၂၀၂၅ ဇန်နဝါရီလ ၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ အမေရိကန်ပြည်ထောင်စုရှိ တွေ့ဆုံသင့်တွေ့ဆုံထိုက်သူများနှင့် ဆက်တိုက်တွေ့ဆုံဆွေးနွေး
📌 ၂။ “မြန်မာနိုင်ငံရဲ့စစ်တပ်ကျူးလွန်မှုကသာမာန်လူ့အခွင့်အရေးချိုးဖောက်မှုတင်မကဘဲ War Crime စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်တခုလုံးအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု၊ဂျီနိုဆိုက်တို့ပါ ပါဝင်နေပြီ"လို့ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းပြောကြား
📌 ၃။ မြန်မာအရေး ကုလသမဂ္ဂမှာ ရိုဟင်ဂျာများနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်သာရှိနေပြီးတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြတ်ချက်ယခုအထိမချနိုင်သေးဘူးလို့ဆို
📌 ၄။ အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကိုအကြောင်းပြကာ ဒီဇင်ဘာလအတွင်း မန္တလေးမြို့မှာဖမ်ဆီးမှုလူငယ်လေးရာနီးပါး မတရားဖမ်းဆီးခံခဲ့ရ
📌 ၅။ သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" နိုင်ငံတကာ ရုပ်ရှင်ပြပွဲမှ မြန်မာနိုင်ငံအတွင်းကျပ်သိန်းပေါင်း တသောင်း ကျော် ပေးပို့ ကူညီနိုင်ခဲ့
========================
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးတပ်တွေ ထိန်းချုပ်နယ်မြေမှာလုပ်တဲ့ နှစ်ကူးအားကစားပြိုင်ပွဲကို ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် တက်ရောက်
🚩 ၂။ “ကောလင်းမြို့နယ် သယံဇာတ ကော်မီတီ အတွင်းရေးမှူးလုပ်ကြံသတ်ဖြတ်ခံရမှု ဝန်ထမ်းကောင်း တစ်ယောက် ဆုံးရှုံးရတယ်"လို့ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်မှတ်ချက်ပြု
🚩 ၃။ ကယန်းအမျိုးသားတပ်မတော် KNA 2104 တပ်ရင်းမှ တပ်ခွဲမှူး ခွန်းလှမိုး မိုးဗြဲတိုက်ပွဲတွင်ကျဆုံး
🚩 ၄။ မိုးမောက်နဲ့ ဒေါ့ဖုန်းယန်ဘက် စစ်ရှောင်နေရတဲ့ ဗန်းမော်ဒေသခံ တသောင်းခွဲခန့် အရေးပေါ် အကူအညီလိုအပ်နေ
🚩 ၅။ ရှမ်းမြောက်ကနေပြန်လာတဲ့ အောင်ပွဲရ PLA ရဲဘော်များကို ဒေသခံလူထု သောင်းသောင်းဖြဖြကြိုဆို
🚩 ၆။ အကြမ်းဖက်စစ်ကောင်စီလက်ချက်ကြောင့် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံရေးအကျဥ်းသား ၅၈ ဦး သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ အမေရိကန်ပြည်ထောင်စုရှိ တွေ့ဆုံသင့်တွေ့ဆုံထိုက်သူများနှင့် ဆက်တိုက်တွေ့ဆုံဆွေးနွေး
ဇန်နဝါရီ၃ရက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာသည် အမေရိကန်ပြည်ထောင်စုရှိ တွေ့ဆုံသင့်တွေ့ဆုံထိုက်သူများနှင့် ဆက်တိုက်တွေ့ဆုံဆွေးနွေးလျှက်ရှိတယ်လို့ ဇန်နဝါရီလအတွင်းမှာ ဝန်ကြီးကဆိုထားပါတယ်။
"မြန်မာနိုင်ငံက ဘာသာရေးခေါင်းဆောင်တွေနဲ့ အိမ်ဖြူတော်မှာ သမ္မတ Trump တို့ရဲ့ သမိုင်းဝင်တွေ့ဆုံမှုမှာ ဦးဆောင်မှုပေးရာမှာ အရေးပါတဲ့ ခေါင်းဆောင် Sam Brownback နဲ့ တွေ့ဆုံခွင့်ရတာ အခွင့်ထူးပါပဲ။ ဖိနှိပ်ချုပ်ချယ်သော စစ်အာဏာရှင်များအောက်တွင် ကိုးကွယ်ရာနေရာများ ဖျက်ဆီးခံရခြင်း အပါအဝင် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းကို ဆွေးနွေးခွင့်ကို အထူးပင် ကျေးဇူးတင်ရှိပါတယ်"လို့ဆိုထားပါတယ်။အလားတူ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာဟာ အမေရိကန်ပြည်ထောင်စု၏ 50th Speaker Mr. Speaker Newt Gingrich နှင့်လည်းတွေ့ဆုံခဲ့ပါတယ်။
"အမေရိကန်ပြည်ထောင်စု၏ 50th Speaker Mr. Speaker Newt Gingrich နှင့်တွေ့ဆုံရခြင်းသည် ထူးခြားသောအခွင့်အရေးတစ်ခုဖြစ်ပါတယ်။ဤတန်ဖိုးမဖြတ်နိုင်သော အခွင့်အရေးအတွက် ကျွန်ုပ် အထူးပင် ကျေးဇူးတင်ရှိပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
========================
📌📌 ၂။ “မြန်မာနိုင်ငံရဲ့စစ်တပ်ကျူးလွန်မှုကသာမာန်လူ့အခွင့်အရေးချိုးဖောက်မှုတင်မကဘဲ War Crime စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်တခုလုံးအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု၊ဂျီနိုဆိုက်တို့ပါ ပါဝင်နေပြီ"လို့ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းပြောကြား
ဇန်နဝါရီ၃ရက်
"မြန်မာနိုင်ငံရဲ့စစ်တပ်ကျူးလွန်မှုက သာမာန်လူ့အခွင့်အရေးချိုးဖောက်မှုတင်မကဘဲ War Crime စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်တခုလုံးအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု၊ဂျီနိုဆိုက်တို့ပါ ပါဝင်နေပြီ"လို့ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းက ဇန်နဝါရီ၃ရက်မှာပြုလုပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
"အကြမ်းဖက်စစ်တပ်က အခုအချိန်မှာ အဖက်ဖက်ကယိုယွင်းပျက်စီးနေသည့်တိုင်အောင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်လက်ပြီးတော့ကျူးလွန်နေတယ်။ဒီအချက်တွေကိုကြည့်မယ်ဆိုရင်တော့ သာမာန်လူ့အခွင့်အရေးချိုးဖောက်မှုဆိုတာထက် နိုင်ငံတကာကသတ်မှတ်ထားတဲ့အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုကျူးလွန်တဲ့အဆင့်ကိုရောက်ရှိနေပါပြီ။အဲဒါကြောင့်ကျနော်တို့အနေနဲ့နိုင်ငံတကာရာဇဝတ်မှုတွေထဲမှာ မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ရာဇဝတ်မှုသုံးခုကိုရွေးချယ်ပြီးတော့ နိုင်ငံတကာကိုပေးပို့တင်ပြတာ၊ဒါနဲ့ပတ်သက်ပြီးအရေးယူနိုင်ဖို့လုပ်ဆောင်နေပါတယ်။war crimeမှာဆိုရင် စစ်ပွဲနဲ့မသက်ဆိုင်တဲ့အရပ်သားပြည်သူတွေကိုနေရာအနှံ့မှာ အမြောက်အများ စနစ်တကျနဲ့ ပစ်မှတ်ထားကျူးလွန်တာမျိုးဒါတွေကိုလည်း ကျနော်တို့တွေ့ရှိရပါတယ်။လက်ရှိမြန်မာနိုင်ငံရဲ့စစ်တပ်ကျူးလွန်မှုကသာမာန်လူ့အခွင့်အရေးချိုးဖောက်မှုတင်မကဘဲနဲ့ War Crime စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု၊လူသားမျိုးနွယ်တခုလုံးအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု၊ဂျီနိုဆိုက်လို့ခေါ်တဲ့လူမျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်တယ်ဆိုတဲ့ အချက်အလက်တွေ၊ဒါနဲ့ပတ်သက်လို့တင်ပြပြောဆိုမှုတွေဖြစ်နေပါတယ်"လို့ဝန်ကြီးကပြောပါတယ်။
အဆိုပါ အခွင့်ရေးဝန်ကြီးဌာနသတင်းစာရှင်းလင်းပွဲတွင် လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးဦးအောင်ကျော်မိုးက အကြမ်းဖက်စစ်တပ်ရဲ့ကျူးလွန်မှုကိန်းဂဏန်းများကိုထုတ်ပြန်ခဲ့ပြီးနှစ်အလိုက်ကွာခြားမှုနဲ့တိုင်းနဲ့ပြည်နယ်အလိုက်စကစတပ်များကျူးလွန်မှုတွေကိုရှင်းလင်းပြောကြားခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ဟာ တရားလက်လွတ်သတ်မှုပေါင်း၁၇၈၇ မှုကိုကျူးလွန်ခဲ့ပြီး ပစ္စည်းဥစ္စာများကိုဖျက်ဆီးခြင်း ၁၃၅၅မှုရှိခဲ့ပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းတွင်းလူ့အခွင့်အရေးချိုးဖောက်မှု၂၀၂၃ ခုနှစ်တွင် ၁၂၄၃မှုရှိခဲ့ပြီး၂၀၂၄တွင် ၁၁၅၂မှုရှိခဲ့ပါတယ်။
========================
📌📌 ၃။ မြန်မာအရေး ကုလသမဂ္ဂမှာ ရိုဟင်ဂျာများနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်သာရှိနေပြီးတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြတ်ချက်ယခုအထိမချနိုင်သေးဘူးလို့ဆို
ဇန်နဝါရီ၃ရက်
မြန်မာအရေး ကုလသမဂ္ဂမှာ ရိုဟင်ဂျာများနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်သာရှိနေပြီးတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြတ်ချက်ယခုအထိမချနိုင်သေးဘူးလို့ ဇန်နဝါရီ၃ရက်မှာပြုလုပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲမှာ လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီး ဦးအောင်ကျော်မိုး ကဆိုပါတယ်။
"ကုလသမဂ္ဂမှာတော့ စိန်ခေါ်မှုတွေဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ရိုဟင်ဂျာများနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်သာရှိနေပြီးတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်မှုတွေရှိပေမယ့်ဆုံးဖြတ်ချက်အနေနဲ့အခုထိကတော့မချနိုင်သေးဘူးဆိုတာ စိန်ခေါ်မှုအနေနဲ့လတ်တလောရှိနေတယ်။နောက်တခုက အကြမ်းဖက်စကစကိုလက်နက်ပို့တာကိုအပြင်းအထန်ကန့်ကွက်နေတဲ့နိုင်ငံတွေရှိပါတယ်။ဒါကိုကန့်ကွက်တဲ့နိုင်ငံတွေရှိနေတော့ စိန်ခေါ်မှုတရပ်အနေနဲ့ရှိနေပါတယ်"လို့ဆိုပါတယ်။၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာရေးရာဆုံးဖြတ်အမှတ် UNSCR2669ကိုအတည်ပြုခဲ့သော်လည်းအကြမ်းဖက်စကစကလိုက်နာခြင်းမရှိခဲ့ဘူးလို့သိရှိရပါတယ်။
လက်ရှိမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်အပေါ်နောက်ဆက်တွဲဆုံးဖြတ်ချက်များထွက်ပေါ်လာရေး ယူကေနိုင်ငံကဦးဆောင်ဆွေးနွေးလုပ်ဆောင်နေတယ်လို့သိရပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကိုအကြောင်းပြကာ ဒီဇင်ဘာလအတွင်း မန္တလေးမြို့မှာဖမ်ဆီးမှုလူငယ်လေးရာနီးပါး မတရားဖမ်းဆီးခံခဲ့ရ
ဇန်နဝါရီ၃ရက်
အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကိုအကြောင်းပြကာ ဒီဇင်ဘာလအတွင်းမန္တလေးမြို့မှာဖမ်းဆီးမှု လူငယ်လေးရာနီးပါး မတရားဖမ်းဆီးခံခဲ့ရတယ်လို့ ဇန်နဝါရီ၃ရက်မှာ မန္တလေးသပိတ်အင်အားစုမှ အသိပေးဖော်ပြပါတယ်။အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကိုအကြောင်းပြကာ လူငယ်များကိုမတရားဖမ်းဆီးမှုများအား မန္တလေးမြို့ (၇) မြို့နယ်အတွင်းတွင် ဒီဇင်ဘာလ (၁၆)ရက်နေ့မှ (၃၁)ရက်နေ့အထိ ၂ပတ်တာကာလအား မန္တလေးသပိတ်အင်အားစုမှ ဆက်လက်စာရင်းပြုစုထားချက်အရ အောင်မြေသာဇံမြို့နယ် (၄၃)ဦး၊ချမ်းအေးသာဇံမြို့နယ် (၁၈) ဦး၊မဟာအောင်မြေမြို့နယ် (၃၃ )ဦး၊ချမ်းမြသာစည်မြို့နယ် (၄၇)ဦး၊ပြည်ကြီးတံခွန်မြို့နယ် (၄၆)ဦး၊ပုသိမ်ကြီးမြို့နယ် (၄၃)ဦး၊အမရပူရမြို့နယ်(၃၆)ဦး၊စုစုပေါင်း(၂၆၆)ဦးထက်မနည်း စစ်မှုထမ်းဥပဒေကြောင့်မတရားဖမ်းဆီးခံခဲ့ရပါတယ်လို့ဖော်ပြပါတယ်။ထို့အတွက်ကြောင့် ဒီဇင်ဘာလအတွင်းတွင် အောင်မြေသာဇံမြို့နယ်(၆၄)ဦး ၊ ချမ်းအေးသာဇံမြို့နယ်(၂၅)ဦး ၊ မဟာအောင်မြေမြို့နယ်(၃၈)ဦး ၊ချမ်းမြသာစည်မြို့နယ်(၅၂)ဦး ၊ ပြည်ကြီးတံခွန်မြို့နယ်(၈၂)ဦး ၊ ပုသိမ်ကြီးမြို့နယ်(၇၇)ဦး ၊ အမရပူရမြိူ့နယ်(၅၃)ဦး၊ စုစုပေါင်းအနေဖြင့် (၇)မြို့နယ် အတွင်းတွင် လူငယ်ပေါင်း(၃၉၁)ဦးထက်မနည်းမတရားဖမ်းဆီးခံခဲ့ရသည်ကိုတွေ့ရှိရတယ်လို့ဆိုပါတယ်။
ထူးထူးခြားခြားတွေ့ရှိရသည်မှာ မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်တခုတွင် စစ်မှုထမ်းဥပဒေစတင်အသက်ဝင်ချိန်မှစတင်၍ ယခုအချိန်အထိ လူငယ်(၁၀၀)ကျော်ခန့်အား မတရားဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" နိုင်ငံတကာ ရုပ်ရှင်ပြပွဲမှ မြန်မာနိုင်ငံအတွင်းကျပ်သိန်းပေါင်း တသောင်း ကျော် ပေးပို့ ကူညီနိုင်ခဲ့
ဇန်နဝါရီ၃ရက်
"သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" နိုင်ငံတကာ ရုပ်ရှင်ပြပွဲမှ မြန်မာနိုင်ငံအတွင်း လိုအပ်လျက်ရှိတဲ့ နေရာဒေသ အသီးသီးသို့ ကျပ်သိန်းပေါင်း တသောင်း ကျော် ပေးပို့ ကူညီနိုင်ခဲ့ပါတယ်။Artists' Shelter ရဲ့ စီစဥ်မှုနဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ ကမ္ဘာအနှံ့က ရုပ်ရှင်ချစ်ပရိသတ်များထံသို့ "သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" နိုင်ငံတကာရုပ်ရှင်ပြပွဲကို လှည့်လည်ပြသနိုင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ပြပွဲမှာ တော်လှန်အနုပညာရှင်တွေ ဖန်တီးထားကြတဲ့ Guilt၊ ငါတို့မှာငါတို့ပဲရှိတယ်၊ Together နဲ့ The Unknown Infinity စတဲ့ ရုပ်ရှင်ဇာတ်ကား ၄ ကားကို ပြသခဲ့တာပါ"လို့ ဇန်နဝါရီ၃ရက်မှာ Artists' Shelterက အသိပေးဖော်ပြပါတယ်။
ရုပ်ရှင်ပြပွဲတွေကို CRPH - OFP Fundraising Program၊နိုင်ငံတကာမှ Fundraisers များနဲ့ တဦးတယောက်ချင်းစီရဲ့ ကူညီဝန်းရံမှုများနဲ့အတူ ရန်ပုံငွေရှာဖွေရေးအစီစဥ်တရပ်အနေနဲ့ နိုင်ငံပေါင်း ၁၄ နိုင်ငံမှာ ပွဲပေါင်း (၃၀) အထိ ပြသနိုင်ခဲ့ပါတယ်။
ခုလို ပြသနိုင်ခဲ့တဲ့အတွက် ကူညီပေးခဲ့ကြတဲ့ အဖွဲ့အစည်းများနဲ့တကွ ပါဝင်ပံ့ပိုးပေးခဲ့ကြသူ တဦးတယောက်ချင်းစီတိုင်းကို Artists' Shelter အနေနဲ့ အထူးပင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်းဆိုထားပါတယ်။
ရုပ်ရှင်ပြပွဲတွေကနေ ရရှိလာတဲ့ ရန်ပုံငွေ စုစုပေါင်း - မြန်မာကျပ်ငွေ သိန်းပေါင်း "တသောင်း သုံးရာသုံးဆယ့်ရှစ်သိန်း လေးသောင်းတထောင် ရှစ်ရာသုံးဆယ့်ခြောက်" ကျပ် (1,033,841,836.10 MMK) တိတိကို မြန်မာနိုင်ငံအတွင်း လိုအပ်လျက်ရှိတဲ့ နေရာဒေသအသီးသီးသို့ အချိန်နဲ့တပြေးညီ ပေးပို့ လှူဒါန်းနိုင်ခဲ့တယ်လို့သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးတပ်တွေ ထိန်းချုပ်နယ်မြေမှာလုပ်တဲ့ နှစ်ကူးအားကစားပြိုင်ပွဲကို ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် တက်ရောက်
ဇန်နဝါရီ၃ရက်
စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ နယ်မြေ တနေရာမှာကျင်းပတဲ့ နှစ်သစ်ကူး အထိမ်းအမှတ် အားကစားပြိုင်ပွဲတွေကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် တက်ရောက်ခဲ့တယ်လို့ အမှတ်-၁ စစ်ဒေသက ထုတ်ပြန်ပါတယ်။
PDF တွေနဲ့ ဒေသခံပြည်သူတွေ ပါဝင်ယှဥ်ပြိုင်တဲ့ အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၁ ရက်နေ့က ကျင်းပခဲ့တာလို့ သိရပါတယ်။
နှစ်သစ်ကူးအထိမ်းအမှတ် အားကစားပြိုင်ပွဲအဖြစ် ဘောလုံး၊ ခြင်းလုံး၊ လွန်ဆွဲ စတဲ့ ကစားနည်းတွေပါဝင်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်မတော်သားတွေနဲ့အတူ ဒေသနေပြည်သူတွေပါ ပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ အမှတ် ၁ စစ်ဒေသက အသိပေးပါ တယ်။
အမျိုးသားညီညွတ်ရေးအစိုးရ- NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်တဲ့အဖွဲ့ဟာလည်း အခု နှစ်ဦးပိုင်း မှာပဲ ကရင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့အောင်ဇေယျစစ်ကြောင်းကို ထိုးစစ်ဆင်ချေမှုန်းနေတဲ့ ဗျူဟာ-၃၂ စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောဦးဆောင်တဲ့ ကော်ဘရာစစ်ကြောင်းကို သွားရောက်တွေ့ဆုံအားပေးခဲ့တာရှိပါတယ်။
အခုလို NUG အစိုးရရဲ့ ပြည်ထောင်စုအဆင့် တာဝန်ရှိပုဂ္ဂိုလ်တွေ မြေပြင်စစ်ဆင်ရေးဖော်ဆောင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေနဲ့ တွေ့ဆုံကြတာဟာ တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူလူထုအတွက် အားတက်စရာမြင်ကွင်းတခုဖြစ်ပါတယ်။
========================
🚩🚩 ၂။ “ကောလင်းမြို့နယ် သယံဇာတ ကော်မီတီ အတွင်းရေးမှူးလုပ်ကြံသတ်ဖြတ်ခံရမှု ဝန်ထမ်းကောင်း တစ်ယောက် ဆုံးရှုံးရတယ်"လို့ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်မှတ်ချက်ပြု
ဇန်နဝါရီ၃ရက်
ဇန်နဝါရီ၃ရက်မှာ စစ်ကိုင်းတိုင်း၊"ကောလင်းမြို့နယ် သယံဇာတ ကော်မီတီ အတွင်းရေးမှူးလုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်က အခုလိုမှတ်ချက်ပြုဆိုလိုက်ပါတယ်။
"ကောလင်းမြို့နယ် သယံဇာတ ကော်မီတီ အတွင်းရေးမှူး ဆရာအရိန္ဒာမာ ရှမ်းကလုံးကျေးရွာနှင့် ရွှေတွင်းကျေးရွာကြားတွင် မနေ့က လုပ်ကြံသတ်ဖြတ်ခံရပါတယ်။အစပိုင်းမှာတော့ ဆိုင်ကယ် အက်စီးဒင့် ကြောင့်လို့ သတင်းပို့လာပေမယ့်၊ စစ်ဆေးချက်အရ သေနတ်ပစ်ခံထားရတာ ဖြစ်ကြောင်းအတည်ပြုပါတယ်။ အင်မတန် အလုပ်ကြိုးစားတဲ့ စာအုပ်ကြီးသမား CDM (ECD ဦးစီးအရာရှိ) ဝန်ထမ်းကောင်း တစ်ယောက် ဆုံးရှူံးရလို့ MONREC ရုံးအဖွဲ့သားများနှင့် လုပ်ဖေါ်ကိုင်ဖက် မိတ်ဆွေ အားလုံးလဲ မိသားစုနှင့်အတူ ဝမ်းနည်းရပါကြောင်း ဖေါ်ပြလိုပါတယ်။ မိသားစုမှာ သမီးလေး တစ်ယောက်ကျန်ခဲ့တယ်။ ပူဆွေးသောကကို အများသိအောင် ဖေါ်ပြလို့တောင်မရတဲ့ ဘဝ တွေပါ။ အလုပ်လုပ်တဲ့နေရာမှာ ဆရာ့ရဲ့ တိကျသေချာမှု၊ စနစ်ကျမှု၊ အကတိကင်းမှုတန်ဖိုးတွေကို အမြဲအမှတ်ရနေမှာပါ။ ခေတ်စနစ်ဆိုးထဲမှာ အလင်းတန်းတဖွယ် လင်းလက်နေပေမယ့် အလင်းဒဏ်မခံနိုင်တဲ့ လူတချို့ကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ ဝန်ထမ်းကောင်း တစ်ယောက် ဆုံးရှုံးရတာဟာ တော်လှန်ရေးအစိုးရ တရပ်အတွက် ဆုံးရှုံးမှုကြီးဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ "ကောလင်းမြို့နယ် သယံဇာတ ကော်မီတီ အတွင်းရေးမှူးသေနတ်နဲ့အပစ်ခံရမှုအား ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့သိရပါတယ်။
========================
🚩🚩 ၃။ ကယန်းအမျိုးသားတပ်မတော် KNA 2104 တပ်ရင်းမှ တပ်ခွဲမှူး ခွန်းလှမိုး မိုးဗြဲတိုက်ပွဲတွင်ကျဆုံး
ဇန်နဝါရီ၃ရက်
ကယန်းအမျိုးသားတပ်မတော် KNA 2104 တပ်ရင်းမှ တပ်ခွဲမှူး ခွန်းလှမိုး မိုးဗြဲတိုက်ပွဲတွင်ကျဆုံးခဲ့ကြောင်းကို ဇန်နဝါရီ၃ရက်မှာ ကယန်းအမျိုးသားတပ်မတော် KNAက ထုတ်ပြန်ပါတယ်။
"ကယန်းအမျိုးသားတပ်မတော် KNA 2104 တပ်ရင်းမှ တပ်ခွဲမှူး ခွန်းလှမိုးသည် မိုးဗြဲတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်တိုက်ပွဲဝင်ရင်းဇန်နဝါရီ ၁ရက်တွင် မြင့်မြတ်စွာ ကျဆုံးခဲ့ပါတယ်"လို့ဆိုပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီနှင့် ကယန်းလူမျိုးများအတွက် စစ်အာဏာရှင်ကို တိုက်ပွဲဝင်ရင်း ကျဆုံးသွားသည့် တပ်ခွဲမှူး ခွန်းလှမိုးကို ကယန်းအမျိုးသားတပ်မတော်မှ လေးနက်စွာ ဦးညွတ်အလေးပြုအပ်တယ်လို့ဆိုပါတယ်။
========================
🚩🚩 ၄။ မိုးမောက်နဲ့ ဒေါ့ဖုန်းယန်ဘက် စစ်ရှောင်နေရတဲ့ ဗန်းမော်ဒေသခံ တသောင်းခွဲခန့် အရေးပေါ် အကူအညီလိုအပ်နေ
ဇန်နဝါရီ၃ရက်
ကချင်ပြည်နယ် ဗန်းမော်မြို့တွင်းတိုက်ပွဲတွေကြောင့် မိုးမောက်နဲ့ ဒေါ့ဖုန်းယန်ဘက် စစ်ရှောင်နေရတဲ့ ဗန်းမော်ဒေသနေ ပြည်သူ တသောင်းခွဲခန့် အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဇန်နဝါရီ ၂ရက် ညပိုင်းမှာ ဖော်ပြပါတယ်။
ဗန်းမော်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်-KIA ဦးဆောင်တဲ့မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသနေပြည်သူတွေ စစ်ဘေးရှောင်နေရတာပဲဖြစ်ပါတယ်
တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကို ဖော်ပြမထားပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတွေအသုံးပြု တိုက်ခိုက်မှု ပြည်သူပိုင်နေအိမ်တွေ ပျက်စီးမှုများပြားနေပြီး စစ်ရှောင်နေရတဲ့အရပ်သားပြည်သူတွေဟာ အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ အသိပေးသွားပါတယ်။
ဒီဇင်ဘာ ၄ ရက်ကစပြီး ဗန်းမော်နဲ့ မံစီမြို့တို့မှာ KIA နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေဖြစ်နေတာကြောင့် ဗန်းမော်မြို့က ပြည်သူတွေဟာ မိုးမောက် ဒေါ့ဖုန်းယန်နဲ့ အခြား ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြရာ မိုးမောက်မှာ စစ်ရှောင် ပြည်သူ တသောင်း တထောင်ကျော် ဒေါ့ဖုန်းယန်မှာ ၂ထောင့် ၈၀၀ ကျော်ရှိတယ်လို့ KIA က အသိပေးထားပါတယ်။
တိုက်ပွဲတွေကြောင့် ကိုယ်လွတ်တိမ်းရှောင်ရသူတွေဟာ နေစရာသာမက စောင်၊ အဝတ်အထည်၊ အစားအသောက်၊ ဆေးဝါး စတာတွေအရေးတကြီးလိုအပ်နေတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကပစ္စည်းတွေကို ဖောက်ထွင်းခိုးယူတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။
ကချင်စစ်ရေးသတင်းရင်းမြစ်တွေကလည်း မနေ့ ဇန်နဝါရီ ၂ရက်နေက ခလရ-၄၇ ၊ ဝင်းလိုက်ဟိုတယ်၊ ရုံးကြီးနေရာတို့မှာ တိုက်ပွဲတွေဆက်ရှိခဲ့ပြီး စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ၉ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဗန်းမော်မြို့ရဲ့ စစ်ရေး အခြေအနေကို လူမှုကွန်ရက်ကနေ အသိပေးပါတယ်။
ခလရ ၄၇ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိပြီး ဗန်းမော်ပြည်သူ့ဆေးရုံဝန်းကို KIA က သိမ်းပိုက် နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဗန်းမော်မြို့မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေရာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေးပြီး တိုက်ခိုက်တာတွေ အရှိန်မြှင့်လုပ်ဆောင်နေသလို KIA နဲ့ မဟာမိတ်တပ်တွေကလည်း စစ်ကောင်စီတပ်ကို လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ပြန်လည်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ရှမ်းမြောက်ကနေပြန်လာတဲ့ အောင်ပွဲရ PLA ရဲဘော်များကို ဒေသခံလူထု သောင်းသောင်းဖြဖြကြိုဆို
ဇန်နဝါရီ၃ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးအတွင်း ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့ပြီး အောင်ပွဲများရယူခဲ့တဲ့ ပြည်သူ့လွတ်မြောက် ရေးတပ်မတော်သားတွေကို ဒေသနေပြည်သူတွေ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ ပြည်သူ့လွတ်မြောက် ရေးတပ်မတော် PLA က ပြောပါတယ်။
ဒေသနေပြည်သူတွေဟာ ဇန်နဝါလ ၂ ရက်နေ့က ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ် ၁ စစ်ဒေသ တနေရာမှာ ကြိုဆိုခဲ့ကြတာလို့ ဆိုပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ မဟာမိတ်တပ်တွေနဲ့အတူ သိန္နီ၊ လားရှိုး၊ မိုးမိတ်၊ သီပေါ မြို့သိမ်းတိုက်ပွဲတွေကို အောင်မြင်စွာဆင်နွှဲ နိုင်ခဲ့တာလို့ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့တုန်းကလည်း ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ အောင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA ရဲဘော်တွေကို အညာဒေသတနေရာမှာ ဒေသနေပြည်သူလူထုက ဂုဏ်ပြု ကြိုဆိုခဲ့ကြပါသေးတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဟာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသလို လွတ်မြောက်နယ်မြေမှာ လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေရာ ပြီးခဲ့တဲ့ ဒီဇင်ဘာနောက်ဆုံးပတ်ကလည်း စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးရှောင် ပြည်သူတွေကို ဆေးကုသမှုတွေလုပ်ဆောင်ခဲ့တာရှိ ပါတယ်။
ဒါ့အပြင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ အမှတ် ၁ စစ်ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းက ဒေသနေသူတွေနဲ့ စစ်ဘေး ရှောင်ပြည်သူများကို လစဉ်ပုံမှန် ဆေးကုသမှုပေးနေတယ်လို့လည်း သိရပါတယ်။
========================
🚩🚩 ၆။ အကြမ်းဖက်စစ်ကောင်စီလက်ချက်ကြောင့် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံရေးအကျဥ်းသား ၅၈ ဦး သေဆုံး
ဇန်နဝါရီ၃ရက်
အကြမ်းဖက်စစ်ကောင်စီလက်ချက်ကြောင့် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံရေးအကျဥ်းသား ၅၈ ဦး သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP က ထုတ်ပြန်ပါတယ်။
သေဆုံးသွားသူတွေထဲမှာ NLD ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်နဲ့ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်တို့ ပါဝင်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
AAPP က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ တနှစ် ကာလအတွင်း စစ်အုပ်ရဲ့ဖမ်းဆီးသတ်ဖြတ်ခံရသူ ၄ဝ၆ ဦးရှိပြီး စစ်အုပ်စုအောက်မှာရှိတဲ့ ထိန်းသိမးရေးစခန်းတွေဖြစ်တဲ့ ရဲစခန်းတွေမှာ ၁၂ ဦး၊ စစ်ကြေးရေးစခန်းမှာ ၁၅ ဦး၊ အကျဉ်းထောင်တွေမှာ ၁၅ ဦး သေဆုံးသွားတယ်ဆိုတာ မှတ်တမ်း တင်ထားနိုင်ခဲ့ပြီး လက်တွေ့မြေပြင်မှာ ဒိထက် ပိုများနိုင်တယ်လို့ အသိပေးထားပါတယ်။
စစ်ကောင်စီဟာ စစ်ရှုံးလာတာနဲ့အမျှ နိုင်ငံရေးအကျဥ်းသားတွေကို ပိုပြီးညှဥ်းပန်းသတ်ဖြတ်လာတယ်လို့ နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPP က သံတိုင်နောက်မှဘဝများ ခေါင်းစဥ်နဲ့ သတင်းထုတ်ပြန်ထားပါတယ်။
စစ်အာဏာလုယူမှုဖြစ်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်အထိဆိုရင် အကြမ်းဖက် စစ်အုပ်စုနဲ့ သူတို့ရဲ့လက်ပါးစေတွေကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူများနဲ့ ပြည်သူ စုစုပေါင်း ၆၀၉၂ ဦး သေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ ၂သောင်း ၈ ထောင်ကျော်အနက် ၂သောင်း တထောင်ကျော် ထိန်းသိမ်းခံရဆဲဖြစ်ကာ တသောင်းနီးပါး ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့် မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment