၂၀၂၅ ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ လူ့အခွင့်အရေးရာတာဝန်ခံများအား စစ်သည်တော်ကျင့်ဝတ်စည်းကမ်းဆိုင်ရာနည်းပြသင်တန်းကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့်တာဝန်ရှိသူများက သင်ကြားပို့ချပေးခဲ့
📌 ၂။ စစ်ကောင်စီအတွက် ဝင်ငွေရလမ်းများကို ကျားဖြန့် ငွေလိမ်ဂိုဏ်းများက ထောက်ပံ့ပေးနေပြီး မြန်မာလူထုနှင့် ဒေသတွင်း နိုင်ငံများကို အကြီးအကျယ် ခြိမ်းခြောက်နေသည်ဟု NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော် ပြောဆို
📌 ၃။ ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Miyaji Takumaက ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် လက်ခံတွေ့ဆုံ
📌 ၄။ စီပါရွာလူသတ်မှု ICC အရေးယူဖို့ Fortify Rights အဖွဲ့ တောင်းဆို
📌 ၅။ သြစတြေးလျတွင် မြန်မာအင်အားစုများကစစ်အာဏာရှင်ဆန့်ကျင်ရေးလူထု ဆန္ဒ ထုတ်ဖေါ်ပွဲများ မြန်မာစစ်ကောင်စီသံရုံးရှေ့ကျင်းပမယ်
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ လင်းဇင်း ရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့
🚩 ၂။ စစ်ကိုင်း တပ်မ ၃၃ မှ မုံရွာ နမခသို့ အင်အားဖြည့်တင်းရန် ထွက်လာသော သံပြားကာ jummer ကားတန်းကို မိုင်းဆွဲတိုက်ခိုက်
🚩 ၃။ MUGDF တပ်ဖွဲ့ရဲ့ စခန်းတစ်ခုကို စစ်ကောင်စီ စစ်ကြောင်းက စီးနင်း ဖျက်ဆီးခဲ့
🚩 ၄။ တောင်ခမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံးပန်း တစ်ဦးက DPLA တပ်ဖွဲ့ဝင် တစ်ဦးရဲ့ အကိုအရင်းဖြစ်နေ
🚩 ၅။ ပုဂံသို့ ဘုရားဖူးလာတဲ့ လူငယ်တချို့ စစ်တပ်က စစ်မှုထမ်းတပ်သားများအဖြစ် ဖမ်းဆီး
🚩 ၆။ ရွှေညောင်တွင် စစ်မှုထမ်းစာရင်းပါတဲ့ လူငယ်တစ်ဦး ဆွဲကြိုးချသေဆုံး
🚩 ၇။ မြောက်ဦးတွင် တရားမဝင် ပြင်ပအရက်များ DLEPS ဖမ်းဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ လူ့အခွင့်အရေးရာတာဝန်ခံများအား စစ်သည်တော်ကျင့်ဝတ်စည်းကမ်းဆိုင်ရာနည်းပြသင်တန်းကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့်တာဝန်ရှိသူများက သင်ကြားပို့ချပေးခဲ့
ဖေဖော်ဝါရီ ၄
Radio NUG
စစ်သည်တော်ကျင့်ဝတ်စည်းကမ်းဆိုင်ရာ နည်းပြသင်တန်းကို ဇန်နဝါရီလ(၂၈)ရက်နေ့မှ ဖေဖော်ဝါရီလ(၁) ရက်နေ့အထိ (၅)ရက်တာ သင်တန်းအဖြစ် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ လူ့အခွင့်အရေးရာတာဝန်ခံများအား လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နှင့် တာဝန်ရှိသူများက သင်ကြားပို့ချပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
အဆိုပါ သင်တန်းတွင် လူ့အခွင့်အရေးရာတာဝန်ခံများအပြင် ပြည်သူ့အုပ်ချူပ်ရေးယန္တရားမှ တာဝန်ရှိသူများလည်း ပါဝင်တက်ရောက်ခဲ့ပြီး အမျိုးသား (၁၅)ဦး၊ အမျိုးသမီး(၅)ဦး ပါဝင်ပြီး သင်တန်းသား အယောက်(၂၀) ပါဝင်တက်ရောက်ခဲ့ပါတယ်။
သင်တန်းတွင် လူ့အခွင့်အရေးရာ အခြေခံအချက်အလက်များ၊ နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ( IHL)နှင့် စပ်လျဉ်းသည့်အကြောင်းအရာများ၊အမျိုးသားညီညွတ်ရေးအစိုးရမှ ထုတ်ပြန်ထားရှိသည့် စစ်သည်တော်ကျင့်ဝတ်စည်းကမ်းများကို ရှင်းလင်းပြောကြားခြင်းနှင့် မြေပြင်တွင် အသိပညာ ပြန်လည် ဖြန့်ဝေနိုင်ရေးအတွက် လိုအပ်သည့် နည်းပြဆိုင်ရာ အရည်အချင်းများ၊ ဆောင်ရွက်ရန်အချက်များ အစရှိသည်တို့ကို သင်ကြားပို့ချခဲ့ပါတယ်။
========================
📌📌 ၂။ စစ်ကောင်စီအတွက် ဝင်ငွေရလမ်းများကို ကျားဖြန့် ငွေလိမ်ဂိုဏ်းများက ထောက်ပံ့ပေးနေပြီး မြန်မာလူထုနှင့် ဒေသတွင်း နိုင်ငံများကို အကြီးအကျယ် ခြိမ်းခြောက်နေသည်ဟု NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော် ပြောဆို
ဖေဖော်ဝါရီ ၄
Radio NUG
အကြမ်းဖက် စစ်ကောင်စီအတွက် ဝင်ငွေရလမ်းများကို ကျားဖြန့် ငွေလိမ်ဂိုဏ်းများက ထောက်ပံ့ပေးနေပြီး မြန်မာလူထုနှင့် ဒေသတွင်း နိုင်ငံများကို အကြီးအကျယ် ခြိမ်းခြောက်နေကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်း (press Briefing) အစီအစဉ်၌ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောဆိုခဲ့ပါတယ်။
"ကျားဖြန့်အွန်းလိုင်းငွေလိမ် ရာဇဝတ်ဂိုဏ်းတွေဟာ စစ်အာဏာရူးတွေနဲ့ လက်တစ်ဆုပ်စာ လူတစ်စု အကျိုးအမြတ်အတွက် အပြစ်မဲ့ လူသိန်းပေါင်း မြောက်များစွာအပေါ်မှာ မျက်မှောက်ခေတ် ကျွန်ပြုမှု၊ အကြမ်းဖက် ညှင်းပန်းနှိပ်စက်မှု၊ လူကုန်ကူးမှု၊ ငွေလိမ်လည်မှုစတဲ့ စက်ဆုတ်ရွံရှာစရာကောင်းတဲ့ ရာဇဝတ်မှုကြီးတွေကို ကျူးလွန်နေကြတာဖြစ်ပါတယ်။ ဒီငွေလိမ်ဂိုဏ်းတွေဟာ အကြမ်းဖက် စစ်တပ်အတွက် ဝင်ငွေရတဲ့ လမ်းတွေကို ထောက်ပံ့ပေးနေတဲ့ အပြင် မြန်မာလူထုကိုရော ဒေသတွင်း နိုင်ငံတွေပါ အကြီးအကျယ်ခြိမ်းခြောက်နေပါတယ်" လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောဆိုထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီ၏ ကိုယ်ကျိုးစီးပွားနှင့် အာဏာတည်မြဲမှု ကြိုးပမ်းဖို့ ၄ နှစ်တာ ကာလအတွင်း ၂၀၂၄ ခုနှစ် အရောက်တွင် ငွေကြေးခဝါချမှုနှင့် မူးယစ်ကုန်သွယ်မှုတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့နံပါတ် ၁ ဖြစ်သွားကြောင်း၊ ကျားဖြန့်နှင့် နွေဦးတော်လှန်ရေး တိုက်ပွဲသည် စံတန်ဖိုးများအရ ယုံကြည်ချက်များအရပါ အရှေ့နှင့် အနောက်ကို ဖြောင့်ဖြောင့် ဆန့်ကျင်နေသော ကိစ္စဖြစ်ကြောင်း၊ တော်လှန်ရေး၏ ရည်မှန်းချက်သည် အာဏာရှင်စနစ်ချုပ်ငြိမ်းရန် လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုကို အားမခံပြီး ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂ ခန့်မှန်းချက်အရ မြန်မာပြည်တွင်း ကျားဖြန့်လုပ်ငန်းများ၊ ငွေလိမ်ဂိုဏ်းများတွင် အဓမ္မစေခိုင်း အလုပ်လုပ်နေကြသော လူပေါင်း ၁ သိန်း ၂ သောင်းကျော်ရှိသည်ဟု ခန့်မှန်းထားပြီး စားဝတ်နေရေး ကျပ်တည်းမှုကြောင့် မြန်မာနိုင်ငံသားများလည်း အနည်းဆုံး သောင်းနှင့်ချီပြီး အင်မတန်ဆိုးရွားသော ပတ်ဝန်းကျင်တွင် အဓမ္မ စေခိုင်းခံနေရတာကြောင့် ပြည်သူလူထုများအနေဖြင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ ဖျားယောင်းမှု အတုအယောင် အလုပ်ခေါ်မှုများကို သတိဝိရိယကြီးကြီးထား၍ ရှောင်ရှားကြရန် တိုက်တွန်းပြောဆိုထားပါတယ်။
========================
📌📌 ၃။ ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Miyaji Takumaက ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် လက်ခံတွေ့ဆုံ
ဖေဖော်ဝါရီ ၄
Radio NUG
ဖေဖော်ဝါရီလ၄ ရက်နေ့ ညနေ ၄နာရီ၂၀မိနစ်တွင်ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးMr. Miyaji Takuma သည် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် မိနစ်၂၀အကြာ ရင်းနှီးလေးစားစွာ လက်ခံတွေ့ဆုံခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းခံရပြီးနောက် ၄ နှစ်တာကာလအလွန် အခြေအနေများနှင့် စပ်လျဉ်း၍ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Miyaji Takumaသည် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာပြည် ဒီမိုကရေစီစနစ်နှင့် ငြိမ်းချမ်းရေး အမြန်ဆုံး ပြန်လည်ရရှိရန်အတွက် ဂျပန်အစိုးရအနေဖြင့် တိတိကျကျ ထိထိရောက်ရောက်ရှိသည့် နိုင်ငံရေးပေါ်လစီကို လုပ်ဆောင်ပေးရန် တောင်းဆိုထားသည့် တောင်းဆိုစာ" ကိုလည်း လက်ခံခဲ့ပါတယ်။
ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Miyaji မှ ခက်ခဲဒုက္ခရောက်နေသည့် မြန်မာပြည်သူများအား ဖေးမကူညီမည်ဆိုသည့် ခိုင်မာသည့် လမ်းစဉ်အောက်တွင် ဆက်လက်၍ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ပိုမိုကူညီပေးခြင်းနှင့်အတူ နောက်နောင်တွင်လည်း သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးနှင့် တွေ့ဆုံဆွေးနွေးပြီး အခြေအနေ တိုးတက်ပြောင်းလဲလာရန် လုပ်ကိုင်ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
========================
📌📌 ၄။ စီပါရွာလူသတ်မှု ICC အရေးယူဖို့ Fortify Rights အဖွဲ့ တောင်းဆို
ဖေဖော်ဝါရီ ၄
Radio NUG
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်၊ စီပါရွာမှာ စစ်ကောင်စီတပ်သားတွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ထံ လွှဲပြောင်းပြီး စုံစမ်းစစ်ဆေးအရေးယူဖို့ အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights အဖွဲ့က ICC အဖွဲ့ဝင်နိုင်ငံတွေကို ဖေဖော်ဝါရီ ၄ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်က စီပါရွာခံ အရပ်သား ခြောက်ဦးကို စစ်ကောင်စီတပ်သားတွေက စိတ်ဓာတ်စစ်ဆင်ရေးတစ်ရပ်အနေနဲ့ ရည်ရွယ်ချက်ရှိရှိ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပုံရတယ်လို့ Fortify Rights အဖွဲ့ရဲ့ ဖေဖော်ဝါရီ ၄ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အသတ်ခံရသူတွေက အသက် ၈၀ ဝန်းကျင် ဦးတင်လှိုင်၊ အသက် ၄၂ နှစ်အရွယ် ဦးသက်အောင်၊ ၅၇ နှစ်အရွယ် ဦးကျောင်းပို၊ အသက် ၅၀ ဝန်းကျင်တွေဖြစ်တဲ့ ဦးရာစိန်နဲ့ ဦးဌေးလွင်တို့ဖြစ်ကြပြီး စီပါရွာခံတွေ ကိုယ်တိုင် အတည်မပြုနိုင်သေးတဲ့ တခြားရုပ်အလောင်းတစ်လောင်းကို တွေ့ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
Fortify Rights အဖွဲ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံတစ်ဦးဖြစ်တဲ့ ကိုစိုင်းအာကာက "ICC အဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံမှာ နေ့တိုင်းနီးပါးဖြစ်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို အဆုံးသတ်ဖို့ ချက်ချင်း အရေးယူဆောင်ရွက်သင့်ပါတယ်" လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းတိုက်တွန်းထားပါတယ်။
သတ်ဖြတ်ခံလိုက်ရတဲ့ စီပါရွာသားတွေရဲ့ မီးလောင်ထားတဲ့ရုပ်အလောင်းတွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ဖြတ်တောက်ခံထားရတဲ့ ဓာတ်ပုံတွေကို Fortify Rights က ရရှိထားတယ်လို့ ဆိုပါတယ်။
ကိုယ်လက်အင်္ဂါတွေကို ဖြတ်တောက်တာ၊ အရပ်သားတွေ ကြောက်စိတ်ဝင်အောင် ပြသတာ၊ ကြောက်စိတ်တွေ သွင်းပေးပြီး အတင်းအကျပ် နေရပ်ကနေ မောင်းထုတ်တာ၊ မခုခံ မတော်လှန်ရဲအောင် လုပ်တာတွေဟာ နိုင်ငံတကာစစ်ဥပဒေအရ စစ်ရာဇဝတ်မှုမြောက်တယ်လို့လည်း Fortify Rights က ဆိုပါတယ်။ ဒီလိုထိတ်လန့်ကြောက်လန့်ဖွယ်ရာ စစ်နည်းဗျူဟာတွေကို စစ်ကောင်စီတပ်က ကျူးလွန်တာဟာ ဒါပထမဆုံးအကြိမ်မဟုတ်ကြောင်း ၂၀၂၃ ခုနှစ်ကလည်း ပုလဲမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်နဲ့ အရပ်သားတစ်ယောက်ကို စစ်ကောင်စီတပ်သားတွေ ခေါင်းဖြတ်သတ်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို Fortify Rights အဖွဲ့ ရရှိထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ICC အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအခြေအနေကို ICC အစိုးရရှေ့နေဆီ ချက်ချင်းလွှဲပြောင်းပြီး ၂ဝ၂၁ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း အရပ်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေအတွက် စစ်ကောင်စီကို အရေးယူသင့်တယ်လို့လည်း Fortify Rights ကတိုက်တွန်းထားပါတယ်။
========================
📌📌 ၅။ သြစတြေးလျတွင် မြန်မာအင်အားစုများကစစ်အာဏာရှင်ဆန့်ကျင်ရေးလူထု ဆန္ဒ ထုတ်ဖေါ်ပွဲများ မြန်မာစစ်ကောင်စီသံရုံးရှေ့ကျင်းပမယ်
ဖေဖော်ဝါရီ၄ရက်
Radio NUG
သြစတြေးလျတွင် မြန်မာအင်အားစုများက စစ်အာဏာရှင်ဆန့်ကျင်ရေးလူထု ဆန္ဒ ထုတ်ဖေါ်ပွဲများကို မြန်မာစစ်ကောင်စီသံရုံးရှေ့ ကျင်းပမယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၆ ရက် Parliament House, Parliament Dr, Canberraနဲ့ Chinese Embassy, SAC office (Myanmar Embassy)တို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။,
စကစ၏ မတရား အာဏာသိမ်းမှု လေးနှစ်ရှိလာခြင်း၊ စကစ ၏ တရားမဝင်၊ အတုအယောင်ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းနေခြင်းအပေါ် ဟန့်တား၊ ဆန့်ကျင်ခြင်း၊ တရုတ် အစိုးရ၏ မြန်မာ့ အရေးကြားဝင်စွက်ဖက်မှုကို ရှုံ့ချခြင်းတို့ကို ရည်ရွယ်လုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ လင်းဇင်း ရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့
ဖေဖော်ဝါရီ ၄၊
Radio NUG
မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ လင်းဇင်းတိုက်နယ် ရဲစခန်းကို မဟာမိတ် တော်လှန်ရေး အင်အားစုများက စီးနင်းတိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဗမာ့တပ်တော်က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၃ ရက် တနင်္လာနေ့ မနက် ၆ နာရီက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂ နာရီကျော်ကြာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ရဲစခန်းအတွင်းရှိ စစ်ကောင်စီ တပ်သားများ အကျအဆုံးများခဲ့တယ်လို့ ဖော်ပြထားပြီး မိတ္ထီလာ လေတပ် စခန်းကနေ ဂျက်ဖိုက်တာ တစ်စီးဖြင့် လေကြောင်းပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် ရဲစခန်းကို မီးရှို့ ဖျက်ဆီးခဲ့ကာ မဟာမိတ် တော်လှန်ရေး အင်အားစုများမှ ရဲဘော်များ အထိခိုက် မရှိဘဲ စနစ်တကျ ပြန်ဆုတ်ခွာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ပွဲကို ဗမာ့တပ်တော် (BAMAR ARMY) အမှတ် ၇၀၇ တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း၊ ဒေါင်းစစ်အောင် (LPDF)၊ စလင်း (ပကဖ)၊ ဒေါင်းညီနောင် (LPDF)၊ SLN (LPDF)၊ မင်းဘူးခရိုင် လက်ရုံးတပ်ဖွဲ့နှင့် မကွေးတိုင်း ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၂။ စစ်ကိုင်း တပ်မ ၃၃ မှ မုံရွာ နမခသို့ အင်အားဖြည့်တင်းရန် ထွက်လာသော သံပြားကာ jummer ကားတန်းကို မိုင်းဆွဲတိုက်ခိုက်
ဖေဖော်ဝါရီ ၄
Radio NUG
စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မုံရွာမြို့ နမခသို့ အင်အားနှင့် လက်နက်များ သယ်ဆောင်ပြီး သံပြားကာ jummer ကား ၄စီး ထွက်ခွာလာနေသည်ကို ကင်းထောက်ရဲဘော်များမှ သတင်းပေးပို့လာသဖြင့် မိုင်းဆွဲ ရဲဘော်များမှာ မိုင်းပွိုင့်ရှိရာသို့ စစ်ကောင်စီ လမ်းပိုင်းလုံခြုံရေး ကင်းအထပ်ထပ်ကြားမှ ခက်ခက်ခဲခဲ သွားရောက်ပြီး ဖေဖော်ဝါရီလ ၄ရက် နေ့လယ် 12:12 အချိန်တွင် ချောင်းဦး-မုံရွာ လမ်းပိုင်း တစ်နေရာတွင် အထူးပြုလုပ်ထားသော ပဒေသာ ၇ လုံးတွဲ မိုင်းပွိုင့်ဖြင့် သံပြားကာ jummer ကား ၄စီးတန်း၏ ဒုတိယမြောက်ကား၏ ခေါင်းပိုင်းကို ထိထိမိမိ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Area 71 People Defense Force မှ သတင်းထုတ်ပြန်ထားပါတယ်။
၎င်းကားမှာ မိုင်းထိမှန် ထိုးရပ်သွားပြီး လမ်းပိုင်းလုံခြုံရေးကင်းများမှ မိုင်းဆွဲရဲဘော်များကို တွေ့ရှိသွားကာ ရဲဘော်များ ပြေးထွက်လာသည့် နောက်မှ လိုက်လံ၍ လက်နက်ငယ်များဖြင့် တလစပ် လိုက်လံ ပစ်ခတ်ကြတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီ လမ်းပိုင်း လုံခြုံရေးများ၏ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ကျည်ထိမှန်ပြီး သေဆုံးသည့်ကို ကြားသိရသဖြင့် တော်လှန်ရေးရဲဘော်များမှာ ယူကြုံးမရ မိသားစုနှင့်ထပ်တူ ကြေကွဲ ဝမ်းနည်းရကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ MUGDF တပ်ဖွဲ့ရဲ့ စခန်းတစ်ခုကို စစ်ကောင်စီ စစ်ကြောင်းက စီးနင်း ဖျက်ဆီးခဲ့
ဖေဖော်ဝါရီ ၄၊
Radio NUG
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် စက်မှု ၂ ကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းက MUGDF တပ်ဖွဲ့ ရဲ့ စခန်းတစ်ခုကို ဝင်ရောက်စီးနင်း ဖျက်ဆီးခဲ့တယ်လို့ အညာမြေ တပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၃ ရက် နေ့လယ် ၁၂ နာရီခန့်မှာ အင်အား ၃၀၀ ဖြင့် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ အညာမြေတပ်ပေါင်းစု မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ MUGDF စခန်းကို စီးနင်းဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
တပ်ဖွဲ့မှ ရဲဘော်များ ရှေ့တန်း မစ်ရှင်ထွက်နေချိန် ဖြစ်တာကြောင့် နောက်တန်း ယိုပေါက်ဖြစ်ခဲ့ပြီး မကာကွယ်နိုင်ခဲ့ဘဲ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၄၅၀ ဝန်းကျင်ခန့် ဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းရဲ့ ဖျက်ဆီးမှုကြောင့် ကျေးရွာများနဲ့ ပြည်သူများ များစွာထိခိုက်ဆုံးရှုံးခဲ့ရပါသေးတယ်။
========================
🚩🚩 ၄။ တောင်ခမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံးပန်း တစ်ဦးက DPLA တပ်ဖွဲ့ဝင် တစ်ဦးရဲ့ အကိုအရင်းဖြစ်နေ
ဖေဖော်ဝါရီ ၄၊
Radio NUG
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသ တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း ၅ ဦးထဲ DPLA တပ်ဖွဲ့ဝင် တစ်ဦးရဲ့ အကိုအရင်းဖြစ်သူ ပါဝင်လာပြီး ညီကိုနှစ်ဦး ပြန်ဆုံတွေ့ ခဲ့ကြတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်ပိုင်းမှာ အမတ (၉၀၂) တပ်နဲ့ အမတ (၄၀၆) တပ်ကနေ ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို TNLA နဲ့ DPLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၅ ဦးကို ဖမ်းဆီး ရမိခဲ့တာပါ။
အဆိုပါ စစ်သုံ့ပန်းတွေထဲက တစ်ဦးဟာ ဓနု ပြည်သူ့လွတ်မြောက်ရေး တပ်တော် (DPLA) ရဲဘော် တစ်ဦးရဲ့ အကိုအရင်း ဖြစ်တယ်လို့ သိရပါတယ်။
အကိုဖြစ်သူဟာ စစ်ကောင်စီ တပ်ထဲမှာ အနေကြာခဲ့တဲ့ တပ်ကြပ် အဆင့်ရှိသူ ဖြစ်ပြီး တိုက်ပွဲအတွင်း ရရှိလာတဲ့ ပွန်းပဲ့ ဒဏ်ရာတွေကို ညီဖြစ်သူ DPLA ရဲဘော်က ပြုစုပေးနေတယ်လို့ ဆိုပါတယ်။
DPLA ရဲဘော်အနေနဲ့ သူ့ရဲ့ အကိုဖြစ်သူ စစ်သုံ့ပန်းအတွက် တစုံတရာ အခွင့်အရေး တောင်းဆိုတာမျိုး မရှိဘူးလို့ သိရပါတယ်။
========================
🚩🚩 ၅။ ပုဂံသို့ ဘုရားဖူးလာတဲ့ လူငယ်တချို့ စစ်တပ်က စစ်မှုထမ်းတပ်သားများအဖြစ် ဖမ်းဆီး
ဖေဖော်ဝါရီ ၄
Radio NUG
ဖေဖော်ဝါရီလ ၂ ရက်နေ့နှင့် ၃ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက်စစ်တပ်က ပုဂံမြို့ပေါ်ရှိ နေအိမ်များ၊ ဟိုတယ်များနှင့် တည်းခိုခန်းများကို ဧည့်စာရင်း ဝင်ရောက်စစ်ဆေးခဲ့ပြီး လူငယ် ၁၀ ဦးကျော်ကို ဖမ်းဆီးခဲ့ကာ ဧည့်စာရင်းမတိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နှင့် စစ်တပ်ထဲသို့ ပို့ဆောင်လိုက်တယ်လို့ ဒေသသတင်းများအရ သိရပါတယ်။
ထို့အပြင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ချောက်ဘုရားလှ ရပ်ကွက်တွင် လူငယ် ၁၂ ဦးနဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ပုဂံမြို့သစ် ကိုးလုံးရပ်ကွက်တွင် လူငယ် ၁၅ ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
ပုဂံမြို့ခံများက ညပိုင်း အပြင်မထွက်ကြဘဲ ပုဂံကို လာလည်တဲ့ လူငယ်တချို့က ည ၈ ခွဲ ဆိုင်ကယ်စီး အပြင်ထွက်တာကြောင့် မှောင်ရိပ်ခိုမှုနဲ့ အဖမ်းခံရတယ်လို့ ဟိုတယ်ဝန်ထမ်းတစ်ဦးက ပြောဆိုထားပါတယ်။
စစ်တပ်က အိမ်စီးကားများ အရပ်ဝတ်များဖြင့် ပုဂံရှိဘုရားများကို နေ့ညမပြတ် လှည့်ပတ်နေပြီး ပုဂံကို ဘုရားဖူးလာတဲ့ မိသားစုများမှ လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးလာသဖြင့် သတိထားဖို့ လိုတယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ ရွှေညောင်တွင် စစ်မှုထမ်းစာရင်းပါတဲ့ လူငယ်တစ်ဦး ဆွဲကြိုးချသေဆုံး
ဖေဖော်ဝါရီ ၄
Radio NUG
တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ရေနံဝန်း ၊ ဝန်ထမ်းလိုင်းခန်းမှ စစ်မှုထမ်းစာရင်းပါသည့် လူငယ်တစ်ဦး ရွှေညောင် စလီဗာတုံး စက်ရုံအနီး ညောင်ပင်တွင် ဆွဲကြိုးချသေကြောင်းကြံခဲ့ပြီး ဖေဖော်ဝါရီလ ၄ ရက် မနက်ပိုင်း ၇ နာရီခွဲ အချိန်အကြောင်း ကြားလာသဖြင့် ရပ်ကွက်နေပြည်သူများက သွားရောက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ခမ်းသားငေါဝ်းသတင်းဌာနမှာ ဖော်ပြထားပါတယ်။
ထိုလူငယ်သည် အသက် ၁၉ နှစ်ရှိပြီး ဖေဖော်ဝါရီလ ၁၅ ရက်တွင် စစ်မှုထမ်း သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ မြောက်ဦးတွင် တရားမဝင် ပြင်ပအရက်များ DLEPS ဖမ်းဆီး
ဖေဖော်ဝါရီ ၄
Radio NUG
ဖေဖော်ဝါရီလ ၃ရက်နေ့တွင် အာရက္ခပြည်၊ မြောက်ဦးမြို့တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာန (DLEPS) တပ်ဖွဲ့ဝင်တွေက တရားမဝင် ပြင်ပ အရက်၊ ဘီယာတွေကို လိုက်လံ ရှာဖွေဖမ်းဆီးနေကြောင်း Golden Era Mediaမှာ ဖော်ပြထားပါတယ်။
ပြည်ပ အရက်၊ ဘီယာကင်းစင်ရေးအတွက် အရက်ဖြန့်ဖြူးရောင်းချနေတဲ့ ဆိုင်တွေနဲ့ စားသောက်ဆိုင်တို့ကိုပါ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်လံ ရှာဖွေစစ်ဆေး ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
သိမ်းဆည်းရရှိထားတဲ့ ပြင်ပ အရက်၊ ဘီယာ၊ ဝိုင်တွေကို သက်ဆိုင်ရာက စနစ်တကျ ထိန်းသိမ်းထားပြီး တရားမဝင် ရောင်းချနေတဲ့သူတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သိရပါတယ်။
အာရက္ခဒေသမှာ ပြင်ပ အရက်၊ ဘီယာ၊ ဝိုင် အပါအဝင် ယစ်မျိုးကုန် မှန်သမျှကို တင်သွင်းရောင်းချမှု မပြုလုပ်ဖို့နဲ့ တင်သွင်းထားပြီးဖြစ်တဲ့ ပြင်ပ အရက်၊ ဘီယာ၊ဝိုင် နဲ့ ယစ် မျိုးကုန်တွေကိုလည်း စက်တင်ဘာလ ၁၉ ရက်နေ့ကနေ (၃) လအတွင်း ကုန်အောင် အပြီးသတ်ရောင်းချကြဖို့ ဒေသဆိုင်ရာ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က လိုက်လံပြောဆိုထားတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment