၂၀၂၅ မတ်လ ၂၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဗဟိုအစိုးရထံတိုင်ကြားထားတာတွေကို ခပ်မြန်မြန်ဖြေရှင်းဖို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း
📌 ၂။ စစ်တပ်အနေဖြင့် အဓမ္မပြုကျင့်ခြင်းကို စစ်လက်နက်သဖွယ် အသုံးချက်လျက်ရှိကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းပြော
📌 ၃။ ကချင်ပြည်နယ် ဖားကန့်မြို့ နမ့်မှော်ကျေးရွာမှာ နွံကန်ပေါက်ကျ၍ လမ်းများပိတ်မိ
📌 ၄။ 24FM ရဲ့ ပထမဦးဆုံးအစီအစဥ်အနေနဲ့ 'သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ ရုပ်ရှင်ကားတို ၄ ကားပေါင်းကို လက်မှတ်စနစ်နဲ့ မကြာခင်ပြသမည်
📌 ၅။ 96SoldiersPDF ရဲဘော်များအတွက် တစ်ကိုယ်ရည်သုံးပစ္စည်းအလှူရှင်များ လိုအပ်နေ
========================
၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကော့ကရိတ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံး
🚩 ၂။ အင်းတော်ဘက်လာတဲ့ စစ်ကူစစ်ကြောင်းကနေ လက်နက်မျိုးစုံ ၅၄ လက် သိမ်းဆည်းရရှိ
🚩 ၃။ တော်လှန်ရေးကာလ ၄ နှစ်အတွင်း CDF-Hakha ရဲဘော် ၅၂ ဦးကျဆုံးပြီး ၁၈၃ ဦးဒဏ်ရာရ
🚩 ၄။ တိုက်ပွဲတွေ အချိန်မရွေးဖြစ်နိုင်တဲ့အတွက် လွိုင်ကော်-ဆီဆိုင်လမ်းကိုအသုံးမပြုဖို့ KNDF ကြေညာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဗဟိုအစိုးရထံတိုင်ကြားထားတာတွေကို ခပ်မြန်မြန်ဖြေရှင်းဖို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း
မတ်လ၂၁ရက်
ပြည်သူလူထုဘက်ကဖြစ်စေ မြို့နယ်ဘက်ကဖြစ်စေ တိုင်ကြားလာတာတွေကို ခပ်မြန်မြန်ဖြေရှင်းဖို့ အမျိုးသားညီညွတ်ရေး အစိုးရ - NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။
မနေ့ မတ်လ ၂၀ ရက်ကကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီးချုပ်က အခုလို တိုက်တွန်းလိုက်တာပဲ ဖြစ်ပါတယ်။
အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရွာမှာ ပုံမှန်ကာလတွေမှာလို အမိန့်၊ ညွှန်ကြားချက်တွေနဲ့ ပြတ်ပြတ်သားသားသွားလို့ ရတဲ့ အခြေအနေ မဟုတ်တာ အားလုံးသိပြီးဖြစ်သလို လုပ်ချင်သလို လုပ်ခွင့်ပြုထားပေးရမယ့်အခြေအနေ မဟုတ်တဲ့ အတွက် စိတ်ရှည်ရှည်နဲ့ အပြန်အလှန်ညှိနှိုင်းဆွေးနွေးတာတွေ လုပ်ဆောင်ရမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
တိုင်ကြားလာတွေနဲ့ပတ်သက်ရင်လည်း ပြည်သူတွေဘက်ကဖြစ်စေ မြို့နယ်တာဝန်ရှိသူတွေဘက်ကဖြစ်စေ ဗဟိုအစိုးရကို အားကိုးတကြီး တိုင်ကြားတင်ပြလာတာတွေကို ခပ်မြန်မြန်ဖြေရှင်းဖို့ သက်ဆိုင်ရာတိုင်ကြားစာယန္တရားကို ပြည်ထောင်စုဝန်ကြီးချုပ်က တိုက်တွန်းထားပါတယ်။
အဲဒီအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးတွေ ဒုတိယဝန်ကြီးတွေအပါအဝင် အမြဲတမ်းအတွင်းဝန်တွေနဲ့ တွဲဖက်အတွင်းဝန်များ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဝန်ထမ်းတွေနဲ့ပတ်သက်လို့ဖြစ်စေ ပသုံးလုံးလို့ခေါ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပြည်သူ့ လုံခြုံရေးတပ်ဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တွေနဲ့ပတ်သက်လို့ဖြစ်စေ ပြစ်မှုကျူးလွန်တာတွေ ရာဇဝတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်း ဆိုင်ရာကျူးလွန်မှုတွေနဲ့ပတ်သက်လို့ဖြစ်စေ NUG ဗဟို တိုင်ကြားစာကော်မတီ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေး ဝန်ကြီးဌာန တိုင်ကြားစာကော်မတီတွေကို အွန်လိုင်းကနေ တိုင်ကြားနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG က အသိပေးထားပါတယ်။
========================
📌📌 ၂။ စစ်တပ်အနေဖြင့် အဓမ္မပြုကျင့်ခြင်းကို စစ်လက်နက်သဖွယ် အသုံးချက်လျက်ရှိကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းပြော
မတ်လ၂၁ရက်
(၆၉) ကြိမ်မြောက် Commission on the Status of Women အစည်းအဝေး၏ အထွေထွေဆွေးနွေးမှုအစီအစဉ်အတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုပြောကြားလိုက်ပါတယ်။
"အမျိုးသမီးများ၊ မိန်းကလေးငယ်များ၊ ကလေးသူငယ်များအနေဖြင့် စစ်တပ်၏ ရက်စကကြမ်းကြုတ်မှုဒဏ်ကို ခါးစည်းခံနေရကြောင်း၊ စစ်တပ်အနေဖြင့် အဓမ္မပြုကျင့်ခြင်းကို စစ်လက် နက်သဖွယ် အသုံးချက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရေးပေါ် လိုအပ်နေသူ သန်း (၂၀) ခန့်ရှိပြီး ၎င်းတို့အနက် ၁၀.၄ သန်းမှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ဖြစ်ကြောင်း"သံအမတ်ကြီးကပြောပါတယ်။
ဒါ့အပြင် စစ်တပ်၏လက်အောက်ခံများမှ ထိန်းချုပ်ထားသည့် နယ်မြေများတွင် အွန်လိုင်းလိမ်လည်မှုများ ဖြစ်ပေါ်နေခြင်းနှင့်အတူ စစ်တပ်၏အတင်းအကြပ် တပ်သားစုဆောင်းမှုကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် လူကုန်ကူးမှုနှင့် အလားတူ ခြိမ်းခြောက်မှုများ ကြုံတွေ့ရသည့် အန္တရာယ် မြင့်မားလာလျက်ရှိကြောင်းသံအမတ်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။
တဆက်တည်းမှာပဲ"လက်ရှိအချိန်အခါသည် မြန်မာနိုင်ငံနှင့် ပြည်သူများ၊ အထူးအားဖြင့် တော်လှန်ရေးအင်အားစုများ အနေဖြင့် ပြည်တွင်း နယ်မြေ ၇၀ ရာခိုင်နှုန်းကျော်အား စိုးမိုးထားနိုင်ပြီဖြစ်သည့်အတွက် အလွန်အရေးကြီးသည့် ကာလပင်ဖြစ်ကြောင်း၊ စစ်အာဏာရှင်အနေဖြင့် မြေပြင်တွင် အပြီးတိုင် ရှုံးနိမ့်လုနီးပါးဖြစ်နေကြောင်း၊ ပြည်သူများကမူ အနိုင်ရရှိနေလျက်ရှိကြောင်း" Beijing Platform for Action 30+ Years and Beyond: A Critical Review and Future Directions for Myanmar ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် CSW69 Side Event ၏ အပိတ် ကျေးဇူးတင်စကား ပြောကြားရာတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုထားပါတယ်။
ဒါကြောင့်မိမိတို့အားလုံးအနေဖြင့် အလွန်အရေးကြီးသည့် အချိန်သို့ရောက်ရှိနေပြီး မြန်မာနိုင်ငံ၏ အနာဂတ်နှင့် ပိုမိုကောင်းမွန်သည့် နိုင်ငံတော်တစ်ရပ် တည်ဆောက်နိုင်ရေးအတွက် အတူတကွ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းကိုလည်းပြောဆိုသွားပါတယ်။
========================
📌📌 ၃။ ကချင်ပြည်နယ် ဖားကန့်မြို့ နမ့်မှော်ကျေးရွာမှာ နွံကန်ပေါက်ကျ၍ လမ်းများပိတ်မိ
မတ်လ၂၁ရက်
ကချင်ပြည်နယ် ဖားကန့်မြို့ နမ့်မှော်ကျေးရွာမှာ နွံကန်ပေါက်ကျ၍ လမ်းများပိတ်မိနေတယ်လို့ ဒေသခံသတင်းအရင်းများထံက သိရပါတယ်။ဖားကန့်မြို့ နမ့်မှော်ကျေးရွာမှာ မတ်လ၂၁ရက်မနက် ၈ နာရီဝန်းကျင် နွံကန်ပေါက်ကျတာဖြစ်တယ်လို့ဆိုပါတယ်။ နွံကန်ပေါက်ကျပြီးလမ်းမပေါ် နွံလျှံကျလာတာကြောင့် လမ်းတွေသွားလို့မရဘဲ ပိတ်မိနေကြတယ်လို့သိရပါတယ်။
========================
📌📌 ၄။ 24FM ရဲ့ ပထမဦးဆုံးအစီအစဥ်အနေနဲ့ 'သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ ရုပ်ရှင်ကားတို ၄ ကားပေါင်းကို လက်မှတ်စနစ်နဲ့ မကြာခင်ပြသမည်
မတ်လ၂၁ရက်
24FM ရဲ့ ပထမဦးဆုံးအစီအစဥ်အနေနဲ့ 'သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ ရုပ်ရှင်ကားတို ၄ ကားပေါင်းကို လက်မှတ်စနစ်နဲ့ မကြာခင်ပြသမယ်လို့ သိရပါတယ်။"Artists Shelter ရဲ့၂၀၂၅ ခုနှစ် လုပ်ငန်းစဥ်ထဲကတစ်ခုဖြစ်တဲ့ 24FM websiteကို မကြာခင်မှာ မိတ်ဆက်ပေးသွားဖို့ ရှိပါတယ်။
ဒီ Website လေးဟာ ကျွန်တော်တို့ Artists Shelter ရဲ့ Platform တစ်ခုအနေနဲ့ ရပ်တည်သွားမှာဖြစ်ပါတယ်။ဒီကနေတဆင့် Video Content တွေအပြင်အခြားသောအနုပညာရသမျိုးစုံကို Ticket စနစ်နဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ကြည့်ရှုသူတွေအနေနဲ့လည်း နိုင်ငံတကာ အဆင့်သတ်မှတ်ချက်ဖြစ်တဲ့ (Rating System) နဲ့ သတ်မှတ်ပြီးသား အနုပညာလက်ရာတွေကို ဘယ်လိုဆင်ဆာထိန်းချုပ် ကန့်သတ်မှုမျိုးမှ မပါဝင်ဘဲ 24FM Platform ကနေ လွတ်လပ်စွာ ကြည့်ရှုနိုင်ကြမှာဖြစ်ပါတယ်။24FM ရဲ့ ပထမဦးဆုံးအစီအစဥ်အနေနဲ့ 'သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ ရုပ်ရှင်ကားတို ၄ ကားပေါင်းကို လက်မှတ်စနစ်နဲ့ မကြာခင်ပြသသွားဖို့ရှိပါတယ်"လို့ဆိုပါတယ်။
တခြားသော အနုပညာရှင်များရဲ့ အနုပညာလက်ရာများကို 24FM Platform မှာတင်ဆက်ဖို့လည်း ဖိတ်ခေါ်သွားမှာဖြစ်ပြီး ပရိသတ်တွေအနေနဲ့လည်း စောင့်မျှော်ကြည့်ရှုကြဖို့ အသိပေးကြေညာထားပါတယ်။
========================
📌📌 ၅။ 96SoldiersPDF ရဲဘော်များအတွက် တစ်ကိုယ်ရည်သုံးပစ္စည်းအလှူရှင်များ လိုအပ်နေ
မတ်လ၂၁ရက်
96SoldiersPDF ရဲဘော်များအတွက် တစ်ကိုယ်ရည်သုံးပစ္စည်းအလှူရှင်များ လိုအပ်နေတယ်လို့ မတ်လ၂၁ရက်ကဆိုပါတယ်။"အတွင်းခံနဲ့ သွားတိုက်တံကအစ မျှသုံးနေရတဲ့ ရဲဘော်တွေအတွက် တစ်ကိုယ်ရည်သုံးပစ္စည်းအလှူရှင်များ လိုအပ်နေပါတယ်ခင်ဗျာ။ရဲဘော်ဦးရေ တိုးလာတာနဲ့အမျှ တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို ရံပုံငွေနဲ့ဖြည့်တင်းပေးရတဲ့အခါ မလောက်ငမှုတွေ ရှိလာပါတယ်။ကျန်းမာရေးအရ မျှသုံးဖို့အဆင်မပြေတဲ့အရာတွေကိုပါ မျှသုံးနေရတဲ့ ကျနော်တို့ရဲဘော်တွေအတွက် တစ်ကိုယ်ရည်သုံး ပစ္စည်းများ ထောက်ပို့ကူညီပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်"လို့ဆိုပါတယ်။
96SoldiersPDF ဟာစစ်အာဏာရှင်စနစ်ကိုလက်နက်ကိုင်ခုခံတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုတရပ်လည်းဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကော့ကရိတ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံး
မတ်လ၂၁ရက်
ကရင်အမျိုးသားအစည်းအရုံး - KNU ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက် မှုကြောင့် အရပ်သားပြည်သူ ၂ဦးသေဆုံးခဲ့ရတယ်လို့ KNU ဒူးပလာယာခရိုင်က ဒီနေ့ မတ်လ ၂၁ရက်မှာ ထုတ်ပြန်ပါတယ်။
ကော့ကရိတ်မြို့နယ် တဘလုခို့ခီးရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီရဲ့ တိုက်လေယာဉ်က မတ်လ ၁၉ ရက် နေ့လည် ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်လာတာလို့ဆိုပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၃၆ နှစ်နဲ့ အသက် ၃၀ အရွယ် အမျိုးသား ၂ ဦး သေဆုံးကာ အိမ်နဲ့ အဆောက်အ အုံအချို့ ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
စစ်ကောင်စီအနေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘာသာရေးအဆောက်အအုံတွေ ဆေးရုံဆေးခန်းနဲ့ စာသင်ကျောင်းတွေ၊ ပြည်သူလူထုနေထိုင်ရာ နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတာပဲဖြစ်တယ်လို့ KNU ဒူးပလာယာခရိုင် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ KNUတပ်မဟာ ၆ နယ်မြေ ကော့ကရိတ်ကို လေကြောင်းကနေ တိုက်ခိုက်တာတွေရှိနေသလို တပ်မဟာ ၁ နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်ကိုလည်း မတ်လ ၁၅ ရက်နဲ့ ၁၆ ရက်က တိုက်ပွဲဖြစ်တာမရှိဘဲ ဒရုန်းတွေလက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်သလို တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ကိုလည်း မတ်လ ၁၇ ရက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ဒဏ်ရာရပြီး အိမ်အချို့ပျက်စီးခဲ့တယ်လို့ KNU ဗဟိုကလည်း အခုရက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ မြဝတီမြို့နဲ့ ကော့ကရိတ် − မြဝတီ အာရှလမ်းပိုင်းကိုထိန်းချုပ်နိုင်ဖို့ကြိုးစားနေပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား ဖေဖော်ဝါရီလကုန်ပိုင်းကစတင်လို့ တိုက်ပွဲတွေ နေ့စဉ်နီးပါးဖြစ်နေရာမှာ စစ်ကောင်စီဘက်က တိုက်ပွဲနေရာမဟုတ်တဲ့ အရပ်သားပြည်ည်သူတွေနေထိုင်ရာ နေရာတွေကို ဦးတည်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။
========================
🚩🚩 ၂။ အင်းတော်ဘက်လာတဲ့ စစ်ကူစစ်ကြောင်းကနေ လက်နက်မျိုးစုံ ၅၄ လက် သိမ်းဆည်းရရှိ
မတ်လ၂၁ရက်
အင်းတော်မြို့သိမ်းတိုက်ပွဲကို စစ်ကူလာတဲ့ စစ်တပ် စစ်ကြောင်းကို အင်းတော်-ကသာလမ်းတနေရာမှာ တော်လှန်ရေးတပ် တွေ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကြောင်းပျက်သွားပြီး လက်နက် ၅၄လက် သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဒီနေ့ မတ်လ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ကသာမြို့ ခမရ-၃၀၉ က ထွက်လာတဲ့ စစ်ကူစစ်ကြောင်းကို တော်လှန်ရေးပူးအဖွဲ့တွေ မတ်လ ၁၅ ရက်က ကြားဖြတ် တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ အခုလို အသိပေး ထုတ်ပြန်လာတာဖြစ်ပါတယ်။
အင်းတော်ကို စစ်ကူလာတဲ့ အဲဒီစစ်ကြောင်းကို KIA၊ KPDF၊ ကသာခရိုင် တပ်ရင်း(၁)၊ မိုးတားတိုက်နယ်ပကဖနဲ့ ကသာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၁ စစ်ဒေသက ပြောပါတယ်။
အင်းတော်မြို့နယ်အစပ် ကသာမြို့နယ် ပင်လွတ်ရွာအနီး ပန်းတောင်ကြီး ပန်းတောင်လေးတောင်မှာ စစ်ကြောင်းကို ဗိုလ်မှူး လင်းထက် ဦးစီးတဲ့ ခမရ - ၁၀၆၊ ခမရ - ၃၀၉၊ ခလရ - ၆ ပူးပေါင်းအဖွဲ့က အင်အား ၁၅၀ ခန့်ပါစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ၃၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရကာ ၃၁ ဦးဖမ်းမိခဲ့တယ်လို့သိရပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဆီက MA-1 ၂၉ လက်၊ MA-2 ၆ လက်၊ MA-3 ၁၂ လက်၊ MA-4 ၃ လက်၊ MA-11 တ လက်၊ MA-15 တလက်၊ Anti Drone Gun တလက်၊ MA-10 ဗုံးသီး ၃၇ လုံး၊ MA ကျည် ၈၀၀၀ တောင့်၊ MA-15 ကျည် ၂၀၀၀ တောင့်၊ ၆၀ မမ ဗုံးသီး ၁၇ လုံး၊ ကျည်အိမ် ၁၁၃ ခု၊ ကျောပိုး Jammer တခု၊ ဆက်သွယ်ရေးစက် တလုံး၊ အထိုင်ဖုန်း တလုံး၊ ကျည်ကာဦးထုပ် ၁၂ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲမှာ စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုများသလို ပြည်သူ့ကာကွယ်ရေးရဲဘော် ၂ဦးကျဆုံးခဲ့တယ်လို့လည်း တပ်ပြီး အသိပေးထားပါတယ်။
စစ်ကြောင်းပျက်အောင် တိုက်ခိုက်ခံရပြီးတဲ့နောက် ကသာအခြေစိုက် ခမရ -၃၀၉ ကို စစ်ကောင်စီက ရဟတ်ယာဉ်တွေနဲ့ အင်အားဖြည့်နေတာရှိပြီး မတ်လ ၂၀ရက်အထိ ၅ ရက်အတွင်း ရဟတ်ယာဉ် ၅ ကြိမ်ဆင်းသက်ကာ လူနဲ့လက်နက်ခဲယမ်း တွေ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးတပ်တွေက ၂၀၂၄ သြဂုတ်လလယ်ပိုင်းကပြီး ဖော်ဆောင်နေတာဖြစ်ပြီး စစ်တပ် ဘက်ကလည်း ဂျပန်လှိုဏ်ဂူကုန်းကနေ ခံစစ်အခိုင်အမာတည်ဆောက်ပြီး ခုခံနေတာကြောင့် တိုက်ပွဲတွေ မကြာခဏ ဖြစ်နေ တယ်လို့လည်း သိရပါတယ်။
========================
🚩🚩 ၃။ တော်လှန်ရေးကာလ ၄ နှစ်အတွင်း CDF-Hakha ရဲဘော် ၅၂ ဦးကျဆုံးပြီး ၁၈၃ ဦးဒဏ်ရာရ
မတ်လ၂၁ရက်
အာဏာရှင်စနစ်အမြစ်ပြတ်ချေမှူန်းရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက် နွေးဦးတော်လှန်ရေးမှာ စွမ်းစွမ်းတမံပါဝင်လာခဲ့တဲ့ CDF-Hakha အနေနဲ့ တော်လှန်ရေးကာလ ၄ နှစ်အတွင်းမှာ ရဲဘော် ၅၂ ဦးကျဆုံးပြီး ၁၈၃ ဦးဒဏ်ရာရခဲ့တယ်လို့ CDF-Hakha က ထုတ်ပြန်ပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ၂၀၂၁ ခုနှစ် မတ်လ ၂၁ ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တဲ့ CDF-Hakha အနေနဲ့ တော်လှန်ရေးကာလ ၄ နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ ဒီနေ့မနက်မှာ အခုလိုထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဒီ ၄ နှစ်တာကာလမှာ CDF-Hakha အနေနဲ့ တိုက်ပွဲအကြိမ်ပေါင်း ၃၂၆ ကြိမ် ဆင်နွှဲခဲ့ပြီး ဟားခါးမြို့နယ်အတွင်းကို စစ်ကောင်စီဘက်က စစ်ကြောင်း ၁၉ ကြိမ်ထိုးခဲ့ရာမှာ ၁၇ ကြိမ်ကို တိုက်ခိုက်ခဲ့ကြောင်းနဲ့ ဟားခါးမြို့တွင်းစစ်ဆင်ရေးအဖြစ် အကြိမ် ၁၅၀ ဆင်နွှဲနိုင်ခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် အခြားမြို့နယ်တွေမှာလည်း စစ်ကောင်စီစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်မှု ၈ ကြိမ်နဲ့ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲ တွေမှာ ၁၂ ကြိမ်အထိ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။
၄ နှစ်တာကာလမှာ အကြမ်းဖက်စစ်တပ်ရဲ့လက်ချက်နဲ့ ဟားခါးမြို့နယ်အတွင်းက အရပ်သားပြည်သူ ၂၃ ဦးသေဆုံးခဲ့ရပြီး အိမ် ၂၆၀ လုံးမီးရှို့ဖျက်ဆီးတာခံခဲ့ရကာ မတရားသဖြင့်ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူ ထောင်ကျော်ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
CDF-Hakha အနေနဲ့ တိုင်းပြည်နဲ့လူမျိုးလွတ်မြောက်ရေးအတွက် တော်လှန်ရေးပြီးဆုံးတဲ့အထိ ပြည်သူလူထုအပါအဝင် အခြားသောတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ဆက်လက် ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၄။ တိုက်ပွဲတွေ အချိန်မရွေးဖြစ်နိုင်တဲ့အတွက် လွိုင်ကော်-ဆီဆိုင်လမ်းကိုအသုံးမပြုဖို့ KNDF ကြေညာ
မတ်လ၂၁ရက်
တိုက်ပွဲတွေ အချိန်မရွေးဖြစ်နိုင်တဲ့အတွက် လွိုင်ကော်-ဆီဆိုင်လမ်းကို အသုံးမပြုဖို့ ကရင်နီအမျိုးသားများကာကွယ်ရေး တပ် KNDF ဗျူဟာ အမှတ် -၂ က အသိပေးကြေညာလိုက်ပါတယ်။
ပြည်သူလူထု လိုက်နာပေးကြဖို့ မေတ္တာရပ်ခံတဲ့ အသိပေးကြေညာချက်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာ အမှတ် -၂ က မတ်လ ၂၀ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
စစ်ကောင်စီဟာ နည်းလမ်းပေါင်းစုံနဲ့ လွိုင်ကော်-ဆီဆိုင်လမ်းမကြီးတလျောက် စစ်ရေးလှုပ်ရှားတာတွေရှိနေတဲ့အတွက် စစ်ရေးတင်းမာနေပြီး အချိန်မရွေး ထိတွေ့ တိုက်ပွဲတွေရှိလာနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် လွိုင်ကော်-ဆီဆိုင်လမ်းမကြီးကို မနေ့ မတ်လ ၂၀ ရက်ကစပြီး ရက်အကန့်အသတ်မရှိပိတ်ထားမှာဖြစ်ပြီး ယာဥ်ကြီး၊ ယာဥ်ငယ်တွေနဲ့ ခရီးသွားလာတာတွေ ခေတ္တယာယီရပ်ဆိုင်းထားဖို့နဲ့ လုံခြုံရေးအခြေအနေအရ သတိပေးချက် တွေကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။
လမ်းပိုင်းပြန်လည်အသုံးပြုနိုင်မယ့်အချိန်နဲ့ နေ့ရက်ကို ပြန်လည်အသိပေးမှာဖြစ်ပြီး သတိပေးကြေညာချက်ကို မလိုက်နာ လို့ ဖြစ်ပေါ်လာတဲ့ကိစ္စတွေကို တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ ရှမ်းပြည်တောင်ပိုင်းက ဆီဆိုင်မြို့မှာ စစ်အင်အားတွေ အလုံးအရင်းနဲ့ဖြည့်တင်းနေသလို လေကြောင်းက နေ ဗုံးကြဲတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။
ရှမ်းပြည်တောင်ပိုင်းကနေ ကရင်နီပြည်ကိုဝင်နိုင်တဲ့ ဆီဆိုင်-လွိုင်ကော်လမ်း၊ ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်လမ်းတို့ ရှိနေပြီး လက်ရှိမှာလည်း မိုးဗြဲမြို့မှာ တိုက်ပွဲတွေပြင်းထန်နေတာရှိပါတယ်။
မိုးဗြဲမြို့မှာ စစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေရာမှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု အပြင် လက်နက်ကြီး ဒရုန်းတွေနဲ့ပါ တိုက်ခိုက်နေတဲ့အတွက် နေ့စဉ်နီးပါး အရပ်သားပြည်သူပိုင်အိမ်တွေ မီးလောင်ပျက်စီး နေရတယ်လို့ ဒေသသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment