည်တင်ကား အန်စာတုံး၊ AD Van ကားများပေါ်မှ လိုက်ပါလာကြသည့် ခရီးသည် ယောကျာ်းသားများကိုပါ ရေဦးမြို့ စစ်ဆေးရေးဂိတ်များမှ ဆွဲချဖမ်းဆီးနေကြပြီး ကားစပါယ်ယာများကိုပါ အဓမ္မ ပေါ်တာဆွဲနေတယ်လို့ ဖော်ပြထားပါတယ်။
ဇန်နဝါရီလ ၂၆ရက်နေ့က ခရီးသည်တင်ကားများပေါ်မှ ခရီးသွားပြည်သူ အမျိုးသား (၁၀)ဦးထက်မနည်း ရေဦးမြို့ စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးခံရကြောင်းနှင့် သက်ဆိုင်သူ မိသားစုဝင်များမှ ငွေနဲ့ရွေးထုတ်ပြီး လိုက်လံဖြေရှင်းလျှက်ရှိနေကြောင်း သိရပါတယ်။
နေ့ချင်း ပိုက်ဆံနဲ့ လိုက်လံရွေးထုတ်တာတွေကြောင့် ပြန်လွှတ်ပေးသူတချို့ ရှိနေပြီး လွတ်မြောက်လာသူဦးရေ (၃)ဦးခန့်လောက်သာ ရှိသေးတယ်လို့ ဆိုထားပါတယ်။
ကိစ္စရပ်အမျိုးမျိုးကြောင့် ခရီးသွားလာနေကြသည့် လူငယ်/လူလတ်ပိုင်းများအနေဖြင့် ရေဦးမြို့ပေါ်အထိ မလိုက်ကြရန်နှင့် အခြားသော မြို့ကြီးတွေပါ အကြမ်းဖက်စစ်ရှုံးကောင်စီမှ တပြိုင်နက်ထဲ ပေါ်တာဆွဲဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေတာကြောင့် အရေးပေါ်မဟုတ်ပါက ယခုရက်ပိုင်း ခရီးသွားလာခြင်းများ မပြုလုပ်ကြဖို့ အသိပေးထားပါတယ်။
========================
📌📌 ၇။ စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အဦများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများကို ပစ်မှတ်ထား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၃၀ ဦးကျော်အထိ သေဆုံးမှု ရှိလာ
ဇန်နဝါရီ၂၇
Radio NUG
စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အဦများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ဇန်နဝါရီလ ၂၂ ရက်နေ့က ရှမ်းပြည်နယ်၊ နောင်ချိုမြို့ကိုလည်းကောင်း၊ ဇန်နဝါရီ ၂၅ ရက်နေ့က ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံကိုလည်းကောင်း၊ ဇန်နဝါရီ ၂၆ ရက်နေ့က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာရှိ စာသင်ကျောင်းကိုလည်းကောင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဇန်နဝါရီ ၂၇ရက် AAPPက သတင်းထုတ်ပြန်ဖော်ပြပါတယ်။
ထိုသို့တိုက်ခိုက်သောကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၃၀ ဦးကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာအများအပြား ရရှိခဲ့ကြောင်း သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပဲခူးတိုင်းဒေသကြီးမှ ကြိုဆိုပါ၏ ဆိုင်းဘုတ်အောက်တွင် တိုက်ပွဲအတွင်း သိမ်းယူထားတဲ့ လက်နက်ခဲယမ်းများနှင့် ရိုက်ကူးထားသည့် ဓာတ်ပုံကို ဗိုလ်ချုပ်ထွန်းမြတ်နိုင် ထုတ်ပြ
ဇန်နဝါရီ ၂၇
Radio NUG
ပဲခူးတိုင်းအတွင်း တိုက်ခိုက်သိမ်းယူထားသည့် စခန်းသိမ်းတိုက်ပွဲသတင်းဓာတ်ပုံတစ်ပုံကို အာရက္ခတပ်တော် (AA)မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ X လူမှုကွန်ရက်အကောင့်တွင် ဇန်နဝါရီလ၂၇ရက် ညနေပိုင်းတွင် ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း သိမ်းဆည်းရမိထားသည့် လက်နက်ခဲယမ်းများ၊ ဂျန်ပါများနှင့် စစ်သုံးပစ္စည်းအများအပြားနှင့်အတူ ပဲခူးတိုင်းဒေသကြီးမှ ကြိုဆိုပါ၏ ဆိုင်းဘုတ်အောက်တွင် ရိုက်ကူးထားသည့်ဓာတ်ပုံကို ဖော်ပြထားတာ ဖြစ်ပါတယ်။
မည်သည့်မြို့ဖြစ်သည်ကို အသိပေးထားခြင်းမရှိဘဲ AA သိမ်းယူလိုက်သည့် စခန်းမှာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့ရှိ မိုးထိတောင်ဗျူဟာဟု စစ်ရေးသတင်းအရင်းအမြစ်တစ်ခုက ပြောဆိုထားပါတယ်။
========================
🚩🚩 ၂။ ဖောင်းပြင်မြို့နယ်က နယ်မြေအများစုကို PDF ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားနိုင်
ဇန်နဝါရီ ၂၇ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင် မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီ အမျိုးသားများ တပ်မတော် SNA ပူးပေါင်းတပ်က စိုးမိုးထားခဲ့တဲ့ နယ်မြေအများစုကို PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလို့ Kachin News Group က ဖော်ပြထားပါတယ်။
ဖောင်းပြင်မြို့နယ်ကို ၂၀၂၄ မတ်လထဲက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျေးရွာအုပ်စု ၄၅ အုပ်စုရှိရာမှာ ၄၃ ခု ကို ကာကွယ်ရေး တပ်တွေက ထိန်းချုပ်ထားကာ ပင်သာရွာ၊ အောက်တောင်းရွာနဲ့ ဖောင်းပြင်မြို့ တစ်ခုတို့ကိုသာ SNA နဲ့ စစ်ကောင်စီတပ်တို့က ထိန်းချုပ်ထားနိုင်တော့တယ်လို့ သိရပါတယ်။
နောက်ဆုံး ကျန်နေတဲ့ ဖောင်းပြင်မြို့နဲ့ ကျေးရွာနှစ်ခုမှာတော့ ဖောင်းပြင် မြို့ခံတပ်ရင်း နှစ်ခု ဖြစ်တဲ့ ခမရ - ၃၆၇ နဲ့ ခ-ရ ၃၆၈ တပ်နဲ့ လဟယ်မြို့နယ်ဘက်က ဆင်းလာတဲ့ ခမရ - ၂၇၂ တပ်၊ နယ်မြေခံ SNA ၇၅၃ တပ် စုစုပေါင်း အင်အား ၅၀၀ ခန့်က ဝန်းရံပိတ်ဆို့ ထားတယ်လို့ ဆိုပါတယ်။
၂၀၂၄ နှစ်ကုန်ပိုင်းမှာတော့ တိုက်ပွဲတွေ ငြိမ်သက်နေပေမယ့် စစ်ကောင်စီနဲ့ SNA တို့ဘက်က စစ်ရေးလှုပ်ရှားတာ လေကြောင်းနဲ့ မကြာခဏ ဗုံးကြဲတိုက်ခိုက်တာတွေကို လုပ်ဆောင်နေပြီး နှစ်ဖက်စစ်ဆိုင်ထားတဲ့ အခြေအနေမှာ ရှိနေတာကြောင့် အချိန်မရွေး တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဖောင်းပြင်-ဟုမ္မလင်း ကားလမ်းမကို SNA နဲ့ စစ်ကောင်စီ တပ်တွေက ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေ အနေနဲ့ မြို့ရှောင်လမ်းတွေကိုသာ အသုံးပြု သွားလာနေရပြီး ကုန်စည်တွေအတွက်ကို လေကြောင်းကိုသာ အားထားနေရတာကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတယ်လို့ ဆိုပါတယ်။
ဖောင်းပြင် မြို့နယ်ထဲက ကျေးရွာသိမ်း တိုက်ပွဲတွေ ဆင်နွှဲနေချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်တာတွေကြောင့် ဒေသခံ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ အများအပြား သေဆုံးခဲ့ရကာ လူနေအိမ်တွေလည်း ထိခိုက်ပျက်စီး ခဲ့ရတယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၃။ ကိုးရက်အတွင်း အမ်း - ပဒါန်းလမ်းရှိ စစ်ကောင်စီ ဆုတ်ခွာရာလမ်းနှင့် စစ်ကြောင်းများကို ပိတ်ဆို့တားဆီးတိုက်ခိုက်ရာ စစ်သုံ့ပန်း ၁၇ဦး ဖမ်းမိ
ဇန်နဝါရီ ၂၇
Radio NUG
ချင်းကာကွယ်ရေးတပ် - အရှို ( CDF Asho ) သည် အမ်း - ပဒါန်းလမ်းရှိ စစ်ကောင်စီ ဆုတ်ခွာရာလမ်းနှင့် စစ်ကြောင်းများကို ပိတ်ဆို့တားဆီးတိုက်ခိုက်ရာတွင် ( ၁၇ . ၁ . ၂၀၂၅ )ရက်နေ့မှ ( ၂၅ . ၁ . ၂၀၂၅ ) ရက်နေ့ထိ စစ်ကောင်စီသုံ့ပန်း စုစုပေါင်း ( ၁၇ )ဦး ဖမ်းမိခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
ထို့အပြင် MA-1 ( ၅ )လက်၊ MA-2 ( ၁ )လက်၊ MA-4 ( ၁ ) လက်၊ MA-15 ( ၁ )လက်အပြင် ခဲယမ်းနှင့် စစ်အသုံးအဆောင် ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ မတ္တရာမှ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ နဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး
ဇန်နဝါရီ ၂၇ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အနောက်မြောက်ခြမ်း မြွေထိန်ပင်စောက် ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၂၆ ရက်နေ့ မနက် ၆ နာရီခွဲအချိန်မှာ မတ္တရာမြို့ပေါ်က တပ်မ - ၆၆ အပါအဝင် စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၁၀၀ ခန့်ဟာ တော်လှန်ရေးတပ်များ ထိန်းချုပ်ရာ နယ်မြေကို လက်နက်ကြီးများ ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတာလို့ ဆိုပါတယ်။
၎င်းစစ်ကောင်စီ စစ်ကြောင်းကို မတ္တရာမြို့နယ် ပကဖ နဲ့ တပ်ပေါင်းစုများက ခုခံပစ်ခတ်ခဲ့တဲ့အတွက် နေရာမှာပဲ ၃ ဦး သေဆုံးခဲ့ကာ ၂၀ ဦးခန့် အရေးပေါ် ဒဏ်ရာဖြင့် မတ္တရာ ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
ထို့အပြင် စစ်ကောင်စီတပ်ထံက လက်နက် ၃ လက်ကိုလည်း သိမ်းဆည်းရရှိ ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ အထိနာသွားတဲ့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်တိုင် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အရပ်သား ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ဆိပ်ဖြူမြို့နယ် ကပစ-၂၂မှ အနီးနားကျေးရွာတွေကို ဟောင်ဝစ်ဇာ၊ ဒရုန်းများနဲ့ တိုက်ခိုက်လို့ အရပ်သား ၅ ဦးသေပြီး ၅ ဦးဒဏ်ရာရ
ဇန်နဝါရီ ၂၇
Radio NUG
ဇန်နဝါရီလ ၂၆ရက်နေ့ ညနေ ၅း၃၀အချိန်တွင် ကပစ-၂၂မှ လက်နက်ကြီး (၁)လုံး ပစ်ခတ်ရာ ဆိပ်ဖြူမြို့နယ်၊ ကင်မွန်းတောင့်ကျေးရွာသို့ ကျရောက်ခဲ့ပြီး ပြည်သူ (၅)ဦး သေဆုံးပြီး (၂)ဦး ဒဏ်ရာရကြောင်း နွေဦးတော်လှန်ရေး မြိုင်မြို့ မှ သတင်းဖော်ပြထားပါတယ်။
၈ မိုင်လောက်ဝေးတဲ့ ရွာပေါ် ကျရောက်ပြီး ပထမ ၄ ယောက်သေ၊ ၄ ယောက်ဒဏ်ရာရခဲ့ပြီးနောက် စိုးရိမ်ရတဲ့ ၁ ယောက်ပါ သေဆုံးသွားတယ်လို့ သိရပါတယ်။
သေဆုံးသူတွေထဲ ကင်းမွန်တောင့်ရွာနေ အသက် (၈၀)အရွယ် ဒေါ်ရွှေကြင်၊ အသက် (၅၀) အရွယ် ဦးမြင့်နိုင်နဲ့ အသက် (၅) နှစ်အရွယ် မောင်သုခမင်း၊ မောင်သုခဝင်း အမြွှာညီအစ်ကိုတို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ ကျောက်မဲမြို့ကို စစ်ကောင်စီက ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ
ဇန်နဝါရီ ၂၇ ရက်၊
Radio NUG
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအောင်းတပ် TNLA တပ်မဟာ ၂ နယ်မြေ၊ ကျောက်မဲမြို့ကို စစ်ကောင်စီက ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၂၇ ရက် နေ့လည် ၂ နာရီ ၁၈ မိနစ်ခန့်မှာ ကျောက်မဲမြို့ ညဈေးတန်းနဲ့ ခရိုင်ရုံးပေါ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် နေအိမ် ၅ လုံး ထက်မနည်း ပျက်စီးသွားခဲ့ပြီး အရပ်သား ပြည်သူ ၁ ဦး သေဆုံးခဲ့ကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက် နေ့ကလည်း ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် cdm ဆရာမ ၂ ဦး၊ လူနာ ၁ ဦး သေဆုံးခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများနဲ့ အရပ်သားလူနာ ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးသတိ အမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန် ကာကွယ်ရေး ဆိုင်ရာ နည်းလမ်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်တယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၇။ စစ်မှုထမ်း ဥပဒေနဲ့ အဓမ္မ စုဆောင်းထားတဲ့ တပ်စိတ်မှူး အပါအဝင် တပ်သား ၇ ဦး လက်နက်နဲ့တကွ အလင်းဝင်
ဇန်နဝါရီ ၂၇ ရက်၊
Radio NUG
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် အဓမ္မ စုဆောင်းခံထားရတဲ့ တပ်စိတ်မှူး အပါအဝင် တပ်သား ၇ ဦး လက်နက်နဲ့တကွ အလင်းဝင်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ နေပြည်တော်က ထုတ်ပြန်ထားပါတယ်။
၎င်းတပ်သား ၇ ဦးဟာ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ရှေ့တန်းစခန်း မှတဆင့် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံကို ဘက်ပြောင်းခိုလှုံလာခဲ့တာလို့ ဆိုပါတယ်။
၎င်းတပ်သားများ ယူဆောင်လာတဲ့တဲ့ MA-3 ၂ လက်၊ MA-1 ၄ လက်၊ ကျည် ၅၉၃ တောင့်၊ ကျည်ဘောက် ၁၃ ခု တို့ကို တိုင်းဦးဆောင် အဖွဲ့မှ လွှဲပြောင်းလက်ခံခဲ့ပြီး တပ်သားများရဲ့ အချက်အလက်များကို စစ်ဆေးမေးမြန်းကာ မှတ်တမ်းတင်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
နေပြည်တော် ပကဖ အနေဖြင့် ဘက်ပြောင်းခိုလှုံလာတဲ့ တပ်သားများကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းနဲ့ စစ်ကောင်စီ လက်အောက်မှာ ဆက်လက်အမှုထမ်းနေကြတဲ့ တပ်သားများအနေဖြင့် အာဏာရှင် တစုရဲ့ အကျိုးကို ဆောင်ရွက်နေခြင်းအား အမြန်ဆုံး စွန့်လွှတ်ပြီး ပြည်သူနဲ့ ပူးပေါင်းကြဖို့ နေပြည်တော် ပကဖ က တိုက်တွန်းထားပါတယ်။
ဒါ့အပြင် မကွေးတိုင်း မင်းဘူးခရို စလင်းမြို့နယ် ၂၅၃ တပ်အတွင်းမှ စစ်ကောင်စီ တပ်သား ၂ ဦး ပြည်သူ့ရင်ခွင် ခိုလှုံ အလင်းဝင်လာတယ်လို့ ဒေါင်းစစ်အောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြည်သူ့ရင်ခွင် ခိုလှုံလာသူ ၂ ဦးမှာ အသက် ၂၅ နှစ်အရွယ် စစ်ကောင်စီ တပ်သား ကျော်ရဲလင်း နဲ့ အသက် ၂၂ နှစ်အရွယ် တပ်သား နေလင်းတို့ဖြစ်ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့မှာ တပ်ရင်းကနေ ထွက်ပြေးတိမ်းရှောင်လာခဲ့ပြီး ဇန်နဝါရီလ ၂၆ ရက်နေ့မှာတော့ ဒေါင်းစစ်အောင် (LPDF) အဖွဲ့ထံ ဘက်ပြောင်း ရောက်ရှိလာကာ ပြည်သူ့ရင်ခွင် ခိုလှုံအလင်းဝင် လာခဲ့တာလို့ အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment