၂၀၂၅ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထားရသူတွေကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
📌 ၂။ မြဝတီကနေ ထိုင်းဘက် ပြောင်းရွှေ့ယူဆောင်လာတဲ့ ကျားဖြန့်လုပ်ငန်းသုံး ကွန်ပြူတာတွေနဲ့ စမတ်ဖုန်းတွေ ထိုင်းရဲ ဖမ်းဆီး
📌 ၃။ တအာင်းပြည်မှာ ဇန်နဝါရီလအတွင်း မီးလောင်မှု ၃ ကြိမ်ဖြစ်ခဲ့ပြီး ကျပ် ၁၉၆ သိန်းဖိုး ဆုံးရှုံး
📌 ၄။ နွေဦးတော်လှန်ရေး ၄ နှစ်ပြည့်အဖြစ် ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးရှေ့မှာ အမေရိကန်ရောက် မြန်မာတွေ ဆန္ဒပြ
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရေးမြို့မရဲစခန်းက အချုပ်သားအချို့ ထွက်ပြေးလွတ်မြောက်
🚩 ၂။ ဆီမီးခုံစျေးမှာ ဈေးဝယ်ပြီးပြန်လာတဲ့ ပျူစောထီးတွေကိုပစ်ခတ်တိုက်ခိုက်မှုမှာ၄ ဦးသေဆုံး
🚩 ၃။ ရွှေစက်တော်ဘုရားအနီးက လက်ပတောရဲစခန်းကို တိုက်ခိုက်မှုမှာ ဘန်ကာနဲ့အဆောက်အအုံတွေပျက်စီး
🚩 ၄။ တအောင်းပြည်မှာ အမျိုးသမီးစွမ်းရည်မြင့်တင်ရေး အပတ်စဥ် ၂ သင်တန်းဆင်းပွဲနဲ့ အပတ်စဥ် ၃ သင်တန်းဖွင့်ပွဲ ကျင်းပ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထားရသူတွေကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
ဖေဖော်ဝါရီ ၂ရက်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထားရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံ ခြားရေးဝန်ကြီး David Lammy က တောင်းဆိုလိုက်တာကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ဖေဖောါဝါရီ ၁ ရက်နေ့ ညပိုင်းမှာ ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးထားရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ယူကေ နိုင်ငံခြားရေး ဓနသဟာယနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံခြားရေး၀န်ကြီး David Lammy က တောင်းဆိုလိုက်တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ်က စစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့ကာ မြန်မာပြည်သူတေါရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဆိုးဆိုးရွားရွားဖျက်ဆီးခဲ့တယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ်က မြန်မာစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရ ကို ဖြုတ်ချပြီး မြန်မာပြည်သူပြည်သားတွေရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဆိုးဆိုးရွားရွားဖျက် ဆီးခဲ့ပါတယ်။ အပြစ်မဲ့ အရပ်သားများအနေနဲ့ နေ့စဥ် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထောင်နဲ့ချီတဲ့ စစ်အာဏာရှင်ဆန့်ကျင်သူများဟာ နိုင်ငံရေးစွဲချက်တွေနဲ့ ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက် ဟာ ၄ နှစ်ကြာခဲ့ပြီဖြစ်ပေမယ့် ကျွန်တော်တို့ မေ့ပျောက်လို့မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်း ဆီးထားသူတွေ အားလုံးကို လွှတ်ပေးဖို့ တိုက်တွန်းပါတယ်။ မြန်မာပြည်သူတွေအတွက် ထိုက်တန်တဲ့ ငြိမ်းချမ်းသော ဒီမိုကရေစီကို ဖော်ဆောင်ဖို့ တိုက်တွန်းပါတယ်လို့ ဝန်ကြီး David Lammy က ထပ်ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းယူလိုက်တာ ၄ နှစ်ပြည့်မြောက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဗြိတိန်အစိုးရဟာ အမေရိကန် အပါအဝင် နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့အတူ မြန်မာစစ်အာဏာရှင်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချခိုက်ပြီး မြန်မာ ပြည်သူများနဲ့အတူ ရပ်တည်နေကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
========================
📌📌 ၂။ မြဝတီကနေ ထိုင်းဘက် ပြောင်းရွှေ့ယူဆောင်လာတဲ့ ကျားဖြန့်လုပ်ငန်းသုံး ကွန်ပြူတာတွေနဲ့ စမတ်ဖုန်းတွေ ထိုင်းရဲ ဖမ်းဆီး
ဖေဖော်ဝါရီ ၂ရက်
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုဒေသကနေ ပြောင်းရွှေ့ယူဆောင်လာတဲ့ ကျားဖြန့်လုပ်ငန်းသုံး ကွန်ပြူတာတွေအပါအဝင် စမတ်ဖုန်းတွေနဲ့ ဆင်းကတ်အများအပြားကို ထိုင်းနိုင်ငံဘက်ခြမ်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းဘက်ကလာတဲ့ သတင်းတွေက ဆိုပါတယ်။
ထိုင်းနိုင်ငံ တာ့က်ခရိုင် မယ်လမတ်မြို့နယ် မယ်လမတ်ကျေးရွာအနီးမှာ ထိုင်းစစ်တပ်ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ မနေ့ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းက လှည့်ကင်းဆောင်ရွက်နေချိန် ယာတောလမ်းအတိုင်း မောင်းလာတဲ့ မသင်္ကာဖွယ်ရာ ပစ်ကပ်ကားတစီးကို တားဆီးစစ်ဆေး ရာက ဖမ်းမိတာလို့ သိရပါတယ်။
အဲဒီကားအတွက်းကနေ စမတ်ဖုန်း ၁၂၅၁ လုံး၊ ဆင်းကဒ် ၂၇၄ ကတ်၊ ကွန်ပျူတာ ၁၉ လုံးနဲ့ ကျားဖြန့်လုပ်ငန်း လုပ်ဆောင်ရာမှာ အသုံးပြုတဲ့ circuits ၂၇၄ ခု သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းဘက်ကလာတဲ့ သတင်းတွေက ဆိုပါတယ်။
ဒီပစ္စည်းတွေကိုသယ်ဖို့ ကားခ ဘတ် ၅၀၀၀ ရရှိတာကြောင့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းအနီးကနေ သယ်လာ တာဖြစ်ပြီး မယ်လမတ်မြို့ပေါ်က ပုဂ္ဂလိက ပို့ဆောင်ရေးကုမ္ပဏီတခုကတဆင့် စလကဲ့ယောက်ခရိုင် ဝပ်ထနာနခွန်မြို့နယ် ဝပ်ထနာကျေးရွာက နေအိမ်တလုံးကို ပို့ဆောင်ပေးရမှာဖြစ်တယ်လို့ ဖမ်းဆီးခံရတဲ့ ထိုင်းနိုင်ငံသား ကားသမားက ဝန်ခံ ထွက်ဆိုထားတယ်လို့ မြဝတီ မဲဆောက်မီဒီယာမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံရတဲ့ ထိုင်းနိုင်ငံသား ကားသမားကို မယ်လမတ်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ရဲတပ်ဖွဲ့က ကွင်းဆက် တရားခံတွေကို ဆက်လက်ဖမ်း ဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
ထိုင်းဘက်ကလာတဲ့ သတင်းတွေအရ အခုဖမ်းဆီးရမိတဲ့ပစ္စည်းတွေဟာ ထိုင်း-ကမ္ဘောဒီယားနယ်စပ်မှာ အခြေချဖို့ ပို့ဆောင် လိုက်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြဝတီနဲ့ ရွှေကုက္ကိုဒေသမှာအခြေစိုက်တဲ့ ကျားဖြန့်- အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို တားဆီးနှိမ်နင်းဖို့ နိုင်ငံတကာက ဖိအားတွေပေးနေတာကြောင့် တရုတ်နိုင်ငံသားလုပ်ငန်းရှင်အချို့ဟာ ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူနဲ့ တာချီလိတ်ဒေသ စတဲ့ လွတ်မြောက်နယ်မြေဒေသတွေကို ပြောင်းရွှေ့နေကြတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။
========================
📌📌 ၃။ တအာင်းပြည်မှာ ဇန်နဝါရီလအတွင်း မီးလောင်မှု ၃ ကြိမ်ဖြစ်ခဲ့ပြီး ကျပ် ၁၉၆ သိန်းဖိုး ဆုံးရှုံး
ဖေဖော်ဝါရီ ၂ရက်
တအာင်းပြည်မှာ ဇန်နဝါရီလအတွင်း မီးလောင်မှု ၃ ကြိမ် ဖြစ်ခဲ့ပြီး ကျပ် ၁၉၆ သိန်းဖိုး ဆုံးရှုံးခဲ့ရတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောပါတယ်။
နမ့်ခမ်းမြို့နယ်၊ မိုးကုတ်မြို့နယ်နဲ့ နမ္မတူမြို့နယ်တို့မှာ ဇန်နဝါရီလအတွင်း မီးလောင်မငတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၉ရက် နေ့လယ် ၂ နာရီ ၄၅ မိနစ်ခန့်အချိန်က နမ့်ခမ်းမြို့နယ် နမ့်စိတ်ကျေးရွာက ဦးအိုက်ကီ အသုဘသွားပို့ နေချိန် ဝါယာကြိုး ရှော့ဖြစ်ကာ နေအိမ်မီးလောင်သွားခဲ့တဲ့အတွက် နေအိမ်အတွင်းမှာရှိတဲ့ အသုံးအဆောင်ပစ္စည်းများ၊ ဖုန်း တလုံး နဲ့ ဆန်စပါးအပါအဝင် ကာလတန်ဖိုး ကျပ်သိန်း ၅၀ ကျော်ဖိုး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ထို့အတူ မိုးကုတ်မြို့ မင်တံတားရပ်ကွက်မှာလည်း ဇန်နဝါရီလ ၂၂ ရက် နေ့လယ် ၁ နာရီကျော်အချိန်မှာ ဦးကူးမားရဲ့အိမ်မှာ မီးဖိုဆောင်ကတဆင့် မီးလောင်ခဲ့ပြီး နေအိမ်မီးလောင်ပြာကျသွားခဲ့တာကြောင့် အိမ်တွင်းကပစ္စည်းတွေအပါအဝင် ကျပ် ၁၂၅ သိန်းကျော်ဖိုး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ထိုအပြင် နမ္မတူမြို့နယ် ခိုဖိတ်ကျေးရွာမှာလည်း ဇန်နဝါရီလ ၂၄ ရက် ည ၈ နာရီခန့်အချိန်က ဦးတာအေဝင်းအိမ်မှာ ဘုရားမီး ပူဇော်ထားရာက မီးလောင်မှုဖြစ်ခဲ့ပြီး အိမ်သုံးပစ္စည်းတွေနဲ့ ဆန်စပါးတွေအပါအယင် ကာလတန်ဖိုး ကျပ် ၂၁ သိန်းကျော်ဖိုး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ အသိပေးပါတယ်။
အဲဒီမီးလောင်မှုတွေကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မီးသတ်တပ်ဖွဲ့ မီးသတ်ကား ၂ စီးနဲ့ ဒေသနေ ပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ နွေဦးတော်လှန်ရေး ၄ နှစ်ပြည့်အဖြစ် ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးရှေ့မှာ အမေရိကန်ရောက် မြန်မာတွေ ဆန္ဒပြ
ဖေဖော်ဝါရီ ၂ရက်
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် မြန်မာသံရုံးနဲ့ရှေ့မှာ ပြည်ပရောက် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ မြန်မာတွေ ဖေဖော်ဝါရီလ ၁ ရက်နေ့ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီမှာ နွေဦးတော်လှန်ရေး ၄ နှစ်ပြည့်အဖြစ် ဆန္ဒပြခဲ့ကြပါတယ်။
အာဏာသိမ်းစစ်တပ်ကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ခိုက်နေတဲ့အတွက် စစ်တပ်ဟာ ရှုံးနှိမ့်မှုများစွာနဲ့ ရင်ဆိုင်နေရတယ်လို့ ဆန္ဒပြပွဲမှာပါဝင်သူအချို့က ပြောပါတယ်။
၄ နှစ်အတွင်းမှာ ကျွန်တော်တို့ ငြိမ်မနေဘူး။ အရွေ့တစ်ခုကို သွားနေကြတယ်။ စစ်ကောင်စီက အရှုံးကြီး ရှုံးနေပြီ။ စစ်ကောင်စီ ရှုံးသွားတဲ့တနေ့မှာ Non CDM တွေ ပြန်စရာနယ်မြေမရှိဖြစ်လိမ့်မယ်။ ခင်ဗျားတို့ နောက်မကျခင် လှည့်လာ လို့ရတယ်လို့ တေးရေး တေးဆို လင်းထက်က ဆန္ဒပြပွဲမှာ ပြောကြားခဲ့ပါတယ်။
အလားတူ ဥရောပသမဂ္ဂအဖွဲဝင်နိုင်ငံတခုဖြစ်တဲ့ နယ်သာလန်နိုင်ငံမှာလည်း စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့မှာနယ်သာလန် ရောက် မြန်မာနိုင်ငံသားတွေ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတယ်လို့ သိရပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာလည်း နွေဦးတော်လှန်ရေး ၄ နှစ်ပြည့်ချိန်မှာ စစ်တပ် အာဏာသိမ်းမှု အဆုံးသတ်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တာရှိပါတယ်။
အာရှအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂျပန်နိုင်ငံရောက် မြန်မာလူမျိုး ၅၀၀ ခန့်က နွေဦးတော်လှန်ရေး ၄ နှစ်ပြည့်နေ့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသလို တောင်ကိုရီးယားနိုင်ငံ ဒယ်ဂျောန်းမြို့မှာလည်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ ကိုရီးယားအဖွဲအစည်းတွေ စုပေါင်းကာ နွေဦးတော်လှန်ရေး ၄ နှစ်ပြည့် သတင်းစာရှင်း လင်းပွဲနဲ့ လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရေးမြို့မရဲစခန်းက အချုပ်သားအချို့ ထွက်ပြေးလွတ်မြောက်
ဖေဖော်ဝါရီ ၂ရက်
မွန်ပြည်နယ် ရေးမြို့မရဲစခန်းမှာ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး အချုပ်သားအချို့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် ၁ဝ နာရီခန့်အချိန်က ရေးမြို့မရဲစခန်းမှာ အချုပ်သားတွေနဲ့ ရဲတွေကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲတွေထိခိုက်သေဆုံးမှုသလို အချုပ်သားအချို့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့။ ရဲသတင်းရင်းမြစ်က လည်း အတည်ပြုထားပါတယ်။
ရဲကြေးနန်းအရ ရေးမြို့မရဲစခန်းမှာချုပ်နှောင်ထားတဲ့ အချုပ်သားတွေက ရဲကင်းအဖွဲ့ကိုထုတ်ပေးထားတဲ့ လက်နက် ခဲယမ်းတွေ ရရှိသွားပြီး ဗဟိုကင်းနေရာမှာ လုံခြုံရေးယူထားတဲ့ ရဲတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာလို့ ဖော်ပြထားပါတယ်။
ဒုရဲအုပ် နိုင်လွင်ဦး ဦးစီးတဲ့အဖွဲ့က ရဲတပ်ဖွဲ့ဝင်တွေ အချုပ်သားတွေကို ထမင်းပုံးပေးနေချိန်မှာ အချုပ်သားတွေက ဒုရဲအုပ် နိုင်လွင်ဦး၊ ရေတပ်ကြပ် မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့ဆီက သေနတ်တွေလုယူပြီး ပစ်ခတ်တာကြောင့် အဲဒီရဲ ၃ ဦး သေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ ရာမညတိုင်းသတင်းဌာနက ဖော်ပြထားပါတယ်။
ဒီပစ်ခတ်မှုမှာ မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဦးလည်း ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
ရေးမြိုမရဲစခန်း အချုပ်ခန်းမှာ ဖမ်းဆီးခံထားရတဲ့ အချုပ်သားတွေက ရဲတွေကိုပစ်သတ်ကာ ထွက်ပြေးလွတ်မြောက် သွားခဲ့ရာမှာ အချုပ်သားအချို့ကို ရေးဘီလူးအဖွဲက ကယ်ထုတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ရေးမြိုမရဲစခန်းကနေ ထွက်ပြေးနိုင်ခဲ့သူတွေနဲ့ပတ်သက်ပြီး ရေးဘီလူး အဖွဲခေါင်းဆောင်က သူရဲ့လူမှုကွန်ယက် စာမျက်နှာ မှာ "ရေးမြိုရဲစခန်းက ထွက်ပြေးတဲ့ ညီလေးတွေ မင်းတို့ လိုက်မမိတော့ဘူး ခေါင်းစိမ်းတို့။ ရေးဘီလူးတပ်ရင်းက မြန်တယ်ကွ" လို့ ရေးသားဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ ဆီမီးခုံစျေးမှာ ဈေးဝယ်ပြီးပြန်လာတဲ့ ပျူစောထီးတွေကိုပစ်ခတ်တိုက်ခိုက်မှုမှာ၄ ဦးသေဆုံး
============
ဖေဖော်ဝါရီ ၂ရက်
မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆီမီးခုံမြို့မှာ ဘေးတွဲဆိုင်ကယ်နဲ့ ဈေးဝယ်ပြီးပြန်လာတဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ၄ ဦးသေဆုံးသွားတယ်လို့ ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
မြင်းခြံမြို့နယ် ဆုံရွာက ပျူစောထီးတွေ ဇန်နဝါရီ ၂၈ ရက်မနက်ပိုင်းက ဆီမီးခုံမြို့မှာ ဈေးဝယ်ပြီး ဘေးတွဲဆိုင်ကယ်တွေနဲ့ ပြန်လာချိန်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်သင်္ဘောတည်ရှိရာရေတပ်စခန်း ရေနက်ဆိပ်ကမ်းနဲ့ ဆုံရွာကြားက ကားလမ်းပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ် တိုက်ခိုက်ခဲ့ခဲ့တာဖြစ်ပြီး ပျူစောထီး ၄ ဦး သေဆုံးကာ ၂ ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြင်းခြံနဲ့ မြင်းခြံ မြောက်ပိုင်းသားပြောက်ကျားတပ်ဖွဲ့ MNGF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့ အသိပေးထုတ်ပြန်ထားပါတယ်။
ဆုံရွာဟာ ပျူစောထီးရွာဖြစ်ပြီး အနီးနားမှာရှိတဲ့ ကျေးရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေပြီး မုဒိမ်းကျင့်ဗိုလ်ကျ နေတဲ့ရွာလို့ သိရပါတယ်။
========================
🚩🚩 ၃။ ရွှေစက်တော်ဘုရားအနီးက လက်ပတောရဲစခန်းကို တိုက်ခိုက်မှုမှာ ဘန်ကာနဲ့အဆောက်အအုံတွေပျက်စီး
ဖေဖော်ဝါရီ ၂ရက်
မကွေးတိုင်း မင်းဘူးမြို့နယ် ရွှေစက်တော်ဘုရားအနီးမှာရှိတဲ့ လက်ပတောရွာရဲစခန်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့ရာမှာ ဘန်ကာနဲ့အဆောက်အအုံတွေပျက်စီးသွားတယ်လို့ မင်းဘူးခရိုင် အမှတ် -၆ တပ်ရင်းက ပြောပါတယ်။
ဒေသခံပြည်သူတွေကို နည်းလမ်းမျိုးစုံသုံးပြီး ဖိနှိပ်ကာ လူငယ်တွေကို စစ်မှုထမ်းစေဖို့ ဖိအားပေးနေတာကြောင့် မနေ့ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပြည်သူလူထုကို ဒုက္ခမျိုးစုံပေးနေပြီး ရွှေစက်တော်ဘုရားမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်အတွက် အဓိက အင်အားစုရာ နေရာဖြစ်တဲ့ အဒီစခန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီး အလုံး ၂ဝ ကျော် ကြဲချတိုက်ခဲ့တာကြောင့် စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းအတွင်းမှာရှိတဲ့ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေနဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုစာရင်းကို အတည်ပြုနေဆဲလို့ အသိပေးထားပါတယ်။
ဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းနဲ့အတူ ပေါက်၊ မြိုင်၊ စေတုတ္တရာ၊ မင်းဘူးတို့မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ များ၊ Earthquarh Defense Force ၊ Jocker ပျောက်ကြားတပ်ဖွဲ့နဲ့ Young Force တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ တာ ဖြစ်ပါတယ်။
ရွှေစက်တော်ဘုရားအနီးတယိုက်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူလူထုအနေနဲ့ စစ်ကောင်စီ တပ်နဲ့ဝေးရာမှာ နေထိုင်ကြဖို့ အထူးသဖြင့် စစ်ကောင်စီတပ်အထိုင်ချထားတဲ့ ဘုရားရွာ၊ ကိုင်းမကြီးရွာ၊ ဥယျာဉ်ရွာ၊ လောက်ပုလဲရွာ၊ ပုဒေါင်းရွာနဲ့ သံပုရာကိုင်းကျေးရွာက ပြည်သူများအနေနဲ့ စစ်ကောင်စီတပ်နဲ့ အနည်းဆုံး တမိုင်အကွာမှာ နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၄။ တအောင်းပြည်မှာ အမျိုးသမီးစွမ်းရည်မြင့်တင်ရေး အပတ်စဥ် ၂ သင်တန်းဆင်းပွဲနဲ့ အပတ်စဥ် ၃ သင်တန်းဖွင့်ပွဲ ကျင်းပ
ဖေဖော်ဝါရီ ၂ရက်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်နယ်မြေတနေရာမှာ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက ဦးစီးဖွင့်လှစ်တဲ့ အမျိုးသမီးစွမ်းရည်မြင့်တင်ရေး အပတ်စဥ် ၂ သင်တန်းဆင်းပွဲနဲ့ အပတ်စဥ် ၃ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီအခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး ဗဟိုအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တာဂြူးဇာရ်၊ ဘဏ္ဍရေးမှူး ယားရွှေနေဦး၊ ဗိုလ်မှူး ယားအီထွေးနဲ့ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှူး ဗိုလ်ကြီး ယေကာတို့ တက်ရောက် ကာ အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်မှူးချုပ် တားဂူးဇာရ်က အလုပ်လုပ်နေတဲ့အချိန်မှာ ကြိုးစားအားထုတ်ဖို့၊ လုပ်ငန်းဆောင်ရွက်နေချိန်မှာ ပြည်သူလူထု ညီမျှမှုရှိစေဖို့နဲ့ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်စေဖို့ ပြောကြားခဲ့တယ်လို့ အသိပေးပါတယ်။
အမျိုးသမီးစွမ်းရည်မြင့်တင်ရေးသင်တန်း အပတ်စဥ် ၂ မှာ သင်တန်းသူ ၂၄ တက်ရောက်ခဲ့ရှိပြီး အပတ်စဥ် ၃ သင်တန်းကို ၄၀ ဦး တက်ရောက်သင်ကြားနေတယ်လို့ သိရပါတယ်။
သင်တန်းကာလဟာ ၇ လကြာမြင့်ပြီး လူ့အခွင့်အရေး၊ အမျိုးသမီးဆိုင်ရာ နိုင်ငံရေးဘာသာရပ် အမျိုးသမီးအခွင့်အရေးနဲ့ ကလေးသူငယ်အခွင့်အရေးများ အပါအဝင် ဘာသာရပ် ၁၇ ကို ကျွမ်းကျင်တဲ့ ဆရာ ဆရာမများက သင်ကြားခဲ့တယ်လို့ လည်း သိရပါတယ်။
အခုလို သင်တန်းတွေဖွင့်လှစ်သင်ကြားရတာဟာ နေရာကဏ္ဍတိုင်းမှာ အမျိုးသမီးတွေ ဘက်စုံ ဦးဆောင်နိုင်စေရန်၊ အမျိုး သမီးများအပေါ် အကြမ်းဖက်မှုလျော့ချရေး နည်းလမ်းမျိုးစုံ အသုံးပြုနိုင်စေရန်၊ အမျိုးသမီးများအနေနဲ့ အခုထက်ပိုပြီး လုပ်ငန်းတွေကို ဦးဆောင်နိုင်စေဖို့၊ အမျိုးသမီးများအနေနဲ့ မိသားစုနေအိမ်ရပ်တည်မှုအတွက် လုပ်ငန်းသုံးငွေ လည်ပတ်နိုင် ရေး ကူညီနိုင်စေရန်၊ တအာင်းအမျိုးသမီးများ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်စေရန်နဲ့ အမျိုးသမီးဖွံဖြိုးတက်ရေးလုပ်ငန်းများမှာ ကူညီပေးနိုင်စေရန် ရည်ရွယ်တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment