၂၀၂၅ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ချင်းပြည်နယ်မှာ စစ်ကောင်စီကင်းစင်ရေး ပထမဦးစားပေးဖြစ်တယ်လို့ ဆလိုင်းထက်နီ ပြော
📌 ၂။ လေကြောင်းအန္တရာယ်ကြောင့် အသံချဲ့စက်မဖွင့်ဖို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေး
📌 ၃။ စစ်ကိုင်း-မင်းကွန်းလမ်းပိုင်းကို မနက် ၆ ည ၆ အတွင်းသားအသုံးပြုဖို့ မင်းကွန်း PDF သတိပေး
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဗန်းမော်မှာရှိ စစ်ကောင်စီဆေးတပ်ကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပြီလို့ သတင်းထွက်
🚩 ၂။ မြိုင် ကန်နီရွာက ပျူစောထီးအထိုင်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်
🚩 ၃။ အရာတော်မှာရှိတဲ့ အမတ ၃၆၉ တပ်ရင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်
🚩 ၄။ စစ်ကောင်စီဘက်ကကိုယ်စားလှယ်တွေနဲ့တွေ့မယ့် PSLF ကိုယ်စားလှယ်တွေ ကူမင်းမြို့ကို ရောက်နေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ချင်းပြည်နယ်မှာ စစ်ကောင်စီကင်းစင်ရေး ပထမဦးစားပေးဖြစ်တယ်လို့ ဆလိုင်းထက်နီ ပြော
ဖေဖော်ဝါရီ ၁၅ရက်
အခုနှစ်မှာ မြန်မာတနိုင်ငံလုံး မဟုတ်ရင်တောင် ချင်းပြည်မှာ စစ်ကောင်စီကင်းစင်ဖို့ အဓိကရည်မှန်းထားတယ်လို့ ချင်းလဲန်းကောင်စီ အတွင်းရေးမှူး - ၁ ဆလိုင်းထက်နီက ပြောပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့ကလုပ်တဲ့ ချင်းလဲန်းကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
၂၀၂၅ ဟာ တနိုင်ငံလုံး မဟုတ်တောင် ကျနော်တို့ ချင်းပြည်မှာ စစ်ကောင်စီကင်းစင်ဖို့ မဟာဗျူဟာ နည်းပညာကျကျ လုပ်နေပါတယ်လို့ ဆလိုင်းထက်နီက ဆိုပါတယ်။
ချင်းပြည်မှာ မြို့ပေါင်း ၂၀ ဝန်းကျင်ရှိတဲ့နတက် ၇ မြို့ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားတယ်လို့လည်း ချင်းလဲန်းကောင်စီက ထုတ်ပြန်ထားပါတယ်။
တဖက်မှာ ‘ချင်းညီနောင်’ ကလည်း ခရိုင်အဆင့်မြို့တွေဖြစ်တဲ့ မင်းတပ်နဲ့ မတူပီအပါအဝင် ကျင်ဒွေးမြို့၊ ကန်ပက်လက်မြို့ နဲ့ မကွီအိမ်နူးမြို့တွေမှာ စစ်ဆင်ရေးဖော်ဆောင်ပြီး သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။
ဒါကြောင့် ချင်းပြည်မှာ တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်ဖို့ ဟားခါး၊ ထန်တလန်၊ တီးတိန်နဲ့ ဖလမ်းမြို့တို့ပဲ ကျန်တော့လယ်လို့ သရပါတယ်။
လက်ရှိမှာဆိုရင် ‘ချင်းညီနောင်’ တပ်တွေဟာ ဖလမ်းမြို့ကို အပြီးတိုင်သိမ်းပိုက်နိုင်ဖို့ စစ်ရေးဖောင်ဆောင်နေပြီပဲဖြစ်ပါ တယ်။
ဟားခါးမှာဆိုရင် စစ်ဗျူဟာနဲ့ ခလရ ၂၆၆ တပ်တို့ရှိနေပြီး ဖလမ်းမှာ ခလရ ၂၆၈၊ တီးတိန်မှာ ခလရ ၂၆၉ နဲ့ ထန်တလန်မှာ ခလရ ၂၆၈၊ခလရ ၂၆၉ ကွပ်ကဲမှုအောက်မှာရှိတဲ့ စစ်ကောင်စီတပ်တွေ ရှိနေတယ်လို့ သိရပါတယ်။
========================
📌📌 ၂။ လေကြောင်းအန္တရာယ်ကြောင့် အသံချဲ့စက်မဖွင့်ဖို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေး
ဖေဖော်ဝါရီ ၁၅ရက်
စစ်ကိုင်းတိုင်းအတွင်းက ကလေးမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့အတွက် အသံချဲ့စက် မဖွင့်ဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။
လုံခြုံရေးအခြေအနေအရ ပျော်ပွဲရွှင်ပွဲတွေနဲ့ အလှူပွဲတွေအပါအဝင် နားရေးကိစ္စတွေကို အကျဉ်းချုန်းပြီး လုပ်ကြဖိုနဲ့ အသံချဲ့စက်တွေ လုံးဝမဖွင့်ကြဖို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန် ထားတာဖြစ်ပြီး လုံခြုံရေးသတိနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ဇန်နဝါရီလကုန်ပိုင်းကစပြီး ကလေးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်း ထန်ထန်ပြုလုပ်ခဲ့တဲ့မှတ်တမ်းတွေက ဆိုပါတယ်။
ဇန်နဝါရီလ ၃၁ ရက်နဲ့ ဖေဖော်ဝါရီလ၂ ရက်က လေကြောင်းတိုက်ခိုက်မှုမှာ မိသားစုဝင် ၅ ဦးအပါအဝင် အရပ်သား ၉ ဦး သေဆုံးခဲ့ရပြီး ဖေဖော်ဝါရီလ ၁၂ ရက်ကနေ ၁၄ ရက်အထိ ၃ ရက်အတွင်း စစ်ကောင်စီဟာ ကလေးမြို့နယ်အတွင်းကို Y12 လေယာဉ်နဲ့ ဗုံးအလုံး ၁၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သလို ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်မှုမရှိခဲ့ပေမယ့် အဆောက်အအုံတွေ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းက ကလေး-ဂန့်ဂေါလမ်းပိုင်းမှာရှိတဲ့ ကမ်းပါးနီ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအဖွဲ့တွေ က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာကြောင့် လုံခြုံရေးသတိရှိကြဖို့နဲ့ လေကြောင်းအန္တရာယ် သတိပြုကြဖို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။
လေကြောင်းတိုက်ခိုက်ခံရပြီဆိုရင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကာကွယ်နေထိုင်ရမယ့်အချက်တွေကို အမျိုးသား ညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ထပ်မံသတိပေး ထုတ်ပြန်ထား ပါတယ်။
========================
📌📌 ၃။ စစ်ကိုင်း-မင်းကွန်းလမ်းပိုင်းကို မနက် ၆ ည ၆ အတွင်းသားအသုံးပြုဖို့ မင်းကွန်း PDF သတိပေး
ဖေဖော်ဝါရီ ၁၅ရက်
စစ်ကိုင်းမြို့နယ်အတွင်း စစ်ကိုင်း-မင်းကွန်းလမ်းပိုင်းကို မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်းသာ အသုံးပြု သွားလာ ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- မင်းကွန်းက အသိပေးထုတ်ပြန်ပါတယ်။
နိုင်ငံတဝန်းစစ်ရေးအရှိန်မြင့်တက်နေချိန်ဖြစ်တဲ့အတွက် လမ်းပိုင်းအသုံးပြုသူတွေအနေနဲ့ သတိထား သွားလာကြဖို့နဲ့ မဖြစ်မနေသွားလာရမယ်ဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို မဖြစ်မနေ အကြောင်းကြားပြီးမှ သွားလာကြဖို့ တိုက်တွန်းထားပါတယ်။
စစ်ကိုင်း-မင်းကွန်းလမ်းကို အသုံးပြုသွားလာနေကြတဲ့ ယာဉ်မောင်းတွေအနေနဲ့ ကားမှန်တွေချပြီး မောင်းနှင်ကြဖို့လည်း အသိပေးထားပါတယ်။
အခုလို အသိပေးထုတ်ပြန်ထားရက်နဲ့ သတ်မှတ်ချိန်ကျော်လွန်ပြီး သွားလာနေတဲ့ မော်တော်ယာဉ်များအနေနဲ့ ထိခိုက်မှုတွေ ရှိလာခဲ့မယ်ဆိုရင် မင်းကွန်း PDF ဘက်က တာဝန်ယူဖြေရှင်းနေမှာမဟုတ်ဘူးလို့လည်း ထပ်ပြီး အသိပေးထားပါတယ်။
စစ်ကိုင်း-မင်းကွန်းလမ်းပိုင်းအသုံးပြုမှုနဲ့ပတ်သက်လို့ နောက်ထပ် တစုံတရာမထုတ်ပြန်သေးသ၍ ဒီထုတ်ပြန်ချက်ကသာ အတည်ဖြစ်တယ်လို့ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဗန်းမော်မှာရှိ စစ်ကောင်စီဆေးတပ်ကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပြီလို့ သတင်းထွက်
ဖေဖော်ဝါရီ ၁၅ရက်
မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေဟာ ဗန်းမော်မြို့မှာရှိတဲ့ စစ်ကောင်စီဆေးတပ်ကို သိမ်းပိုက်ရရှိထားတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဗန်းမော်မြို့မှာရှိတဲ့ အမှတ်-၁၁ စစ်မြေပြင်ဆေးတပ်ရင်း (မဆရ-၁၁ ) ကို KIA ကနဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီ ဆေးတပ်ကျပြီလို့ စစ်ကောင်စီဘက်ကနေ ဝါဒဖြန့်ချီပေးနေတဲ့ စစ်ဘော်ဘီတယ်လီဂရမ်တွေမှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကတည်း ရေးသားဖော်ပြထားတာတွေ့ရပါတယ်။
ဒေသစစ်ရေးသတင်းရင်းမြစ်တွေအဆိုအရ အဲဒီဆေးတပ်ကို သိမ်းပိုက်ထားတာ ၃ ရက်နီးပါးရှိနေပြီဖြစ်ပေမယ့် စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ ဗုံလာကြဲလေ့ရှိတာကြောင့် သတင်းမထုတ်ပြန်သေးတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ဗန်းမော်မြို့ကို လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်နေတာရှိပြီး ဖေဖော်ဝါရီ ၁၃ ရက်နေ့ကဆိုရင် လေကြောင်းတိုက်ခိုက်မှုဟာ အလွန်ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
ဗန်းမော်မြိုနယ်ထဲက စင်းခန်းရွာကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်မှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၂၀၀ ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရ ခဲ့တယ်လို့လည်း ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဗန်းမော်မြို့မှာ အမှတ်-၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အပါအဝင် စစ်ကောင်စီတပ်ရင်းဌာနချုပ် ၁၅ ခုခန့်ရှိနေပြီး အမှတ် -၇၀၀၆ သံချပ်ကာတပ်ရင်း၊ အမှတ်-၃၆၆ အမြောက်တပ်ရင်း၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်၊ ခလရ-၂၃၆ တပ်စွဲရာ နေရာ အချို့နဲ့ ဗန်းမော်လေယာဉ်ကွင်းတို့ကို KIA နဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပြီး မြို့ဧရိယာအများစုကို ထိန်းချုပ်ထားကာ စကခ - ၂၁ ကို သိမ်းပိုက်နိုင်ရေး အပြင်းအထန်ထိုးစစ်ဆင်နေဆဲဖစ်တာကြောင့် တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီး နှစ်ဖက် ထိခိုက်ကျဆုံးတွေရှိနေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ မြိုင် ကန်နီရွာက ပျူစောထီးအထိုင်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်
ဖေဖော်ဝါရီ ၁၅ရက်
မကွေးတိုင်း မြိုင်မြို့နယ် ကန်နီရွာမှာရှိတဲ့ ပျူစောထီးအထိုင်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကျားသစ်နက် တပ်မတော် မြိုင်တပ်ခွဲ က ပြောပါတယ်။
အဲဒီပျူအထိုင်စခန်းကို တော်လှန်ရေးတပ်တွေက ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက် ၁၁ နာရီခန့်မှာ ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စစ်တပ်စစ်ကြောင်းနဲ့ သရက်ကွရွာက ပျူစောထီးတွေကို သင်တန်းပေးနေတယ်လို့ သတင်းရတဲ့အတွက် ဒရုန်းသင်တန်း သားတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒရုန်းသင်တန်းသားတွေကို မြေပြင်မှာ လက်တွေသင်ကြားပေးရင်း တိုက်ခိုက်ခိုက်တာဖြစ်ပြီး စာသင်ကျောင်းနဲ့ ကျောင်း အနီးက အိမ်ဝင်းထဲ ကျရောက်ပေါက်ကွဲသွားတယ်လို့သိရပေမယ့် ထိခိုက်ပျက်စီးမှုအခြေအနေ မသိရေးသေးဘူးလို့ ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲက အသိပေးထားပါတယ်။
ဒီတိုက်ခိုက်မှုကို ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲနဲ့ မဟာမိတ်ဖြစ်တဲ့ မြို့နယ် ပကဖ အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ တာဖြစ်ပြီး တော်လှန်ရေးတပ်တွေဘက်က ဒရုန်း ၂ စင်း ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ အရာတော်မှာရှိတဲ့ အမတ ၃၆၉ တပ်ရင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်
ဖေဖော်ဝါရီ ၁၅ရက်
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာရှိတဲ့ အမှတ် ၃၆၉ အမြောက်တပ်ရင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ထိခိုက်မှုတွေရှိနိုင်တယ်လို့ Snipe Rangers Force -Local – PDF က ပြောပါတယ်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ်- နမခ လက်အောက်ခံ အမြောက်တပ်ရင်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက် ၁၁ နာရီ ခွဲခန့်မှာ Snipe Rangers Force - Local – PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ၆၀ မမ လက်နက်ကြီးနဲ့ ၃ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုမှာ လက်နက်ကြီးကျည်တွေ အမြောက်တပ်ရင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပေမယ့် အကြမ်းဖက်စစ်သား တွေ ထိခိုက်မှုအခြေအနေကို အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲလို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Snipe Rangers Force - Local – PDF နဲ့ Special Revolution Force - ဒေါင်းညီနောင်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၄။ စစ်ကောင်စီဘက်ကကိုယ်စားလှယ်တွေနဲ့တွေ့မယ့် PSLF ကိုယ်စားလှယ်တွေ ကူမင်းမြို့ကို ရောက်နေ
ဖေဖော်ဝါရီ ၁၅ရက်
စစ်ကောင်စီဘက်က မြန်မာကိုယ်စားလှယ်တွေနဲ့တွေ့ဆုံမယ့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF /TNLA က ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကို ရောက်ရှိနေပြီလို့ PSLF/TNLA သတင်းနှင့် ပြန်ကြား ရေးဌာနက ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
တရုတ်အစိုးရရဲ့ စီစဉ်ပေးမှုအရ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF /TNLA က ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကို ဒီနေ့ရောက်ရှိနေတာလို့ ဆိုပါတယ်။
PSLF ကိုယ်စားလှယ်အဖွဲ့ကို ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်ပြီး၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦးတက်ရောက်မှာဖြစ်ပြီး မြန်မာကိုယ်စားလှယ်ဖက်ကတော့ MNDAA ကိုးကန့် အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကစထ-၁ မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်မယ်လို့ သိ၇ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်မှုနဲ့ လက်ရှိစစ်ရေးပြဿနာတွေ ပြေလည်နိုင်ရေး တွေ့ဆုံဆွေးနွေးမှုကိုတော့ မနက်ဖြန် ဖေဖော်ဝါရီ ၁၆ မှာ စတင်မယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment