၂၀၂၅ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် အိန္ဒိယနိုင်ငံတွေနဲ့ ပတ်သက်ပြီး မဟာဗျူဟာမြောက် ချည်းကပ်မှုတွေ ထပ်တိုးလုပ်ဆောင်ဖို့ ယာယီသမ္မတ တိုက်တွန်း
📌 ၂။ တော်လှန်ရေးအတွက် ရလဒ်ကောင်းတွေ၊ အဖြေကောင်းတွေထွက်အောင် အစွမ်းကုန်ရုန်းကန်ကြရမယ့်နှစ် ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် အသိပေးဆို
📌 ၃။ မြန်မာ့နွေဦးတက္ကသိုလ် ပထမအကြိမ် ဘွဲ့နှင်းသဘင် တက်ရောက်ရမည့် ကျောင်းသားကျောင်းသူများစာရင်းကြေညာ
📌 ၄။ နေ့သင်တန်း တက်လက်စကျောင်းသား၊ ကျောင်းသူများအတွက် မြန်မာ့နွေဦးတက္ကသိုလ်မှ ဆဋ္ဌမအကြိမ် ကျောင်းအပ်လက်ခံမည်
📌 ၅။ အကြမ်းဖက်စစ်အုပ်စုနှင့် လက်နက်ကိုင်တပ်ဖွဲ့အချို့မှ စစ်မှုထမ်းဥပဒေကို အလွဲသုံးစားပြုကာ တစ်နှစ်အတွင်း အပြစ်မဲ့ပြည်သူ ၁၇,၀၀၀ ကျော်အား အတင်းအကျပ် စစ်မှုထမ်း စေခိုင်းခြင်းနဲ့ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့
📌 ၆။ ကချင်ပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၄) ဦးနှင့် အမျိုးသား (၁၄) ဦး စုစုပေါင်း (၂၈) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက်ကလေးငယ် (၆) ဦး ပါဝင်
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နဲ့ (၅၀၈) အမြောက်တပ် တို့ကို Rocket များဖြင့် ပစ်ခတ််တိုက်ခိုက်
🚩 ၂။ သိမ်ဇရပ် ခမရ (၂၀၇) ကာကင်းစခန်းများကို တော်လှန်ရေး အင်အားစုများ ပူးပေါင်းတိုက်ခိုက်
🚩 ၃။ နတ်တလင်းတွင် ကင်းပတ်လာတဲ့ စစ်ကောင်စီ ဆိုင်ကယ် ၇ စီးအား မိုင်းဆွဲတိုက်ခိုက်
🚩 ၄။ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို စစ်ကောင်စီက အသေခံ ဒရုန်းများဖြင့် တိုက်ခိုက်
🚩 ၅။ တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာ ဘုရားတိုက်နှင့် ထန်းပင်ကန်ရွာ ဓမ္မာရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်
🚩 ၆။ မြိုင်၊ ကျောက်ခွက် ရေနံမှော်က မင်္ဂလာဆောင်ကို စစ်ကောင်စီ ဗုံးကြဲခဲ့ရာ ၁၁ ဦး ထက်မနည်း သေဆုံး
🚩 ၇။ ပေါက်မြို့နယ် ကင်းမရွာ စာသင်ကျောင်းကို စက်တပ်လေထီးဖြင့် ပစ်ခတ်ရာ ကျောင်းသူ ၁ဦး၊ ကျောင်းသားမိဘ ၂ဦး သေဆုံး
🚩 ၈။ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ကျန်းမာရေးဌာနမှ ဦးစီးကျင်းပသော စစ်မြေပြင် အရေးပေါ်ကုသနည်း အခြေခံသင်တန်း ကျင်းပပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် အိန္ဒိယနိုင်ငံတွေနဲ့ ပတ်သက်ပြီး မဟာဗျူဟာမြောက် ချည်းကပ်မှုတွေ ထပ်တိုးလုပ်ဆောင်ဖို့ ယာယီသမ္မတ တိုက်တွန်း
ဖေဖော်ဝါရီ၂၅ရက်
Radio NUG
အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် အိန္ဒိယနိုင်ငံတွေနဲ့ ပတ်သက်ပြီး မဟာဗျူဟာမြောက် ချည်းကပ်မှုတွေ ထပ်တိုးလုပ်ဆောင်ဖို့ ယာယီသမ္မတ ဒူဝါလရှီးလ ဖေဖော်ဝါရီ ၂၅ရက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၇/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။
"ကျွန်တော်တို့အနေနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ လက်တွေ့နိုင်ငံရေးအခင်းအကျင်းကို လက်တွေ့ကျကျ ရှုမြင်ပြီးတော့ အလှည့်အပြောင်းဖြစ်လာတဲ့ နိုင်ငံရေးအတိမ်းအညွှတ်တွေမှာ လူထုအတွက် ဘယ်လို အကောင်း ဖြစ်အောင် လုပ်ကြမလဲဆိုတာကြိုတင် စဉ်းစားထားကြဖို့ လိုပါတယ်။ ကျွန်တော်တို့အနေနဲ့လက်ရှိ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် အိန္ဒိယနိုင်ငံတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမဟာဗျူဟာမြောက် ချည်းကပ်မှုတွေ ထပ်တိုးလုပ်ဆောင်မလဲဆိုတာ လေးလေးနက်နက် အဖြေရှာကြဖို့ ဖြစ်ပါတယ်" လို့ ယာယီသမ္မတကပြောကြားပါတယ်။
ဒါ့အပြင် ရန်သူ့ အပေါ်မှာ မထောက်မညှာတမ်း တိုက်ခိုက်ပြီး၊ ပြည်သူ့အပေါ်မှာတော့ အဖြောင့်မတ်ဆုံး ရိုးသားနိုင်ဖို့ လိုအပ်တယ်လို့ ယာယီသမ္မတကထပ်လောင်း ပြောပါတယ်။
========================
📌📌 ၂။ တော်လှန်ရေးအတွက် ရလဒ်ကောင်းတွေ၊ အဖြေကောင်းတွေထွက်အောင် အစွမ်းကုန်ရုန်းကန်ကြရမယ့်နှစ် ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် အသိပေးဆို
ဖေဖော်ဝါရီ ၂၅
Radio NUG
တော်လှန်ရေးအတွက် ရလဒ်ကောင်းတွေ၊ အဖြေကောင်းတွေထွက်အောင် အစွမ်းကုန်ရုန်းကန်ကြရမယ့်နှစ် ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဖေဖော်ဝါရီ ၂၅ အစိုးရအဖွဲ့အစည်းအဝေးမှာ အသိပေးဆိုပါတယ်။
"၂၀၂၅ ဟာ စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေး၊ အုပ်ချုပ်ရေး စတဲ့ကဏ္ဍစုံမှာ တော်လှန်ရေးအတွက် ရလဒ်ကောင်းတွေ၊ အဖြေကောင်းတွေထွက်အောင် အစွမ်းကုန်ရုန်းကန်ကြရမယ့်နှစ်ဖြစ်တယ်လို့ ပြောခဲ့တာနဲ့အညီ ကျွန်တော်တို့အစိုးရအဖွဲ့ဝင်တွေအားလုံး ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ အလုပ်တွေ ပိုလုပ်ကြရမယ့်နှစ်တစ်နှစ်ဖြစ်ပါတယ်။ တော်လှန်ရေးဟာ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့တည်းနဲ့ သွားနေတဲ့တော်လှန်ရေးမဟုတ်သလို ကျွန်တော်တို့အစိုးရဟာလည်း Collective Leadership ဆိုတဲ့ခေါင်းဆောင်မှုနဲ့ အလုပ်လုပ်နေကြတာဖြစ်လို့ စုစုစည်းစည်း အလုပ်လုပ်နိုင်ဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
သက်ဆိုင်ရာဝန်ကြီး ဌာနရဲ့နိစ္စဒူဝလုပ်ငန်းတွေအပြင် စုဖွဲ့ထားတဲ့ ကဏ္ဍအလိုက် စုပေါင်း အင်အားနဲ့ စုပေါင်းအကြံဥာဏ်တွေနဲ့ ထိထိမိမိဝိုင်းဝန်း ကြိုးစားကြရမယ့် အချိန်လည်း ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
========================
📌📌 ၃။ မြန်မာ့နွေဦးတက္ကသိုလ် ပထမအကြိမ် ဘွဲ့နှင်းသဘင် တက်ရောက်ရမည့် ကျောင်းသားကျောင်းသူများစာရင်းကြေညာ
ဖေဖော်ဝါရီ ၂၅
Radio NUG
တော်လှန်ရေးကာလအတွင်း တက္ကသိုလ် တက်လက်စ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရေး အဆက်မပြတ်သွားစေရန် ရည်ရွယ်၍ စတင်ဖွင့်လှစ်ခဲ့သည့် မြန်မာ့နွေဦးတက္ကသိုလ်တွင် ပညာသင်ကြားမှု ဘွဲ့လက်မှတ်အပ်နှင်းရန် မြန်မာ့နွေဦးတက္ကသိုလ် ပထမအကြိမ်ဘွဲ့နှင်းသဘင်အခမ်းနားကို ၂၀၂၅ ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာ့နွေဦးတက္ကသိုလ် ပထမအကြိမ် ဘွဲ့နှင်းသဘင် တက်ရောက်ရမည့် သက်ဆိုင်ရာဘာသာရပ်အလိုက် နောက်ဆုံးနှစ်စာမေးပွဲဖြေဆို အောင်မြင်ထားသော ကျောင်းသား၊ ကျောင်းသူများစာရင်းကို ထုတ်ပြန်ကြေညာ ကြေညာထားပါတယ်။
ဘွဲ့လက်မှတ်ရယူနိုင်ရန်အတွက် Registration Form တွင် လိုအပ်သည့် အချက်အလက်များကို (3.3.2025)ရက်နေ့ ည ၁၂နာရီ နောက်ဆုံးထား ဖြည့်သွင်းပေးရန် လိုအပ်ပြီး နောက်ဆက်တွဲ ဘွဲ့ယူစာရင်း ဆက်လက်ကြေညာရန် ရှိသေးကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၄။ နေ့သင်တန်း တက်လက်စကျောင်းသား၊ ကျောင်းသူများအတွက် မြန်မာ့နွေဦးတက္ကသိုလ်မှ ဆဋ္ဌမအကြိမ် ကျောင်းအပ်လက်ခံမည်
ဖေဖော်ဝါရီ ၂၅
Radio NUG
နေ့သင်တန်း ၂၀၂၁ မတိုင်မီအထိ တက်လက်စ Second Semester တက်ရန်ကျန် အတန်းများနှင့် အဝေးသင် သင်တန်းများ တက်လက်စ ကျောင်းသား၊ ကျောင်းသူများကို မြန်မာ့နွေဦးတက္ကသိုလ်မှ ဆဋ္ဌမအကြိမ် ကျောင်းအပ်လက်ခံမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ခေါ်ယူမည့် စာရင်းတွင် မိမိတို့ တက်ရောက်ရမည့် အတန်း၊ မေဂျာ ပါမပါ နှင့် အဆိုပါအတန်းများ၏ ကျောင်းအပ်လက်ခံမည့်ကာလကို သေချာစွာ ကြည့်ရှုလေ့လာကြရန် အသိပေးထားပါတယ်။
MES တွင် စာရင်းသွင်းကျောင်းအပ်ရမည့် ပုံစံနှင့် အသေးစိတ်ကို ကျောင်းအပ်လက်ခံမည့် ရက်တွင် ကြေညာမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဖွင့်လှစ်နိုင်ခြင်းမရှိသေးသော အတန်းများအတွက်လည်း ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာဘာသာရပ်ဌာနများမှ ကြိုးစားပြင်ဆင်နေပါကြောင်း အသိပေးထားပါတယ်။
မြန်မာ့နွေဦးတက္ကသိုလ်တွင် နေ့သင်တန်း ဘာသာရပ် ၄၀ခုနှင့် အဝေးသင်သင်တန်း ဘာသာရပ် ၁၁ခုတို့ကို အပ်နှံနိုင်မှာဖြစ်ပြီး မတ်လ ၈ရက်နေ့မှ ဧပြီလ ၁၃ရက်နေ့ထိ လက်ခံပေးမယ်လို့ သိရပါတယ်။
========================
📌📌 ၅။ အကြမ်းဖက်စစ်အုပ်စုနှင့် လက်နက်ကိုင်တပ်ဖွဲ့အချို့မှ စစ်မှုထမ်းဥပဒေကို အလွဲသုံးစားပြုကာ တစ်နှစ်အတွင်း အပြစ်မဲ့ပြည်သူ ၁၇,၀၀၀ ကျော်အား အတင်းအကျပ် စစ်မှုထမ်း စေခိုင်းခြင်းနဲ့ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့
ဖေဖော်ဝါရီ၂၅ရက်
Radio NUG
အကြမ်းဖက်စစ်အုပ်စုနှင့် လက်နက်ကိုင်တပ်ဖွဲ့အချို့မှ စစ်မှုထမ်းဥပဒေကို အလွဲသုံးစားပြုကာ တစ်နှစ်အတွင်း အပြစ်မဲ့ပြည်သူ ၁၇,၀၀၀ ကျော်အား အတင်းအကျပ်စစ်မှုထမ်းစေခြင်း၊ အင်အားသုံးဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားလူငယ်ကွန်ဂရက် (National Youth Congress- NYC)၏ စောင့်ကြည့်လေ့လာမှုအရ တွေ့ရှိထားတယ်လို့ ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်ပါတယ်။
ဤကဲ့သို့ လူငယ်များကို အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခြင်းသည် လူငယ်များ၏ အနာဂတ်ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများဆုံးရှုံးကာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းတို့ ဖြစ်ပေါ်စေတယ်လို့ဆိုပါတယ်။
အမျိုးသားလူငယ်ကွန်ဂရက် (National Youth Congress-NYC)သည် ဤလူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်းနှင့် ဖြေရှင်းခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ ကချင်ပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၄) ဦးနှင့် အမျိုးသား (၁၄) ဦး စုစုပေါင်း (၂၈) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက်ကလေးငယ် (၆) ဦး ပါဝင်
ဖေဖော်ဝါရီ၂၅ရက်
Radio NUG
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ ကချင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၄) ဦးနှင့် အမျိုးသား (၁၄) ဦး စုစုပေါင်း (၂၈) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၆) ဦး ပါဝင်တယ်လို့ ဖော်ပြပါတယ်။
အဆိုပါ သေဆုံးသူအားလုံးသည် စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခိုက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂၁ရက်နေ့၊ ညနေ ၄ နာရီကျော်ခန့်အချိန်တွင် ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မံစီမြို့နယ်၊ မံသာကျေးရွာအတွင်း၌ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ငွါးဆာလေးနှင့်ယာမဆီတို့နှစ်ဦးကို ဗုံးစထိမှန်၍ သေဆုံးခဲ့ပြီး သုံးဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နဲ့ (၅၀၈) အမြောက်တပ် တို့ကို Rocket များဖြင့် ပစ်ခတ််တိုက်ခိုက်
ဖေဖော်ဝါရီလ ၂၅ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) နဲ့ (၅၀၈) အမြှောက်တပ်တို့ကို စုစုပေါင်း Rocket အလုံး ၁၀၀ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားလက်ရုံး တပ်တော်က သတင်းထုတ်ပြန် ထားပါတယ်။
ဖေဖော်ဝါရီလ ၁၃ရက် နေ့လယ် ၃ နာရီ ၅မိနစ်အချိန်မှာ နမခ စစ်ဌာနချုပ်ကို Rocket အလုံး ၇၀ နဲ့ အမတ (၅၀၈) ကို Rocket အလုံး ၃၀ ဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။
၎င်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၇ ဦး သေဆုံးခဲ့ကာ ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမတ ၅၀၈ အတွင်းက အဆောက်အဦး တစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ဆင်ရေးကို ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ PACMPT၊ ယင်းမာပင်ခရိုင် အမှတ် (၃၇) တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ် (၉) တပ်ရင်း၊ NAA DF (Khin U)၊ ဘုတလင် mobile Team၊ Budalin Guerrilla Force၊ မုံရွာမြို့နယ် ပ.လ.ဖ တာဝန်ခံ (ပစ်တိုင်းထောင် အဖွဲ့)၊ မုံရွာခရိုင် အမှတ် (၂၅) တပ်ရင်း တပ်ခွဲ (၄) နဲ့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ (တိုက်နယ် ၅) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၂။ သိမ်ဇရပ် ခမရ (၂၀၇) ကာကင်းစခန်းများကို တော်လှန်ရေး အင်အားစုများ ပူးပေါင်းတိုက်ခိုက်
ဖေဖော်ဝါရီလ ၂၅ ရက်၊
Radio NUG
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၂၀၇ တပ်ရင်း ကာကင်းစခန်းများကို တော်လှန်ရေး အင်အားစုများက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Inntakaw People Defence Force က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်မှာ အင်းတကော် ပကဖ နဲ့ တောင်ညို စစ်ကြောင်းက ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဝေါ ပကဖ အဖွဲ့က ရှော့တိုက်ဒုံးများဖြင့် တပြိုင်နက်ထဲ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ထိခိုက် သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ နတ်တလင်းတွင် ကင်းပတ်လာတဲ့ စစ်ကောင်စီ ဆိုင်ကယ် ၇ စီးအား မိုင်းဆွဲတိုက်ခိုက်
ဖေဖော်ဝါရီလ ၂၅ ရက်၊
Radio NUG
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်း မြို့နယ်တွင် ကင်းပတ်လာတဲ့ စစ်ကောင်စီ ဆိုင်ကယ် ၇ စီးအား မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ Bamar Revolution Army အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် သရက်ပင်ကန်ရိုး ကျေးရွာမှာ ပြုလုပ်နေတဲ့ နတ်ပွဲ မှ နတ်တလင်း မြို့ဘက်ကို ကင်းပတ် ပြန်လာတဲ့ စစ်ကောင်စီ ဆိုင်ကယ် ၇ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ငုတ်တိုကျေးရွာနဲ့ ပေါက်တုန်းကျေးရွာ ကြားမှာ အသင့်စောင့်ကြို မိုင်းဆွဲခဲ့တာဖြစ်ပြီး အင်အား ၁၄ ဦးခန့်ပါ စစ်ကောင်စီ တပ်ဖွဲ့မှ ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရခဲ့တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဘက်မှ လက်နက်ငယ်များနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ဗမာတော်လှန်ရေး တပ်မတော်၊ တပ်ရင်း (၃၈ဝ၁) ၊ တပ်ခွဲ (၄) က ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၄။ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို စစ်ကောင်စီက အသေခံ ဒရုန်းများဖြင့် တိုက်ခိုက်
ဖေဖော်ဝါရီလ ၂၅ ရက်၊
Radio NUG
ကချင်ပြည်နယ်၊ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို စစ်ကောင်စီတပ်က အသေခံ ဒရုန်း (တခါသုံး ဒရုန်း) များဖြင့် ၃ ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ The 74 Media က ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှာ အသေခံ ဒရုန်း ၃ စီးနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး နှစ်စီးက လိုင်ဇာမြို့အနီးမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
လိုင်ဇာမြို့ အနီးမှာ ပေါက်ကွဲသံ ၄ ကြိမ် ကြားခဲ့ရပြီး ဘယ်နေရာမှာ ကျရောက် ပေါက်ကွဲခဲ့တယ် ဆိုတာနဲ့ ထိခိုက်မှု ရှိမရှိကိုတော့ မကြားမိဘူးလို့ ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း လိုင်ဇာမြို့ကို အသေခံ ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း လိုင်စင်ကျေးရွာကို လေကြောင်းကနေ ၃ ကြိမ်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါသေးတယ်။
လက်ရှိမှာတော့ လိုင်ဇာနဲ့ မိုင် ၆၀ ခန့်အကွာရှိ ဗန်းမော်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေပြီး စစ်ကောင်စီက လေကြောင်းဖြင့် ကချင်ပြည်နယ် အနှံ့ကို ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
========================
🚩🚩 ၅။ တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာ ဘုရားတိုက်နှင့် ထန်းပင်ကန်ရွာ ဓမ္မာရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်
ဖေဖော်ဝါရီ ၂၅
RadioNUG
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် တောင်သာမြို့နယ် ဇရပ်ကြီးရွာ အနောက်ဘုရားကြီးကုန်းရှိ ဘုရားတိုက်နှင့် ဇရပ်တို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း လူထုလှုပ်ရှားမှုကော်မတီ တောင်သာမှ သတင်းထုတ်ပြန်ထားပါတယ်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ဘုရားစင်းတုတော်များနှင့် အဆောက်အဦးများ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် တောင်သာမြို့နယ်၊ ထန်းပင်ကန်ကျေးရွာ ဓမ္မာရုံအနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် ၁ ကြိမ်၊ ၁၁ နာရီခန့်တွင် ၁ ကြိမ် စုစုပေါင်း ၂ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူပိုင် နေအိမ် ၃လုံး ၊ ကျေးရွာ ဓမ္မာရုံ အဆောက်အဦး ၊ 200KVA ထရပ်စဖော်မာ ၁ လုံးနှင့် နွား ၁ ကောင် သေဆုံး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ မြိုင်၊ ကျောက်ခွက် ရေနံမှော်က မင်္ဂလာဆောင်ကို စစ်ကောင်စီ ဗုံးကြဲခဲ့ရာ ၁၁ ဦး ထက်မနည်း သေဆုံး
ဖေဖော်ဝါရီလ ၂၅ ရက်၊
Radio NUG
မကွေးတိုင်း၊ ပခုက္ကူ ခရိုင်၊ မြိုင် မြို့နယ်၊ ကျောက်ခွက် ရေနံမှော် ဒေသက ဆုံကုန်းရွာ ဘုန်းကြီးကျောင်းမှာ မင်္ဂလာပွဲ ကျင်းပနေချိန် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူ ၁၁ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက် ၉ နာရီ ၄၃ မိနစ်မှာ မင်္ဂလာပွဲ ကျင်းပနေတဲ့ ဆုံကုန်းရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးတွေ ကြဲချခဲ့သလို စက်လတ်တွေနဲ့ပါ ပစ်ခတ်သွားခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြဲ တိုက်ခိုက်မှုအတွင်း ဘုန်းကြီးကျောင်း ဓမ္မာရုံနဲ့ ထမင်းချက်ရုံ အပေါ်တည့်တည့် ကျရောက်ပေါက်ကွဲခဲ့ပြီး ထမင်းချက်နေတဲ့ ပြည်သူတွေ အပါအဝင် ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုအပြီး ထိခိုက်ခဲ့တဲ့ ပြည်သူတွေကို ကာကွယ်ရေးအဖွဲ့တွေက ကယ်ဆယ်ရေး လုပ်နေချိန်မှာ စစ်ကောင်စီက နောက်ထပ် ဂျက်ဖိုက်တာ တစ်စီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးကြဲ တိုက်ခိုက်မှုအတွင်း ရုပ်အလောင်း ၁၁ ခု ကိုသာ ကောက်ယူနိုင်သေးပြီး ၂၀ ဦးခန့် သေဆုံးနိုင်ကာ ထိခိုက်ဒဏ်ရာရသူ ၂၂ ဦး ထက်မနည်း ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီက ထပ်မံ တိုက်ခိုက်လာမှာကို စိုးရိမ်ရတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် နေကြရပြီး ထိခိုက်သေဆုံးမှု အတိအကျကို အတည်ပြုနိုင်ဖို့ ခက်ခဲနေသေးတာ ဖြစ်ပါတယ်။
========================
🚩🚩 ၇။ ပေါက်မြို့နယ် ကင်းမရွာ စာသင်ကျောင်းကို စက်တပ်လေထီးဖြင့် ပစ်ခတ်ရာ ကျောင်းသူ ၁ဦး၊ ကျောင်းသားမိဘ ၂ဦး သေဆုံး
ဖေဖော်ဝါရီ ၂၅
Radio NUG
ဖေဖော်ဝါရီလ ၂၅ရက်နေ့ နံနက်၁၁:၀၀ နာရီ၀န်ကျင်ခန့်တွင် ပေါက်မြို့နယ် ကင်းမရွာကို အကြမ်းဖက်စစ်တပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြေပြင်ကျောင်းအခြေစိုက်ရာကို Paramotor အင်ဂျင်တပ်လေထီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
အဆိုပါ ပစ်ခတ်မှုကြောင့် G11 ကျောင်းသူ မအေးသီရိကျော် သေဆုံးပြီး G7 ကျောင်းသား မောင်ဇေယျာမောင် ခြေထောက်ဖြတ်ရကာ မိခင်ဒေါ်တင်နွဲ့နှင့် ဒေါ်လှိုင်ဝင်းတို့ သေဆုံးခဲ့ရတယ်လို့ ဆရာတစ်ယောက်မှ ပြောဆိုထားပါတယ်။
========================
🚩🚩 ၈။ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ကျန်းမာရေးဌာနမှ ဦးစီးကျင်းပသော စစ်မြေပြင် အရေးပေါ်ကုသနည်း အခြေခံသင်တန်း ကျင်းပပြုလုပ်
ဖေဖော်ဝါရီ ၂၅
Radio NUG
မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ကျန်းမာရေးဌာနမှ ဦးစီးကျင်းပသော စစ်မြေပြင် အရေးပေါ်ကုသနည်း အခြေခံသင်တန်းအား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ သင်တန်းတွင် စစ်မြေပြင်တွင်း ထိခိုက်ဒဏ်ရာရရှိသည့် ရဲဘော်များအား အရေးပေါ်ကုသပေးနိုင်ရန်အတွက် တိုက်ပွဲထိခိုက်ဒဏ်ရာကုသခြင်း၊ စစ်မြေပြင်လူနာသယ်ခြင်း၊ ပတ်တီးစည်းခြင်း ၊ မီးလောင်ဒဏ်ရာကုသခြင်း၊ CPR (Cardiopulmonary Resuscitation) ပြုလုပ်နည်းများကို စာတွေ့၊ လက်တွေ့ ဖြင့် ၅ ရက်တာ သင်ကြားပို့ချပေးခဲ့ပြီး ၎င်းသင်တန်းသို့ Galon Drone Team -2 ဌာန ၊ Spring UAV Force - G3 ( Fixed Wing) ဌာန ၊ ဆက်သွယ်ရေး ဌာန အသီးသီးမှ ရဲဘော် ၊ ရဲမေများ တက်ရောက်သင်ကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment