၂၀၂၅ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တိုင်းဒေသအသီးသီးတွေမှာခိုင်မာစုဖွဲ့ပြီးကျစ်လစ်အားကောင်းတဲ့ ဖက်ဒရယ်ယူနစ်အစိုးရတွေအပြိုင်းအရိုင်းပေါ်ထွက်လာဖို့အထူးလိုလားကြောင်း ယာယီသမ္မတပြော
📌 ၂။ တရားဥပဒေစိုးမိုးရေးကိုပူးပေါင်းဆောင်ရွက်ပေးကြဖို့လွှတ်တော်ကိုယ်စားလှယ်များကိုဝန်ကြီးချုပ်တိုက်တွန်း
📌 ၃။ အမေရိကန်အောက်လွှတ်တော်ကြားနာပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့ တက်ရောက်ခဲ့ကြောင်းသတင်းထုတ်ပြန်
📌 ၄။ ထိုင်းအစိုးရက လျှပ်စစ်မီးဖြတ်လိုက်တဲ့အတွက် မြဝတီမြို့က ပြည်သူ့ဆေးရုံနဲ့ အောက်ဆီဂျင်စက်ရုံ လည်ပတ်မှုရပ်ဆိုင်း
📌 ၅။ Airbus ရုံးအခြေစိုက် နယ်သာလန် အစိုးရအနေဖြင့် ရာဇဝတ်ဂိုဏ်းမြန်မာစစ်အုပ်စုထံ လေယာဉ်နှင့် ဆက်စပ်ပစ္စည်းများ ဆက်လက်လွှဲပြောင်းပေးနေသည့် AVIC နှင့် စီးပွါးဆက်ဆံနေသော Airbus လုပ်ငန်းများကို စုံစမ်းစစ်ဆေးပေးရန် အိတ်ဖွင့်ပေးစာ ပေးပို့
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တိုင်းဒေသအသီးသီးတွေမှာခိုင်မာစုဖွဲ့ပြီးကျစ်လစ်အားကောင်းတဲ့ ဖက်ဒရယ်ယူနစ်အစိုးရတွေအပြိုင်းအရိုင်းပေါ်ထွက်လာဖို့အထူးလိုလားကြောင်း ယာယီသမ္မတပြော
ဖေဖော်ဝါရီ၅ရက်
တိုင်းဒေသအသီးသီးတွေမှာခိုင်မာစုဖွဲ့ပြီးကျစ်လစ်အားကောင်းတဲ့ ဖက်ဒရယ်ယူနစ်အစိုးရတွေအပြိုင်းအရိုင်းပေါ်ထွက်လာဖို့အထူးလိုလားကြောင်းယာယီသမ္မတဒူဝါလရှီးလကပြောပါတယ်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)က ကြီးမှူးကျင်းပသော ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေး (ပထမနေ့)တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာယာယီသမ္မတဒူဝါလရှီးလကပြောပါတယ်။
"အထူးသဖြင့်တိုင်းဒေသအသီးသီးတွေမှာခိုင်မာစုဖွဲ့ပြီးကျစ်လစ်အားကောင်းတဲ့ ဖက်ဒရယ်ယူနစ်အစိုးရတွေအပြိုင်းအရိုင်းပေါ်ထွက်လာဖို့အထူးလိုလားကြောင်းပြောကြားလိုပါတယ်။ပြည်ထောင်စုလွှတ်တော်ကဝိုင်းဝန်းကူညီဖို့နဲ့လိုအပ်တဲ့အထောက်အကူတွေပေးဖို့မေတ္တာရပ်ခံလိုပါတယ်။ထို့အပြင်ဥပဒေများသည်တော်လှန်ရေးအခြေအနေကိုအကြောင်းပြ၍လက်တွေ့မယုတ်လျော့စေရေးကိုလည်းယာယီသမ္မတကထပ်လောင်းပြောပါတယ်။"ပြဌာန်းထားသောဥပဒေများကလက်တွေ့မြေပြင်မှာအသက်ဝင်စေရေးပဲ ဖြစ်ပါတယ်"လို့ယာယီသမ္မတကပြောပါတယ်။
========================
📌📌 ၂။ တရားဥပဒေစိုးမိုးရေးကိုပူးပေါင်းဆောင်ရွက်ပေးကြဖို့လွှတ်တော်ကိုယ်စားလှယ်များကိုဝန်ကြီးချုပ်တိုက်တွန်း
ဖေဖော်ဝါရီ၅ရက်
တရားဥပဒေစိုးမိုးရေးကိုပူးပေါင်းဆောင်ရွက်ပေးကြဖို့ လွှတ်တော်ကိုယ်စားလှယ်များကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောပါတယ်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)က ကြီးမှူးကျင်းပသော ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။
"လက်ရှိကာလဟာတော်လှန်ရေးအမြင့်ဆုံးကာလကိုရောက်ရှိနေပြီးစစ်ရေး၊နိုင်ငံတကာဆက်ဆံရေးတို့ပြင်းထန်လာပြီးပိုမိုရှုပ်ထွေးလာတာအားလုံးအသိပဲ ဖြစ်ပါတယ်။ကျနော်တို့မှာတရားရေးဌာနကိုသီးခြားမတည်ဆောက်နိုင်သော်လည်းအမျိုးသားညီညွတ်ရေးအစိုးရမှာတရားရေးဝန်ကြီးဌာနဖွဲ့ပြီးတရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်လျက်ရှိပါတယ်။တရားရေးမဏ္ဍိုင်သီးခြားမရှိသော်လည်းတရားဥပဒေစိုးမိုးရေးကိုပူးပေါင်းဆောင်ရွက်ပေးကြဖို့ကိုလည်းကိုယ်စားလှယ်တော်ကြီးများကိုတိုက်တွန်းလိုပါတယ်"လို့ပြောပါတယ်။
ဒါ့အပြင်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစနစ်တကျကျင့်ဝတ်နဲ့စည်းကမ်းများလိုက်နာမှုအားကောင်းအောင်ဆက်လက်ဆောင်ရွက်သွားမယ်လို့ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။
========================
📌📌 ၃။ အမေရိကန်အောက်လွှတ်တော်ကြားနာပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့ တက်ရောက်ခဲ့ကြောင်းသတင်းထုတ်ပြန်
ဖေဖော်ဝါရီ ၅
အမေရိကန်အောက်လွှတ်တော်ကြားနာပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့ တက်ရောက်ခဲ့ကြောင်းသတင်းထုတ်ပြန်ပါတယ်။
၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့ ဝါရှင်တန်ဒီစီမြို့တော် လွှတ်တော်အမတ်များ၏ ရုံးအဆောက်အဦတွင် ကျင်းပခဲ့သော မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ခရစ်ယာန် ဘာသာဝင်လူနည်းစုများအပါအဝင် ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်မှုအခြေအနေအကြောင်း အမေရိကန်အောက်လွှတ်တော်ကြားနာပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ တို့တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
ကြားနာပွဲတွင် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ၊ ရီပတ်ဘလစ်ကန်ပါတီ အထက်လွှတ်တော်အမတ် Todd Young၊ ဒီမိုကရက်ပါတီ အထက် လွှတ်တော်အမတ် Chris Van Hollenတို့က အွန်လိုင်းမှတဆင့် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ကြားနာပွဲတွင် RFAသတင်းဌာနက အမျိုးသားညီညွတ်ရေးအစိုးရ၏ ရပ်တည်ချက်ကို မေးမြန်းခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောကြားရာ "ကျွန်မတို့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်။ ဆိုလိုတာက ခရစ်ယာန် ဘာသာဝင် လူနည်းစု အပေါ် ဖိနှိပ်တာတင် မဟုတ်ပဲ၊ ဘယ်သူ့ကိုမဆို စစ်ကောင်စီက ဖိနှိပ်တယ်။ အကြမ်းဖက်တယ်။ အရပ်ဘက်၊ စစ်ဘက် မခွဲခြားဘဲ၊ ဘယ်ဘာသာတရားကိုမှ မခွဲခြားဘဲ ဖိနှိပ်နေတယ်ဆိုတာ ဒီမှာတင်ပြဖြစ်တာ ဖြစ်ပါတယ်။ ဒီလိုမျိုး congressional hearing တွေက အမေရိကန်အစိုးရရဲ့ မူဝါဒတွေကို သုံးသပ်တဲ့နေရာမှာ၊ shape လုပ်တဲ့နေရာမှာ အများကြီး အထောက်အကူဖြစ်လိမ့်မယ်လို့ ထင်ပါတယ်"လို့ ဖြေကြားခဲ့ပါတယ်။
ကြားနာပွဲသို့ အမေရိကန်အစိုးရ၊ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် ဥက္ကဌ Stephen Schneck၊ မြန်မာတိုင်းရင်းသား ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ၊ ဗုဒ္ဓဘာသာဆရာတော်များ၊ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များအပြင် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ( Amnesty International USA)က တာဝန်ရှိသူများနှင့် အခြားအလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ ထိုင်းအစိုးရက လျှပ်စစ်မီးဖြတ်လိုက်တဲ့အတွက် မြဝတီမြို့က ပြည်သူ့ဆေးရုံနဲ့ အောက်ဆီဂျင်စက်ရုံ လည်ပတ်မှုရပ်ဆိုင်း
ဖေဖော်ဝါရီ၅ရက်
ထိုင်းနိုင်ငံက မြဝတီမြို့ကို ပေးထားတဲ့လျှပ်စစ်မီး ဖြတ်တောက်လိုက်တဲ့အတွက် ပြည်သူ့ဆေးရုံနဲ့ အောက်ဆီဂျင်စက်ရုံ လည်ပတ်မှုရပ်ဆိုင်းသွာတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
ထိုင်းနိုင်ငံက လျှပ်စစ်မီးပေးထားတဲ့ မြဝတီမြို့အပါအဝင် နေရာ ၅ ခုကို ဒီနေ့ ဖေဖော်ဝါရီ ၅ ရက် မနက် ၉ နာရီ ကစပြီး မီးဖြတ်မယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး ဖှုန်ထမ် ဝေချယချိုင်က ပြောထားပေမယ့် မနက် ၈နာရီခွဲကစပြီး လျှပ်စစ်မီး ပြတ်တောက်သွားတယ်လို့ မြို့နေပြည်သူတွေက ပြောပါတယ်။
အခုလို မီးဖြတ်လိုက်တဲ့အတွက် ပြည်သူ့ဆေးရုံကြီးကိုပေးပို့နေတဲ့ အောက်ဆီဂျင်စက်ရုံ လည်ပတ်မှု ထိခိုက်သွားသလို ဒေသနေပြည်သူတွေ နစ်နာဆုံးရှုံးမှုတွေရှိနေတယ်လို့ သိရပါတယ်
ထိုင်း-မြန်မာ နယ်စပ်တလျှောက်ပျံ့နှံနေတဲ့ တရုတ်ကျားဖြန့် အွန်လိုင်း ငွေလိမ်ရာဇ၀တ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံကိုပေးနေတဲ့ လျှပ်စစ်၊ ဆက်သွယ်ရေးကွန်ရက်နဲ့ လောင်စာဆီတင်ပို့မှုတွေကို ထိုင်းအစိုးရက ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ၊ တာချီလိတ်၊ မြ၀တီ စတဲ့မြို့တွေကိုသွယ်တန်းထားတဲ့ ထိုင်းလျှပ်စစ်မီးတွေကို ဖြတ် တောက်လိုက်တာဖြစ်ပေမယ့် တာချီလိတ်မြို့ကအချို့နေရာတွေမှာ လာအိုနိုင်ငံဘက်ပေတဲ့ လျှပ်စစ်မီးရရှိနိုင်သေးတယ်လို့ ထိုင်းကလာတဲ့ သတင်းတွေအရ သိပါတယ်။
ထိုင်းအစိုးရအနေနဲ့ ကျားဖြန့်ဂိုဏ်တွေကို တားဆီးလိုတာကြောင့် မြဝတီမြို့ကို လျှပ်စစ်မီးပေးပို့နေမှုကို ဖြတ်တောက်လိုက် ပေမယ့် ရွှေကုက္ကိုလ်နဲ့ ကေကေပက်ခ်လိုနေရာမျိုးတွေမှာ မီးစက်ကြီးတွေ အသင့်ရှိနေတာကြောင့် အခုလို မီးဖြတ်လိုက် တာဟာ အဖြေမှန်မဟုတ်ဘူးလို့ ဝေဖန်ပြောဆိုနေတာတွေလည်းရှိနေပါတယ်။
ထိုင်းနိုင်ငံဒေသဆိုင်ရာ လျှပ်စစ်အာဏာပိုင်ဌာန - PEA က မြန်မာနိုင်ငံဖက်ခြမ်းမှာရှိတဲ့ မြဝတီမြို့မှာ ၂ နေရာ၊ မွန်ပြည်နယ် မှာ တနေရာနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ၂နေရာကို လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးထားရာ မြဝတီမြို့ရဲ့ ဓာတ်အားလိုအပ်ချက် ၉၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံက ပေးပို့နေတာလို့ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်မြို့တခုဖြစ်တဲ့ မဲဆောက်မြို့ကို ထိုင်းအစိုးရအဖွဲ့က အရာရှိတဦး မနက်ဖြန် ဖေဖော်ဝါရီ ၆ ရက်နေ့မှာ လာရောက်ဖျု့ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် ထိုင်း - မြန်မာနယ်စပ်တလျှောက်မှာ ထိုင်းစစ်တပ်က လုံခြုံရေးအပြည့်ချထားတယ်လို့ နယ်စပ်မှာနေထိုင်သူတွေက ပြောဆိုနေကြပါတယ်။
========================
📌📌 ၅။ Airbus ရုံးအခြေစိုက် နယ်သာလန် အစိုးရအနေဖြင့် ရာဇဝတ်ဂိုဏ်းမြန်မာစစ်အုပ်စုထံ လေယာဉ်နှင့် ဆက်စပ်ပစ္စည်းများ ဆက်လက်လွှဲပြောင်းပေးနေသည့် AVIC နှင့် စီးပွါးဆက်ဆံနေသော Airbus လုပ်ငန်းများကို စုံစမ်းစစ်ဆေးပေးရန် အိတ်ဖွင့်ပေးစာ ပေးပို့
ဖေဖော်ဝါရီ၅ရက်
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းကြိုးပမ်းမှုနောက် အချိန် ၄ နှစ် အတွင်း စစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် အခြားသောဆိုးရွားပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူ အပြစ်ပေးခံရခြင်း စိုးစဥ်းမျှမရှိဘဲ ဆက်လက်ကျူးလွန်လျက်ရှိပြီး အဆိုပါအကြမ်းဖက် စစ်ဆင်ရေးကို လုပ်ဆောင်နေနိုင်ခြင်းမှာ စစ်အုပ်စုက တိုက်ခိုက်ရေးလေယာဉ်များနှင့် ဆက်စပ်ထိန်းသိမ်းပြုပြင် မွမ်းမံရေးဆိုင်ရာ နည်းပညာအကူအညီများအပါအဝင် စစ်လက်နက်များကို ဆက်လက်ရရှိနေခြင်းကြောင့်သာ ဖြစ်တယ်လို့ဖေဖော်ဝါရီ၅ရက်ပြည်တွင်း၊ ပြည်ပ တော်လှန်ရေး အင်အားစုများနှင့် အရပ်ဘက် အဖွဲ့အစည်း (၃၆၁)ဖွဲ့ကပေးပို့ခဲ့ပါတယ်။
Aviation Industry Corporation of China (AVIC) သည် စစ်အုပ်စုအတွက် စစ်လေယာဉ်များ အဓိကရောင်းချခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးများပြုလုပ်ပေးသည့် ကုမ္ပဏီဖြစ်ပြီးတော့
AVIC ကုမ္ပဏီခွဲများနှင့် မိတ်ဖက်များက စစ်အုပ်စုထံ ဆက်လက်ရောင်းချပေးအပ်နေသည့် စစ်ဘက် လေယာဉ်များ၊ အပိုပစ္စည်းအစိတ်အပိုင်းများနှင့် ဆက်စပ်သော ပြုပြင်ထိန်းသိမ်းမွမ်းမံရေးဝန်ဆောင်မှုများအား မြန်မာစစ်အုပ်စုရရှိနေမှုကို ပိတ်ပင်ဟန့်တားရန်အတွက် စစ်မှန်ပြီး၊ ပြတ်သားသည့် အရေးယူဆောင်ရွက်မှုများလုပ်ဆောင်ရန် ယခုအိတ်ဖွင့်ပေးစာတွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များမှ နယ်သာလန်အစိုးရကို တိုက်တွန်း တောင်းဆိုအပ်တယ်လို့ဆိုပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ (၆၄) နှစ်မြောက် ကချင်တော်လှန်ရေးနေ့သဝဏ်လွှာပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကပေးပို့
ဖေဖော်ဝါရီလ ၅ ရက်
၆၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့သဝဏ်လွှာပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကပေးပို့ခဲ့ပါတယ်။
ယနေ့ကျရောက်သည့် (၆၄) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အချိန်အခါသမယတွင် ကချင်တော်လှန်ရေးခေါင်းဆောင်ကြီးများအားလုံးနှင့်အတူ ကချင်တိုင်းရင်းသားများ၊ ရဲဘော်များ အားလုံး ဘေးအန္တရာယ်အပေါင်းကင်းဝေးပါစေကြောင်း ဆုမွန်တောင်းလျက် ခေတ်အဆက်ဆက် တော်လှန်ရေးခရီးတွင် ပါဝင်ခဲ့ကြသော အသက်ပေးအပ် စွန့်လွှတ်ခဲ့ကြသည့် ကချင်သူရဲကောင်း အာဇာနည်ရဲဘော်အပေါင်းတို့အားလည်း မိမိတို့အနေဖြင့် လေးစားစွာ ဦးညွှတ်ဂုဏ်ပြုအပ်တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဖော်ပြပါတယ်။
လူမျိုးကြီးဝါဒနှင့် ဘာသာရေးကိုအခြေခံသည့် အမျိုးသားရေးဝါဒများ အားကောင်းနေ သည့် ခေတ်သမိုင်းတစ်ခုတွင် ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင် လွတ်လပ်ရေးတပ်မတော် (KIO/ KIA) ဦးဆောင်သော ကချင်တိုင်းရင်းသားများသည် တန်းတူညီမျှရေး၊ တရားမျှတမှုရရှိရေး၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ရရှိရေးတို့အတွက် ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မတရားဖိနှိပ်အုပ်ချုပ်မှုများအား လက်နက်ကိုင် စတင်တော်လှန်ခဲ့ ကြပြီး ယင်းနေ့ထူးနေ့မြတ်အား ကချင်လူမျိုးများ၏ အလေးအမြတ်ထားရာ ကချင်တော်လှန် ရေးနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ကျင်းပခဲ့ကြသည်မှာ ယနေ့အချိန်တွင် (၆၄) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်တယ်လို့ဆိုပါတယ်။
ကချင်တိုင်းရင်းသားများသည် ကချင့်တော်လှန်ရေးအတွက် ရပ်တည်ချက်နှင့် မူဝါဒများ ခိုင်မာအားကောင်းလှကာ မိမိတို့လူမျိုးအတွက် တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတို့အတွက် ခေတ်အဆက်ဆက် တိုင်းပြည်နှင့်လူမျိုးအပေါ် ဂုတ်သွေးစုပ် အမြတ်ထုတ်နေသော အကြမ်းဖက်စစ်အာဏာရှင်များကို ရရာနည်းလမ်းဖြင့် တွန်းလှန်တိုက်ပွဲဝင် ခဲ့ကြသည်မှာ ယနေ့အချိန်အထိဖြစ်တယ်လို့ဆိုပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် တိုင်းရင်းသားပြည်သူများ အားလုံး တူညီသော လေးစားမှု၊ တူညီသော ဂုဏ်သိက္ခာနှင့် တူညီသော အခွင့်အရေးများ ရရှိရေး နှင့် လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု မခွဲခြားဘဲ တန်းတူညီမျှမှု ရရှိရေးတို့အတွက် ကချင် တိုင်းရင်းသားများအားလုံးနှင့် အတူတကွ လက်တွဲကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုလျက် ဤ (၆၄) နှစ်မြောက် ကချင်တော်လှန်ရေးနေ့သဝဏ်လွှာအား ထုတ်ပြန်အပ်တယ်လို့ဆိုပါတယ်။
========================
🚩🚩 ၂။ ချောင်းဦး-မြင်းမူလမ်းပိုင်းမှာ စစ်ယာဉ်တန်းနဲ့စစ်ကြောင်းကို ဒရုန်းနဲ့ဗုံးကြဲပြီး မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်သား ၉ ဦးသေဆုံး
ဖေဖော်ဝါရီ၅ရက်
စစ်ကိုင်းတိုင်းအတွင်းက ချောင်းဦး-မြင်းမူလမ်းပိုင်းမှာ စစ်ယာဉ်တန်းနဲ့စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်သားတွေကို ဒရုန်းနဲ့ဗုံးကြဲပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးသွားတယ်လို့ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း တပ်ခွဲ-၃ လျှပ်စီး တပ်ခွဲက ပြောပါတယ်။
မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာ ကား ၅ စီးပါ ယာဉ်တန်းကို ဖေဖော်ဝါရီ ၃ ရက် နေ့လည် ၂ နာရီခွဲခန့်အချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ကား ၅ စီးအနက် မိုင်းကွင်းပေါ် ရောက်နေတဲ့ ကား ၃ စီးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ နောက်ဆုံးကား မိုင်းထိပြီး ထိုးရပ် သွားကာ စစ်သား ၃ ဦး ပြင်းထန်းဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
မိုင်းဆွဲခံရပြီးချိန်မှာ ကျန်တဲ့စစ်ကားတွေရောက်လာပြီး ခရီးသွားပြည်သူတွေကို တားဆီးစစ်ဆေးတာတွေလုပ်ခဲ့သလို ငွေကမ္ဘာမင်း ဆီဆိုင်အနီးမှာ ဆက်ကြေးကောက်နေတဲ့ စစ်သားတွေဟာ ခရီးသွားကားတွေကို အကာကွယ်ယူပြီး ချောင်းဦး-မြင်းမူလမ်းပိုင်းအတိုင်း ခြေလျင်စစ်ကြောင်း ထိုးလာတယ်လို့ အသိပေးပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေ သန်လွင်မြန်မာ စက်သုံးဆီဆိုင်ဟောင်းမှာ ခေတ္တခဏတပ်စွဲနေချိန် နေ့လည် ၃ နာရီခန့် မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ၂ ကြိမ် ဗုံးသီး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ သွားတယ်လို့ သိရပါတယ်။
ဒရုန်းနဲ့တိုက်ခိုက်ခံလိုက်ရတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်း ချောင်းဦးမြို့အဝင် မုံရွာ-ပခုက္ကူ-မန္တလေးလမ်းဆုံအနီးက စစ်တပ်ဂိတ်ကို ပြန်လည်ဆုတ်ခွာလာချိန် ညနေ ၅ နာရီခန့်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၆ လုံး ထပ်မံ ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး ထပ်သေသွားတယ်လို့လည်း သိရပါတယ်။
ဒီတိုက်ခိုက်မှုတွေကို မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း တပ်ခွဲ-၃ လျှပ်စီးတပ်ခွဲ၊ မုံခရိုင် ပကဖ ဒရုန်းလက်ရုံးတပ် ၊ မုံရွာခရိုင် အမှတ် - ၈ တပ်ရင်း ၊ မုံရွာခရိုင် အမှတ်-၁၅ တပ်ရင်း ၊ တပ်ခွဲ -၃ ၊ ငမိုးရိပ်စစ်ကြောင်း-Nga Moe Yeik column ၊ နွေဦး ညီအကိုများစစ်ကြောင်း-Nway Oo Brothers column ၊ Eleven People Defense Force နဲ့ Royal Tiger Force-ဆားလင်းကြီးတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
စစ်ဆင်ရးအောင်မြင်စွာဆင်နွှဲနိုင်ဖို့ လက်တွဲတိုက်ခိုက်ခဲ့ကြတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ဆင်ရေးမှာ အသုံးပြုခဲ့တဲ့ လက်နက်ခဲယမ်းတွေ ထောက်ပံ့ကူညီပေးခဲ့ကြတဲ့ ပြည်တွင်း၊ ပြည်ပက ပြည်သူလူထုကို ကျေးဇူးအထူးတင်တယ်လို့ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ လျှပ်စီးတပ်ခွဲက ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ ပြည်ပကနေလောင်စာဆီတင်သွင်းဖို့ ခက်ခဲလာတဲ့ စစ်အုပ်စုအတွက် ပြည်တွင်းလောင်စာဆီထုတ်လုပ်မှုကို စင်္ကာပူကုမ္ပဏီက ထောက်ပံ့နေ
ဖေဖော်ဝါရီ၅ရက်
ပြည်ပကနေ လောင်စာဆီတင်သွင်းဖို့ ခက်ခဲလာတဲ့ စစ်အုပ်စုရဲ့ ပြည်တွင်းလောင်စာဆီထုတ်လုပ်မှုကို စင်္ကာပူကုမ္ပဏီက ထောက်ပံ့နေတယ်လို့ Justice for Myanmar – JFM က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
Justice for Myanmar – JFM က စစ်အုပ်စု၏ ပြည်တွင်းလောင်စာဆီထောက်ပံ့ရေးကွင်းဆက်ဆိုတဲ့ အစီရင်ခံစာကို ထုတ်ပြန်ရာမှာ အခုလို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။
လောင်စာဆီရဖို့ ခက်ခဲလာတဲ့ စစ်ကောင်စီအတွက် အရေးပါတဲ့ ပြည်တွင်းလောင်စာဆီ ထောက်ပံ့ရေးကွင်းဆက်ကို စင်္ကာပူကုမ္ပဏီ Interra Resources က သူရဲ့ မြန်မာဖက်စပ်ကုမ္ပဏီ Goldpetrol ကတဆင့် ထောက်ပံ့ကူညီနေတာလို့ Justice for Myanmar-JFM အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခြင်းနဲ့ နိုင်ငံခြားအရန်ငွေများ လျော့နည်းလာခြင်း အပါအဝင် ပြည်တွင်းဘဏ်တချို့နဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်များအပေါ် နိုင်ငံတကာရဲ့ ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့မှုတွေကြောင့် ပြည်ပကနေ လောင်စာဆီတင်သွင်းဖို့ ခက်ခဲလာခဲ့ပေမယ့် စင်္ကာပူကုမ္မဏီရဲ့ ထောက်ပံ့မှုကြောင့် စစ်အုပ်စုဟာ အကြမ်းဖက်စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ အခွင့်အရေးရလာတယ်လို့ ဆိုပါတယ်။
စင်ကာပူကုမ္ပဏီ Interra Resources ရဲ့ မြန်မာဖက်စပ်လုပ်ငန်း Goldpetrol ဟာ ၁၉၉၆ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ ကုန်းတွင်းရေနံထုတ်လုပ်ရေးလုပ်ငန်းတွေ စတင်ခဲ့ပြီး မကွေးတိုင်းအလယ်ပိုင်းက ၁၈၀၀ စတုရန်းကီလိုမီတာခန့် ကျယ်ဝန်း တဲ့ ချောက်နဲ့ ရေနံချောင်းဘက်မှာ လုပ်ငန်းတွေ လည်ပတ်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
Goldpetrol ဟာ ၂၀၂၂ ခုနှစ်မှာ ရေနံစည်ပေါင်း ၈ သိန်းခွဲကျော် ထုတ်လုပ်နိုင်ခဲ့ပြီး ဒီပမာဏဟာ အဲဒီနှစ်အတွက် ထုတ်လုပ် မှု အားလုံးရဲ့ ၄၀ ရာခိုင်နှုန်းရှိတယ်လို့ စစ်အုပ်စုဘက်ကထုတ်ပြန်တဲ့ အချက်အလက်တွေက ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စုထိန်းချုပ်ထားတဲ့ မြနမာ့ရေနံဓာတုလုပ်ငန်းအောက်မှာ ၂၀၁၇ ခုနှစ်ကတည်းက ပိတ်ထားတဲ့ ရန်ကုန်တိုင်း သန်လျင်မြို့က အမှတ် ၁ ရေနံချက်စက်ရုံ၊ မကွေးတိုင်း ချောက်မြို့က အမှတ် -၂ ရေနံချက်စက်ရုံနဲ့ မကွေးတိုင်းအတွင်းမှာပဲရှိတဲ့ မန်းသံပုရာကန် ရေနံဓါတုဗေဒစက်ရုံစု - TBGN တို့ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် မန်းရေနံချက်စက်ရုံဟာ လေယာဉ်ဆီအပါအဝင် လောင်စာဆီအမျိုးမျိုးကို ထုတ်လုပ်နိုင်စွမ်းရှိတယ်လို့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ စွမ်းအင်ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။
မန်းရေနံချက်စက်ရုံဟာ ဧရာဝတီမြစ်ကမ်းဘေးမှာရှိပြီး မြန်မာစစ်အုပ်စုအတွက် မဟာဗျူဟာအရ အလွန်အရေးပါတဲ့ နေရာမှာ တည်ရှိပြီး Goldpetrol ကထုတ်လုပ်တဲ့ ချောက်နဲ့ ရေနံချောင်းရေနံမြေက ရေနံတွေကို သန့်စင်ချက်လုပ်ဖို့ တွန်းသင်္ဘောတွေနဲ့ ဧရာဝတီမြစ်ရိုးအတိုင်းသယ်ယူကာ မန်းရေနံချက်စက်ရုံကို ပို့ဆောင်တယ်လို့ သိရပါတယ်။
မန်းရေနံချက်စက်ရုံက သန့်စင်လိုက်တဲ့ ရေနံထုတ်ကုန်တွေကို အဓိကအသုံးပြုသူဟာ စစ်အုပ်စုဌာနချုပ်စခန်းတွေလို့ Goldpetrol လုပ်ငန်းအကြောင်း သိရှိထားတဲ့ ယုံကြည်ထိုက်သောသတင်းရင်းမြစ်တွေကို ကိုးကားပြီး JFM က ထောက်ပြ ထားပါတယ်။
မန်းရေနံချက်စက်ရုံဟာ မကွေးလေတပ်နဲ့ ဖောက်ခွဲရေးအတွက် အရေးပါတဲ့ပစ္စည်းတွေနဲ့ ယမ်းမှုန့်တွေထုတ်လုပ်ရာ အမှတ် ၁၃ တပ်မတော်ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၁၃ ကြားမှာရှိတယ်လို့ သိရပါတယ်။
Goldpetrol က ထုတ်ယူတဲ့ ရေနံတွေဟာ လောင်စာဆီလျော့နည်းလာတဲ့ စစ်အုပ်စုရဲ့အကျပ်အတည်းကို ဖာထေးကူညီခဲ့ ရာရောက်နေပြီး နိုင်ငံတကာရာဇဝတ်ဥပဒေချိုးဖောက်မှုတွေကို ဆက်လက်လုပ်ဆောင်နေနိုင်တာဖြစ်အတွက် Goldpetrol ရဲ့ လုပ်ငန်းတွေကို တည်ဆဲဥပဒေကြောင်းအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ဖို့နဲ့ ကာကွယ်ရေးယန္တရားတွေချမှတ် ဖြတ်တောက်ဖို့လိုနေပြီလို့ JFM ကထောက်ပြထားပါတယ်။
MOGE နဲ့ စီးပွားရေးဆက်လက်လုပ်ဆောင်မှု၊ ရေနံရောင်းချထောက်ပံ့မှုတွေဟာ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါအနေနဲ့ ပါဝင်ပတ်သတ်ရာရောက်နေတဲ့အတွက် Interra Resources ကို စည်းမျဉ်းပိုင်းဆိုင်ရာ အရေးယူဆောင်မှု တွေ လုပ်ဆောင်သင့်တယ်လို့ စင်္ကာပူစတော့အိတ်ချိန်းကို JFM ကတောင်းဆိုထားပါတယ်။
========================
🚩🚩 ၄။ ကြို့ပင်ကောက်မြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖို့ကြိုးစားတဲ့ စစ်အုပ်စုက ပြည်သူပိုင် ရွှေ ငွေ ပစ္စည်းတွေ ခိုးယူ
ဖေဖော်ဝါရီ၅ရက်
ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖို့ ကြိုးစားတဲ့ စစ်အုပ်စုဟာ အရပ်သားပြည်သူတွေပိုင်တဲ့ ရွှေ ငွေ ပစ္စည်းတွေ ခိုးယူသွားတယ်လို့ ပဲခူးရိုးမအခြေပြု BTZM GBK PDF က ဒီနေ့ ဖေဖော်ဝါရီ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ကြို့ပင်ကောက်မြို့နယ် မြို့ကိုင်းအုပ်စု ကျွန်းတောစုကျေးရွာကလူငယ်တွေကို ပေါ်တာဆွဲဖို့ ကွင်းချောင်းရွာက ပျူစောထီး တွေနဲ့ အကြမ်းဖက်စစ်သားတွေပါတဲ့ အင်အား ၅ဝ ခန့်ဟာ ဇန်နဝါရီလ ၂ ရက်နေ့မနက်ပိုင်းမှာ ဝင်ရောက်လာခဲ့တယ်လို့ ဆို ပါတယ်။
လူငယ်တွေကို ပေါ်တာဆွဲပြီး စစ်မှုထမ်းခိုင်းဖို့ ကြိုးစားလာတဲ့ အဲဒီအကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးတွေကြောင့် ကျွန်းတောစုရွာက ဒေသနေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
ဒေသနေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်သွားတာကြောင့် အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူပိုင်အိမ်တွေထဲဝင်ရောက်ပြီး ရွှေ ငွေနဲ့ အထိုးတန်ပစ္စည်းတွေကို ခိုးယူသွားတယ်လို့ အသိပေးပါတယ်။
အဲဒီနောက် အကြမ်းဖက်စစ်အုပ်စုဟာ ဇန်နဝါရီလ ၃ ရက်နေ့မှာ ဇီးကုန်းမြို့နယ်အပိုင်ထဲက မီးကောက်ပင်ကျေးရွာက လူငယ်တွေကို ပေါ်တာဆွဲဖို့ ထွက်ခွာသွားတယ်လို့ သိရပါတယ်။
မီးကောက်ပင်ကျေးရွာဘက် ထွက်လာတဲ့ အဲဒီအကြမ်းဖက်စစ်အုပ်စုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ YOMA GBK PDF၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၁ Dragon Brothers GBK PDF နဲ့ ပဲခူးရိုးမအခြေပြု BTZM GBK PDF တို့ ပါတဲ့ ညီနောင်မဟာမိတ်တပ်ပေါင်းစုက ကြားဖတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်အုပ်စုက ပျူစောထီးတွေနဲ့ စစိသားအချို့ ထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပြီး အသေးစိတ်သိရအောင် ဆက်လက်စုံစမ်းနေတယ်လို့ ပဲခူးရိုးမအခြေပြု BTZM GBK PDF က ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment