23 Feb 2025 - (Ethnic language program-CHO_MΓΌn) by Radio NUG


πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၅ α€–ေα€–ော်ဝါα€›ီα€œ ( ၂၃ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား


πŸ“ŒπŸ“Œ ၁။ မင်းတပ်α€™ှာ α€…α€…်α€€ောင်α€…ီထောင်တဲ့ α€™ိုင်း ၁၀၀၀ ဝန်းα€€ျင် α€›ှင်းα€œα€„်းထား


မင်းတပ်α€™ြို့ပေါ်α€™ှာ α€…α€…်α€€ောင်α€…ီထောင်ခဲ့တဲ့ α€™ိုင်းα€‘α€œုံးα€›ေ ၁၀၀၀ ဝန်းα€€ျင် α€›ှင်းα€œα€„်းထားပြီα€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - မင်းတပ် ပြα€”်α€€ြားα€›ေးတာဝန်α€›ှိα€žူα€€ ၂၀၂၅ α€–ေα€–ော်ဝါα€›ီ ၁၈ α€›α€€်α€”ေ့ ပြောပါα€α€š်။

ထများα€…ုတော့ α€›ှင်းα€”ိုင်ပြီα€œို့ ပြောα€›α€™α€š်ထင်α€α€š်။ ထတတ်α€”ိုင်ဆုံးα€›ှာပြီး α€›ှင်းα€œα€„်းα€›ေး α€œုပ်α€”ေပါα€α€š်။α€œို့ဆိုပါα€α€š်။

ထရှေ့ပြင်၊ ထနောα€€်၊ α€…ံပြα€”ဲ့ α€˜α€α€žα€…်ရပ်α€€ွα€€်တွေα€™ှာ ထဲα€’ီ α€™ိုင်း ၁၀၀၀ ဝန်းα€€ျင် α€›ှင်းα€œα€„်းα€”ိုင်ခဲ့တာα€–ြα€…်ပြီး ထနောα€€်ရပ်α€€ွα€€်α€™ှာ ထများဆုံး α€›ှင်းα€œα€„်းα€›α€α€š်α€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - မင်းတပ် ပြα€”်α€€ြားα€›ေးတာဝန်α€›ှိα€žူ ဆက်ပြောပါα€α€š်။

မင်းတပ်α€™ြို့ထဲα€€ို ပြα€Š်α€žူတွေ α€›α€€်α€žα€္တပတ်α€™ှာ ၂ α€›α€€် ဝင်ခွင့်ပြုα€™α€š်α€œို့ α€™ြို့α€”α€š်ပြα€Š်α€žူ့ထုပ်ချုပ်α€›ေးထဖွဲ့α€€ ၂၀၂၅ ခုα€”ှα€…် α€–ေα€–ော်ဝါα€›ီ ၉ α€›α€€်α€”ေ့ စတင် α€€ြေα€Šာပါα€α€š်။

α€™ြို့ထဲ ပြα€”်α€œα€Š်ဝင်α€›ောα€€်α€™α€š့် ပြα€Š်α€žူတွေ α€œိုα€€်α€”ာα€–ို့ ထချα€€် ၁၂ ချα€€်α€”ဲ့ α€€ုα€”်α€…α€Š်တင်ဆောင်ပြီး α€™ြို့α€–ြတ်α€žα€”်းα€™α€š့် α€šာဉ်α€™ောင်းတွေ α€œိုα€€်α€”ာα€–ို့ ထချα€€် ၉ ချα€€် ပါဝင်ပါα€α€š်။

မင်းတပ်α€™ြို့α€žိα€™်းတိုα€€်ပွဲα€™ှာချင်းα€Šီα€”ောင်α€”ဲ့ထတူ ထာα€›α€€္ခတပ်တော် - AA α€šောα€€ာα€€ွα€š်α€›ေးတပ် - YDF α€šောတပ်တော် - YA α€”ဲ့ α€™ုံα€›ွာခရိုင် PDF တပ်ရင်း ၃ တို့ α€›α€€်ပေါင်း ၄၀ α€€ျော်α€€ြာ တိုα€€်ပွဲဝင်ခဲ့ပြီး ၂၀၂၄ α€’ီဇင်α€˜ာ ၂၁ α€›α€€်α€”ေ့α€™ှာ α€™ြို့တစ်ခုα€œုံး ထပြα€Š့်ထဝ ထိα€”်းချုပ်α€”ိုင်ခဲ့ခြင်း α€–ြα€…်ပါα€α€š်။


========================


πŸ“ŒπŸ“Œ ၂။ချင်းထချင်းချင်း ရင်းα€”ှီးပွင့်α€œα€„်းα€…ွာ ဆွေးα€”ွေးα€Šှိα€”ှိုင်း တိုင်ပင်ပြီး ထတူတကွ α€œα€€်တွဲα€€ြα€–ို့ NUG တိုα€€်တွα€”်း


ချင်းထချင်းချင်း ရင်းရင်းα€”ှီးα€”ှီး ဆွေးα€”ွေးα€Šှိα€”ှိုင်း တိုင်ပင်ပြီး ထတူတကွ α€œα€€်တွဲα€€ြα€–ို့ ထမျိုးα€žားα€Šီα€Šွတ်α€›ေးထစိုးα€› - NUG α€€ ၂၀၂၅ α€–ေα€–ော်ဝါα€›ီ ၂၀ α€›α€€်α€”ေ့ α€€ျα€›ောα€€်တဲ့ ၇၇ α€”ှα€…်α€™ြောα€€် ချင်းထမျိုးα€žားα€”ေ့α€™ှာ α€žα€α€်α€œွှာ ပေးပို့ပါα€α€š်။

ပြα€Š်α€žူ့α€”ွေဦးတော်α€œှα€”်α€›ေးα€™ှာ ချင်းတိုင်းရင်းα€žားတွေထတွα€€် ဦးဆောင်ဦးα€›ွα€€်ပြုα€”ေတဲ့ ချင်းတော်α€œှα€”်α€›ေးထဖွဲ့α€‘α€…α€Š်းα€‘α€žီးα€žီးα€€ ခေါင်းဆောင်α€€ြီးတွေထနေα€”ဲ့ ထချင်းချင်း ရင်းα€”ှီးပွင့်α€œα€„်းα€…ွာ ဆွေးα€”ွေးα€Šှိα€”ှိုင်း တိုင်ပင်α€€ာ α€œွတ်α€œα€•်ပြီး α€€ိုα€š်ပိုင်ပြဋ္α€Œာα€”်းခွင့် ထပြα€Š့်ထဝရှိတဲ့ ချင်းα€’ေα€žα€€ို ထတူတကွ α€œα€€်တွဲထူထောင်α€”ိုင်α€–ို့ α€™ျှော်α€œα€„့်α€€ြောင်း ထမျိုးα€žားα€Šီα€Šွတ်α€›ေးထစိုးα€› NUG α€€ α€–ော်ပြထားပါα€α€š်။

α€œွတ်α€œα€•်α€›ေးα€€ြိုးပမ်းα€™ှု α€žα€™ိုင်းα€€α€…α€œို့ α€…α€…်ထာဏာα€›ှင်ထဆက်ဆက်α€€ို တိုα€€်ပွဲဝင် တော်α€œှα€”်ရင်း α€œα€€်α€›ှိ α€”ွေဦးတော်α€œှα€”်α€›ေးα€€ာα€œα€‘α€‘ိ α€€ျဆုံးα€žွားခဲ့ရတဲ့ ချင်းထမျိုးα€žား ခေါင်းဆောင်တွေ၊ ချင်းα€žူα€›ဲα€€ောင်းထာဇာα€”α€Š်တွေα€”ဲ့ ချင်းပြα€Š်α€žူα€œူထုထပေါင်းα€›ဲ့ α€€ိုα€š်α€€ျိုးα€…ွα€”့် ထနစ်α€”ာခံα€™ှုတွေα€€ိုα€œα€Š်း ထမျိုးα€žားα€Šီα€Šွတ်α€›ေးထစိုးရထနေα€”ဲ့ α€‘α€œေးထမြတ် ဂါရဝထား ဦးα€Šွှတ်α€α€š်α€œို့ ဆိုပါα€α€š်။


========================


πŸ“ŒπŸ“Œ ၃။ PDF α€€α€”ေ α€”ုတ်ထွα€€်ပြီး Yaw – Army α€”ဲ့ ပူးပေါင်းα€™α€š်α€œို့ PDF – GANGAW α€€ြေα€Šာ


NUG – MoD α€œα€€်ထောα€€်ခံထဖြα€…်α€€ ရပ်α€”ားပြီး α€šောα€’ေα€žα€”ဲ့ α€™ြα€”်α€™ာတနိုင်ငံα€œုံး α€œွတ်α€™ြောα€€်တဲ့ထထိ Yaw – Army α€™ှာ ဆက်α€œα€€် တာဝန်ထမ်းဆောင် တိုα€€်ပွဲဝင်α€™α€š်α€œို့ PDF – GANGAW ဂန့်ဂေါခရိုင်တပ်ရင်းထမှတ် (၁၂) α€€ ၂၀၂၅ α€–ေα€–ော်ဝါα€›ီ ၁၉ α€›α€€်α€”ေ့ α€€ြေα€Šာပါα€α€š်။

PDF – GANGAW α€Ÿာ α€™α€€ွေးတိုင်း၊ α€šောα€’ေα€žα€‘α€ြေα€…ိုα€€် တော်α€œှα€”်α€›ေးထင်ထားα€…ုတစ်ခုα€–ြα€…်ပြီး ၂၀၂၂ α€”ှα€…်α€œα€š်ပိုင်းα€€ NUG – MoD ထနောα€€်ပိုင်းတိုင်းα€…α€…်α€’ေα€ž တပ်α€™α€Ÿာ (၇) တပ်ရင်း (၇၀၁) ထဖြα€…်၊ ၂၀၂၂ α€”ှောင်းပိုင်းα€™ှာ ထမှတ် ၁ α€…α€…်α€’ေα€ž ဂန့်ဂေါခရိုင်တပ်ရင်းထမှတ် (၁၂) ထဖြα€…် တာဝန်ထမ်းဆောင်ခဲ့α€α€š်α€œို့ ပြောပါα€α€š်။

ထမှတ် ၁ α€…α€…်α€’ေα€ž ဂန့်ဂေါခရိုင်တပ်ရင်းထမှတ် (၁၂) တပ်ရင်းα€€ို NUG ထံ ပြα€”်α€œα€Š်ထပ်α€”ှင်းခဲ့ပေα€™α€š့် NUG – MoD α€˜α€€်α€€ α€œα€်α€α€œော ခွင့်မပြုα€žေးတာα€€ြောင့် တပ်ရင်းတာဝန်α€›ှိα€žူတွေ α€”ုတ်ထွα€€်α€…ာတင်ခဲ့ပြီα€œို့ ထုတ်ပြα€”်ချα€€်α€™ှာ α€–ော်ပြထားပါα€α€š်။

α€’ီα€–ြα€…်စဉ်α€”ဲ့ ပတ်α€žα€€်α€œို့ NUG – MoD α€˜α€€်α€€α€œα€Š်း တရားဝင် α€žα€α€„်းထုတ်ပြα€”်တာ α€™α€›ှိα€žေးပါα€˜ူး။

ထမှတ် ၁ α€…α€…်α€’ေα€ž ဂန့်ဂေါခရိုင်တပ်ရင်းထမှတ် (၁၂) တပ်ရင်းα€”ဲ့ ပူးပေါင်းα€™α€š့် Yaw – Army α€Ÿာ α€™α€€ွေးတိုင်း၊ α€šောα€’ေα€žα€‘α€ြေα€…ိုα€€် တော်α€œှα€”်α€›ေးထင်ထားα€…ုα€–ြα€…်ပြီး α€€α€”်ပက်α€œα€€်၊ မတူပီ၊ မင်းတပ်α€™ြို့α€žိα€™်းချင်းα€Šီα€”ောင်α€…α€…်ဆင်α€›ေးတွေα€™ှာ ပါဝင်ခဲ့တဲ့ ထင်ထားα€…ုα€–ြα€…်ပါα€α€š်။


#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment