၂၀၂၅ မတ်လ ၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တိုင်းအဆင့် အုပ်ချုပ်ရေးယန္တရားတွေ ပေါ်ပေါက်လာရင် တစ်မြို့နယ်ချင်းစီရဲ့ ကိစ္စအသေးစိတ်တွေအထိ ပါဝင်နေဖို့မလိုတော့ဘဲ အစိုးရအနေနဲ့ တော်လှန်ရေးကာလနဲ့ လျော်ညီတဲ့ မူဝါဒတွေ ချမှတ်ထိန်းကျောင်းပေးတာမျိုးပဲ အဓိက ဆောင်ရွက်ရတော့မှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား
📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး
📌 ၃။ ချင်းအမျိုးသားကောင်စီနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု KNPP အသိပေး
📌 ၄။ ရခိုင်တွင် စစ်တပ်အဓမ္မသိမ်းထားခဲ့တဲ့ တပ်ဧရိယာပြင်ပ လယ်မြေတွေကို AA က မူလပိုင်ရှင်တွေဆီ ပြန်ပေး
📌 ၅။ ဝီဂါမူစလင်တွေ ပြန်လွှဲပြီးတဲ့နောက် ထိုင်းရောက် အမေရိကန်နိုင်ငံသားတွေကို အမေရိကန်သံရုံးမှ လုံခြုံရေးသတိပေးချက် ထုတ်ပြန်
📌 ၆။ တောင်တန်းပြန် ပြည်သူ့အခြေပြု မူလွန် စာသင်ကျောင်းဆင်းပွဲနှင့် ဆုပေးပွဲ အခမ်းအနား ပြုလုပ်
========================
၂၀၂၅ ခုနှစ် မတ်လ ၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အောင်ဇေယျ စစ်ကြောင်း နေရာယူထားသည့် ကော့ကရိတ်မြို့ တောင်ပိုင်းတွင် ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှ ၇ဦးအထက် သေဆုံးကာ PDF တစ်ဦး ကျဆုံး
🚩 ၂။ ချောက်မြို့နယ်ရှိ အမှတ် ( ၃ ) ပြည်ထောင်စု လမ်းမကြီးပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ဦးထက်မနည်း သေဆုံး
🚩 ၃။ အရာတော်မြို့နယ်၊ ငွေတွင်းပျူရွာ စကစအထိုင်စခန်းနှင့် ရိက္ခာထွက်ယူတဲ့ စစ်ကြောင်းအား ဒရုန်းနှင့် တိုက်ခိုက်
🚩 ၄။ မိတ္တီလာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရုံးအုပ်ကြီးစာရေး မြင့်အေး ပစ်ခတ်ခံရပြီး သေဆုံး
🚩 ၅။ ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာသို့ စစ်ကြောင်းထိုးတဲ့ စစ်တပ်က အရပ်သားအမျိုးသား ၁ဦးကို လည်လှီးသတ်ဖြတ်ကာ အသက် ၉၀ နှစ်အရွယ် အဘွားကို မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၁၀၀ ခန့် မီးရှို့
🚩 ၆။ ပလက်ဝတွင် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းနဲ့ နေအိမ်တချို့ ပျက်စီး
🚩 ၇။ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲချတိုက်ခိုက်မှုကြောင့် သီလရှင်တစ်ပါး ဒဏ်ရာရပြီး နေအိမ် ၅ လုံးနဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီး
🚩 ၈။ ပုလဲမြို့နယ်တနေရာတွင် ဗကသများအဖွဲ့ချုပ်မှ စက်တပ်လေထီး (Paramotor) အန္တရာယ်ကာကွယ်ရေး သတိပေးလက်ကမ်းစာစောင်များ ဝေငှ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တိုင်းအဆင့် အုပ်ချုပ်ရေးယန္တရားတွေ ပေါ်ပေါက်လာရင် တစ်မြို့နယ်ချင်းစီရဲ့ ကိစ္စအသေးစိတ်တွေအထိ ပါဝင်နေဖို့မလိုတော့ဘဲ အစိုးရအနေနဲ့ တော်လှန်ရေးကာလနဲ့ လျော်ညီတဲ့ မူဝါဒတွေ ချမှတ်ထိန်းကျောင်းပေးတာမျိုးပဲ အဓိက ဆောင်ရွက်ရတော့မှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား
ဖေဖော်ဝါရီ ၂၇
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၀၈/၂၀၂၅) အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၈ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ "တိုင်းအဆင့် အုပ်ချုပ်ရေးယန္တရားတွေ ပေါ်ပေါက်လာပြီဆိုရင် တစ်မြို့နယ်ချင်းစီရဲ့ ကိစ္စအသေးစိတ်တွေအထိ ပါဝင်နေဖို့ မလိုတော့ဘဲ အစိုးရအနေနဲ့ တော်လှန်ရေးကာလနဲ့ လျော်ညီတဲ့ မူဝါဒတွေ ချမှတ်ထိန်းကျောင်းပေးတာမျိုးပဲ အဓိက ဆောင်ရွက်ရတော့မှာ ဖြစ်ကြောင်း" အဖွင့်အမှာ စကားပြောကြားခဲ့ပါတယ်။
"ကော်မတီအနေနဲ့ အပတ်စဥ်အစည်းအဝေးတွေ မပျက်မကွက်ပြုလုပ်ပြီး မြို့နယ်တွေနဲ့ ပတ်သက်လို့ အကောင်အထည်ဖော်ဆောင်ရွက်နေမှုတွေ၊ အခက်အခဲတွေ၊ စိန်ခေါ်ချက်တွေကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပြီး ဆောင်ရွက်နေတာတွေအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါကြောင်း၊ ကော်မတီရဲ့ အပတ်စဥ်ဆုံးဖြတ်ချက်များ၊ ရှေ့လုပ်ငန်းစဥ်များကို ဖြစ်နိုင်သမျှ မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့လိုကြောင်း၊ ဝန်ကြီးတွေပါဝင်မှသာဖြစ်မယ့် လုပ်ငန်းစဥ်တွေအတွက်လည်း သက်ဆိုင်ရာဝန်ကြီးများမှ အချိန်ပေးလုပ်ဆောင်ဖို့ လိုအပ်ကြောင်း" ဝန်ကြီးချုပ်မှ ပြောကြားခဲ့ပါတယ်။
တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၇/၂၀၂၅) တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၁:၃၀) နာရီအချိန်တွင် အောင်မြင်စွာရပ်နားခဲ့တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး
ဖေဖော်ဝါရီ ၂၈
Radio NUG
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်တို့သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ ၀၉:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီးနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အပေါ်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဖွဲ့စည်းထားသော ဥပဒေရေးရာကော်မတီမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ချက်များကို အကြံပြုဆွေးနွေးခဲ့ကာ ယူနစ်လွှတ်တော်ကိုယ်စားလှယ်များဘက်မှလည်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပြီးနောက် ရှေ့လုပ်ငန်းစဉ်ကိစ္စရပ်များအပေါ် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြကာ ၁၀:၄၅ နာရီအချိန်တွင် အစည်းအဝေးအား အောင်မြင်စွာ ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူး မိုင်းလမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဥပဒေရေးရာကော်မတီမှ အဖွဲ့ဝင်များ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ဘက်မှ ယူနစ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ ချင်းအမျိုးသားကောင်စီနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု KNPP အသိပေး
ဖေဖော်ဝါရီ ၂၈
Radio NUG
ချင်းတော်လှန်ရေး အင်အားစုတွေ ပေါင်းစည်းမယ့် ချင်းအမျိုးသားကောင်စီနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ ချင်းပြည် (Chinland) ကောင်စီနဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)တို့ ပေါင်းစည်းမှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ဖေဖော်ဝါရီလ ၂၈ရက်နေ့မှာ ပေးပို့တဲ့ KNPP ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ချင်းအမျိုးသားတွေအကြား စည်းလုံးညီညွတ်ရေးအတွက် နိုင်ငံရေးအမြင်ကြီးစွာနဲ့ ညှိနှိုင်းသဘောတူညီချက်ရရှိအောင် ဆောင်ရွက်နိုင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက်တယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ချင်းပြည် (Chinland) ကောင်စီတွင် ချင်းအမျိုးသားတပ်ဦး (CNF/CNA) ၊ Mindat Council ၊ CDF-Matupi တပ်မဟာ (၂) ၊ CDF–Lautu ၊ CDF–Tongzang ၊ CDF–Zotung၊ CDF–Hakha ၊ CDF-Thantlang ၊ CDF-Hualngoram ၊ CDF/CDM SIYIN၊ PDA – Tedim ၊ CDF – KKG၊ CDF – Mara ၊ CDF – Paletwah နဲ့ CDF – Zanniatram စတဲ့ အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)တွင် ချင်းညီနောင်အဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ၊ ZFU/PDF – Zoland၊ CDF – Mindat ၊ CDF – Kanpalet ၊ CDF -–Matupi တပ်မဟာ (၁) နဲ့ MTC/ MDF စတဲ့ အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
========================
📌📌 ၄။ ရခိုင်တွင် စစ်တပ်အဓမ္မသိမ်းထားခဲ့တဲ့ တပ်ဧရိယာပြင်ပ လယ်မြေတွေကို AA က မူလပိုင်ရှင်တွေဆီ ပြန်ပေး
ဖေဖော်ဝါရီ ၂၈
Radio NUG
ရခိုင်ပြည် လွတ်မြောက်နယ်မြေတွေမှာရှိတဲ့ မြန်မာစစ်တပ်က အတင်းအဓမ္မသိမ်းပိုက်ခဲ့ပြီး သီးစားအငှားချထားခဲ့တဲ့ စစ်တပ်ဧရိယာပြင်ပက လယ်ယာမြေတွေကို အာရက္ခတပ်တော်(AA)က မူလပိုင်ရှင်လယ်သမားတွေဆီ ပြန်လည်ပေးအပ်ထားပြီဖြစ်တယ်လို့ နိရဉ္စရာသတင်းဌာနမှာ ဖော်ပြထားပါတယ်။
နဝတခေတ် စစ်အစိုးရလက်ထက်ကကနေ ရခိုင်မှာ မြန်မာစစ်တပ်က တပ်တွေ တည်ဆောက်ဖို့ တပ်ဧရိယာအဖြစ် သိမ်းပိုက်ထားတဲ့ လယ်မြေ အမြောက်အများ ရှိသလို တပ်ဧရိယာပြင်ပက လယ်မြေတွေကိုလည်း အတင်းအဓမ္မသိမ်းပိုက်ပြီး သီးစားအငှားချမှုတွေ ပြုလုပ်ခဲ့ကာ တပ်ဧရိယာပြင်ပက သိမ်းပိုက်ခံလယ်မြေတွေမှာ အငှားလုပ်ကိုင်တဲ့ လယ်သမားများက လယ်တစ်ဧကကို စပါး ၁၂ တင်းနှုန်းနဲ့ မြန်မာစစ်တပ်အဆက်ဆက်ကို ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။
========================
📌📌 ၅။ ဝီဂါမူစလင်တွေ ပြန်လွှဲပြီးတဲ့နောက် ထိုင်းရောက် အမေရိကန်နိုင်ငံသားတွေကို အမေရိကန်သံရုံးမှ လုံခြုံရေးသတိပေးချက် ထုတ်ပြန်
ဖေဖော်ဝါရီ ၂၈
Radio NUG
ဖေဖော်ဝါရီလ ၂၇ရက်နေ့က ဝီဂါမွတ်ဆလင် ၄၅ဦးကို ထိုင်းနိုင်ငံက တရုတ်နိုင်ငံကို ပြန်ပို့ခဲ့ပြီးနောက် အတိတ်က အကြမ်းဖက်ဖြစ်စဉ်တွေကို ဥပမာပေးပြီး ထိုင်းရောက် အမေရိကန်နိုင်ငံသားတွေကို အထူးသတိထား နေထိုင်ရန်နဲ့ လူအသွားအလာထူထပ်တဲ့ နေရာတွေကို သတိထားရန် အမေရိကန်သံရုံးက လုံခြုံရေးသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ ဆယ်စုနှစ် တစ်စုနီးပါး ခိုလှုံနေတဲ့ ဝီဂါမွတ်ဆလင် ၄၅ဦး ကို တရုတ်နိုင်ငံကို ပြန်ပို့ခဲ့တဲ့ လုပ်ရပ်ကို အမေရိကန်နိုင်ငံက ရှုတ်ချထားပါတယ်။
အလားတူ ဘန်ကောက်ရှိ ဂျပန်သံရုံးကလည်း ထိုင်းနိုင်ငံအတွင်းရှိ ဂျပန်နိုင်ငံသားများအတွက် လုံခြုံရေး သတိပေးချက်များ ထုတ်ပြန်ထားပါတယ်။
၂၀၁၅ ခုနှစ်တုန်းက ဝီဂါမွတ်ဆလင်တွေကို လွှဲပြောင်းပေးခဲ့တုန်းက ဘန်ကောက်မြို့လယ်က ဧရာ၀ဏ်ဝတ်ပြုကျောင်းဆောင် (လေးမျက်နှာဘုရား)မှာ ဗုံးပေါက်ကွဲခဲ့ပြီး လူနှစ်ဆယ်ဦးသေဆုံးကာ ၁၂၅ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
========================
📌📌 ၆။ တောင်တန်းပြန် ပြည်သူ့အခြေပြု မူလွန် စာသင်ကျောင်းဆင်းပွဲနှင့် ဆုပေးပွဲ အခမ်းအနား ပြုလုပ်
ဖေဖော်ဝါရီ ၂၈
Radio NUG
ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ တောင်တန်းပြန် ပြည်သူ့အခြေပြု မူလွန်စာသင်ကျောင်းတွင် (၂၀၂၄ - ၂၀၂၅) ပညာသင်နှစ် ကျောင်းဆင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း KPV သတင်းဌာနမှ ဖော်ပြထားပါတယ်။
" စစ်ရှောင်နေရတယ် ဆိုပေမယ့် ကလေးတွေရဲ့ပညာရေးကို ရပ်တန့်သွားတာမျိုး မဖြစ်စေချင်ဘူး။ ကျွန်မတို့ ၁၁ လပိုင်းမှာ စစ်ရှောင်ရတယ်။ နွေရာသီမှာ မပြီးပြတ်သေးတဲ့ သင်ခန်းစာတွေကို ဆက်သင်တယ်။ အဲ့လိုကြောင့်ပဲ နောက်တစ်နှစ်မှာ အတန်းသစ် တက်နိုင်ခဲ့တယ် " ဟု တောင်တန်းပြန်ကျောင်း တာဝန်ခံက ပြောပြထားပါတယ်။
အဆိုပါအခမ်းအနားတွင် ဆယ်သဲဖောင်ဒေးရှင်း၏ တာဝန်ရှိသူ တစ်ဦးက အမှာစကားပြောကြားခဲ့ပြီး ကျောင်းသားကျောင်းသူများက ရိုးရာအကအလှများဖြင့် ဖျော်ဖြေခဲ့ကာ ပညာရည်ချွန်ဆု ရသည့် ကျောင်းသားကျောင်းသူများကို ဆုချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။
တောင်တန်းပြန်စစ်ရှောင်စခန်းတွင် KG (Kid Garden) မှ ဆဌမတန်းအထိ ရှိကာ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၌လည်း ဆက်လက် ပညာသင်ကြားပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အောင်ဇေယျ စစ်ကြောင်း နေရာယူထားသည့် ကော့ကရိတ်မြို့ တောင်ပိုင်းတွင် ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှ ၇ဦးအထက် သေဆုံးကာ PDF တစ်ဦး ကျဆုံး
ဖေဖော်ဝါရီ ၂၈
Radio NUG
ဖေဖော်ဝါရီလ ၂၄ ရက်၊ မွန်းလွဲ ၁၂နာရီ ၃၀ မိနစ်ခန့်တွင် နယ်မြေခံ မဟာမိတ်တပ်များနှင့် P29909 Southern Eagle PDF တပ်ရင်း တပ်ခွဲ (၃)Tiger Dragon Revolution Force (မိုင်းတွဲဘက်) ၊ Special Operation Force (SOF) တို့ ပူးပေါင်းကာ စစ်ကောင်စီ အောင်ဇေယျ စစ်ကြောင်း နေရာယူထားသည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့ တောင်ပိုင်းတွင် ထိုးစစ်ဆင်ကာ ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း Southern Eagle PDFမှ သတင်းထုတ်ပြန်ထားပါတယ်။
ရန်သူ့ဘက်မှ ၇ဦး အထက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ကာ P29909 Southern Eagle PDF တပ်ရင်း တပ်ခွဲ (၃) Tiger Dragon Revolution Force မှ ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံတစ်ဝှမ်း စစ်အရှုံးကြီး ရှုံးနေသော ဖက်စစ်တပ်ဟာ အနီးအနားရှိ ကျေးရွာများအား လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေသောကြောင့် အရပ်သားပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသော နေရာများသို့ တိမ်းရှောင်နေကြဖို့ကို တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၂။ ချောက်မြို့နယ်ရှိ အမှတ် ( ၃ ) ပြည်ထောင်စု လမ်းမကြီးပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ဦးထက်မနည်း သေဆုံး
ဖေဖော်ဝါရီ ၂၈
Radio NUG
Chauk Guerrilla Force ( C.G.F ) နှင့် ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ချောက်ပကဖ ) ၊ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့တို့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်း၍ မကွေးတိုင်း ၊ ချောက်မြို့နယ်ရှိ အမှတ် ( ၃ ) ပြည်ထောင်စု လမ်းမကြီးပေါ်တွင် မိုင်းဆွဲတိုက်ခိုက်မှုတစ်ခုကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ဖေဖော်ဝါရီလ ၂၈ရက်နေ့ မနက် ၁၁ နာရီ ၃၀ မိနစ်တွင် အမှတ် ( ၃ ) ပြည်ထောင်စု လမ်းမပေါ်တွင် ပေါ်တာဆွဲ ၊ အတင်းအကျပ် ငွေကြေးကောက်ခံနေသော စစ်ကောင်စီတပ်သား ၁၀ ဦးခန့် အား လမ်းမတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦး ထက်မနည်းသေဆုံးပြီး ၃ ဦးထက် မနည်း အပြင်းအထန်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ အရာတော်မြို့နယ်၊ ငွေတွင်းပျူရွာ စကစအထိုင်စခန်းနှင့် ရိက္ခာထွက်ယူတဲ့ စစ်ကြောင်းအား ဒရုန်းနှင့် တိုက်ခိုက်
ဖေဖော်ဝါရီ ၂၈
Radio NUG
ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင် အရာတော်မြို့နယ်၊ ငွေတွင်းပျူရွာ စကစအထိုင်စခန်းနှင့် ရိက္ခာထွက်ယူတဲ့ စစ်ကြောင်းအား မုံရွာခရိုင် အမှတ် (၂၄)တပ်ရင်း ဒရုန်းတပ်ဖွဲ့မှ ဦးဆောင်ခဲ့ပြီး မုံရွာခရိုင်တပ်ရင်း (၂၄) တပ်ခွဲ (၁)၊ SSTF/ ဗျူဟာ(၄၄) တပ်ရင်း (၁၄၊၁၅)၊ KLG/ ဗျူဟာ (၄၂) ဗျူဟာ (၄၅) ဗျုဟာ (၄၇)၊ Red Wing တပ်ရင်း (၃၅) တပ်ခွဲ (၃)၊ Brave Heart Army (Local)၊ Chindwin Dynamite (Local)တို့ ပူးပေါင်းပြီး ဗုံးသီး (၂၂) လုံး အသုံးပြုကာ ဒရုန်းနှင့် တိုက်ခိုက်ခဲ့ကြောင်း Twenty-Four Droneမှ သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုအတွင်း ပျူ နှစ်ဦး အရာတော်ဆေးရုံ အရေးပေါ်ရောက်ခဲ့ပြီး နောက်ထပ် ထိခိုက်သေဆုံးမှုမသိရသေးဘူးလို့ ဖော်ပြထားပါတယ်။
အရာတော် လေ့ကျင့်ရေး (၁၀)ဘက်မှ လက်နက်ကြီးပစ်ကူများ ပေးခဲ့မှုကြောင့် ပြည်သူ တစ်ဦး လက်နက်ကြီး ထိမှန်ခဲ့ပြီး ရဲဘော်များအထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သော်လည်း fixed wing drone နှစ်စီးပျက်စီးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ မိတ္တီလာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရုံးအုပ်ကြီးစာရေး မြင့်အေး ပစ်ခတ်ခံရပြီး သေဆုံး
ဖေဖော်ဝါရီ ၂၈
Radio NUG
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မိတ္ထီလာမြို့ ထွေ/အုပ်ရုံးမှ ရုံးအုပ်ကြီးစာရေး မြင့်အေးသည် ရေချိုရွာမှ မိတ္ထီလာမြို့ ထွေ/အုပ်ရုံးကို သွားရောက်စဉ် မိတ္ထီလာ-မြင်းခြံကားလမ်း မိုင်တိုင်အမှတ် ၉/၄ နှင့် အမှတ် ၉/၅အကြားတွင် ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းရရှိပါတယ်။
ရုံးအုပ်ကြီးစာရေး မြင့်အေးသည် စစ်မှုထမ်းစာရင်းတွေ စုဆောင်းပီး မတရားသဖြင့် ငွေကြေးများရယူကာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖို့ သန်းခေါင်စာရင်းအတွက်ကိုလည်း အဓိကထားလုပ်ဆောင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာသို့ စစ်ကြောင်းထိုးတဲ့ စစ်တပ်က အရပ်သားအမျိုးသား ၁ဦးကို လည်လှီးသတ်ဖြတ်ကာ အသက် ၉၀ နှစ်အရွယ် အဘွားကို မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၁၀၀ ခန့် မီးရှို့
ဖေဖော်ဝါရီ ၂၈
Radio NUG
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာကို ဇီးဖြူကုန်းရွာမှ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများက အင်အား ၆၀ ခန့်ဖြင့် ဝင်ရောက် စီးနင်းခဲ့ပြီး နေအိမ်အတွင်း ပုန်းအောင်းနေတဲ့ အသက် ၅၀ အရွယ် ဦးအောင်စိုးကို စစ်ကောင်စီ တပ်သားများက ဖမ်းဆီး လည်လှီးသတ်ဖြတ်ခဲ့သည့်အပြင် နေအိမ်အတွင်းမှ ထွက်ပြေးနိုင်ခြင်းမရှိတဲ့ အသက် ၉၀ နှစ်အရွယ် အဘွား နွဲ့ကြည်ကိုလည်း မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း ဒေသအရင်းအမြစ်များမှ သိရပါတယ်။
ထို့ပြင် ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၀၀ ခန့်ပြာကျခဲ့ကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များမှ တန်ဖိုးကြီး ပစ္စည်းများကို ထော်လာဂျီများဖြင့် ခိုးယူလုယက် တင်ဆောင်သွားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ ပလက်ဝတွင် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းနဲ့ နေအိမ်တချို့ ပျက်စီး
ဖေဖော်ဝါရီ ၂၈
Radio NUG
ဖေဖော်ဝါရီလ ၂၅ ရက် ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် ပလက်ဝမြို့နယ်၊ ပျဉ်ဝရွာကို အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးသီး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း APM သတင်းဌာနမှ ဖော်ပြထားပါတယ်။
ဗုံးကြဲချတိုက်ခိုက်ခဲ့မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းနဲ့ နေအိမ်တချို့ ပျက်စီးသွားကြောင်း သိရပါတယ်။
========================
🚩🚩 ၇။ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲချတိုက်ခိုက်မှုကြောင့် သီလရှင်တစ်ပါး ဒဏ်ရာရပြီး နေအိမ် ၅ လုံးနဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီး
ဖေဖော်ဝါရီ ၂၈
Radio NUG
ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ် ၃ နာရီခန့်တွင် နောင်ချိုမြို့နယ် ရွှေမုဋ္ဌော ရွာကို စစ်ကောင်စီတပ်က MiG-29 နဲ့ ဂျက်ဖိုက်တာ အသုံးပြုပြီး ၂ ကြိမ် ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် သီလရှင်တစ်ပါး ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ် ၅ လုံးလည်း ပျက်စီးခဲ့ကြောင်း ရွှေဖီမြေ သတင်းဌာနမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်နဲ့ TNLA ရဲ့ ဆွေးနွေးပွဲရလဒ်မထွက်ဘဲ ပြီးဆုံးပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ TNLA ထိန်းချုပ်ဒေသကို မြေပြင်ကနေ ထိုးစစ်ဆင်နေသလို လေကြောင်း တိုက်ခိုက်မှုတွေလည်း မကြာခဏ ပြုလုပ်နေပါတယ်။
========================
🚩🚩 ၈။ ပုလဲမြို့နယ်တနေရာတွင် ဗကသများအဖွဲ့ချုပ်မှ စက်တပ်လေထီး (Paramotor) အန္တရာယ်ကာကွယ်ရေး သတိပေးလက်ကမ်းစာစောင်များ ဝေငှ
ဖေဖော်ဝါရီ ၂၈
Radio NUG
ဖေဖော်ဝါရီလ ၂၈ရက်နေ့ မနက်ပိုင်းတွင် ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ ပုလဲမြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူ့အခြေပြုကျောင်းတွေနဲ့ ရပ်ရွာနေလူထုထံ စက်တပ်လေထီး (Paramotor) အန္တရာယ်ကာကွယ်ရေး သတိပေးလက်ကမ်းစာစောင်တွေကို ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါတယ်။
လက်ကမ်းစာစောင်များတွင် အကြမ်းဖက်စစ်ကောင်စီက လက်ရှိအသုံးပြုနေတဲ့ စက်တပ်လေထီး (Paramotor) အကြောင်း အချက်အလက်တွေ၊ သရုပ်ပြပုံတွေ အကျဥ်းချုပ် ပါရှိပြီး စက်တပ်လေထီး တိုက်ခိုက်လာချိန်မှာ ဘယ်လိုကာကွယ် တိမ်းရှောင်ရမလဲဆိုတဲ့ အချက်အလက်တွေကိုလည်း ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment