၂၀၂၅ ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တော်လှန်ရေးအင်အားစုများ အချင်းချင်းကြား ဖြစ်ပွားသော မည်သည့်အငြင်းပွားမှုကိုမဆို မိတ်ဖက်ပဋိပက္ခများအဖြစ် မှတ်ယူ၍ ငြိမ်းချမ်းသော နည်းလမ်းများဖြင့်သာ ဖြေရှင်းဆောင်ရွက်သွားကြရန် ပူးတွဲထုတ်ပြန်
📌 ၂။ မအောင်မြင်သော စစ်အာဏာသိမ်းမှု (၄)နှစ်မြောက် “ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ရေး “ မြန်မာ့အရေးကြားနာပွဲ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး တက်ရောက်
📌 ၃။ ကိုရီးယားရောက် မြန်မာနိုင်ငံသားများ၏ ဗီဇာအခက်အခဲကိစ္စ ကိုရီးယားလွှတ်တော်တွင် ဆွေးနွေးမည်
📌 ၄။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် ၈၀ ပြည့်အမှတ်တရ ပြက္ခဒိန်ကို ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့မှာ စတင်ရောင်းချပေးမယ်
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဗန်းမော် အမတ ၃၆၆ ကို KIA ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိ
🚩 ၂။ မင်းလှမြို့နယ်မှာ သာယာဝတီ PDF နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ
🚩 ၃။ ချင်မြစ်ကျင်း - ကာဘိုးလမ်းပိုင်းအား ကင်းယူရန်ထွက်လာသော စခ/ပျူ အင်အား ၈ ဦးကို တိုက်ခိုက်ရာ ၄ဦး သေဆုံးပြီး သေနတ် ၅လက် ရရှိ၊ အကြမ်းဖက်စစ်ရှုံးကောင်စီမှ Drone ဖြင့် တိုက်ခိုက်ရာ ပြည်သူ ၃ဦး သေဆုံးကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီး
🚩 ၄။ ခလယ်လွီထူ ခရိုင်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရ
🚩 ၅။ ဘောလခဲမြို့ပေါ်နေ ပြည်သူလူထုများ ၁၀ရက်အတွင်း ရှောင်ရှားရန် တော်လှန်ရေး တပ်ပေါင်းစုမှ အသိပေး
🚩 ၆။ ကလလတ အမှတ် (၉၄၂၀) တပ်ရင်း ရဲဘော်မိသားစုများနှင့် မျက်နှာစုံညီ အစည်းအဝေး ပြုလုပ်
🚩 ၇။ ခလရ ၂၅၂ မှ စစ်မှုထမ်းတပ်သားသစ် သေနတ် ၂ လက်နက်၊ ခဲယမ်းများနှင့် ခိုလှုံလာတာကြောင့် သိန်း ၁၀၀နှင့် ဖုန်း ၁လုံး ချီးမြှင့်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တော်လှန်ရေးအင်အားစုများ အချင်းချင်းကြား ဖြစ်ပွားသော မည်သည့်အငြင်းပွားမှုကိုမဆို မိတ်ဖက်ပဋိပက္ခများအဖြစ် မှတ်ယူ၍ ငြိမ်းချမ်းသော နည်းလမ်းများဖြင့်သာ ဖြေရှင်းဆောင်ရွက်သွားကြရန် ပူးတွဲထုတ်ပြန်
ဖေဖော်ဝါရီလ (၃) ရက်
Radio NUG
တော်လှန်ရေးအင်အားစုများ အချင်းချင်းကြား ဖြစ်ပွားသော မည်သည့်အငြင်းပွားမှုကိုမဆို မိတ်ဖက်ပဋိပက္ခများအဖြစ် မှတ်ယူ၍ ငြိမ်းချမ်းသော နည်းလမ်းများဖြင့်သာ ဖြေရှင်းဆောင်ရွက်သွားကြရန် ပူးတွဲထုတ်ပြန်ကြေညာချက်တရပ်ကို ဖေဖော်ဝါရီ ၃ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)၊ CRPH၊ NLDနှင့် ချင်းညီနောင်အဖွဲ့တို့က ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။
ကျွန်ုပ်တို့၏ ဘုံရည်မှန်းချက်သည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး အသွင်သဏ္ဍာန်နှင့် အနှစ်သာရပြောင်းလဲမည့် စနစ်ပြောင်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ဖြစ်သည်နှင့်အညီ တန်းတူညီမျှမှုနှင့် ပြည်သူလူထု၏ဆန္ဒကို အခြေခံ၍ ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးကို ရှေ့ရှုသည့် ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom up Federalism) ချဉ်းကပ်မှုဖြင့် တော်လှန်ရေး ကာလ/ကြားကာလမှ စတင်ကာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ ဦးတည်လျှောက်လှမ်းနေပြီ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
ထို့အပြင် ၂၀၂၅ ခုနှစ်တွင် တိုင်းရင်းသားပြည်သူလူထုတရပ်လုံး လိုလားတောင့်တလျက်ရှိသည့် အောင်မြင်မှုပန်းတိုင်သို့ အရောက်လှမ်း ချီတက်နိုင်ရန် ရရှိထားပြီးသော စုစည်းညီညွတ်မှုများထက် ပိုမိုကျယ်ပြန့်ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများ ရရှိစေရန် ကြိုးပမ်းအားထုတ်ရင်း စုပေါင်းတော်လှန် တိုက်ပွဲဝင်လျက်ရှိတယ်လို့ ဆိုပါတယ်။
ကျွန်ုပ်တို့သည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် နိုင်ငံရေးဦးတည်ချက် (၆) ရပ်ကို ချမှတ်ထားတယ်လို့ဆိုပြီးတော့ ၄င်းအချက်များထဲတွင် စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး အနာဂတ်တွင် စစ်တပ်၏နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်စတဲ့အချက်များ ပါဝင်ပါတယ်။
ဒါ့အပြင် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေသည့် ရာဇဝတ်မှုများနှင့် အဓမ္မစစ်သားစုဆောင်းခြင်းလုပ်ရပ်တို့ကြောင့် မြန်မာပြည်သူတို့၏ လူမှုစီးပွားဘဝကို အလွန်အမင်းထိခိုက်ပျက်စီးစေပြီး ပြည်တွင်း၊ ပြည်ပသို့ နေရပ်စွန့်ခွာမှုများ တိုးပွားလာစေကာ ဒေသတွင်း မတည်ငြိမ်မှုကို ပိုမိုဆိုးရွားစေသည့်အတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများ လက်ရှိခံစားနေရသည့် အတိဒုက္ခများကို အမြန်ဆုံးကုစားနိုင်ရန် တော်လှန်ရေးအင်အားစုများနဲ့ ပူးပေါင်း၍ လက်တွေ့ကျပြီး ထိရောက်သော ပံ့ပိုးကူညီမှုများ ပေးအပ်ရန် တောင်းဆိုအပ်တယ်လို့ ဆိုထားပါတယ်။
========================
📌📌 ၂။ မအောင်မြင်သော စစ်အာဏာသိမ်းမှု (၄)နှစ်မြောက် “ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ရေး “ မြန်မာ့အရေးကြားနာပွဲ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး တက်ရောက်
ဖေဖော်ဝါရီ ၃ရက်
Radio NUG
မအောင်မြင်သော စစ်အာဏာသိမ်းမှု (၄)နှစ်မြောက် “ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ရေး “အတွက် တိုကျိုမြို့ ဂျပန်လွှတ်တော်အဆောက်အဦတွင် ကျင်းပသည့် မြန်မာ့အရေးကြားနာပွဲ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး တက်ရောက်ခဲ့ပါတယ်။
ကြားနာပွဲတွင် NUGဂျပန်နိုင်ငံဆိုင်ရာ ဦးစောဘလှသိန်းအပါအဝင် ဂျပန်လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီးမြန်မာအရေးကိစ္စနဲ့ ပတ်သက်၍ ဆောင်ရွက်သင့်သည်များကို အသေးစိတ်ကြားနာခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၃။ ကိုရီးယားရောက် မြန်မာနိုင်ငံသားများ၏ ဗီဇာအခက်အခဲကိစ္စ ကိုရီးယားလွှတ်တော်တွင် ဆွေးနွေးမည်
ဖေဖော်ဝါရီ ၃
Radio NUG
ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းတွင် ကိုရီးယား သမ္ဘာရင့်အမတ် အီယုန်ဆွန်းမှ ကိုရီးယားလွှတ်တော် အစည်းဝေးခန်းမ ၂၀၉ မှာ ကျင်းပတဲ့ "ကိုရီးယား ဒီမိုကရေစီ အကျပ်အတည်းမှ ရုန်းထရေးအတွက် မြန်မာ့နွေဦးတော်လှန်ရေးမှ မျှော်လင့်ချက်" ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံသားများ ရင်ဆိုင်နေရသော ဗီဇာအခက်အခဲအတွက် ဆွေးနွေးမည်ဟု ထုတ်ဖော်ပြောကြားပါတယ်။
ဆွေးနွေးပွဲကို ဒီမိုကရက်ပါတီအမတ်များ ဖြစ်သည့် အီဂျဲဂျောင်၊ ဆောယောင်ဆော့၊ အီယုန်ဆွန်း၊ ယွမ်ထဲယောင်၊ အီဂန်အီးလ် အမတ်များက ကမကထပြုပေးပြီး၊ ဆိုးလ်တက္ကသိုလ် အာရှသုတေသနဌာန၊ ဆောင်ဂုံဟွဲတက္ကသိုလ် အာရှအန်ဂျီအိုစင်တာနှင့် နယ်စည်းမခြား ဒီမိုကရေစီကျောင်းတို့က ပါမောက္ခများ ဦးဆောင်ပါဝင် ဆွေးနွေးကြတယ်လို့ သိရပါတယ်။
အဆိုပါဆွေးနွေးပွဲ၌ ကိုရီးယားနိုင်ငံဆိုင်ရာ NUGကိုယ်စားလှယ် ဦးရန်နိုင်ထွန်းမှ နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ကိုရီးယားနိုင်ငံ ဒီမိုကရေစီရေးအတွက်သာမက မြန်မာ့ဒီမိုကရေစီရေးအတွက်ပါ ပူးတွဲဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ နွေဦးတော်လှန်ရေးသည် ပြည်သူဘက်မှ အနိုင်ရရန် သေချာနေကြောင်း၊ ကိုရီးယားနေ မြန်မာနိုင်ငံသားများကို ကူညီစောင့်ရှောက်ခြင်းက နွေဦးတော်လှန်ရေးကို အားပေးခြင်းပင်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ရုံးအဖွဲ့မှူး ဦးစိုးမိုးသူက လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေနှင့် ကိုရီးယားဘက်မှ ကူညီပေးသင့်သည်များကို ရှင်းလင်းတင်ပြပြီး အထူးသဖြင့် ကိုရီးယားနေ တော်လှန်ရေးလုပ်နေသူများကို ပတ်စပို့သက်တမ်းအခက်အခဲ၊ ယာယီနေထိုင်သူများ တရားဝင်အလုပ်လုပ်ခွင့် အခက်အခဲ၊ စစ်မှုထမ်းဥပဒေကြောင့် မပြန်ရဲသည့် အခက်အခဲတို့ကို မီးမောင်းထိုး တင်ပြခဲ့တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲသို့ MFDMC ဥက္ကဋ္ဌ ဦးဇော်မိုးအောင်လည်း တက်ရောက် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို ညနေပိုင်းအထိ ဆက်လက်ကျင်းပ၍ တက်ရောက်သူများက အမေးအဖြေ အပြန်အလှန် ဆွေးနွေးကြတယ်လို့ သိရပါတယ်။
========================
📌📌 ၄။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် ၈၀ ပြည့်အမှတ်တရ ပြက္ခဒိန်ကို ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့မှာ စတင်ရောင်းချပေးမယ်
ဖေဖော်ဝါရီ၃ရက်
Radio NUG
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်အမှတ်တရ ပြက္ခဒိန်ကို ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့မှာ စတင်ရောင်းချပေးမယ်လို့ ဖေဖော်ဝါရီ ၃ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းက အသိပေးဆိုပါတယ်။
စစ်အာဏာရှင်အဆက်ဆက်က အမေဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းချခဲ့တာဟာ အမေဖြစ်သူရဲ့အသက် လေးပုံတပုံအချိန်တွေ ကုန်ဆုံးခဲ့ရတယ်လို့ သားငယ်ကိုထိန်လင်းက ဆိုပါတယ်။
အမေဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အမှတ်တရ ပြက္ခဒိန်ကို အနုပညာရှင် လက်ရာတွေနဲ့ ပူးပေါင်းဖန်တီးထားပြီး အကန့်အသတ်နဲ့ ရောင်းချမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ထို့အတွက် အဖိုးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ ဖေဖော်ဝါရီ ၁၃ရက်မှာ ပြက္ခဒိန်များ စတင်ရောင်းချမယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဗန်းမော် အမတ ၃၆၆ ကို KIA ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိ
ဖေဖော်ဝါရီ ၃
Radio NUG
ဖေဖော်ဝါရီ (၂) ရက်၊ ညနေ (၄) နာရီကျော်မှာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် အမှတ် (၃၆၆) အမြောက်တပ်ကို အပြီးသတ် သိမ်းဆည်းရမိတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုထားပါတယ်။
လက်ရှိသိမ်းယူထားတဲ့ အမြောက်တပ် အမတ-၃၆၆ ဟာ အင်အားရာကျော်ရှိတဲ့ စကခ-၂၁ အနီးမှာရှိတဲ့ တပ်ဖြစ်တာကြောင့် စကခ (၂၁) ကို သိမ်းနိုင်ဖို့အတွက် အရေးပါတဲ့ တပ်စခန်းတစ်ခု ဖြစ်တယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၂၁) မှာ တပ်ဆုတ် ပူးပေါင်းသွားတာကြောင့် အဲ့ဒီမှာ တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက် မနက်ပိုင်းမှာလည်း ဗန်းမော်မြို့အတွင်းမှာ လေယာဥ်နဲ့ လက်နက်ကြီးသံတွေ ကြားနေရပြီး နေအိမ်တွေ မီးလောင်နေတာ တွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီရဲ့ ဗန်းမော်မြို့အခြေစိုက်တပ်တွေဖြစ်တဲ့ အမှတ် (၄၇) နဲ့ (၂၃၆) ခြေလျင်တပ်ရင်းတွေမှာလည်း တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ မင်းလှမြို့နယ်မှာ သာယာဝတီ PDF နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ
ဖေဖော်ဝါရီလ ၃ ရက်၊
Radio NUG
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စမ်းဘုတ်အုပ်စု၊ ကျွန်းကုန်းကျေးရွာ ချောင်းမကြီး တံတားအနီးမှာ စစ်ကောင်စီ တပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၃ က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၁ ရက် နေ့လည် ၁၂ နာရီခန့်မှာ အင်အား ၃၀ ခန့်ပါ စစ်ကောင်စီ တပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်မှ ၂ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့ပြီး ပြန်ဆုတ်သွားခဲ့တယ်လို့ သိရှိရပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဘက်ကလည်း ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ထိတွေ့တိုက်ပွဲများ ထပ်မံဖြစ်ပွားနိုင်တာကြောင့် ပြည်သူများအနေနဲ့ စစ်ကောင်စီ တပ်သားများ အနီးကို သွားလာနေထိုင်ခြင်း လုံးဝ(လုံးဝ) မပြုကြဖို့ ကြိုတင်အသိပေး တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၃။ ချင်မြစ်ကျင်း - ကာဘိုးလမ်းပိုင်းအား ကင်းယူရန်ထွက်လာသော စခ/ပျူ အင်အား ၈ ဦးကို တိုက်ခိုက်ရာ ၄ဦး သေဆုံးပြီး သေနတ် ၅လက် ရရှိ၊ အကြမ်းဖက်စစ်ရှုံးကောင်စီမှ Drone ဖြင့် တိုက်ခိုက်ရာ ပြည်သူ ၃ဦး သေဆုံးကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီး
ဖေဖော်ဝါရီ ၃
Radio NUG
ဖေဖော်ဝါရီလ ၃ရက်နေ့ နံနက် (၈)နာရီအချိန်ခန့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချင်မြစ်ကျင်း ပျူအထိုင်စခန်းမှ ချင်မြစ်ကျင်း-ကာဘိုးလမ်းပိုင်းအား ကင်းယူရန်ထွက်လာသော စခ/ပျူ အင်အား ၈ ဦးပါ ဆိုင်ကယ် ၄ စီးအား ညောင်ပင်ဆိပ်ရွာ မြောက်ဘက်အရောက်တွင် နယ်မြေခံ ပကဖများ ပူးပေါင်းအင်အားတို့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကန့်ဘလူခရိုင် အမှတ်(၄)တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
ပစ်ခတ်မှုအတွင်း ရန်သူ့ဘက်မှ (၄) ဦးသေဆုံးခဲ့ပြီး G3 သေနတ်(၃)လက်၊ ကာဘိုင်သေနတ်(၂)လက် သိမ်းဆည်းရရှိခဲ့ကာ ထိခိုက်ကျဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် ကန့်ဘလူမြို့နယ်အတွင်းရှိ ငါးရာနဲရွာ၊ ဖလံချိုင်ရွာ၊ သရက်ကောင်းရွာ၊ ရင်ဂါတ်ကုန်းရွာ၊ လက်ထုတ်ကုန်းရွာနှင့် ပေကြီးရွာတို့အား အကြမ်းဖက်စစ်ရှုံးကောင်စီမှ နံနက်(၁၀)နာရီမှစ၍ Droneဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ငါးရာနဲရွာမှ အပြစ်မဲ့ပြည်သူ (၃)ဦးသေဆုံးပြီး စုစုပေါင်း ပြည်သူ (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူများပိုင် နွား(၂)ကောင် သေဆုံးခဲ့ကြာင်း သိရပါတယ်။
ကျီးကုန်းရွာမှ ထွက်လာသော စခ/ပျူ အင်အား ၂၀ ဦးခန့်ပါ ခြေလျင်စစ်ကြောင်းမှ သပိတ်မှောက်ရွာအား မီးရှို့ဖျက်ဆီးရာ ပြည်သူပိုင်နေအိမ် ၃၇ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ ခလယ်လွီထူ ခရိုင်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရ
ဖေဖော်ဝါရီလ ၃ ရက်၊
Radio NUG
ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ ခရိုင်၊ ဆောထိ မြို့နယ်နဲ့ လယ်ဒို မြို့နယ်တို့မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား ပြည်သူ ၁ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ၂ လုံး ပျက်ဆီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၂ ရက် နေ့လည် ၁၂ နာရီ ၁၅ မိနစ်အချိန်မှာ စစ်ကောင်စီရဲ့ ခမရ - ၅၉၉ တပ်ကနေ ၈၁ မမ (၂) လုံး ပစ်ခတ်ခဲ့ရာ မူးမြို့နယ်၊ လက်ပံတန်း ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေါ်ဝင်းဌေး (အသက် ၆၄ နှစ်) ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ထို့အပြင် ဆောထိ မြို့နယ်မှာလည်း ဖေဖော်ဝါရီ ၁ ရက်နေ့ ညနေ ၆ နာရီ ၅၅ မိနစ်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ၁၂၀ မမ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ချုံအင်း ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အရပ်သား နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ဘောလခဲမြို့ပေါ်နေ ပြည်သူလူထုများ ၁၀ရက်အတွင်း ရှောင်ရှားရန် တော်လှန်ရေး တပ်ပေါင်းစုမှ အသိပေး
ဖေဖော်ဝါရီ ၃
Radio NUG
ဘောလခဲမြို့အတွင်း စစ်ကောင်စီမှ စစ်အင်အားဖြည့်တင်းခြင်း၊ ရိက္ခာ ဆေးဝါးများ ဖြည့်တင်းခြင်းများ နေ့စဉ်နှင့်အမျှ ဆက်တိုက်လုပ်ဆောင်နေသဖြင့် ဘောလခဲမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ အချိန်မရွေး ဖြစ်လာနိုင်သောကြောင့် တော်လှန်ရေး တပ်ပေါင်းစုမှ ပြည်သူများအား လိုက်နာရန် အသိပေးချက်များကို ဖေဖော်ဝါရီလ ၂ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်တွင် စစ်ကောင်စီ ၊ စစ်ကောင်စီ၏ ယန္တရားထောက်တိုင်များနှင့် မပတ်သက် ၊ မပူးပေါင်းရန် ၊ စစ်ကောင်စီ တပ်စခန်းအနီး သွားလာနေထိုင်မှု မပြုလုပ်ရန်၊ စစ်ရေးအရှိန် မြင့်တက်လာသည်နှင့် အမျှ ဘောလခဲမြို့အတွင်းနေ မိဘပြည်သူများအနေဖြင့် မိမိတို့တော်လှန်ရေး တပ်ပေါင်းစုမှ အသိပေး ထုတ်ပြန်ကြေညာသည့် နေ့မှစ၍ ( ၁၀ )ရက် အတွင်း အမြန်ဆုံးရှောင်ရှားပေးပါရန် ဖော်ပြထားပါတယ်။
ထုတ်ပြန်ကြေညာသည့်နေ့မှစ၍ ( ၁၀ ) ရက်အတွင်း မရှောင်ရှားပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ကိစ္စများကို တော်လှန်ရေး တပ်ပေါင်းစုမှ တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။
စစ်ကောင်စီ၏ ယန္တရား လည်ပတ်ရန် ထောက်တိုင်များဖြစ်သော Non CDM ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဘောလခဲမြို့နယ်အတွင်း ယန္တရားလည်ပတ်မှုများကို မပြုလုပ်ကြပါရန် ( ထပ်မံ) သတိပေးထားပါတယ်။
========================
🚩🚩 ၆။ ကလလတ အမှတ် (၉၄၂၀) တပ်ရင်း ရဲဘော်မိသားစုများနှင့် မျက်နှာစုံညီ အစည်းအဝေး ပြုလုပ်
ဖေဖော်ဝါရီလ ၃ ရက်၊
Radio NUG
ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ) အမှတ် (၉၄၂၀) တပ်ရင်း၊ တပ်ခွဲ အသီးသီးမှ ရဲဘော် မိသားစုများနဲ့ မျက်နှာစုံညီ အစည်းအဝေး တရပ် ကျင်းပ ပြုလုပ် ခဲ့တယ်လို့ KPLA - B 9420 က ထုတ်ပြန်ထား ပါတယ်။
အဆိုပါ အစည်းအဝေးကို ဖေဖော်ဝါရီ ၂ ရက်နေ့က (၇၈၂၆) တပ်မဟာ စစ်နည်းဗျူဟာ (၁)၊ ဗျူဟာမှူး၊ အမှတ် (၉၄၂၀) တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတို့က ဦးဆောင်ခေါ်ယူ ကျင်းပခဲ့တာလို့ သိရပါတယ်။
အဆိုပါ အစည်းအဝေးမှာ တပ်ရင်းရှိ ရဲဘော် မိသားစုဝင်များနဲ့ ကလေးသူငယ်များ အတွက် လစဉ် ထောက်ပံ့ရန် လုပ်ငန်းစဉ်များ အသိပေးခြင်း၊ ရဲဘော် မိသားစုများရဲ့ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေးကို စီစဉ်ဆောင်ရွက် ပေးနိုင်ရန် လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ ပညာပေးခြင်း စသည်တို့ကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အစည်းအဝေးတွင်း တပ်ရင်း တပ်ခွဲ အသီးသီးမှ ရဲဘော်မိသားစုဝင်များ၊ (၇၈၂၆) တပ်မဟာ စစ်နည်းဗျူဟာ (၁)၊ ဗျူဟာမှူး၊ အမှတ် (၉၄၂၀) တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူး၊ တပ်မှူးကေဒါများ စုံညီစွာ ရင်းရင်းနှီးနှီး တိုင်ပင်ဆွေးနွေး ခဲ့ကြတယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၇။ ခလရ ၂၅၂ မှ စစ်မှုထမ်းတပ်သားသစ် သေနတ် ၂ လက်နက်၊ ခဲယမ်းများနှင့် ခိုလှုံလာတာကြောင့် သိန်း ၁၀၀နှင့် ဖုန်း ၁လုံး ချီးမြှင့်
ဖေဖော်ဝါရီ ၃
Radio NUG
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် တပ်မဌာနချုပ် တပ်မ (၁၀၁)၏ လက်အောက်ခံတပ်ရင်း ခလရ (၂၅၂)တွင် တပ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းခံရတဲ့ မောင်ဝင်းဆန်းထွေး ကိုယ်ပိုင်အမှတ်(ပစ - ၁၂၇၈၀၆)သည် 30.1.2025ရက်နေ့ ညပိုင်းတွင် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး 1.2.2025 ရက်နေ့တွင် ခိုလှုံလာခဲ့ကြောင်း Burma Revolution Rangersမှ သတင်းထုတ်ပြန်ပါတယ်။
MA1 ၁လက်၊ MA2 ၁လက်၊ ကျည်ဘောက် ၃ဘောက်၊ 5.56ကျည် ၁၂၀တောင့်တို့နှင့်အတူ ခိုလှုံလာခဲ့ကာ တပ်ဖွဲ့မှ နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ဆုငွေ သိန်း(၁၀၀)နှင့် Redmi Note 13Pro တစ်လုံး ဆုချီးမြှင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်မှ အရာရှိ၊ အရာခံဗိုလ်များ၊ တပ်သားများနှင့် ပျူများ အမြင်မှန်ရကြကာ အကြမ်းဖက်စစ်တပ်လက်အောက်တွင် မနေဘဲ Burma Revolution Rangers တပ်ဖွဲ့တွင်ဖြစ်စေ နီးရာ တော်လှန်ရေးတပ်ဖွဲ့များတွင်ဖြစ်စေ အလင်းဝင်ရောက်ကြဖို့ တိုက်တွန်းထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment