၂၀၂၅ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ရန်ကုန်နှင့် ပဲခူးသို့ တပ်ရွှေ့မည့် PDFတပ်ရင်း၊ တပ်ဖွဲ့များအား ပြည်ထောင်စုဝန်ကြီးချုပ် တွေ့ဆုံ
📌 ၂။ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မြို့တော်ခန်းမရှေ့တွင် “ငါတို့နိုင်မှ လွတ်မယ့်သူတွေအတွက် သံတိုင်အုတ်ရိုးကို လှုပ်နှိုးကြ” ခေါင်းစဉ်ဖြင့် ဆန္ဒထုတ်ဖော်
📌 ၃။ တော်လှန်အနုပညာရှင် ဒေါင်းရဲ့ အမှတ်တရပစ္စည်း (၅) မျိုး ပါဝင်တဲ့ Smoky Hz Album ဝယ်ယူနိုင်
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဆုတ်လာတဲ့ စစ်ကောင်စီ ယာဉ်တန်း တိုက်ခိုက်ခံရ
🚩 ၂။ ရွှေဘို တည်သီးတောရွာ တပ်စခန်းက ပျူနဲ့ စစ်ကောင်စီ တပ်ဖွဲ့များ စခန်းစွန့်ခွာ ထွက်ပြေး
🚩 ၃။ မင်းကင်းတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး အလောင်း ၄ လောင်းနဲ့ ပျူတစ်ဦး ဖမ်းဆီးရမိ
🚩 ၄။ MNRF တပ်စခန်း စီးနင်းခံရမှုအတွင်း ကာပစ်ပေးရင်း ရဲဘော်တစ်ဦး ကျဆုံး၊ နှစ်ဦး ဒဏ်ရာရ
🚩 ၅။ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း စခန်းတခုကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်
🚩 ၆။ ဝါးချဲ ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် ဓမ္မာရုံနဲ့ သိမ်ကျောင်းတစ်လုံး ထိခိုက်ပျက်စီး
🚩 ၇။ စေတုတ္တရာမြို့နယ် ၊ မုံညှင်းကျေးရွာအနီးရှိ မင်းလမ်းယာတဲစု စစ်တပ်က စက်တပ်လေထီးများဖြင့် ဗုံးကြဲပစ်ခတ်မှု အသက် ၃ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ပြည်သူ ၈ ဦး သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ရန်ကုန်နှင့် ပဲခူးသို့ တပ်ရွှေ့မည့် PDFတပ်ရင်း၊ တပ်ဖွဲ့များအား ပြည်ထောင်စုဝန်ကြီးချုပ် တွေ့ဆုံ
ဖေဖော်ဝါရီ ၂၃
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် ရန်ကုန်မြို့သို့ ဦးတည်သည့် စစ်ရေးဖော်ဆောင်မှုများအတွက် တပ်ရွှေ့ပြောင်းမည့် တပ်ရင်းတပ်ဖွဲ့များအား သွားရောက်တွေ့ဆုံခဲ့မှု မှတ်တမ်းရုပ်သံကို ထုတ်ပြန်ထားပါတယ်။
ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ (၄)၊ လက်ရုံးအထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)၊ PDF တပ်ရင်း (၅၁၀၁)၊ တပ်ရင်း (၅၁၀၂) ရဲဘော်များအား လိုက်လံနှုတ်ဆက်ခြင်း၊ လက်နတ်ခဲယမ်းများအားကြည့်ရှုစစ်ဆေးခြင်း ပြုလုပ်ခဲ့ပါတယ်။
" ဒီနေ့ မင်းတို့တပ်တွေ ရွှေ့တော့မယ်။ ရွှေ့တော့မယ်ဆိုတာ ငါတို့အစိုးရရဲ့ ရည်ရွယ်ချက်ကတော့ အတွင်းထဲဝင်ပြီးတော့ ရန်ကုန်၊ ပဲခူး ဒီဒေသတွေ ပြန်လည် စိုးမိုးဖို့။ ဒါရည်ရွယ်ချက် ရှိတယ်။ ဒီအတွက်လည်း ရွှေ့တာ။ ဒီနေ့ရွှေ့တာဟာ တပ်ထွက်တာပဲ။ တိုက်ပွဲတွေ စတော့မှာပေါ့ ဟုတ်လား။ မင်းတို့လည်း သင်တန်းတွေလည်းပြည့်စုံကြပြီ။ အတွေ့အကြုံတွေလည်း အများကြီးရှိသွားပြီ။ မင်းတို့ ကြန့်ကြာခံနိုင်မှုအတွက်လည်း အများကြီးဂုဏ်ပြုတယ်" လို့ ဝန်ကြီးချုပ်က မှာကြားခဲ့ပါတယ်။
တပ်ထွက်ခြင်းဆိုသည်မှာ ပန်းခင်းလမ်းကို သွားခြင်း မဟုတ်ကြောင်း ကြမ်းတမ်းသည့် ဒဏ်ကို ခံနိုင်မည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံ၌ စစ်အာဏာရှင်အပါအဝင် အာဏာရှင်များမရှိအောင် တော်လှန်ရေးလုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ အာဏာရှင်စနစ်ပျောက်မှ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားထားပါတယ်။
" အဲဒီအတွက် ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကို ခိုင်ခိုင်မာမာထားပါ။ ဘာဖြစ်လို့ဆိုရင် အခုချိန်မှာအောင်မြင်မှုတွေ အများကြီးရနေပြီ။ အောင်မြင်မှုရတဲ့အခါမှာ သွေးခွဲတာတွေက များလာတယ်။" လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုပါတယ်။
တတိယအုပ်စုဆိုသူများက PDF နှင့် အမျိုးသားညီညွတ်အစိုးရအကြား၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအကြား သွေးခွဲကြသည်ကိုနားမယောင်ရန် ပြည်ထောင်စုဝန်ကြီးချုပ်က သတိပေးထားပါတယ်။
"ဒီတော်လှန်ရေးဟာ မင်းတို့ လူငယ်တွေနဲ့ပြည်သူတွေရဲ့တော်လှန်ရေးပဲ။ ငါတို့ကတော့ ထိန်းကွပ်ပေးတဲ့ ဦးဆောင်မှုပေးတဲ့ အခန်းကဏ္ဍပဲရှိတယ်။ ရှေ့ဆက်ပြီးတော့ မင်းတို့ပဲ တိုင်းပြည်တည်ဆောက်သွားကြရမှာ။ အဲဒီအတွက် ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကို ခိုင်ခိုင်မာမာထားပါ။ တော်လှန်ရေးကတော့ အောင်မြင်မှုကတော့ နီးနေပါပြီ။"လို့ ဝန်ကြီးချုပ်က ပြောကြားထားပါတယ်။
လက်ရှိ စစ်ကောင်စီပြုတ်ကျမတတ်ဖြစ်နေသည်မှာ တော်လှန်ရေးအင်အားစုများ၏ ညီညွတ်မှုကြောင့်ဖြစ်သည်ဟုလည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုထားပါတယ်။
========================
📌📌 ၂။ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မြို့တော်ခန်းမရှေ့တွင် “ငါတို့နိုင်မှ လွတ်မယ့်သူတွေအတွက် သံတိုင်အုတ်ရိုးကို လှုပ်နှိုးကြ” ခေါင်းစဉ်ဖြင့် ဆန္ဒထုတ်ဖော်
ဖေဖော်ဝါရီ ၂၃
Radio NUG
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မြို့တော်ခန်းမရှေ့တွင် Free Burma Action Committee - Northern California မှ ဦးဆောင်၍ “ငါတို့နိုင်မှ လွတ်မယ့်သူတွေအတွက် သံတိုင်အုတ်ရိုးကို လှုပ်နှိုးကြ” ခေါင်းစဉ်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ဆန္ဒပြပွဲကို ၁၅၁ ကြိမ်မြောက်အဖြစ် နွေဦးတော်လှန်ရေး အင်အားစုများ၊ ထောက်ပို့ပြည်သူများမှ စုစည်းညီညွတ်စွာဖြင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆရာနိုင်မြန်မာရေးစပ်သီကုံးခဲ့သော လှောင်ချိုင့်ထဲက တေးသီချင်းကို သံပြိုင်သီဆို၍ ဆရာနိုင်မြန်မာကို ရည်စူးပြီး ဦးညွှတ်ဂါဝရ ပြုခဲ့ကြတယ်လို့ သိရပါတယ်။
========================
📌📌 ၃။ တော်လှန်အနုပညာရှင် ဒေါင်းရဲ့ အမှတ်တရပစ္စည်း (၅) မျိုး ပါဝင်တဲ့ Smoky Hz Album ဝယ်ယူနိုင်
ဖေဖော်ဝါရီ ၂၃
Radio NUG
တော်လှန်အနုပညာရှင် ဒေါင်းရဲ့ အမှတ်တရပစ္စည်း (၅) မျိုး ပါဝင်ပြီး သီချင်း ၁၂ပုဒ် ပါဝင်တဲ့ Smoky Hz Albumကို messenger ကနေတဆင့်၊ မိမိနိုင်ငံအလိုက် သက်ဆိုင်ရာ agent တွေဆီမှာ Preorder မှာယူနိုင်ပါပြီဖြစ်ကြောင်း သတင်းရရှိရပါတယ်။
Album Product Box ထဲမှာ ပစ္စည်း (၅) မျိုး ပါဝင်တယ်လို့ သိရပါတယ်။
လက်ရှိ pre-order ဝယ်ယူရရှိနိုင်မယ့် နိုင်ငံတွေကတော့ - Singapore, UK, Australia, USA, Japan, South Korea, UAE, Germany တို့ဖြစ်ပြီး Malaysia, Thai, Myanmar နိုင်ငံက ကိုယ်စားလှယ်ကို အတည်ပြုဖို့ ကျန်ကာ နောက်မှ ထပ်ဖြည့်ပေးထားပါမယ်လို့ ဆိုထားပါတယ်။
Product ရဲ့ဈေးနှုန်းက USD 50 ဝန်းကျင်ရှိမှာဖြစ်ပြီး၊ သယ်ယူပို့ဆောင်မှုစရိတ်ကြောင့် နိုင်ငံအလိုက် အနည်းငယ်ကွဲပြားမှုရှိနိုင်ကာ ၃ ပတ်ခန့်အတွင်း ပို့ဆောင်နိုင်ဖို့ ကြိုးစားပြင်ဆင်နေတယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဆုတ်လာတဲ့ စစ်ကောင်စီ ယာဉ်တန်း တိုက်ခိုက်ခံရ
ဖေဖော်ဝါရီ ၂၃ ရက်၊
Radio NUG
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး တပ်စခန်းကနေ ဆုတ်ခွာလာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို (CDF - Asho) က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက် နေ့လည် ၁ နာရီခွဲ အချိန်မှာ လေကြောင်းရန်ကာကွယ်ရေး တပ်ကနေ လက်နက် ခဲယမ်းများနဲ့ ဆုတ်ခွာစစ် ဆင်လာတဲ့ စစ်ကောင်စီ တပ်အင်အား ၁၀၀ ကျော်ခန့်ပါ ယာဉ်တန်းကို ပျဉ်းဝ စစ်ဆေးရေးဂိတ် အနောက်ဘက် နတ်ရေကန် လမ်းဟောင်းမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ယာဉ်တန်း ၄ စီးထဲက တစ်စီး ပျက်စီးခဲ့ကာ တစ်စီး မီးလောင်ကျွမ်းခဲ့ပြီး ရှင်းလင်းရေး ဆောင်ရွက်စဉ်မှာ CDF - Asho ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး တစ်ဦး ဒဏ်ရာရ ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီ တပ်ဘက်က ၇ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာ ရခဲ့တာတွေလည်း များပြားခဲ့ပြီး သေနတ် ၄ လက်နဲ့ ခဲယမ်းတချို့ကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ ရွှေဘို တည်သီးတောရွာ တပ်စခန်းက ပျူနဲ့ စစ်ကောင်စီ တပ်ဖွဲ့များ စခန်းစွန့်ခွာ ထွက်ပြေး
ဖေဖော်ဝါရီ ၂၃ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောရွာ စခန်းက ပျူနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ ပကဖ အသံက ဖော်ပြထားပါတယ်။
တည်သီးတော ပျူရွာနဲ့ ကပ်ရပ် ညောင်းကိုင်းပျူရွာက စစ်ကောင်စီ တပ်ဖွဲ့တွေ စခန်းစွန်ခွာ ထွက်ပြေးပြီးတဲ့နောက် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ တည်သီးတောရွာ ပျူစခန်းလည်း စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့များ စခန်းစွန့်ခွာသွားပြီးနောက် ကျေးရွာအတွင်း ကျန်ရှိနေတဲ့ သက်ကြီးရွယ်အို ၁၁ ဦးကို ပကဖ တပ်ဖွဲ့ဝင်တွေက စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့တယ်လို့ သိရပါတယ်။
စွန့်ခွာသွားတဲ့ တပ်စခန်းတွေကို ရွှေဘိုမြို့နယ် ပကဖ၊ တိုက်နယ် ၂ တောင်သူကြီး ပကဖ၊ တိုက်နယ် ၃ ပကဖ၊ တည်သီးတော ပကဖနဲ့ ရွှေဘိုခရိုင် တပ်ရင်း ၄ တို့က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ရွှေဘိုနယ်အတွင်း စစ်ကောင်စီ တပ်စခန်းတွေကို ဝန်းရံပိတ်ဆို့ ဖိအားပေးတဲ့ ပကဖ အဖွဲ့တွေရဲ့ ဗျူဟာ အောင်မြင်လာတာကြောင့် ရန်သူ့စခန်းတွေ ဆက်တိုက်ဆိုသလို ဆုတ်ခွာလျက် ရှိတယ်လို့ ဖော်ပြထား ပါတယ်။
========================
🚩🚩 ၃။ မင်းကင်းတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး အလောင်း ၄ လောင်းနဲ့ ပျူတစ်ဦး ဖမ်းဆီးရမိ
ဖေဖော်ဝါရီ ၂၃ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကျောက်ခဲတက်ရွာမှ ထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်း စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ရုပ်အလောင်း ၄ ခုနဲ့ ပျူစောထီးတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ CSRAF (LPDF) က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက် အစောပိုင်းမှာ အင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကောာင်စီ စစ်ကြောင်းကို ကျောက်ခဲတက်နဲ့ သင်တောရွာကြားမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တာပါ။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်က ထိခိုက်သေဆုံးမှုများခဲ့ပြီး အတိအကျ မသိရသေးပေမယ့် ရုပ်အလောင်း ၄ လောင်း တွေ့ခဲ့ရကာ ပျူစောထီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်၊ ခဲယမ်း တချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ကြောင်းကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေးကာ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
ယခု တိုက်ခိုက်မှုကို ကလေးခရိုင် တပ်ရင်း ၁၀ ၊ ကလေးခရိုင် တပ်ရင်း ၁၃ ၊ ကလေးခရိုင် တပ်ရင်း ၁၄ ၊ မုံရွာခရိုင် အမှတ် ၃ တပ်ရင်း တပ်ခွဲ ၂ - Mahauurar Dragon PDF ၊ မဟူရာ ကျားကျေးရွာ ပကဖ ၊ မင်းကင်း Local ယူနီယံတပ်ပေါင်းစု ၊ သင်တော Local PDF အဖွဲ့၊ CSRAF (LPDF)၊ MHR PDF ၊ သင်တော ပကဖ ၊ စစ်ကိုင်း တပ်ရင်း ၃၊ ပင်နင်းလိုကယ်နှင့် မဟာမိတ်တပ်များက ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၄။ MNRF တပ်စခန်း စီးနင်းခံရမှုအတွင်း ကာပစ်ပေးရင်း ရဲဘော်တစ်ဦး ကျဆုံး၊ နှစ်ဦး ဒဏ်ရာရ
ဖေဖော်ဝါရီ ၂၃ ရက်၊
Radio NUG
Moe Nyo Revolution Force (MN.R.F) အဖွဲ့ရဲ့ တပ်စခန်း တစ်ခုကို စစ်ကောင်စီ တပ်ဖွဲ့က ဝင်ရောက် စီးနင်းမှုအတွင်း ကာပစ်ပေးရင်း ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ MN.R.F က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက် ၃ နာရီခန့်တွင် MN.R.F တပ်စခန်းကို စစ်ကောင်စီ တပ်သားများက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် ရဲဘော် ဘိုမင်းချီ ကျဆုံးခဲ့ကာ ရဲဘော် မောင်ဒိုးကြီး၊ ရဲဘော်ပြည့်စုံတို့နှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
၎င်းရဲဘော် ၃ ဦး တာဝန်ထမ်းဆောင်နေချိန်အတွင်း စစ်ကောင်စီ တပ်သားများနဲ့ အပြန်အလှန်ပစ်ခတ်ကြရင်း စခန်းရှိ ရဲဘော်များ ဆုတ်ခွာနိုင်ဖို့ ကာပစ်ပေးရင်း ရဲဘော် ဘိုမင်းချီ ကျဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီ တပ်ဘက်က အရာရှိတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ စခန်းရှိ ရဲဘော်များလည်း ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရဲဘော်ဘိုမင်းချီဟာ (M.N.R.F) တပ်ဖွဲ့ တပ်မှူးမိုးညိုရဲ့ ညီအငယ်ဆုံး (ညီကိုအရင်း) တော်စပ်သူဖြစ်ပြီး အကိုဖြစ်သူကို ကာကွယ်ရန်ဟုဆိုကာ မကြာသေးမှီကမှ တပ်ဖွဲ့ထဲ ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှား တာဝန် ထမ်းဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မြင့်မြတ်စွာ ကျဆုံးခဲ့တဲ့ ရဲဘော် ဘိုမင်းချီ ကို အာဇာနည် သူရဲကောင်းအဖြစ် မှတ်တမ်းပါတင်ကြောင်း Moe Noe Revolution Force က ဝမ်းနည်းဂုဏ်ယူ လေးစားစွာဖြင့် ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း စခန်းတခုကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်
ဖေဖော်ဝါရီ ၂၃ ရက်၊
Radio NUG
မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၃ စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မိတ္ထီလာ ရှန်တဲလေတပ်မှ တက်လာတဲ့ Mig-29 ဂျက်ဖိုက်တာ တစ်စီးဖြင့် မွန်းလွဲ ၁၁ နာရီ ၃၈ မိနစ်၊ ၄၂ မိနစ်နဲ့ ၅၀ မိနစ်တို့မှာ ဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး MI-35 ရဟတ်ယာဉ် ဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း တော်လှန်ရေး ရဲဘော်များ ထိခိုက်မှု မရှိခဲ့ဘဲ အိပ်ဆောင်တဲ တစ်လုံး ပြိုကျပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ထို့အပြင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်က အောင်ဇေဖြိုး ကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပြည်သူ ၈ ဦး ဒဏ်ရာရခဲ့ကာ နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ ဝါးချဲ ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် ဓမ္မာရုံနဲ့ သိမ်ကျောင်းတစ်လုံး ထိခိုက်ပျက်စီး
ဖေဖော်ဝါရီ ၂၃ ရက်၊
Radio NUG
ကရင့်အမျိုးသား အစည်းအရုံး၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ ဝါးချဲကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနက် ၉ နာရီခွဲ အချိန်မှာ လေယာဉ်ဖြင့် ပစ်ခတ်ခဲ့တာဖြစ်ပြီး ဓမ္မာရုံ၊ သိမ်နဲ့ ဇောင်းတန်း ဇရပ်များ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်များက အရပ်သား ပြည်သူများ နေထိုင်ရာ နေရာနဲ့ လုပ်ကိုင်စားသောက်ရာ နေရာများကို ပစ်မှတ်ထားကာ သာသနာ နယ်မြေများပါမကျန် လက်နက်ကြီး၊ ဒရုန်းနဲ့ လေယာဉ်များဖြင့် ပစ်ခတ် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်ခန့်ကလည်း ဒူးသထူခရိုင်၊ ဖားအံမြို့နယ်၊ ဝဲပျံ ကျေးနယ်အုပ်စု၊ ဖားဘောင်ရွာအနီး ပတ်ဝန်းကျင်ကို ၃ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း၊ ပြည်သူပိုင် ဆိုင် ၁ လုံး ဗုံးစထိမှန် ပျက်စီးခဲ့ပါတယ်။
ထို့နေ့မနက် ၇ နရီကျော် ဝန်းကျင်မှာလည်း ကမမောင်း စစ်ကောင်စီ တပ်စခန်းမှ ဖားဘောက်ရွာထဲကို ၁၂၀ မမ လက်နက်ကြီး ၂ လုံး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ပါသေးတယ်။
========================
🚩🚩 ၇။ စေတုတ္တရာမြို့နယ် ၊ မုံညှင်းကျေးရွာအနီးရှိ မင်းလမ်းယာတဲစု စစ်တပ်က စက်တပ်လေထီးများဖြင့် ဗုံးကြဲပစ်ခတ်မှု အသက် ၃ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ပြည်သူ ၈ ဦး သေဆုံး
ဖေဖော်ဝါရီ ၂၃
Radio NUG
ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၃ နာရီ ၁၄ မိနစ်အချိန် တစ်ကြိမ်၊ နံနက် ၃ နာရီ ၁၈ မိနစ်အချိန်တွင် ဒုတိယကြိမ် မကွေးလေတပ်မှ တက်လာသော စက်တပ် လေထီး - Paramotor များဖြင့် စေတုတ္တရာမြို့နယ် ၊ မုံညှင်းကျေးရွာအနီးရှိ မင်းလမ်းယာတဲစုကို ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရပါတယ်။
အဆိုပါ မင်းလမ်းယာတဲစုသည် တောင်သူတွေ ယာလုပ်ရင်း နေနေကြတာဖြစ်ပြီး ထိုသို့ ဗုံးကျဲတိုက်မှုကြောင့် အသက် ၃ နှစ်အရွယ် ကလေး ငယ် ၁ ဦးအပါအဝင် ပြည်သူ ၈ ဦးသေဆုံးကာ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည့်အပြင် နွား ၂၄ ကောင် သေဆုံးခဲ့သလို နေအိမ် ၁၀ လုံးခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment