၂၀၂၅ မတ်လ ၁၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တော်လှန်ရေးကို အနှောင့်အယှက် အတားအဆီးဖြစ်စေတဲ့ လောင်းကစားကိစ္စနဲ့ မူးယစ်ဆေးဝါးကိစ္စတွေကို သေချာစောင့်ကြည့်ထိန်းကျောင်းသွားနိုင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ တကသများ-ရန်ကုန်/ ကျောင်းသားလက်ရုံးတပ်တော်မှ ဘုတလင်မြို့နယ်အတွင်း mobile clinic ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေး
📌 ၃။ မသမာသူတစုက အုတ်တွင်း ပကဖအမည်သုံးပြီး ရန်ပုံငွေကောက်ခံနေ
📌 ၄။ အကြမ်းဖက်စစ်ကောင်စီက ဗန်းမော်နဲ့မိုးညှင်းထောင်က အကျဉ်းသားတွေကို လက်နက်တပ်ဆင်ပေးပြီး ကင်းစောင့်ခိုင်း
========================
၂၀၂၅ ခုနှစ် မတ်လ ၁၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ KIO/KIA နှင့် PSLF/TNLA တို့၏ရှမ်းမြောက်ဒေသ၌ ဖြစ်ပေါ်လျက်ရှိသော မြေပြင်အငြင်းပွားမှုအချို့ကို အမျိုးသားညီညွတ်ရေးအစိုးရက သဘောထားထုတ်ပြန်ချက်နှင့် မေတ္တာရပ်ခံပန်ကြားချက်ပေးပို့
🚩 ၂။ ပန်းတောင်းမြို့နယ်က ညောင်ကျိုးစစ်ကောင်စီတပ်စခန်းကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိ
🚩 ၃။ အုတ်တွင်းမြို့နယ်မှာ ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးပြီး လူသွားလမ်းတွေပေါ်မှာ မိုင်းထောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး
🚩 ၄။ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ပူလူတူစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သားတွေ ထိုင်းဘက် ထွက်ပြေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တော်လှန်ရေးကို အနှောင့်အယှက် အတားအဆီးဖြစ်စေတဲ့ လောင်းကစားကိစ္စနဲ့ မူးယစ်ဆေးဝါးကိစ္စတွေကို သေချာစောင့်ကြည့်ထိန်းကျောင်းသွားနိုင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
မတ်လ (၁၄) ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၀/၂၀၂၅)ကို မတ်လ၁၄ရက်မှာ ကျင်းပခဲ့ရာ
ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ပြီးခဲ့တဲ့ အစည်းအဝေးက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ရှေ့လုပ် ငန်းစဉ်တွေထဲက မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေကို အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ တော်လှန်ရေးကို အနှောင့်အယှက် အတားအဆီးဖြစ်စေတဲ့ လောင်းကစားကိစ္စနဲ့ မူးယစ်ဆေးဝါးကိစ္စတွေကို သေချာစောင့်ကြည့်ထိန်းကျောင်း တည့်မတ်သွားနိုင်ဖို့ အထူးလိုအပ်ပါကြောင်း၊ အလုပ်တာဝန်တွေ မအားလပ်တဲ့ကြားက ဌာနတာဝန်တွေနဲ့ ကွင်းဆင်းပေးနေကြတဲ့ ဝန်ကြီးတွေ၊ အတွင်းဝန်တွေ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း၊ ကွင်းဆင်းကြတဲ့အခါမှာ ကိုယ့်အစိုးရရဲ့ စစ်ရေး၊ ကာကွယ်ရေး ယန္တရားတာဝန်ရှိသူတွေရော အုပ်ချုပ်ရေးယန္တရားက တာဝန်ရှိသူတွေကိုပါ တွေ့ဆုံ အားပေးစကားပြောကြား ပေးကြစေလိုကြောင်း"ဝန်ကြီးချုပ်ကပြောပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ တကသများ-ရန်ကုန်/ ကျောင်းသားလက်ရုံးတပ်တော်မှ ဘုတလင်မြို့နယ်အတွင်း mobile clinic ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေး
မတ်လ (၁၄) ရက်
တကသများ-ရန်ကုန်/ ကျောင်းသားလက်ရုံးတပ်တော်မှ ဘုတလင်မြို့နယ်အတွင်း mobile clinic ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ကင်းဝေးနေသော ပြည်သူများထံသို့ တကသများ-ရန်ကုန်/ ကျောင်းသားလက်ရုံးတပ်တော်မှ ရွေ့လျားဆေးပေးခန်း (mobile clinic)ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
========================
📌📌 ၃။ မသမာသူတစုက အုတ်တွင်း ပကဖအမည်သုံးပြီး ရန်ပုံငွေကောက်ခံနေ
မတ်လ (၁၄) ရက်
မသမာသူတစုဟာ အုတ်တွင်း ပကဖ အဖွဲ့အစည်းအမည်နဲ့ Logo တွေအသုံးပြုကာ အုတ်တွင်းမြို့နယ်အတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေကိုဦးတည်ပြီး ရန်ပုံငွေထည့်ဝင်ဖို့ စာတွေပေးပို့နေတယ်လို့ အုတ်တွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ OKT PDO က ထုတ်ပြန်ပါတယ်။
အုတ်တွင်းမြို့နယ်အတွင်းက မိဘပြည်သူတွေကို အသိပေးတဲ့အနေနဲ့ အုတ်တွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ OKT PDO က မတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အုတ်တွင်း ပကဖ အဖွဲ့အစည်းနာမည်နဲ့ Logo တွေအသုံးပြုနေတဲ့ မသမာသူတစုဟာ စစ်ရေး၊ အုပ်ချုပ်ရေးရန်ပုံငွေ အရေးပေါ်လိုအပ်နေတာကြောင့် မတ်လ ၁၃ ရက်နေ့ ညနေ ၃ နာရီနောက်ဆုံးထားပြီး ရန်ပုံငွေ ကျပ် ၃ သိန်း ထည့်ဝင်ပေးဖို့ တောင်းဆိုထားပါတယ်။
ရန်ပုံငွေထည့်ဝင်တဲ့သူတွေရဲ့ အကျိုးစီးပွားကို သတိပြုထိန်းသိမ်းပေးမှာဖြစ်ပြီး ရန်ပုံငွေမထည့်ရင်တော့ အဆောက်အအုံနဲ့ အကျိုးစီးပွားကို ကာကွယ်ပေးမှာမဟုတ်ဘူးလို့ အုတ်တွင်း ပကဖ အဖွဲ့အစည်းနာမည်နဲ့ Logo တွေအသုံးပြုနေတဲ့ မသမာသူတစုဟာ ခြိမ်းခြောက်ထားပါတယ်။အခုလို အကြောင်းစာပေးပို့တာကိုလည်း ဘယ်သူကိုမှမပြောဖို့နဲ့ မပေါက်ကြားစေဖို့ဆိုပြီး သတိပေးထားပါသေးတယ်။
အခုလို မသမာသူတစုက အကြောင်းစာပေးပို့ပြီး ရန်ပုံငွေတောင်းခံနေတာဟာ အုတ်တွင်းမြို့နယ် ပကဖ နဲ့ သက်ဆိုင်ခြင်း မရှိဘူးလို့ အုတ်တွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ OKT PDO က မိဘပြည်သူတွေကို အသိပေးထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်ကောင်စီက ဗန်းမော်နဲ့မိုးညှင်းထောင်က အကျဉ်းသားတွေကို လက်နက်တပ်ဆင်ပေးပြီး ကင်းစောင့်ခိုင်း
မတ်လ(၁၄)ရက်
ကချင်ပြည်နယ် ဗန်းမော်နဲ့မိုးညှင်းထောင်က အကျဉ်းသားတွေကို အကြမ်းဖက်စစ်ကောင်စီက လက်နက်တပ်ဆင်ပေးပြီး ကင်းစောင့်ခိုင်းနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ဒီနေ့ မတ်လ ၁၄ ရက်မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
အကျဥ်းထောင်တွင်းက အကျဉ်းသားတွေကို အတင်းအဓမ္မ လက်နက်ကိုင်ခိုင်းပြီး တော်လှန်ရေးတပ်တွေကို ခုခံတိုက်ခိုက်ဖို့ စေခိုင်းနေတာတွေကို PPNM အနေနဲ့ အချိန်ယူစုံစမ်းမှုတွေပြုလုပ်ပြီး အတည်ပြုနိုင်ခဲ့တာလို့ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားရာနေရာတွေမှာရှိနေတဲ့ အကျဉ်းထောင်တွေမှာ စစ်ကောင်စီလက်အောက်ခံတပ်တွေက ထောင်တွင်း အကျဉ်းချခံထားရတဲ့ ရာဇဝတ်အကျဉ်းသားတွေကို ထောင်တွင်းခံစစ်အတွက် လက်နက်တပ်ဆင်ပေးပြီး ကင်းစောင့် ခိုင်းတာတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ လာရောက်တိုက်ခိုက်ချိန်မှာ စစ်သားတွေနဲ့အတူ ခုခံကာကွယ်ဖို့ အတင်းအဓမ္မ အမိန့်ပေးစေခိုင်းနေတာကို စုံစမ်းသိရှိခဲ့ရတယ်လို့ PPNM က အသိပေးပါတယ်။
KIA နဲ့ တော်လှန်ရေးတပ်တွေ တိုက်စစ်ဖော်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်နဲ့ မိုးညှင်းအကျဉ်းထောင်တွေက ရာဇာဝတ်မှု တွေနဲ့ နှစ်ကြီးကျနေတဲ့ အကျဉ်းသားအချို့ကို လက်နက်များတပ်ဆင်ပေးပြီး ထောင်ရဲ့ ခံစစ်ကင်းတွေမှာ လုံခြုံရေး စောင့်ခိုင်းတာ စစ်ကောင်စီတပ်ကို လာရောက်တိုက်ခိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီတပ်နဲ့အတူ ခုခံတိုက်ခိုက်တာတွေ လုပ်ဆောင်ဖို့ စေခိုင်းတာတွေရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်စည်းကမ်း၊ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်ကျနေတဲ့ စစ်သားနဲ့ရဲတွေကို လက်နက်တပ်ဆင်ပေးတာမျိုးတွေကို ၁၁၁၁ - စစ်ဆင်ရေးလုပ်ချိန်မှာ အသုံးပြုခဲ့တယ်လို့သိရပါတယ်။
လွိုင်ကော်ထောင်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ အကျဉ်းထောင်တွင်းဖမ်းဆီးခံထားရတဲ့ စစ်သားနဲ့ ရဲတွေကို ဗိုလ်အဆင့်နဲ့ တိုက်ပွဲယင်ခိုင်းပြီး ကျခံနေရတဲ့ပြစ်ဒဏ်တွေဖျက်သိမ်းကာ မူလရာထူးကို ယာယီပေးပြီး တိုက်ပွဲမှာ ပြန်လည်အသုံးပြုတာတွေရှိခဲ့တယ်လို့ PPNM ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို အကျဉ်းသားတွေကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းခြင်၊ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ ဝင်တွေ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရအောင် စစ်တပ်မှာ တာဝန်ထမ်းဆောင်စေခြင်း စတဲ့ တရားမဝင်လုပ်ရပ်တွေကို ပေါ်ပေါ်တင်တင် ကျူးလွန်လာတဲ့ အင်အားဖြည့်တင်းမှုတွေကို PPNM က အပြင်းအထန်ကန့်ကွက်ထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ KIO/KIA နှင့် PSLF/TNLA တို့၏ရှမ်းမြောက်ဒေသ၌ ဖြစ်ပေါ်လျက်ရှိသော မြေပြင်အငြင်းပွားမှုအချို့ကို အမျိုးသားညီညွတ်ရေးအစိုးရက သဘောထားထုတ်ပြန်ချက်နှင့် မေတ္တာရပ်ခံပန်ကြားချက်ပေးပို့
မတ်လ (၁၄) ရက်
KIO/KIA နှင့် PSLF/TNLA တို့၏ရှမ်းမြောက်ဒေသ၌ ဖြစ်ပေါ်လျက်ရှိသော မြေပြင်အငြင်းပွားမှုအချို့ကို အမျိုးသားညီညွတ်ရေးအစိုးရက သဘောထားထုတ်ပြန်ချက်နှင့် မေတ္တာရပ်ခံပန်ကြားချက်တစောင်ကို မတ်လ၁၄ရက်တွင် ပေးပို့ထုတ်ပြန်ခဲ့ပါတယ်။
ရှမ်းမြောက်ဒေသ၌ ဖြစ်ပေါ်လျက်ရှိသော မြေပြင်အငြင်းပွားမှုအချို့ကြောင့် ဒေသခံပြည်သူများသာမက နွေဦးတော်လှန်ရေးတွင် ပါဝင်နေကြသည့် ပြည်သူလူထုတရပ်လုံး အကြားတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရတယ်လို့ဖော်ပြပါတယ်။
တော်လှန်ရေး အဖွဲ့ အစည်းအားလုံးသည် ပြည်သူလူထု၏ လိုလားဆန္ဒကို ဖြည့်ဆည်းနိုင်ရေး ကြိုးပမ်းနေကြသူများပီပီ ပြည်သူများ၏ စိုးရိမ်သောကများ လျော့ကျစေရေး ဖြေလျော့ဆောင်ရွက်ပေးရန်လည်း အထူးတာဝန်ရှိသည့်အလျောက် နှစ်ဖက်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များက မိတ်ဖက်ပဋိပက္ခများအဖြစ်သာ ရှုမြင်ကြောင်းနှင့် နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းမည်ဆိုသည့် သန္နိဋ္ဌာန်ချမှတ်ထားကြကြောင်းကို ကြား သိရသည့်အတွက် အထူးကြိုဆိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကဆိုပါတယ်။
လတ်တလော ပေါ်ပေါက်သော အောက်ခြေ ပွတ်တိုက်မှုများမှသည် လူမျိုးရေးအမုန်းတရားဆီ အပြန့်ကျယ်မသွားစေရန်အတွက် နှစ်ဖက်အဖွဲ့ အစည်းခေါင်းဆောင်များအနေဖြင့် ထိန်းကျောင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပြီး နှစ်ဖက်မျက် နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်းလျှင် ပြဿနာအများစုအား အခက်အခဲမရှိ ဖြေရှင်းပြေလည်စေလိမ့်မည် ဟုလည်း နားလည်တယ်လို့ဖော်ပြပါတယ်။
ယခုရက်ပိုင်းအတွင်းတွင်လည်း နှစ်ဖက်အဖွဲ့အစည်းများအကြား ဗဟိုအဆင့် ဆွေးနွေးမှုများ လုပ်ဆောင်မည်ဟု ဖော်ပြလာခြင်း၊ ပြည်သူလူထု၏ သဘောဆန္ဒကို ရယူမည်ဟု ဖော်ပြလာခြင်းများ သည် အပြုသဘောဆောင်ပြီး ပြည်သူကိုမျက်နှာမူလျက် အရေးကိစ္စများကို ဖြေရှင်းကြမည့် ပြယုဂ်များဖြစ်ကြလေရာ မိမိတို့အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကြိုဆိုအပ်တယ်လို့ဖော်ပြပါတယ်။
မိမိတို့အားလုံးသည် ပြည်သူကို အဓိကထား၍ တိုင်တည်ဆောင်ရွက်ကြသည့် တော်လှန်ရေးအဖွဲ့အစည်းများ ဖြစ်သည့် အားလျော်စွာ ပြည်သူကို မျက်နှာမူသည့် နည်းနာများဖြင့်သာ မိမိတို့၏ ကြုံတွေ့နေရသည့် အခက် အခဲများကို ရင်ဆိုင်ကျော်လွှား နိုင်မည်ဖြစ်သကဲ့သို့ ပြည်သူက လိုလားတောင့်တလျက်ရှိသည့် ဖက်ဒ ရယ်ဒီမိုကရေစီပြည်ထောင်စု ပန်းတိုင်ကို အရောက်ချီတက်နိုင်မည် ဖြစ်ပါကြောင်းနှင့် နိုင်ငံရေးကိစ္စ များကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်ကြရာတွင် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် လိုအပ်သလို ကူညီဆောင်ရွက်ရန် အသင့်ရှိပါကြောင်း လေးစားစွာ ဆန္ဒမွန်ပြုလျက် ယခု မေတ္တာရပ်ခံချက်အား ပန်ကြားပေးပို့အပ်တယ်လို့ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ ပန်းတောင်းမြို့နယ်က ညောင်ကျိုးစစ်ကောင်စီတပ်စခန်းကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိ
မတ်လ (၁၄) ရက်
ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်မှာရှိတဲ့ ပန်းတောင်းမြို့နယ်က ညောင်ကျိုးစစ်ကောင်စီတပ်စခန်းကို AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိသွားပြီလို့ တော်လှန်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသတွင်းသတင်းဌာနအချို့က ဒီနေ့ မတ်လ ၁၄ ရက်မှာ ပြောပါတယ်။
ညောင်ကျိုးတပ်စခန်းကို AA နဲ့တော်လှန်ရေးတပ်တွေ ဇန်နဝါရီလကစပြီး တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဆက်တိုက် ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းကနေခုခံခဲ့ပေမယ့် တိုက်ပွဲကာလ ၂ လနီးပါးအကြာမှာ စစ်ကောင်စီတပ်တွေ ဆုတ်ခွာ သွားတာကြောင့် စခန်းတခုလုံးကို သိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။
ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့အနီးမှာ အင်အား ၃၀၀ ခန့်နဲ့အထိုင်ချထားတဲ့ ညောင်ကျိုးစခန်းကို AA ဦး ဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့ မတ်လ ၁၃ ရက်မှာ သိမ်းပိုက်လိုက်နိုင်ခဲ့တာလို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်ကလည်း ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မတ်လ ၁၁ ရက်နေ့ကစပြီး ညောင်းကျိုးစခန်းကနေ စတင်ဆုတ်ခွာခဲ့တာလို့ တိုက်ပွဲမှာပါတဲ့ တော်လှန်ရေးသတင်းရင်းမြစ်ကလည်း အသိပေးပါတယ်။
ညောင်ကျိုးစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်ကြောင်းမှူးအပါအဝင် ၃၀ ခန့် အရှင်ဖမ်းမိထား ပြီး ကစဉ့်ကလျားထွက်ပြေးနေသူတွေရှိနေတယ်လို့လည်း သိရပါတယ်။
အခြားသတင်းရင်းမြစ်တဦးကတော့ ညောင်ကျိုးစခန်းကနေ တပ်ဆုတ်သွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဟာ ညောင်ခြေထောက်ရွာ မှာ ပြန်လည်အထိုင်ချနေပြီး ခံစစ်ပြင်နေတယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ကူအင်အားဖြည့်ပြီး ဥသျှစ်ပင်မြို့ကိုအခြေပြုကာ ခုခံစစ်ပြင်နေသလို့ မြို့ကိုအခြေပြုထားတဲ့ အမြောက်တပ်စခန်းကလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတယ်လို့လည်း သိရပါတယ်။
AA နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေဟာ တောင်ကုတ်မြို့နယ်နဲ့ထိစပ်တဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်က မိုးထိတောင် စခန်းကို ဇန်နဝါရီလ ၂၆ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်တာကြောင့် ညောင်ကျိုးစခန်းဟာ ဒုတိယမြောက်သိမ်းပိုက် နိုင်တဲ့စခန်းဖြစ်ပါတယ်။
========================
🚩🚩 ၃။ အုတ်တွင်းမြို့နယ်မှာ ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးပြီး လူသွားလမ်းတွေပေါ်မှာ မိုင်းထောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး
မတ်လ (၁၄) ရက်
ပဲခူးတိုင်း အုတ်တွင်းမြို့နယ် ရေအိုးစင်ရွာက ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးပြီး လူသွားလမ်းတွေပေါ် မှာ မိုင်းထောင် နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၁၀ ဦး သေဆုံးသွားတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ရေအိုးစင်ကျေးရွာကို စစ်ကြောင်းထိုးလာပြီး ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးကာ အများပြည်သူအသုံးပြုသွားလာနေ တဲ့ လမ်းတွေမှာ မိုင်းထောင်နေတဲ့ အကြမ်းဖက်စစ်သားတွေကို မတ်လ ၁၀ ရက်နေ့က ၅ kg ဗုံးသီး ၂ လုံး၊ ၂ ပွိုင့် ၅ kg ဗုံးသီး ၂ လုံးနဲ့ ၂ kg ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၁၀ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို Delta One Drone Force၊ အုတ်တွင်းမြို့နယ်ပကဖ Drone အဖွဲ့နဲ့ Federal Peacock Drone အဖွဲ့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
Delta One Drone Force အဖွဲ့နဲ့ အုတ်တွင်းမြို့နယ်ပကဖ Drone အဖွဲ့ဟာ မတ်လ ၉ ရက်နေ့ကလည်း ရေအိုးစင်ရွာမှာ ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ၅ kg ဗုံးသီး ၃ လုံး၊၂ ပွိုင့် ၅ kg ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။
ဒါ့အပြင် Delta One Drone Force အဖွဲ့ဟာ မတ်လ ၇ ရက်နေ့မှာလည်း ဇရပ်ကြီးမြို့နယ် ဒါးဒေါက်ရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ၅ kg ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ပူလူတူစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သားတွေ ထိုင်းဘက် ထွက်ပြေး
မတ်လ (၁၄) ရက်
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ထဲက ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ပူလူတူစခန်းကို KNLA နဲ့ ပူးပေါင်းတပ် တွေ သိမ်းပိုက်နိုင်ခဲ့ရာမှာ မြန်မာစစ်သားတွေ ထိုင်းဘက်ကို ထွက်ပြေးလာကြတယ်လလို့ ထိုင်းသတင်းဌာနအချို့နဲ့ Maesot Media က ဒီနေ့ မတလ ၁၄ ရက်မှာ ဖော်ပြထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ခလရ ၃၁ တပ်ရင်းရဲ့ ပူလူတူစစ်စခန်းကို KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၂၆ ရက်နေ့ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့ မတ်လ ၁၄ ရက် မနက်အစောပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ပူလူတူစစ်တပ်စခန်းကို KNLA တပ်မဟာ ၇ က ဦးဆောင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ပြီး ခုခံခဲ့ပေမယ့် မတ်လ ၁၃ ရက်နေ့ ညသန်းခေါင်အချိန်မှာ သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။
ဒီစခန်းသိမ်းတိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က အများအပြားသေဆုံးခဲ့ပြီး အချို့သော မြန်မာစစ်သားတွေ ထိုင်းဘက်ကို ထွက်ပြေးလာတဲ့အတွက် ထိုင်းစစ်တပ်က မြန်မာစစ်သားတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူတွေနဲ့ အညီ အကူအညီပေးထားတယ်လို့ ထိုင်းဘက်ကလာတဲ့သတင်းတွေက ဆိုပါတယ်။
ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို နရေစွမ် အမှတ်-၃၅ ခြေမြန်တပ်ရင်းက လက်ခံစောင့်ရှောက်ပေးထားပေ မယ့် လက်ခံထားတဲ့ စစ်ကောင်စီတပ်သားအရေအတွက်ကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
လက်ရှိမှာ ပူလူတူစခန်းအနီးက ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်အခြမ်းမှာ ထိုင်းစစ်တပ်က လုံခြုံရေး တင်းကျပ်ထားတယ် လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဒေသတင်းရင်းမြစ်အချို့က ပူလူတူစခန်းသိမ်းတိုက်ပွဲမှာ စစ်သားအချို့သေဆုံးပြီး ဖမ်းဆီးရမိသူ တွေလည်းရှိကာ ထိုင်းဘက်ထွက်ပြေးသွားသူတွေလည်းရှိတယ်လို့ ပြောပါတယ်။
KNU ဘက်ကတော့ ပူလူတူစခန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်လို့ ဒီနေ့ မတ်လ ၁၄ ရက်နေ့ မနက် ၁၁ နာရီ ဝန်းကျင်အထိ တရားဝင် အသိပေးထုတ်ပြန်တာမရှိသေးပါဘူး။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment