၂၀၂၅ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အကြမ်းဖက်စစ်အုပ်စုက တစ်လတာအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၆၆၅မှုကို ရက်ရက်စက်စက် ကျူးလွန်ခဲ့
📌 ၂။ ယူကေအစိုးရက မြန်မာနိုင်ငံအတွက် အပိုသုံးစွဲမည့် ငွေပမာဏ၂၂.၄၈သန်းဟာဒုက္ခရောက်နေတဲ့ လူတစ်သန်းအတွက် အထောက်အကူဖြစ်လာမယ့် အကူအညီဖြစ်တယ်လို့ ပါမောက္ခ ဒေါ်မီမီဝင်းဘတ် ထောက်ပြ
📌 ၃။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် ၈၀ပြည့် မွေးနေ့အမှတ်တရ ကမ်ပိန်းမှာ ပြည်သူများအနေနဲ့ ဝိုင်းဝန်းပါဝင်ပေးဖို့ ဘီးလင်းအမတ် ဒေါ်သီရိရတနာ တိုက်တွန်း
📌 ၄။ ၂၀၂၅ ဇန်နဝါရီလအတွင်း ထောက်ပို့တာဝန်ထမ်းဆောင်ခြင်း အနှစ်ချုပ်စာရင်းအရ တိုင်းဒေသကြီးများသို့ လူဦးရေထောင်နှင့်ချီ အင်တိုက်အားတိုက် ထောက်ပို့ဝန်းရံခဲ့ကြ
📌 ၅။ ရွှေက္ကိုလ်နှင့် ကျောက်ခက်ဒေသအတွင်းရှိ လူကုန်ကူးခံရသူများကို လွှဲပြောင်းနေသော်လည်း ကျားဖြန့်လုပ်ငန်းပိုင်ရှင် တရုတ်သူဌေးများကို အပြင်သွားလာရာတွင် BGFနှင့် DKBA တပ်များက လုံခြုံရေးအပြည့်ဖြင့် စောင့်ရှောက်ပေးနေ
📌 ၆။ "အာဏာရှင်ဆန်သမျှ ဖီဆန်ကြ၊ လူထုတိုက်ပွဲ အရှိန်မြှင့်ကြ" ဘန်နာကိုင်စွဲကာ လောင်းလုံးမြို့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှား
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တနင်္သာရီမြို့နယ်အတွင်းရှိ နေရာအနှံ့တွင် အကြမ်းဖက်စစ်ကောင်စီနှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ စစ်ရေးတင်းမာနေ
🚩 ၂။ ငါန်းဇွန်မြို့မှ အနောက်သို့ ကားလမ်းအသုံးပြုပြည်သူများကို ငွေညှစ်ဖမ်းဆီးရန်အတွက် ထွက်လာသော (စခ၊ ပျူ) အင်အား (၁၀၀)ဝန်းကျင်ခန့်ကို နှစ်ကြိမ် တိုက်ခိုက်ရာ ၅ဦး သေဆုံး
🚩 ၃။ ကလေးမြို့နယ်၊ မဏိပူရ မူးမြစ်ကူးတံတား ကမ်းပါးနီ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်၊ ယာယီဆေးခန်းနှင့် တိုက်နယ်ဆေးရုံကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲ
🚩 ၄။ ညောင်ရွှေမြို့နယ် ဘုရားတောင်ကျေးရွာနှင့် တောင်ပို့ကွဲကျေးရွာတို့ကို အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံ PNAတို့မှ လက်နက်ကြီးနှင့် ဒရုန်းဖြင့် တိုက်ခိုက်
🚩 ၅။ ဒုံးပျံ Local PDF တပ်ဖွဲ့မှ တာဝေးပစ်လက်နက်ကြီးနဲ့ စမ်းသပ်ပစ်ခတ်မှု အောင်မြင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အကြမ်းဖက်စစ်အုပ်စုက တစ်လတာအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၆၆၅မှုကို ရက်ရက်စက်စက် ကျူးလွန်ခဲ့
ဖေဖော်ဝါရီ၁၄ရက်
Radio NUG
အကြမ်းဖက်စစ်အုပ်စုက ဇန်နဝါရီလ တစ်လတာအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၆၆၅မှုကို ရက်ရက်စက်စက်ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်က ဆိုပါတယ်။
"အကြမ်းဖက်စစ်အုပ်စုက ချိုးဖောက်ခဲ့တဲ့ လူအခွင့်ရေးချိုးဖောက်မှုထဲမှာ ဇန်နဝါရီလအတွင်း ကောက်ယူခဲ့တဲ့ မှတ်တမ်းတွေအရ တရားလက်လွတ် သတ်ဖြတ်ခဲ့မှုပေါင်း ၁၁၆မှု၊ နေအိမ်နဲ့ ကိုယ်ပိုင်ပစ္စည်းများကို မီးရှိူ့ခဲ့တဲ့အမှုပေါင်း ၁၂၈မှု၊ အခြားချိုးဖောက်မှု ၁၂၉မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု ၆၆၅မှုကို ရက်ရက်စက်စက် ကျူးလွန်ခဲ့တာကို ကျွန်တော်တို့တွေ့ရှိခဲ့ရပါတယ်"လို့ ဒုဝန်ကြီးက ဆိုပါတယ်။
မြန်မာနိုင်ငံတဝှမ်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နေ့စဉ်ဖြစ်ပွားနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ အဆိုပါအချက်အလက်တွေကို တိကျသေချာတဲ့ အရင်းအမြစ်တွေကတဆင့် ကောက်ယူမှတ်တမ်းတင်လျက် ရှိပါတယ်။
၂၀၂၅ခုနှစ်၊ ဇန်နဝါရီလအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုင်းနှင့်ပြည်နယ်အလိုက်၊ အမှုအမျိုးအစားအလိုက်အပြင် အထူးဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုပါ မှတ်တမ်းတင်ထားရှိပြီး နိုင်ငံတကာယန္တရားတွေကိုလည်း အချိန်နဲ့ တပြေးညီ ပေးပို့ထားရှိတယ်လို့ သိရပါတယ်။
========================
📌📌 ၂။ ယူကေအစိုးရက မြန်မာနိုင်ငံအတွက် အပိုသုံးစွဲမည့် ငွေပမာဏ၂၂.၄၈သန်းဟာဒုက္ခရောက်နေတဲ့ လူတစ်သန်းအတွက် အထောက်အကူဖြစ်လာမယ့် အကူအညီဖြစ်တယ်လို့ ပါမောက္ခ ဒေါ်မီမီဝင်းဘတ် ထောက်ပြ
ဖေဖော်ဝါရီ၁၄ရက်
Radio NUG
ယူကေအစိုးရက မြန်မာနိုင်ငံအတွက် အပိုသုံးစွဲမည့် ငွေပမာဏ၂၂.၄၈သန်းဟာ ဒုက္ခရောက်နေတဲ့ လူတစ်သန်းအတွက် အထောက်အကူဖြစ်လာမယ့် အကူအညီဖြစ်တယ်လို့ ဖေဖော်ဝါရီလအတွင်း ဆိုရှယ်မီဒီယာမှာ ပါမောက္ခဒေါ်မီမီဝင်းဘတ်က သုံးသပ်ပြောထားပါတယ်။
"အမေရိကန် ပြည်ထောင်စုက နိုင်ငံခြားအကူအညီကို ပိတ်သိမ်းတဲ့အတွက်ကြောင့် လူအများစိုးရိမ်ပူပန် ထိတ်လန့်တုန်လှုပ်နေကြတဲ့အတွက် ယူကေက ကောင်းသတင်းကိုတော့ လူအများမျက်ခြည်ပြတ်ခဲ့ကြပါတယ်။ မကြာမီက ယူနိုက်တက်ကင်းဒမ်းအစိုးရက မြန်မာနိုင်ငံအတွက် အပိုသုံးစွဲမည့် ငွေပမာဏ ၂၂.၄၈သန်း ($28M) ကို ကြေညာလိုက်ပါတယ်။ ဒါဟာ ဒုက္ခရောက်နေတဲ့ လူတစ်သန်းအတွက် အထောက်အကူဖြစ်လာမယ့် အကူအညီပါ။ ဒါဟာတစ်ခါတစ်ရံမှာ တံခါးတစ်ချပ်ပိတ်သွားရင် နောက်တစ်ချပ်ပွင့်လာနိုင်တယ်ဆိုတာ ပြလိုက်တာပါ။ "အခက်အခဲတိုင်းမှာ အခွင့်အလမ်းတွေပါဝင်နေလေ့ရှိတယ်" ဆိုတာကို တွေးမျှော်ကြည့်ကြပါစို့"လို့ဆိုပါတယ်။
အမေရိကန်အစိုးရအသစ်လက်ထက်မှာ သမ္မတအမိန့်တရပ်ထုတ်ပြန်ချက်အရ တမ္ဘာလုံးကို အကူအညီများရပ်ဆိုင်းခဲ့ရာမှာ မြန်မာလည်း အကျိုးသက်ရောက်ခံစားခဲ့ရပါတယ်။
========================
📌📌 ၃။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် ၈၀ပြည့် မွေးနေ့အမှတ်တရ ကမ်ပိန်းမှာ ပြည်သူများအနေနဲ့ ဝိုင်းဝန်းပါဝင်ပေးဖို့ ဘီးလင်းအမတ် ဒေါ်သီရိရတနာ တိုက်တွန်း
ဖေဖော်ဝါရီ၁၄ရက်
Radio NUG
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်၈၀ပြည့်မွေးနေ့အမှတ်တရ ကမ်ပိန်းမှာ ပြည်သူများအနေနဲ့ ဝိုင်းဝန်းပါဝင်ပေးဖို့ ဘီးလင်းအမတ် ဒေါ်သီရိရတနာက တိုက်တွန်းလိုက်ပါတယ်။
"အမေ့အသက်(၈၀)ပြည့်မွေးနေ့လေးကို ဂုဏ်ပြုရင်း ဒီကမ်ပိန်းက ရရှိငွေအားလုံးကို မြန်မာပြည်သူတွေအတွက် တော်လှန်ရေးအတွက် ကူညီချင်နေတဲ့ အစ်ကိုထိန်လင်းရဲ့ ဆန္ဒမွန်လေးအတွက် အမေ့ကိုချစ်မြတ်နိုးတဲ့ မြန်မာပြည်သူတွေကလည်း ချစ်ခြင်းမေတ္တာတွေကို လက်ဆောင်အဖြစ် တုံ့ပြန်ပေးကြရအောင်နော်။ အစီအစဉ်တွေ တစ်ခုပြီးတစ်ခုလာမှာပါ။ ပထမဆုံးအစီအစဉ်လေးက တကမ္ဘာလုံးမှာမှ အရေအတွက်ရှစ်ထောင်ပဲ ရှိမယ့် ကန့်သတ်ရိုက်နှိပ်မယ့် တန်ဖိုးရှိပြက္ခဒိန်လေးပါ။ ပြက္ခဒိန်တစ်ခုဆိုတာထက် အမေ့ဘဝအကြောင်းတွေကို ပြောပြမယ့် အနှစ်ချုပ်စာအုပ်တစ်အုပ် ဖတ်လိုက်ရသလို မြင်ရစေမယ့်အရာလေးဆို ပိုမှန်ပါမယ်" လို့ ဆိုပါတယ်။
ပြည်သူတွေ တစ်ယောက်ချင်းစီ ကိုယ်တိုင်ပါဝင်နိုင်မယ့် ဆုတောင်းမေတ္တာပို့သခြင်းအစီအစဉ်လေးတွေလည်း ထပ်လာပါဦးမယ်လို့ ဒေါ်သီရိရတနာက ဆိုပါတယ်။
========================
📌📌 ၄။ ၂၀၂၅ ဇန်နဝါရီလအတွင်း ထောက်ပို့တာဝန်ထမ်းဆောင်ခြင်း အနှစ်ချုပ်စာရင်းအရ တိုင်းဒေသကြီးများသို့ လူဦးရေထောင်နှင့်ချီ အင်တိုက်အားတိုက် ထောက်ပို့ဝန်းရံခဲ့ကြ
ဖေဖော်ဝါရီ၁၄ရက်
Radio NUG
၂၀၂၅ ဇန်နဝါရီလအတွင်း ထောက်ပို့တာဝန်ထမ်းဆောင်ခြင်း အနှစ်ချုပ်စာရင်းအရ တိုင်းဒေသကြီးများသို့ လူဦးရေထောင်နှင့်ချီ အင်တိုက်အားတိုက် ထောက်ပို့ဝန်းရံခဲ့ကြတယ်လို့ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRFက ဖေဖော်ဝါရီ၁၄ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF အနေနဲ့ ဇန်နဝါရီလအတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ထောက်ပို့တပ်သားဦးရေ စုစုပေါင်း ၂၄၆၇၁ဦး ရှိခဲ့ပြီး ခန့်မှန်းအမေရိကန်ဒေါ်လာ ၆၈၈၁၈၃ဒေါ်လာခန့်ဖြစ်တယ်လို့ဆိုပါတယ်။
အဆိုပါထဲတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ တနသ်ာရီတိုင်းတို့မှာ ထောက်ပို့ဦးရေထောင်နဲ့ချီပါဝင်ခဲ့ကြပါတယ်။
ဇန်နဝါရီလအတွင်း တာဝန်ထမ်းဆောင်မှုကို PDF တပ်ရင်း/စစ်ကြောင်းများရဲ့ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အတွက် ပို့ဆောင်ရာမှာ အသုံးပြုသွားမှာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားများဆီ လက်ဝယ်ရောက်ရှိတဲ့အခါမှာလည်း PRF စာမျက်နှာများမှတဆင့် ပြန်လည်တင်ပြသွားမယ်လို့သိရပါတယ်။
========================
📌📌 ၅။ ရွှေက္ကိုလ်နှင့် ကျောက်ခက်ဒေသအတွင်းရှိ လူကုန်ကူးခံရသူများကို လွှဲပြောင်းနေသော်လည်း ကျားဖြန့်လုပ်ငန်းပိုင်ရှင် တရုတ်သူဌေးများကို အပြင်သွားလာရာတွင် BGFနှင့် DKBA တပ်များက လုံခြုံရေးအပြည့်ဖြင့် စောင့်ရှောက်ပေးနေ
ဖေဖော်ဝါရီ ၁၄
Radio NUG
ဖေဖော်ဝါရီလ ၁၄ရက်နေ့ နံနက် ၉ နာရီဝန်းကျင်အချိန်မှ စတင်၍ ရွှေက္ကိုလ်မြို့အတွင်းသို့ BGF တပ်ဖွဲ့ဝင်များက လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်လာပြီး ဟိုတယ်များ၊ ကာစီနိုများ၊ စားသောက်ဆိုင်နှင့် KTV များ၊ ငွေလဲစင်တာများကို စစ်ဆေးကြောင်း ဒေသသတင်းများအရ သိရပါတယ်။
တရုတ်များကို နိုင်ငံကူးလက်မှတ်များ စစ်ဆေးပြီးနောက် ပြန်လိုသူများကို အိမ်ပြန်နိုင်ကြောင်း ပြောဆိုပြီး လူအစုလိုက် ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
"မနက်ကတည်းက ဟိုတယ်နဲ့ ဆိုင်တွေ အကုန်လုံးဝင်စစ်နေတာ။ အကုန်လုံးကို အောက်ကို ဆင်းခိုင်းတယ်။ အလုပ်သမားတွေရော မန်နေဂျာနဲ့ ဝန်ထမ်းတွေအကုန် ဆင်းခိုင်းတယ်။ ဆင်းပြီး တစ်ဦးချင်းစီ စစ်တယ်။ မေးတယ် မြန်းတယ်။ ပြန်ချင်လား မေးတယ်။ ပြန်ချင်ရင် သူတို့ ပြန်ပို့ပေးမယ် ပြောတယ်" လို့ ရွှေက္ကိုလ်ရှိ မြန်မာတစ်ဦးက ပြောဆိုထားပါတယ်။
BGF နှင့် DKBA က လူကုန်ကူးခံရသူများကို ပြန်လည်ကယ်ထုတ်ပြီး ထိုင်းနိုင်ငံသို့ လွှဲပြောင်းမှုများရှိသော်လည်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် တရုတ်သူဌေးများကို တစ်စုံတစ်ရာ အရေးယူခြင်းမရှိဘဲ နေထိုင်သွားလာမှုများအတွက် လုံခြုံရေးပင် တိုးမြှင့်ပေးထားကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံက ကျားဖြန့်များကို နှိမ်နင်းမည်ဆိုသော အခြေအနေများကြောင့် ကျားဖြန့် လုပ်ငန်းပိုင်ရှင် တရုတ်များမှာ သွားလာရာတွင် ရှေ့နောက် BGF သို့မဟုတ် DKBA တပ်ဖွဲ့ဝင်များ လိုက်ပါသော လုံခြုံရေးကားများဖြင့် ခြံရံသွားလာကြတယ်လို့ သိရပါတယ်။
ဒါဟာ နိုင်ငံတကာရဲ့ ဖိအား လျော့သွားအောင် ဟန်ပြလုပ်ပြတယ်လို့ ဒေသခံများက ဆိုပါတယ်။
ဖေဖော်ဝါရီလ ၁၄ရက် မွန်းလွဲပိုင်းအချိန်အထိ ရွှေက္ကိုလ်အတွင်းတွင် BGF တပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ရွှေက္ကိုလ်မြို့ အဝင်အထွက်များကိုလည်း ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရပါတယ်။
========================
📌📌 ၆။ "အာဏာရှင်ဆန်သမျှ ဖီဆန်ကြ၊ လူထုတိုက်ပွဲ အရှိန်မြှင့်ကြ" ဘန်နာကိုင်စွဲကာ လောင်းလုံးမြို့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှား
ဖေဖော်ဝါရီလ ၁၄ ရက်
Radio NUG
ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)မှ ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
စစ်အာရှင်စနစ်နဲ့အတူ အာဏာရှင်ဆန်သမျှကို ဆန့်ကျင်တဲ့အနေနဲ့ "အာဏာရှင်ဆန်သမျှ ဖီဆန်ကြ၊ လူထုတိုက်ပွဲ အရှိန်မြှင့်ကြ" စာသားပါ ဘန်နာကိုင်ဆောင်ပြီး ချီတက်ခဲ့ကြပါတယ်။
လူထုသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အမျိုးသမီး လူငယ်တွေနဲ့ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တနင်္သာရီမြို့နယ်အတွင်းရှိ နေရာအနှံ့တွင် အကြမ်းဖက်စစ်ကောင်စီနှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ စစ်ရေးတင်းမာနေ
ဖေဖော်ဝါရီ ၁၄
Radio NUG
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ နေရာအနှံ့တွင် ဇန်နဝါရီလမှစပြီး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁)မှ ဖေဖော်ဝါရီ ၁၄ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီဘက်မှ အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာနေ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များကို ဖျက်စီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို လုယက်ခြင်းများ လုပ်ဆောင်နေသောကြောင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပြင်းပြင်းထန်ထန် ပြန်လည်ချေမှုန်းတိုက်ခိုက်လျှက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီနှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ပြီး တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း ထိခိုက်ကျဆုံးမှု အနည်းငယ်ရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ငါန်းဇွန်မြို့မှ အနောက်သို့ ကားလမ်းအသုံးပြုပြည်သူများကို ငွေညှစ်ဖမ်းဆီးရန်အတွက် ထွက်လာသော (စခ၊ ပျူ) အင်အား (၁၀၀)ဝန်းကျင်ခန့်ကို နှစ်ကြိမ် တိုက်ခိုက်ရာ ၅ဦး သေဆုံး
ဖေဖော်ဝါရီ ၁၄
Radio NUG
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့လယ် ၁၂နာရီ အချိန်မှစ၍ ငါန်းဇွန်မြို့မှ အနောက်သို့ ကားလမ်းအသုံးပြုပြည်သူများကို ငွေညှစ်ဖမ်းဆီးရန်အတွက် ထွက်လာသော (စခ၊ပျူ) စုပေါင်း အင်အား (၁၀၀) ဝန်းကျင်ခန့်ကို ဆပ်ပြာကျင်း ရွာအရောက်တွင် ပထမအကြိမ် TGYR-Drone Team မှ Fixed Wings Drone (Drone2-စီး)ဖြင့် 700Kg ဗုံးသီး (2လုံး) ကြဲချ တိုက်ခိုက်ခဲ့ကြောင်း TGRY မှ သတင်းထုတ်ပြန်ပါတယ်။
ထို့နောက် ညနေ ၄နာရီတွင် ဆပ်ပြာကျင်းရွာမှ အရှေ့ဘက် ဘုန်းကြီးကျောင်းသို့ ပြန်ဆုတ်ခွာသည်ကို ထောက်လှမ်းသိရ၍ TGYR-တပ်ဖွဲ့နှင့်အတူ မဟာမိတ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့များမှ 40MM Pading လက်နက်ကြီး/ငယ် များဖြင့် နာရီဝက်အကြာ အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူ ၅ဦး ရှိတယ်လို့ ကနဦးသိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို TGYR - Youth Guerrilla Counter Revolution - NZ (TGYR - DroneTeam၊ မန္တလေးခရိုင် အမှတ်-၅တပ်ရင်း၊ အမရပူရမြို့နယ် (ပကဖ)၊ အညာသား - ပြောက်ကျားတပ်ဖွဲ့၊ အားမာန်သစ် - ပြောက်ကျားတပ်ဖွဲ့၊ ငါန်းဇွန်မြို့နယ် - မြို့နယ် (ပကဖ)တို့မှ ပူပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ ကလေးမြို့နယ်၊ မဏိပူရ မူးမြစ်ကူးတံတား ကမ်းပါးနီ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်၊ ယာယီဆေးခန်းနှင့် တိုက်နယ်ဆေးရုံကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲ
ဖေဖော်ဝါရီ ၁၄
Radio NUG
ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ စတင်၍ ကလေးမြို့နယ်တောင်ပိုင်း၊ ဂန့်ဂေါမြို့နယ်အစပ်၊ မဏိပူရ မူးမြစ်ကူးတံတားတွင် အင်အား ၇၀ ခန့်ဖြင့် အခိုင်အမာ တည်ဆောက်ထားသည့် စစ်သား၊ ပျူစောထီးခြေကုပ်စခန်း ကမ်းပါးနီစခန်းကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးအများအပြား သေဆုံးကာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းသတင်းအရင်းမြစ်များမှ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီမှ စခန်းပြန်ရဖို့ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲများဖြစ်ပွားနေကာ လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်နေပြီး တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၂၀ကျော် ဖမ်းမိတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၁၃ရက်နေ့က ဟားခါးလေးရွာနားက ယာယီဆေးခန်းကို ဗုံးကြဲမှုကြောင့် ၃ယောက် ဒဏ်ရာရရှိပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က နတ်ချောင်း တိုက်နယ် ဆေးရုံကို လေယာဉ်ဖြင့် ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ဆေးရုံ အဆောက်အဦး အားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၄၇ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က ကလေးမြို့နယ်ရှိ ကျော်ရွာ ဆေးပေးခန်းကို ဂျက်ဖိုက်တာဖြင့် ထပ်မံ လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ညောင်ရွှေမြို့နယ် ဘုရားတောင်ကျေးရွာနှင့် တောင်ပို့ကွဲကျေးရွာတို့ကို အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံ PNAတို့မှ လက်နက်ကြီးနှင့် ဒရုန်းဖြင့် တိုက်ခိုက်
ဖေဖော်ဝါရီ ၁၄
Radio NUG
ညောင်ရွှေမြို့နယ် ၊ ရေပူကျေးရွာအုပ်စု ၊ ဘုရားတောင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖေဖော်ဝါရီလ ၁၃ ရက် ၊ နံနက် ၁၁ နာရီခွဲ အချိန်တွင် အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံ PNA ပြည်သူ့စစ်တို့က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး
ဒရုန်း ဗုံးသီး ၆ ကြိမ်ထိ လာရောက်ကျဲချ တိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံးထိမှန်ပျက်စီးခဲ့ရကြောင်း အင်းလေးဒေသလူ့အခွင့်အရေးမှ သတင်းထုတ်ပြန်ထားပါတယ်။
အလားတူ ညောင်ရွှေမြို့နယ် ၊ တောင်ပို့ကွဲ ကျေးရွာကို ဖေဖော်ဝါရီလ ၁၃ ရက် ၊ ညနေ ၆ နာရီ ဝန်းကျင် အချိန်တွင် အကြမ်းဖက်စစ်တပ် နှင့် လက်အောက်ခံ PNA ပြည်သူ့စစ်တို့က လက်နက်ကြီး ထပ်မံပစ်ခတ်မှုကြောင့် အသက် ၃၀ ရှိ တောင်ပို့ကွဲ ရွာသားတစ်ဦး လက်တွင် ထိခိုက်ဒဏ်ရာရခဲ့ပြီး ညပိုင်း အချိန် ၁၁ နာရီ ၂၀ မိနစ်တွင် လက်နက်ကြီးထပ်မံ ပစ်ခတ်မှုကြောင့် တောင်ပို့ကွဲ ကျေးရွာမှ နေအိမ်တစ်လုံး မီး လောင်ကျွမ်းပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၅။ ဒုံးပျံ Local PDF တပ်ဖွဲ့မှ တာဝေးပစ်လက်နက်ကြီးနဲ့ စမ်းသပ်ပစ်ခတ်မှု အောင်မြင်
ဖေဖော်ဝါရီ ၁၄
RadioNUG
ဖေဖော်ဝါရီလ ၁၃ရက်နေ့ ညနေ ၃နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်က စစ်တပ်အထိုင်စခန်းတွေကို အသစ်တီထွင် ထုတ်လုပ်ထားတဲ့ တာဝေးပစ်လက်နက်ကြီးနဲ့ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ဒုံးပျံ Local PDF တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဒီလက်နက်ကြီးဟာ ပြည်သူလူထုရဲ့ ပံ့ပိုးကူညီမှုနဲ့ ရှေးမှုမပျက် ထီထွင်ထုတ်လုပ်ထားတာဖြစ်ပြီး ၂မိုင်အကွာဝေးက စစ်အုပ်စုအထိုင်စခန်းတွေကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment