၂၀၂၅ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် CRPHနဲ့ NUGတို့က သဝဏ်လွှာများပေးပို့
📌 ၂။ Kim Aris နှင့်မြန်မာမိသားစုများ နယူးယောက်တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနော်ဆူဆန်နာလှလှစိုးနဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းတို့တက်ရောက်မည်
📌 ၃။ စစ်ကောင်စီတပ်က အသေခံဒရုန်းများအသုံးပြုတိုက်ခိုက်လာ၍ တိုင်းရင်းသားနယ်မြေရှိအရပ်သားများစိုးရိမ်ထိတ်လန့်လာ
📌 ၄။ ဂန့်ဂေါနယ်မြောက်ပိုင်းက ခင်ရမ်းပျူစောထီးရွာမှာ စစ်တပ်ကလူအင်အား ရိက္ခာအင်အားဖြည့်တင်း
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ဆင်ပေါင်ဝဲနယ် ကိုးပင်-သာဂရလမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို တိုက်ခဲ့မှုမှာ စစ်သား ၆ ဦးထက်မနည်း သေဆုံး
🚩 ၂။ နောင်ချိုမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ
🚩 ၃။ ပေါင်းတည်မြို့နယ် သစ်ပုတ်အထိုင်စခန်းကပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်
🚩 ၄။ ချောင်းဦး-မုံရွာလမ်းပိုင်းမှာ ကြေးနီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုမှာ အက်စစ်တင်ကားထိမှန်
🚩 ၅။ ရေး-မော်လမြိုင် လမ်းမကြီးပေါ် ၌ တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ ရေးဘီးလူးသတိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် CRPHနဲ့ NUGတို့က သဝဏ်လွှာများပေးပို့
ဖေဖော်ဝါရီ၂၀ရက်
(၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် CRPHနဲ့ NUGတို့က သဝဏ်လွှာများပေးပို့ခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ပေးပို့သောသဝဏ်လွှာ၌ ချင်းတိုင်းရင်းသားတို့အနေဖြင့် ချင်းတိုင်းရင်းသားတို့၏ အမျိုးသားအမှတ်တံဆိပ်ဖြစ်သော အောက်ချင်းငှက်တို့၏ အဓိပ္ပာယ်ဖြစ်သော လူမျိုးနှင့် မျိုးနွယ်စုကို ကာကွယ်စောင့်ရှောက် သော၊ မေတ္တာတရားကြီးမားပြီး သစ္စာရှိသော၊ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်သော စသည့် စိတ်ဓာတ်များကိုကိုင်စွဲပြီး မြန်မာနိုင်ငံတွင် စစ်အာဏာရှင်များနှင့် အာဏာရှင်စနစ် မှန်သမျှ အဆုံးသတ်ရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း အလေးအနက် တိုက်တွန်းအပ်တယ်လို့ ပါရှိပါတယ်။
နွေဦးတော်လှန်ရေး (၄) နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း တိုင်းရင်းသားပြည်သူများ၏ မလျော့သော ဇွဲ၊ ခိုင်မာသည့်စိတ်ဓာတ်၊ ရှင်သန်နေသည့်မျှော်လင့်ချက်တို့နဲ့အတူ ရှေ့ဆက်ချီ တက်နေကြသည့် အတွက် မဝေးတော့သည့်အချိန်ကာလမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့ အရောက် လှမ်းနိုင်တော့မှာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကသဝဏ်လွှာမှာ ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၏သဝဏ်လွှာမှာတော့ မင်္ဂလာရှိသော ချင်းအမျိုးသားနေ့ အခါသမယတွင် ချင်းပြည် အတွင်းရှိ ချင်းအမျိုးသားခေါင်းဆောင်ကြီးများ၊ ချင်းလူမျိုးစုများ၊ ချင်းပြည်သူလူထုနှင့် ချင်း အနွယ်ဝင် လူနည်းစုများအပါအဝင် ချင်းတိုင်းရင်းသား မဟာမိတ်တော်လှန်ရေး ရဲဘော်ရဲဘက် တပ်ဖွဲ့ဝင်များအားလုံး ဘေးရန်ကင်းကွာပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဦးစွာမေတ္တာပို့သဆုတောင်း အပ်ပါတယ်လို့ ဖော်ပြပါတယ်။
ယခုလက်ရှိ နွေဦးတော်လှန်ရေးကာလ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သော ပြည်သူလူထုအား အကြမ်းဖက် အာဏာရှင်လက်ပါးစေစစ်တပ်က ပစ်ခတ်ဖြိုခွင်းသောအခါတွင် ချင်းအမျိုးသား တို့၏ တူမီးလက်နက်ဖြင့် ပြည်သူကိုကာကွယ်ပေးခဲ့ပြီး စစ်အာဏာရှင်ကို စတင်ခုခံတွန်းလှန် သည့် သမိုင်းသည်လည်း အထင်အရှားဖြစ်ခဲ့သည်မှာ ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာပင် ဖြစ်တယ်လို့ဆိုပါတယ်။
ယခုပြည်သူ့နွေဦးတော်လှန်ရေးတွင်လည်း ချင်းတိုင်းရင်းသားများအတွက် ဦးဆောင်ဦးရွက်ပြုလျက်ရှိကြသည့် တော်လှန်ရေးအဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်ကြီးများအနေဖြင့် အချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်း တိုင်ပင်ကာ လွတ်လပ်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ချင်းဒေသကို အတူတကွ လက်တွဲထူထောင်နိုင် ရန်လည်း အမျိုးသားညီညွတ်ရေးအစိုးရက မျှော်လင့်တယ်လို့ဆိုထားပါတယ်။
========================
📌📌 ၂။ Kim Aris နှင့်မြန်မာမိသားစုများ နယူးယောက်တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနော်ဆူဆန်နာလှလှစိုးနဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းတို့တက်ရောက်မည်
ဖေဖော်ဝါရီ၂၀ရက်
ဒေါ်အောင်ဆန်းစုကြည်သားငယ် Kim Aris နှင့်မြန်မာမိသားစုများနယူးယောက်တွင် တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနော်ဆူဆန်နာလှလှစိုးနဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းတို့ တက်ရောက်မယ်လို့သိရပါတယ်။
အမေစု၏အသက်(၈၀)ပြည့်မွေးနေ့ကမ်းပိန်းနှင့်အတူ မြန်မာ့ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေးလှုပ်ရှားမှုအတွက် အရေးကြီးသောဆွေးနွေးပွဲတစ်ခုအား Kim Aris (ဒေါ်အောင်ဆန်းစုကြည်၏သား)မှ နယူးယောက်မြို့တွင်ဦးဆောင်ကျင်းပမယ်လို့ NYCBCကဖော်ပြပါတယ်။
မတ်လ၁၅ရက်အစည်းအဝေးတွင် Kim Aris နှင့်အတူ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးဒေါ်အောင်ဆန်းစုကြည်၏စီးပွါးရေးအကြံပေး Sean Turnellတို့လည်း တက်ရောက်မှာဖြစ်ပြီး မြန်မာ့အရေးအတွက် မြန်မာလူမျိုးများအနေဖြင့် လုပ်ဆောင်နိုင်သည့်လှုပ်ရှားမှုများအကြောင်း တွေ့ဆုံဆွေးနွေးကြမယ်လို့သိရပါတယ်။
========================
📌📌 ၃။ စစ်ကောင်စီတပ်က အသေခံဒရုန်းများအသုံးပြုတိုက်ခိုက်လာ၍ တိုင်းရင်းသားနယ်မြေရှိအရပ်သားများစိုးရိမ်ထိတ်လန့်လာ
ဖေဖော်ဝါရီ၂၀ရက်
စစ်ကောင်စီတပ်က အသေခံဒရုန်းများအသုံးပြုတိုက်ခိုက်လာ၍ တိုင်းရင်းသားနယ်မြေရှိအရပ်သားများစိုးရိမ်ထိတ်လန့်လာတယ်လို့ သတင်းရရှိပါတယ်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင်၊ စစ်ကောင်စီတပ်သည် အသေခံဒရုန်း ၆ စင်းဖြင့် ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ တာအူခီးကျေးရွာအုပ်စုရှိ ရွာတစ်ရွာအတွင်းသို့ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဒရုန်း ၆ စင်းအနက် ၃ စင်းသည်ပေါက်ကွဲသွားခဲ့ပြီး ကျန် ၃ စင်းသည် မပေါက်ကွဲခဲ့ဘဲရှိခဲ့တယ်လို့သိရပါတယ်။
ပေါက်ကွဲသွားသောဒရုန်း ၃ စင်းမှ တစ်စင်းသည် ကျေးရွာဘုန်းကြီးကျောင်းဝင်းထဲတွင် ကျရောက်ပေါက်ကွဲသွားပြီး ကျန်နှစ်စင်းသည် ရွာအပြင်ဘက်ရှိ လယ်ကွင်းတစ်ခုအတွင်း ကျရောက်ပေါက်ကွဲသွားခဲ့ကာ ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိမှုများမရှိသော်လည်း ရွာသားများသည် ၎င်းတို့၏လုံခြုံရေးအတွက်စိုးရိမ်နေကြကာ ညဘက်တွင် ၎င်းတို့၏နေအိမ်၌ မအိပ်ရဲကြဘူးလို့
KHRGက ဖေဖော်ဝါရီ၂၀ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ထို့အပြင် စစ်ကောင်စီတပ်သားများသည် စာသင်ကျောင်းများနှင့် ဘာသာရေး အဆောက်အဦးများကို ပစ်မှတ်ထားကာ မကြာခဏ လေကြောင်းတိုက်ခိုက်မှုများနှင့် ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသောကြောင့် ရွာသားများသည် ၎င်းတို့၏ကလေးများအား ကျောင်းသို့မပို့ရဲကြတော့ဘူးလို့ဆိုထားပါတယ်။
========================
📌📌 ၄။ ဂန့်ဂေါနယ်မြောက်ပိုင်းက ခင်ရမ်းပျူစောထီးရွာမှာ စစ်တပ်ကလူအင်အား ရိက္ခာအင်အားဖြည့်တင်း
ဖေဖော်ဝါရီ၂၀ရက်
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းက ပျူစောထီးရွာဖြစ်တဲ့ ကြံသာရွာအပါအဝင် နေရာ ၅ ခုကို ဒေသအခြေစိုက် ပြည်သူ့တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း ဂန့်ဂေါနယ်မြောက်ပိုင်းက ခင်ရမ်းပျူစောထီးရွာမှာ စစ်တပ်က လူအင်အား ရိက္ခာအင်အားဖြည့်တင်းနေတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
မကွေးတိုင်း ယောဒေသ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ပျူစောထီးရွာဖြစ်တဲ့ မြောက်ခင်ရန်းကျေးရွာမှာ တံတားဦးလေဆိပ် က တက်လာတဲ့ Y 12 စစ်ထောက်ပို့လေယာဥ် မနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ည ၁၂ နာရီခန့်ကနေ ၁ နာရီခွဲခန့်အထိ ပျံဝဲခဲ့ပြီး လေယာဉ်ပေါ် ကနေ လေထီးတွေနဲ့ ရိက္ခာ၊လက်နက် ခဲယမ်းထုပ်တွေ ချပေးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကိုအသိပေး နေတဲ့ ယောအလင်းတန်းက အသိပေးထားပါတယ်။
အဲဒီ စစ်လေယာဉ် Y 12 လေယာဥ်ပေါ်က လေထီးနဲ့ချပေးတဲ့အထုပ်တွေကို မြောက်ခင်ရန်းရွာက ပျူစောထီးအင်အား ၂၀၀ ခန့်ဟာ ကြိုတင်စောင့်ဆိုင်းကာ ထွက်ယူခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်နေ့ နေ့လည် ၁၂ နာရီခန့်ကလည်း မုံရွာအခြေစိုက် အနောက်မြောက်ပိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့ Mi 17 ထောက်ပို့ရဟတ်ယာဥ် ၂ စင်းနဲ့ စစ်မှုထမ်းထမ်းတပ်သားသစ် အင်အား ၅၀ ခန့်နဲ့ အင်အားလာဖြည့်သွားတယ်လို့ လည်း သိရပါတယ်။
ဒီတပ်သားသစ် အင်အား ၅၀ ခန့်နဲ့အတူ စက်တပ်လေထီး Promotor ၂ ခုထက်မနည်းကိုပါ ချထားပေးခဲ့တယ်လို့လည်း ပြောပါတယ်။
ဂန့်ဂေါမြို့နယ်နဲ့နယ်ခြင်းထိစပ်နေတဲ့ ကလေးမြို့နယ်တောင်ပိုင်းက ပျူစောထီးရွာအပါအဝင် နေရာ ၅ ခုကို ဒေသအခြေစိုက် တော်လှန်ရေးးအဖွဲ့တွေက အခုရက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီဘက်က လူအင်အား လက်နက် ခဲယမ်းအင်အားတွေ ထပ်မံဖြည့်နေတာပဲဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ဆင်ပေါင်ဝဲနယ် ကိုးပင်-သာဂရလမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို တိုက်ခဲ့မှုမှာ စစ်သား ၆ ဦးထက်မနည်း သေဆုံး
ဖေဖော်ဝါရီ၂၀ရက်
မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာဂရလမ်းအတိုင်း ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစော ထီးတွေ ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးထက်မနည်းသေဆုံးပြီး ၁ဝ ဦးကျော် ဒဏ်ရာရသွားတယ် လို့ သရက်ခရိုင် အမှတ်-၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ တပ်မ ၈၈ လက်အောက်ခံတပ်တွေက ထုတ်နှုတ်အင်အားတွေနဲ့ ပျူစောထီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အင်အား ၉၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းဟာ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာဂရလမ်းပိုင်းကို နယ်မြေရှင်းလင်းဖို့ ဖေဖော်ဝါရီ ၁၀ ရက်ကစပြီး ၇ ရက်ကြာ စစ်ကြောင်းထိုးလာတာလို့ သရက်ခရိုင် အမှတ်-၁ တပ်ရင်းက အသိပေးပါတယ်။
စစ်ကောင်စီဘက်က ဗိုလ်မှူးအောင်ဇော်ဖြိုး ဦးဆောင်တဲ့ အဲဒီစစ်ကြောင်းဟာ ကိုးပင်-သာဂရလမ်းပိုင်းမှာရှိတဲ့ ကိုးပင်ရွာက စပြီး ဘန်းကုန်းရွာအထိ နယ်မြေရှင်းလင်းဖို့ ကြိုးစားခဲ့တာလို့ သိရပါတယ်။
ခုလို စစ်တပ်ဘက်က နယ်မြေရှင်းလင်းဖို့ ကြိုစားလာတဲ့အတွက် တော်လှန်ရေးတပ်တွေက ဝါးစိမ်းမြောင်နဲ့ ကြက်မွေးနှုတ် ရွာကြားမှာ ပဒေသာမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဖောက်ခွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၀ ဦးကျော် ဒဏ်ရာရသွားတဲ့အတွက် ဆင်ပေါင်ဝဲမြို့ဘက်ကို တပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုမှာ တော်လှန်ရေးတပ်တွေဘက်က ထိခိုက်မှုမရှိပေမယ့် စစ်တပ်စစ်ကြောင်းက မိုင်းဆွဲခံရတဲ့နေရာအနီးက ပြည်သူပိုင်နေအိမ် ၂လုံးနဲ့တဲ၂လုံး သေနတ်တွေ ၄ဝ မမ ဗုံးသီးတွေနဲ့ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သရက်ခရိုင် အမှတ်-၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းကို သရက်ခရိုင်အမှတ် ၁ တပ်ရင်း၊ နေပြည်တော်တပ်ရင်း ၉၀၂ နဲ့ နေပြည်တော် တပ်ရင်း ၈၀၄ တို့ ပူးပေါင်းလုပ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၂။ နောင်ချိုမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ
ဖေဖော်ဝါရီ၂၀ရက်
တအာင်းပြည် တပ်မဟာ ၂ နယ်မြေ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသနေအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဒီနေ့ ဖေဖော်ဝါရီ ၂ဝ မှာ ထုတ်ပြန်ပါတယ်။
မနေ့ ဖေဖော်ဝါရီ ၁၉ ရက် ည ၈ နာရီ ၁၃ မိနစ်ခန့်အချိန်မှာ နောင်ချိုမြို့ ဘူတာရပ်ကွက်နဲ့ ပြည်သူ့ဆေးရုံပေါ် ကို ဗုံး ၂လုံး ကြဲချ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အခုလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘူတာရပ်ကွက်မှာနေတဲ့ ဒေသနေပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရသလို ပြည်သူ့ဆေးရုံကို ဗုံးကြဲမှုကြောင့် ဒေသနေပြည်သူ တဦးသေဆုံးခဲ့ရပြီး တဦး ဒဏ်ရာရသွားတယ်လို့ အသိပေးထားပါတယ်။
တရုတ်အစိုးရရဲ့ စီစဉ်ပေးချက်အရ တရုတ်နိုင်ငံ ကူမင်းမြိုမှာ တအာင်းတပ်မတော် TNLA နဲ့ စစ်ကောင်စီတို့ ဖေဖော်ဝါရီ ၁၆ နဲ့ ၁၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ဆွေးနွေးမှုအဆင်မပြေဘူးလို့ ထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ စစ်ကောင်စီဘက် က TNLA ထိန်းချုပ်ရာဒေသတခုကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
၂ ရက်တာ ဆွေးနွေးပွဲမှာ နှစ်ဖက်တပ်တွေ ရောက်နေတဲ့နေရာမှာရပ်တန့်ပြီး အပစ်ရပ်စဲရန်၊ ထိုးစစ်ဆင်ခြင်း၊ ဒရုန်း၊ လက်နက်ကြီး၊ လေယာဉ် ဗုံးကြဲတိုက်ခိုက်ခြင်းများ ရပ်တန့်ရန်နဲ့ နှစ်ဖက်ထိန်းချုပ်နယ်မြေအတွင်း ပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများသယ်ဆောင်နိုင်ရေး ဖြတ်သန်းသွားလာခွင့်ပြုရန် စတဲ့အချက်တွေကို TNLA ဘက်က ဆွေးနွေးခဲ့ပေမယ့် ခက်ခဲတဲ့အခြေအနေတွေကြောင့် သဘောတူညီမှုမရခဲ့ဘူးလို့ မနေ့ ညနေပိုင်းမှာ TNLA က အသိပေး ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်တာမရှိဘဲ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေ တဲ့ အတွက် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ရေး စစ်ရေးသတိ အမြဲရှိရန်လို အပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရေး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ဖို့ TNLA က တိုက်တွန်းနှိုးဆော်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း နောင်ချိုမြို့ သပြေတောင် ဘုရားကုန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသနေပြည်သူတဦး ထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေး ဌာန မှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၃။ ပေါင်းတည်မြို့နယ် သစ်ပုတ်အထိုင်စခန်းကပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်
ဖေဖော်ဝါရီ၂၀ရက်
ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ်မှာရှိတဲ့ သစ်ပုတ်အထိုင်စခန်းကပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ၃၆၀၁ တပ်ရင်းက ပြောပါတယ်။
သစ်ပုတ်အထိုင်စခန်းကနေ တပ်အချိန်းအပြောင်းလုပ်ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တ သစ်ပုတ်ရွာနဲ့ ညောင်နီပင်ရွာကြားမှာ မနေ့ ဖေဖော်ဝါရီလ ၁၉ ရက် ည ၁ဝ နာရီခွဲခန့်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၂ နဲ့ တပ်ခွဲ ၅ ကရဲဘော်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့ တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိနိုင်ပေမယ့် ညအချိန်ဖြစ်တာကြောင့် သေဆုံးမှုရှိမရှိ အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲလို့ အသိပေးပါတယ်။
မိုင်းဆွဲခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာတွေရှိပေမယ့် ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
========================
🚩🚩 ၄။ ချောင်းဦး-မုံရွာလမ်းပိုင်းမှာ ကြေးနီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုမှာ အက်စစ်တင်ကားထိမှန်
ဖေဖော်ဝါရီ၂၀ရက်
စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ ကလုံခြုံရေးယူပြီး မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခဘက် ထွက်လာတဲ့ ကြေးနီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ အက်စစ်တွေတင်ထားတဲ့ကား ထိမှန်သွားတယ်လို့ Area 71 peoples defense force အဖွဲ့က ပြောပါတယ်။
တပ်မ ၃၃ က စစ်သားတွေပါတဲ့ jammer ကားတွေနဲ့ လုံခြုံရေးယူပြီး ကြေးနီးသယ်ဖို့လာတဲ့ တွဲကားနဲ့ ကြေနီထုတ်ရာမှာ အသုံးပြုတဲ့ အက်စစ်တင်လာတဲ့ကားကို မနေ့ ဖေဖော်ဝါရီ ၁၉ ရက် နေ့လည် ၁ နာရီခန့်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုမှာ အက်ဆစ်တွေတင်လာတဲ့ တွဲကားတစီးသာ မိုင်းထိမှန်ခဲ့တာကြောင့် လမ်းတလျောက်အက်စစ်တွေ ယိုဖိတ်ကာ ဆက်လက်မောင်းနှင်သွားတယ်လို့ သိရပါတယ်။
ကြေးနီယာဉ်တန်း လုံခြုံရေးအတွက် ကင်းစောင့်နေတဲ့ စစ်သားတွေက တော်လှန်ရေးတပ်ဖွဲ့တွေကို လိုက်လံပစ်ခတ်ခဲ့ ပေမယ့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
ဒီတိုက်ခိုက်မှုကို မုံရွာမြို့နယ် ပကဖ ဖောက်ခွဲရေးအဖွဲ့နဲ့အတူ Area 71 PDF Monywa အဖွဲ့၊ နယ်စည်းမခြား လက်နက်ကြီးတပ်ဖွဲ့နဲ့ ကမျဉ်းမနီ K.M.N အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၅။ ရေး-မော်လမြိုင် လမ်းမကြီးပေါ် ၌ တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ ရေးဘီးလူးသတိပေး
ဖေဖော်ဝါရီ၂၀ရက်
မွန်ပြည်နယ် ရေး-မော်လမြိုင် လမ်းမကြီးပေါ် မှာ တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ ရေးဘီးလူးခေါင်းဆောင် သတိပေး ပြောကြားလိုက်ပါတယ်။
ရေးမြိုနယ် ကွန်ဒူးကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ရေးဘီလူးအဖွဲက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တာကြောင့် ရေးဘီလူးအဖွဲခေါင်းဆောင်က အခုလို သတိပေးပြောဆိုလိုက်တာ ဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေ စိုးမိုးနယ်မြေဖြစ်ခဲ့တဲ့ ရေး-မော်လမြိုင်လမ်းပိုင်းက ကွမ်ဒူးရွာတဝိုက်ကို စစ်ကောင်စီဘက်က တပ်စွဲလာတာကြောင့် ဖေဖော်ဝါရီ ၁၉ ရက်ကစပြီး တိုက်ပွဲဖြစ်ခဲ့တာရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီခြေလျင်တပ်ရင်းနဲ့ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခလရ ၁၉ ၊ခမရ ၅၈၆ နဲ့ ခလရ ၁၀၆ တို့ ပူးပေါင်းတပ်စွဲထားတဲ့ ကွမ်ဒူးကျေးရွာ ကွမ်းသီးတောဘုရားကုန်းနေရာကို ရေးဘီလူးတပ်ရင်း တပ်ခွဲ ၂ ၊မြေပြင်တိုက်ခိုက်ရေးတပ်ခွဲနဲ့ ဒရုန်းတပ်စိပ် တို့က ဖေဖော်ဝါရီ ၁၉ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးခေါင်းဆောင်က အသိပေးထားပါတယ်။
ဒါကြောင့် ရေး-မော်လမြိုင်ကားလမ်းပေါ်မှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့အတွက် စစ်ကောင်စီတပ်စွဲရာနေရာတွေနဲ့ ရေး-မော်လမြိုင်လမ်းပိုင်းကို အသုံးပြုသွားလာနေသူတွေအနေနဲ့ သတိထားသွားလာကြဖို့ တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း ရေးလမ်းမကြီးပေါ် ကွမ်းဒူးနဲ့နှင်းစုံကျေးရွာကြား တံတားအနီးမှာတပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်က အနည်းဆုံး ၅ ဦး သေဆုံးသွားတယ်လို့ မွန်ပြည်သစ် ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP -AD တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment