၂၀၂၅ မတ်လ ၁၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပအိုဝ်းအင်အားစုတွေရဲ့အခန်းကဏ္ဍက အရေးကြီးတဲ့ကဏ္ဍာမှာ ရှိနေမှာဖြစ်တယ်လို့ ယာယီသမ္မတပြော
📌 ၂။ (၇၆) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားသို့CRPHနဲ့NUGတို့ကသဝဏ်လွှာများပေးပို့
📌 ၃။ ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၇) နှစ်ပြည့် နှစ်ပတ်လည်နေ့အတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှသဝဏ်လွှာပေးပို့
📌 ၄။ ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးလို ICC တရားရုံးရဲ့ ဖမ်း၀ရမ်းနဲ့ မင်းအောင်လှိုင်ကို ဖမ်းဆီးနိုင်မယ့်အချိန် ရောက်လာလိမ့်မယ်လို့ SAC-M ထုတ်ပြန်
📌 ၅။ သြစတြေးလျနိုင်ငံDoonside Community Centreမှာ နွေဦးတော်လှန်ရေးစျေးရောင်းပွဲတော်ကျင်းပမည်
========================
၂၀၂၅ ခုနှစ် မတ်လ ၁၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်မှူးသင်တန်း၊ သင်တန်းဆင်းပွဲအောင်မြင်စွာကျင်းပပြီးစီး
🚩 ၂။ မလှိုင်မြို့နယ် ဂိတ်ချပြီး ဆက်ကြေးကောက်နေတဲ့ ရဲ ၂ ဦး ပစ်ခတ်ရခဲ့ရာ သေနတ် ၂ လက် သိမ်းဆည်းရရှိ
🚩 ၃။ မြင်းခြံမြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦး သေဆုံး
🚩 ၄။ ငါန်းဇွန်မြို့နယ်မှာ ခြေလျင်ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ၁၅ ဦး သေဆုံး
🚩 ၅။ ခလရ ၂၃၅ က စစ်မှုထမ်းတပ်သားသစ် ၅ ဦး သေနတ်၂လက် ကျည် ၆ ရာနဲ့အတူ နွားထိုးကြီး PDF ထံ အလင်းဝင်
🚩 ၆။ ပိုင်ကျုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများသို့ KNUသွားရောက်ကူညီထောက်ပံ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပအိုဝ်းအင်အားစုတွေရဲ့အခန်းကဏ္ဍက အရေးကြီးတဲ့ကဏ္ဍာမှာ ရှိနေမှာဖြစ်တယ်လို့ ယာယီသမ္မတပြော
မတ်လ၁၃ရက်
စစ်အာဏာရှင်စနစ်ကိုတွန်းလှန်ဖြိုဖျက်တဲ့နေရာမှာ တစ်တပ်တစ်အား ပါဝင်နေတဲ့ ပအိုဝ်းအင်အားစုတွေရှိပြီး ပအိုဝ်းတွေရဲ့အခန်းကဏ္ဍက အရေးကြီးတဲ့ ကဏ္ဍာမှာရှိနေမှာဖြစ်တယ်လို့ မတ်လ၁၃ရက်တွင် ကျင်းပတဲ့ ၇၆ နှစ်ပြည့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားမှာ ယာယီသမ္မတဒူဝါလရှီးလက ပြောကြားလိုက်တာဖြစ်ပါတယ်။
"လူမျိုးစုတော်လှန်ရေးသမိုင်းမှာ ပအိုဝ်းလူမျိုးစုတော်လှန်ရေးအခန်းကဏ္ဍဟာ ကြီးမားခဲ့သလို ယခုနွေဦးတော်လှန်ရေးမှာလည်း ပအိုဝ်းတွေရဲ့အခန်းကဏ္ဍက အရေးကြီးတဲ့ ကဏ္ဍာမှာရှိနေမှာဖြစ်ပါတယ်။ကျနော်တို့နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးအင်အားစုအသစ်တွေနဲ့ ယခင်ကလူမျိုးလူတော်လှန်ရေးအင်အားစုတွေနဲ့ပေါင်းစပ်ပြီးတော့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖြိုဖျက်နေတာဖြစ်ပါတယ်။အဲဒီလိုစစ်အာဏာရှင်စနစ်ကိုတွန်းလှန်ဖြိုဖျက်တဲ့နေရာမှာတစ်တပ်တစ်အား ပါဝင်နေတဲ့ပအိုဝ်းအင်အားစုတွေရှိသလို အကြမ်းဖက်စစ်အာဏာရှင်နဲ့ဆက်ဆံနေတဲ့ ပအိုဝ်းအမျိုးသားခေါင်းဆောင်အချိူ့လည်းရှိနေပါတယ်။ဒါကြောင့် ဘာသာရေးကိုင်းရှိုင်းပြီး ရိုးသားဖြောင့်မတ်တဲ့ ပအိုဝ်းလူမျိုးစုဟာစစ်အာဏာရှင်သက်ဆိုးရှည်ဖို့အတွက်အသုံးချခံနေသလိုဖြစ်တာကိုတွေ့ရတာအင်မတန်စိတ်မကောင်းဖြစ်မိပါတယ်"လို့ ယာယီသမ္မတကပြောပါတယ်။
အဆိုပါ၇၆ နှစ်ပြည့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့ ပအိုဝ်းအမျိုးသားခေါင်းဆောင်များ၊တော်လှန်ရေးအင်အားစုများ၊CRPHဥက္ကဌနဲ့ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ (၇၆) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားသို့CRPHနဲ့NUGတို့ကသဝဏ်လွှာများပေးပို့
မတ်လ ၁၃ ရက်
ယနေ့ကျရောက်သည့် (၇၆) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အချိန်အခါသမယတွင် ပအိုဝ်းတိုင်းရင်းသားများနှင့်အတူ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး ဘေးအန္တရာယ်အပေါင်း ကင်းဝေးပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဖော်ပြပါတယ်။
ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် စစ်အာဏာရှင်စနစ်နှင့်အတူ အာဏာရှင်စနစ်ဟူသမျှ တိုက်ဖျက်ရေးတွင် အခြားသော တော်လှန်ရေးအင်အားစုများအားလုံးတို့နှင့်အတူ အချင်းချင်း အပြန်အလှန် နားလည်ယုံကြည်မှုတို့ကို အခြေတည်၍ ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း အခိုင်အမာ ယုံကြည်အပ်တယ်လို့ဖော်ပြပါတယ်။
ခေတ်အဆက်ဆက် ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြရသော ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့်တကွ ရဲဘော်အပေါင်းတို့အား ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ်အလေးပြုအပ်တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဆိုပါတယ်။
ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည် လွန်ခဲ့သည့်နှစ် (၃၀၀၀)ဝန်းကျင် (ဘီစီ ၁၀၀၀ ဝန်းကျင် က တည်းကပင်) မျက်မှောက်ခေတ် မွန်ပြည်နယ်၊ သထုံဒေသ၌ အခြေချနေထိုင်ခဲ့ကြသည့် ဌာနေတိုင်းရင်း သားလူမျိုးများဖြစ်ပြီး သမိုင်းတစ်လျှောက်တွင် နိုင်ငံရေးလောကဓံပေါင်းများစွာကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ဘာသာ၊ စာပေ၊ ယဥ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ကာကွယ်မြှင့်တင်ပြီး နေထိုင်လာခဲ့ကြသည့် ဇွဲသတ္တိကို အမျိုးသားညီညွတ်ရေးအစိုးရကလည်း အထူးပင်လေးစားအားကျ ဂုဏ်ယူလျက်ရှိတယ်လို့ဖော်ပြပါတယ်။
ယနေ့နွေဦးတော်လှန်ရေး ခရီးလမ်းတွင်လည်း ပအိုဝ်းတိုင်းရင်းသားများသည် အခြားမဟာမိတ် တိုင်းရင်းသားလူမျိုးစုများနှင့်အတူ လက်တွဲကာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူ သမျှအပြီးတိုင်ချုပ်ငြိမ်းစေရေးအတွက် ကျရာနေရာမှ ခုခံတွန်းလှန်တိုက်ပွဲဝင်လျက်ရှိပြီး မျက်မှောက် ခေတ်သမိုင်းက ပေးအပ်လာသောတာဝန်ကို ပြည်သူလူထုနှင့်အတူ ထမ်းရွက်နေသည်ကိုလည်း အမျိုး သားညီညွတ်ရေးအစိုးရက အစဉ်အမြဲ ဂုဏ်ယူလေးစားပါကြောင်း လေးနက်စွာ ထပ်မံဖော်ပြအပ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကဆိုပါတယ်။
နွေဦးတော်လှန်ရေး၏ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးတို့အတွက် ပအိုဝ်းအမျိုးသား ခေါင်းဆောင်ကြီးများ၏ ဦးဆောင်မှုနှင့်အတူ ပအိုဝ်းတိုင်းရင်းသားအင်အားစုများက အမျိုးသားညီညွတ် ရေးအစိုးရနှင့်အတူတကွ လက်တွဲဆောင်ရွက်ပြီး အောင်ပွဲဆင်နိုင်ကြပါစေကြောင်း အလေးအမြတ် ဆန္ဒပြုလျက် (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ဂုဏ်ပြုဝမ်းမြောက် ကြောင်း သဝဏ်လွှာအား ပေးပို့အပ်တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၃။ ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၇) နှစ်ပြည့် နှစ်ပတ်လည်နေ့အတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှသဝဏ်လွှာပေးပို့
မတ်လ (၁၃)ရက်
ရန်ကုန် စက်မှုတက္ကသိုလ် (ယခု ရန်ကုန်နည်းပညာတက္ကသိုလ်) ကျောင်းသားများဖြစ်သည့် ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ကို ၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် နေဝင်းဦးဆောင်သည့် အကြမ်းဖက်စစ်တပ်မှ တက္ကသိုလ်ပရဝဏ်အတွင်း၌ပင် ရက်စက်စွာ ပစ်သတ်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၃၇) နှစ်တိုင်ခဲ့ပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ဖော်ပြပါတယ်။
ခေတ်အဆက်ဆက်တွင် လူငယ်များ၊ ကျောင်းသား/သူများ ကဲ့သို့သော အနာဂတ်မျိုးဆက်များအပေါ် စစ်အာဏာရှင်များ အနေဖြင့် လူမဆန်စွာ ဖိနှိပ်သတ်ဖြတ်မှုများကြောင့် ကျဆုံးခဲ့ရသော လူငယ်များ၊ ကျောင်းသား/သူများ အတွက် အထူးဝမ်းနည်း ကြေကွဲရကြောင်းကို ယနေ့အခမ်းအနားတွင် လေးနက်စွာပြောကြားလိုတယ်လို့ ဆိုပါတယ်။
ခေတ်အဆက်ဆက်တွင် တိုင်းပြည်၏အချုပ်အခြာအာဏာ၊ တန်းတူညီမှု၊ လွတ်လပ်မှု၊ တရားမျှတမှုတို့ကို စစ်လက်နက်အားကိုး၍ ဗိုလ်ကျခြယ်လှယ်ရန် စဥ်ဆက်မပြတ် ကြိုးစားခဲ့ ကြသည့် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်များကို အန်တုရင်ဆိုင် တွန်းလှန်တော်လှန်ရင်း ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တန်းတူညီမှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့ဖြင့် ပြည့်စုံသော တိုင်းပြည်ကို ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ကြိုးစားဆောင်ရွက်ခဲ့ကြသည့် ရဲဘော် လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ၏ ရဲရင့်သည့် သတ္တိ၊ တိုင်းပြည်အပေါ် ထားရှိသည့် စိတ်စေတနာတို့သည် ယနေ့တိုင် တည်ရှိနေသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ကြရတယ်လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ အနေဖြင့် စစ်အာဏာရှင်စနစ်နှင့် မည်သို့သော အာဏာရှင်စနစ်မဆို အပြီးသတ်ချုပ်ငြိမ်းနိုင်ရေးအတွက်လည်းကောင်း၊ ပြည်သူတရပ်လုံး၏ ဘုံရည်မှန်းချက်ဖြစ်သော ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံပြီး နိုင်ငံသားအားလုံး လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းတို့ကို အခြေခံကာ အပြန်အလှန် အသိအမှတ်ပြုလေးစားမှု၊ ချစ်ကြည်ရိုင်းပင်းမှု၊ သွေးစည်းညီညွတ်မှုတို့ကို တည်ဆောက်ပြီး ငြိမ်းချမ်းစွာ အေးအတူပူအမျှ အတူတကွ ယှဥ်တွဲနေထိုင်နိုင်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုအား တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ဖော်ပြပါရှိပါတယ်။
========================
📌📌 ၄။ ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးလို ICC တရားရုံးရဲ့ ဖမ်း၀ရမ်းနဲ့ မင်းအောင်လှိုင်ကို ဖမ်းဆီးနိုင်မယ့်အချိန် ရောက်လာလိမ့်မယ်လို့ SAC-M ထုတ်ပြန်
မတ်လ (၁၃) ရက်နေ့
အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး - ICC ရဲ့ ဖမ်း၀ရမ်းနဲ့ ဖိလစ်ပိုင်အစိုးရက သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို ဖမ်းဆီးနိုင်ခဲ့သလို မြန်မာနိုင်ငံက အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးနိုင်မယ့်အချိန် ရောက်ရှိလာ လိမ့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ - SAC-M က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဖိလစ်ပိုင်သမ္မတဟောင်း ဖမ်းဆီးခံရမှုဟာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် ပြင်းထန်တဲ့ သတင်းစကား ဖြစ်တယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာတွေကို မောင်းထုတ်ခဲ့တာနဲ့ ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ရာဇ၀တ်မှုတွေအတွက် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်း ထုတ်ဖို့ ICC တရားရုံးရှေ့နေတွေက ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းမှာ လျှောက်ထားခဲ့တာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ - SAC-M က အခုလို အသိပေးလိုက်တာဖြစ်ပါတယ်။
ဖိလစ်ပိုင်အစိုးရအနေနဲ့ ICC တရားရုံးရဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ၂၀၁၉ ခုနှစ်မှာ နုတ်ထွက်ထားပေမယ့် ICC တရားရုံးရဲ့ ဖမ်း၀ရမ်းထုတ်ခြင်းခ့ထားရတဲ့ သမ္မတဟောင်းကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မှုဟာ နိုင်ငံတကာ အသိုင်း အ၀ိုင်းအတွက် တာဝန်ခံမှုနဲ့ တာဝန်ယူမှုဆိုင်ရာ တွန်းအားပေးမှုတခုဖြစ်တယ်လို့ SAC-M တည်ထောင်သူ Yanghee Lee က မှတ်ချက်ပြုပါတယ်။
SAC-M တည်ထောင်သူတဦးဖြစ်တဲ့ Marzuki Darusman က ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ဖမ်းဆီးနိုင်မှုဟာ အလွန်ခိုင်မာတဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး သြဇာကြီးမားတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတခုက ICC တရားရုံးနဲ့ အင်တာပိုလ် ရဲတပ်ဖွဲ့ကို လေးစားမှုလည်းဖြစ်သလို နိုင်ငံတကာဆိုင်ရာ တာဝန်ခံမှုတခုလည်းဖြစ်တယ်လို့ဆိုပါတယ်။
ဒါကြောင့် မင်းအောင်လှိုင်အနေနဲ့လည်း ဒူတာတေးလိုပဲ ဖမ်းဆီးခံရမယ့်အချိန် သေချာပေါက် ရောက်လာလိမ့်မယ်ဆိုတာ ထင်ထင်ရှားရှားပြသနေပါတယ်လို့ Marzuki Darusman က ပြောပါတယ်။
ဖိလစ်ပိုင်သမ္မတကို ဖမ်းဆီးနိုင်မှုဟာ ကုလသမဂ္ဂ၊ နိုင်ငံတကာ လူ့အခွင့်အရေးစနစ်နဲ့ တရားမျှတမှုဆိုင်ရာ ကတိတွေအပေါ် ယုံကြည်မှုဆုံးရှုံးနေတဲ့ မြန်မာပြည်သူတွေအတွက် မျှော်လင့်ချက်ရောင်ခြည်ဖြစ်စေတယ်လို့လည်း SAC-M တည်ထောင်သူ တဦးဖြစ်တဲ့ Chris Sidoti ကလည်း အသိပေးထားပါတယ်။
========================
📌📌 ၅။ သြစတြေးလျနိုင်ငံDoonside Community Centreမှာ နွေဦးတော်လှန်ရေးစျေးရောင်းပွဲတော်ကျင်းပမည်
မတ်၁၂ရက်
သြစတြေးလျနိုင်ငံDoonside Community Centreမှာ နွေဦးတော်လှန်ရေးစျေးရောင်းပွဲတော်ကျင်းပမယ်လိုလသိရပါတယ်။
နွေဦးတော်လှန်ရေး ခရီးတလျောက် တပ်ဦးမှတော်လှန်ကြသူများ၊ ဒါဏ်ရာရ ရဲဘော်များ၊ စစ်ဘေးရှောင် ပြည်သူများ၊ လူမှုစာနာထောက်ပံ့မှုများ အတွက် ရံပုံငွေရှာ စျေးရောင်းပွဲကို လာမဲ့ မတ်လ၁၅ရက်စနေနေ့တွင် Doonside Community Centre မှာ ကျင်းပမယ်လို့ NUGသြစတြေးလျနိုင်ငံဆက်ဆံရေးရုံးက အသိပေးကြေညာထားပါတယ်။အထူး လက်မှတ် အနေနဲ့ - Phyu Phyu in Sydney ပွဲ လက်မှတ်ကိုလည်း လာရောက် ဝယ်ယူလို့ရမှာဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်မှူးသင်တန်း၊ သင်တန်းဆင်းပွဲအောင်မြင်စွာကျင်းပပြီးစီး
မတ်လ (၁၃) ရက်နေ့
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၏ ၁/၂၀၂၄ တပ်မှူးသင်တန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၏ အုပ်ချုပ်ရေးနယ်မြေတနေရာတွင် မတ်လ ၈ရက်က ကျင်းပခဲ့တယ်လို့NUGကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။
သင်တန်းဆင်းပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ပေးပို့သော သဝဏ်လွှာ ဖတ်ကြားခြင်း၊ အမှတ် (၁) စစ်ဒေသမှူးမှ သင်တန်းဆင်းအမှာစကား ပြောကြားခြင်း၊ ပြည်သူ့တော်လှန်ရေးအလံတော်ကိုင် သစ္စာဆိုခြင်းနှင့် အရေးကြီးပြီ သီချင်း သံပြိုင် သီဆိုခြင်းတို့ လုပ်ဆောင်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ ၁/၂၀၂၄ တပ်မှူးသင်တန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ရုံးချုပ်၏ အစီအစဉ်ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှ သင်တန်းသား (၁၁၅)ဦး တက်ရောက်ခဲ့ကြပါတယ်။
========================
🚩🚩 ၂။ မလှိုင်မြို့နယ် ဂိတ်ချပြီး ဆက်ကြေးကောက်နေတဲ့ ရဲ ၂ ဦး ပစ်ခတ်ရခဲ့ရာ သေနတ် ၂ လက် သိမ်းဆည်းရရှိ
မတ်လ (၁၃) ရက်နေ့
မန္တလေးတိုင်း မလှိုင်မြို့နယ် လက်စွေ့ရွာမှာဂိတ်ချပြီး ဆက်ကြေးကောက်နေတဲ့ ရဲ ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး လုံး သေဆုံးသွားပြီး သေနတ် ၂ လက်နဲ့ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း - နွားထိုးကြီး PDF က ပြောပါတယ်။
မလှိုင်မြို့နယ် မနောကန် ရဲစခန်းကရဲတွေ လက်စွေ့ရွာမှာဂိတ်ချပြီး ကင်းပုန်းဝပ်ကာ ခရီးသွားပြည်သူတွေကို ခြိမ်းခြောက် ကာ ပိုက်ဆံတောင်းတာ ဖမ်းဆီးတွေ လုပ်ဆောင်နေတဲ့အတွက် မနေ့ မတ်လ ၁၂ ရက်မှာ အလစ်အငိုက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
လက်စွေ့ရွာမှာဂိတ်ချပြီး ကင်းပုန်းဝပ်နေသူတွေအလစ်မှာ လမ်းပေါ်တက်ပြီး ငွေကြေးကောက်ခံနေတဲ့ ရဲ ၂ ဦးကို တိုက်ခိုက် ခဲ့ရာမှာ ရဲ ၂ ဦးစလုံးသေဆုံးပြီး သူတို့ကိုင်တဲ့ သေနတ် ၂ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။
လက်စွေ့ရွာဟာ မတ်လ ၁၁ ရက်နေ့ကပဲ ဒေသခံလူငယ်တွေ ပေါ်တာဆွဲခံခဲ့ရပြီး ဂိတ်ချနေတဲ့ ရဲတပ်ဖွဲ့က နွားကားနဲ့ ဆိတ်တင်တဲ့ကားတွေကို အဓိကထားပြီး ဂိတ်ကြေးကောက်နေသလို ကုန်တင်ကားတွေကိုလည်း မတန်တဆ တောင်းခံနေတာတွေရှိနေတဲ့ ဂိတ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို နွားထိုးကြီး PDF - မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းနဲ့ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက် ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ မြင်းခြံမြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦး သေဆုံး
မတ်လ (၁၃) ရက်နေ့
မန္တလေးတိုင်း မြင်းခြံမြို့ပေါ်မှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာမှာ စစ်သားတဦး သေဆုံး သွားတယ်လို့ Freedom Fighter Guerrilla Force အဖွဲ့က ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေတဲ့ မြင်းခြံမြို့ အမှတ် ၁၈ ရပ်ကွက်အရှေ့ဘက်နေရာကို တော်လှန်ရေး ပူးပေါင်းတပ်တွေက မတ်လ ၁၁ ရက်နေ့မှာ ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်နေချိန်မှာ မြို့ထဲကထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ဘက်က တပ်ကူတွေရောက်လာတာကြောင့် မိနစ် ၂၀ ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိတွေ့တိုက်ပွဲမှာ အကြမ်းဖက်စစ်သားတဦး သေဆုံးသွားတာ်လို့ အသိပေးပါတယ်။
ဒီတိုက်ခိုက်မှုကို Freedom Fighter Guerrilla Force အဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေရာတွေကို အသွားအလာမလုပ်ကြဖို့ Freedom Fighter Guerrilla Force အဖွဲ့က ပြည်သူလူထုကို မေတ္တာရပ်ခံထားပါတယ်။
========================
🚩🚩 ၄။ ငါန်းဇွန်မြို့နယ်မှာ ခြေလျင်ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ၁၅ ဦး သေဆုံး
မတ်လ (၁၃) ရက်နေ့
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ဂျိုကျေးရွာကနေ ခြေလျင်ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၁၅ ဦးသေဆုံးသွားတယ်လို့ Special Task Force ngazun က ပြောပါတယ်။
အင်အား ၅ဝ ခန့်ပါတဲ့ အဲဒီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မတ်လ ၁၀ ရက် မနက် ၉ နာရီဝန်းကျင်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မိုင်းကွင်းထဲရောက်နေတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပဒေသာမိုင်း ၃ လုံး၊ ရှေ့ထွက် စိန်ပြောင်း ၁၂ လုံးနဲ့ တိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး ပြန်လည်ပစ်ခတ်နိုင်တာမျိုးတောင် မရှိဘူးလို့ ဆိုပါတယ်။
သေဆုံးသွားတဲ့စစ်သားတွေနဲ့ ဒဏ်ရာရသွားတဲ့ စစ်သားတွေကို ဂွေးကုန်းရွာဘက်ကနေ ကား ၄ စီးနဲ့ လာသယ်သွားတယ်လို့ Special Task Force ngazun က အသိပေးထားပါတယ်။
ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၆ တပ်ရင်း တပ်ခွဲ ၃ Special Task Force Ngazun တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
မြင်းခြံခရိုင် အမှတ် ၆ တပ်ရင်း တပ်ခွဲ ၃ Special Task Force Ngazun အနေနဲ့ တိုက်ပွဲတွေဆက်လက်ဖော်ဆောင်နိုင်ရေး အတွက် အောင်လံလွှင့်မလေ ငါန်းဇွန်မြေ ကျပ်သိန်း တထောင်ကမ်ပိန်းကို လုပ်ဆောင်နေတာရှိပြီး ဒီကမ်ပိန်းမှာ ပါဝင်ကူညီပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
========================
🚩🚩 ၅။ ခလရ ၂၃၅ က စစ်မှုထမ်းတပ်သားသစ် ၅ ဦး သေနတ်၂လက် ကျည် ၆ ရာနဲ့အတူ နွားထိုးကြီး PDF ထံ အလင်းဝင်
မတ်လ (၁၃) ရက်နေ့
အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၃၅ တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ၅ ဦးဟာ သေနတ်၂လက် ကျည် ၆ ရာနဲ့အတူ အမှတ် ၁ စစ်ဒေသ မြင်းခြံခရိုင် နွားထိုးကြီး PDF ထံ အလင်းဝင်လာတယ်လို့ ဒီနေ့ မတ်လ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
အလင်းဝင်လာသူတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံရပြီး စစ်မှုထမ်းအပါတ်စဉ် ၆ က စစ်မှုထမ်း တပ်သားသစ်တွေလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံရပြီး ခလရ ၂၃၅ တပ်ရင်းမှာတာဝန်ကျနေတဲ့ မြင့်နိုင်၊ အောင်နိုင်မိုး၊ ထက်အောင်၊ ဝင်းနောင်နဲ့ ဇော်မျိုးနိုင်တို့ဟာ မတ်လ ပထမပတ်မှာ မြင်းခြံခရိုင် အမှတ် ၄-၁ဝ တပ်ရင်း နွားထိုးကြီး PDF ထံ အလင်းဝင် လာတာလို့ သိရပါတယ်။
အဲဒီ စစ်မှုထမ်းတပ်သားသစ် ၅ ဦးဟာ MA-1 အမျိုးအစားတလက်၊ MA-3 အမျိုးအစား ၂တလက်၊ ၅ ပွိုင့် ၅၆ ကျည် ၆ ရာ တောင့် ၆ဝ မမ ကျည် ၂လုံးနဲ့ယူဆောင်လာနိုင်တဲ့အတွက် ဆုငွေချီးမြင့်ပေးခဲ့ပြီး သူတို့ဆန္ဒအတိုင်း လွတ်မြောက်နယ်မြေ တနေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ နွားထိုးကြီး PDF က ထုတ်ပြန်ထားပါတယ်။
အာဏာလုထားတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်မှာ တာဝန်ဆက်လတ်ထမ်းဆောင်လိုတဲ့ ဆန္ဒမရှိတော့ရင် အချိန်မရွေးဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ကိုခိုလှုံနိုင်တယ်လို့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ကို မြင်းခြံခရိုင် အမှတ် ၄ တပရင်းနဲ့ မြင်းခြံခရိုင် အမှတ် ၁ဝ တပ်ရင်းက အသိပေးထားပါတယ်။
========================
🚩🚩 ၆။ ပိုင်ကျုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများသို့ KNUသွားရောက်ကူညီထောက်ပံ့
မတ်လ (၁၃) ရက်
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေး လုပ်ငန်း ကော်မတီ (ဗဟို) ၊ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးလုပ်ငန်းကော်မတီ (ဖားအံခရိုင်)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၂) တို့မှ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့တွင် ကေအဲန်ယူ-ဖားအံခရိုင်၊ပိုင်ကျုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူလူထုများ ရှိရာသို့ သွားရောက်၍ ဆန်အိတ် (၃၀)နှင့် အခြေခံစားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့ပါတယ်။
ပိုင်ကျုံမြို့နယ်အတွင်းရှိ စစ်ဘေးရှာင်ပြည်သူများသည် အရေးပေါ်လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment